အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ထိုပုံရိပ်မှာ ကျောပြင်က အပေါ်ဘက်သို့ ရောက်နေပြီး မျက်နှာက အောက်ဘက်သို့ စိုက်ကျနေကာ ရေလှိုင်းများနှင့်အတူ နိမ့်ချည် မြင့်ချည် ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် နီရဲသော သွေးများကလည်း ပတ်ဝန်းကျင်ရှိ ကန်ရေများကို သွေးရောင် ဆိုးထားပြီး ဖြစ်နေလေသည်။
ဟွမ်ဆန်းက အလောင်းကို ပက်လက် လှန်ကြည့်လိုက်ချိန်တွင် သူ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ၏ အစောပိုင်း ကောက်ချက်ချမှုကို ပိုမို ခိုင်မာသွားစေတော့၏။
ဤလူမှာ သေချာပေါက် သေဆုံးနေပြီ ဖြစ်ပြီး ဒွါရခုနစ်ပေါက်မှ သွေးများ ဆက်လက် စီးကျနေဆဲ ဖြစ်ကာ မျက်လုံးများမှာလည်း နွားတစ်ကောင်၏ မျက်လုံးများကဲ့သို့ ပြူးကျယ် ထွက်ကျနေလေသည်။
ဟွမ်ဆန်းက ရှေ့ရှိ အလောင်းကို အကဲခတ်နေစဉ် အပေါ်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။
ရံဖန်ရံခါတွင် လူ့ခန္ဓာကိုယ်များ ရေကန်ထဲသို့ ပြုတ်ကျလာသည့် အသံများကိုလည်း ကြားနေရ၏။
"အပေါ်က မြစိမ်းရောင်မြွေဂိုဏ်းသားတွေကို သတ်ဖြတ်နေတဲ့ ဒီရက်စက်တဲ့ လူက ဘယ်သူများလဲ" ဟွမ်ဆန်းက သူ့ဘာသာ တီးတိုး ရေရွတ်လိုက်မိသည်။
ထို့နောက် ရေအောက်ရှိ နစ်မြုပ်နေသော သင်္ဘောပျက် အပြင်ဘက်တွင် သူ ခိုးနားထောင်ခဲ့ရသည့် စကားပြောသံ အချို့ကို ရုတ်တရက် ပြန်လည် သတိရသွား၏။
"အဲဒီလူများ ဖြစ်နေမလား"
ထိုသို့ တွေးမိသည်နှင့် ဟွမ်ဆန်းက ခေါင်းမော့၍ အပေါ်ဘက်ဆီသို့ မကြည့်ဘဲ မနေနိုင်တော့ချေ။
ရှီရှောင်ယွမ်တစ်ယောက် ယခုအချိန်ထိ ပြန်မတက်လာသေးခြင်းမှာ သူတို့ တစ်ဖွဲ့လုံး ရေအောက်တွင် မြှုပ်နှံခံလိုက်ရပြီ ဖြစ်ကြောင်း သူ ယခု နားလည်သွားလေပြီ။
အကယ်၍ သူတို့ အားလုံးသာ ရေအောက်တွင် မြှုပ်နှံ မခံခဲ့ရလျှင် ယခုအချိန်ထိ ပြန်မလာဘဲ မည်သို့များ နေနိုင်မည်နည်း။
ထို့အပြင် ထိုအချိန်က ဖြစ်ပွားခဲ့သော ဆူညံသံများမှာလည်း သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
"အဲဒီလူက ဘယ်သူများလဲ"
"သူက အရမ်း စွမ်းတာပဲ"
"ရှီရှောင်ယွမ်ကို သတ်နိုင်ရုံသာမက အခု မြစိမ်းရောင်မြွေဂိုဏ်းရဲ့ သင်္ဘောကိုပါ တစ်ယောက်တည်း ရင်ဆိုင်နေတာပဲ"
"ဒီနေ့ ပြီးသွားရင်တော့ မြစိမ်းရောင်မြွေဂိုဏ်း ဆိုတာ နာမည်ပဲ ကျန်တော့မှာ သေချာတယ်။ ခရိုင်မြို့မှာလည်း အာဏာ အပြောင်းအလဲတွေ ဖြစ်လာတော့မှာပဲ"
ထိုအချက်ကို တွေးမိသည်နှင့် ဟွမ်ဆန်း၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားတော့၏။
မြစိမ်းရောင်မြွေဂိုဏ်းသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူလည်း လွတ်လပ်ခွင့် ပြန်လည် ရရှိမည်ဖြစ်ပြီး ဂိုဏ်း၏ လက်ထဲမှ လွတ်မြောက်နိုင်ပြီ မဟုတ်ပါလား။
"အပေါ်က လူက ဘယ်သူများ ဖြစ်မလဲ" ဟွမ်ဆန်း၏ ရင်ထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေတော့သည်။
မြစိမ်းရောင်မြွေဂိုဏ်း၏ ဂိုဏ်းချုပ် ရှီရှောင်ယွမ် ဆိုသည်မှာ လော့ရွှေခရိုင်၏ ဩဇာတိက္ကမ ကြီးမားသော ပုဂ္ဂိုလ်ကြီး တစ်ဦးပင်။
သူက ခရိုင်တစ်ခုလုံးကို ဆယ်နှစ်ကျော်တိုင်တိုင် စိုးမိုးခြယ်လှယ်လာခဲ့သူဖြစ်ပြီး တစ်ခရိုင်လုံးတွင် သူ့ကို မကြောက်ရွံ့သူဟူ၍ လက်ချိုး ရေတွက်လို့ ရလောက်အောင် ရှားပါးလှသည်။
နှစ်များစွာတစ်လျှောက် မုန်တိုင်းပေါင်း များစွာကိုလည်း ဖြတ်သန်း ကျော်လွှားနိုင်ခဲ့သူဖြစ်၏။
သို့သော် ယနေ့တွင်မူ လော့ရွှေမြစ် အတွင်း၌ သူ၏ နိဂုံးနှင့် ရင်ဆိုင်ခဲ့ရပြီး သူ့ကို လိုက်ပါ ပို့ဆောင်လာသော ဧရာမ သင်္ဘောကြီးမှာလည်း ယခုအခါ သွေးချောင်းစီး သတ်ဖြတ်မှုကြီး၏ အလယ်ဗဟိုတွင် ကျရောက်နေပြီ မဟုတ်ပါလား။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဟွမ်ဆန်း၏ နှလုံးသားမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေတော့၏။
ဤမျှ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်သည့် အမှုကို ကျူးလွန်နိုင်သူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း သူ အလွန် သိချင်နေမိသည်။
...
ဤအချိန်တွင် နေဝင်ဆည်းဆာ၏ နောက်ဆုံး အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန်လာပြီး ရေကန် မျက်နှာပြင် တစ်ခုလုံးမှာ ရွှေရောင် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေ၏။
ဟွမ်ဆန်းက နေမင်း ရှိရာ အရပ်ဆီသို့ မျက်နှာမူလျက် ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ သူ့မျက်လုံးများ အလိုအလျောက် မှေးစင်းသွားရတော့သည်။
သူ၏ မြင်ကွင်း ထောင့်ချိုးအရ ကောင်းကင်ကို အရောင်ဆိုးပေးနေသည့် နေဝင်ဆည်းဆာ၏ နောက်ဆုံး အလင်းတန်းများကိုသာ သူ မြင်တွေ့နိုင်၏။
ထိုအရာမှလွဲ၍ သင်္ဘော၏ ထောင့်တစ်နေရာကိုသာ လှမ်းမြင်နေရသည်။
သင်္ဘောပေါ်ရှိ သွေးချောင်းစီး တိုက်ပွဲကြီးနှင့် ပတ်သက်၍မူ အသံကိုသာ ကြားနေရပြီး မျက်မြင်ကိုယ်တွေ့ မမြင်ရချေ။
အတန်ကြာပြီးနောက်...
သင်္ဘောပေါ်ရှိ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားလေသည်။
"ပြီးသွားပြီလား" ဟွမ်ဆန်းက အလွန်တရာ အံ့အားသင့်သွားတော့၏။
သူက မြစိမ်းရောင်မြွေဂိုဏ်း၏ ဖမ်းဆီး ချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး ဂိုဏ်းပိုင် ဤသင်္ဘောကြီးဖြင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့် သင်္ဘောပေါ်တွင် လူတစ်ရာ နီးပါးခန့် ရှိနေကြောင်း သူ ကောင်းစွာ သိထားပေ၏။
ဆူညံသံများ စတင် ပေါ်ပေါက်လာချိန်မှ ယခု အသံများ တိတ်ဆိတ်သွားချိန်အထိ အချိန်တစ်ဝက်ခန့်သာ ကြာမြင့်ခဲ့သည် မဟုတ်ပါလား။
"ဝက် အကောင်တစ်ရာ ဆိုရင်တောင် ဒီလောက် မြန်မြန် သတ်လို့ရမှာ မဟုတ်ဘူးမလား" ဟွမ်ဆန်းက ပို၍ပင် အံ့ဩတုန်လှုပ်သွားရတော့သည်။
လော့ရွှေခရိုင်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူဖြစ်ရာ မြစိမ်းရောင်မြွေဂိုဏ်းသည် ခရိုင်၏ ထိပ်တန်း ဂိုဏ်းကြီး သုံးခုစာရင်းဝင် ဖြစ်လာရခြင်း အကြောင်းရင်းကို သူ သိရှိထား၏။
၎င်းမှာ ဂိုဏ်းချုပ် ရှီရှောင်ယွမ်၏ ကိုယ်ပိုင် သိုင်းပညာ စွမ်းရည် ဩဇာလွှမ်းမိုးမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဂိုဏ်းသား အများစုမှာ သိုင်းပညာ ကျွမ်းကျင်သူများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် ကိုးဆင့် သိုင်းပညာရှင် အဆင့် ကျွမ်းကျင်သူ အများအပြား ပါဝင်နေသောကြောင့်ပင်။
သူ့ခေါင်းပေါ်ရှိ သင်္ဘောကြီးပေါ်မှ အမှုထမ်းများ အထဲတွင်လည်း ရှီရှောင်ယွမ်နှင့်အတူ လိုက်ပါလာသော ကိုးဆင့် သိုင်းပညာရှင် အဆင့် ကျွမ်းကျင်သူ အနည်းငယ် ပါဝင်နေသည် မဟုတ်ပါလား။
သို့သော် ယခုအခါ ဤသင်္ဘောပေါ်ရှိ ထိုကဲ့သို့သော အမှုထမ်းများမှာ အချိန်တစ်ဝက်ပင် မပြည့်မီ အသံတိတ်သွားခဲ့လေပြီ။
ထိုစဉ်...။
ဟွမ်ဆန်း၏ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားတော့၏။
အဘယ်ကြောင့်ဆိုသော် သူ့မြင်ကွင်းထဲတွင် လူနှစ်ယောက်၏ ပုံရိပ်များ ပေါ်လာသောကြောင့်ဖြစ်သည်။
သင်္ဘောကြီးပေါ်တွင်…
မျောက်တစ်ကောင်ကဲ့သို့ ချွန်ထက်သော မျက်နှာရှိသည့် လူက ကြောက်ရွံ့ ထိတ်လန့်မှု အပြည့်ပါသော မျက်ဝန်းများဖြင့် ကျန်းနင်ကို ကြည့်နေ၏။
ယခုအချိန်၌ ၎င်း၏ အမြင်တွင် ကျန်းနင်မှာ သရဲတစ္ဆေ တစ်ကောင် သို့မဟုတ် နတ်ဆိုး တစ်ကောင်နှင့် ပိုတူနေတော့သည်။
သူ အသုံးပြုသော နည်းစနစ်များမှာ ပို၍ပင် ထူးဆန်းဆန်းကြယ်ပြီး အစွမ်းထက်လှပေ၏။
"ကျေးဇူးပြုပြီး... ကျွန်တော့် အသက်ကို ချမ်းသာပေးပါ" ထိုသူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး ကျန်းနင်အား ခက်ခက်ခဲခဲ စကားဆိုလိုက်သည်။
စကားပြောနေစဉ်မှာပင် ၎င်း၏ မျက်နှာမှာ ဖြူဖျော့ရာမှ ခရမ်းရောင်သို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး မျက်နှာပေါ်ရှိ အမူအရာများမှာလည်း လွန်စွာ နာကျင်နေသည့်ပုံစံ ဖြစ်လာတော့၏။
"ကျေးဇူးပြုပြီး... ချမ်းသာပေးပါ" သူက နောက်တစ်ကြိမ် ခက်ခက်ခဲခဲ အသနားခံလိုက်ပြန်သည်။
သို့သော် ထိုသူ၏ လည်ပင်းကို ရစ်ပတ်ထားသော ရေများမှာ ပိုမို တင်းကျပ်လာလေသည်။
ရေများက စပါးကြီးမြွေ တစ်ကောင်ပမာ ထိုသူအား တင်းကျပ်စွာ ရစ်ပတ်ထားပြီး အသက်ရှူ မဝသည့် ခံစားမှုကို ပိုမို ပြင်းထန်လာစေသည်။
လည်ပင်းကို ညှစ်ထားသဖြင့် အသက်ရှူ မဝရုံသာမက ရင်ဘတ်ကိုပါ ရေများက တင်းကျပ်စွာ ပတ်နှောင်ထားသဖြင့် အဆက်မပြတ် ဖိသိပ်ခံနေရ၏။
ဤကဲ့သို့သော အခြေအနေတွင် အဆုတ်ထဲရှိ အောက်ဆီဂျင်များ အားလုံး အကုန်အစင် ထွက်သွားပြီး ကလီစာများမှာလည်း နေရာပြောင်း စပြုလာတော့သည်။
ကျွတ်...
ကျန်းနင်က အားဆက်ထည့်လိုက်သည်နှင့် စပါးကြီးမြွေနှင့် တူသော ရေများက ပို၍ တင်းကျပ်လာပြီး ကျန်းနင်၏ ရှေ့တွင် လေပေါ် ပျံဝဲနေသော မျောက်မျက်နှာနှင့် လူ၏ ခြေလက်နှင့် အရိုးများကို တွန့်လိမ် ပုံပျက်သွားစေတော့သည်။
ကြီးမားသော ဖိအားအောက်တွင် ၎င်း၏ မျက်လုံးများမှာ ပို၍ ပြူးကျယ် ထွက်ကျလာ၏။
ခွပ်...
ရိုက်ချိုးသံနှင့်အတူ…
ကျန်းနင် ရှေ့ရှိ မျောက်မျက်နှာနှင့် လူမှာ မျက်တောင်တစ်ခတ်အတွင်း အသက်ငွေ့ လုံးဝ ကင်းစင်သွားလေပြီ။
ဘုန်း...
ရေများ ကွဲဆင်းသွား၏။
၎င်း၏ တွန့်လိမ် ပုံပျက်နေပြီ ဖြစ်သော အလောင်းမှာ လေထဲမှနေ၍ သင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သူ လုံးဝ အသက်ရှူ ရပ်တန့်သွားပြီ ဖြစ်ကြောင်း ထင်ရှားလှပေ၏။
ထို့နောက်...
ကျန်းနင်က လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြန်သည်။
သူ့ရှေ့တွင် ညင်သာစွာ ပျံဝဲနေသော ရေစီးကြောင်း အချို့က အသက်ရှိသော မြွေများပမာ ကုန်းပတ်၏ အခြားတစ်ဖက်စွန်းဆီသို့ မြန်နှုန်းမြင့် အရှိန်ဖြင့် ပြေးထွက်သွားကြ၏။
နောက်တစ်ခဏ၌...
ရေစီးကြောင်း အချို့က အခြားလူတစ်ယောက်ဆီ ရောက်ရှိသွားသည်။
ရေများက ထိုလူ၏ နားနှင့် နှာခေါင်းပေါက်များမှ တစ်ဆင့် ၎င်း၏ ခန္ဓာကိုယ် အတွင်းသို့ ချက်ချင်း တိုးဝင်သွားလေသည်။
"အား..."
ထိုလူ၏ နာကျင်စွာ အော်ဟစ်သံနှင့်အတူ အသက်ဝိညာဉ် ကင်းမဲ့စွာဖြင့် ပွဲချင်းပြီး သေဆုံးသွားတော့၏။
ကျန်းနင်က နောက်တစ်ကြိမ် လက်ယပ် ခေါ်လိုက်ပြန်သည်။
သူ့ခြေအောက်ရှိ ရေကန်ထဲမှ ရေစီးကြောင်း အများအပြား ထပ်မံ ထွက်ပေါ်လာပြီး သူ့ထိန်းချုပ်မှု အောက်တွင် မြွေပေါင်းများစွာ ကဲ့သို့ လှုပ်ရှားကာ တိုက်ပွဲ မြေပြင် တစ်ခုလုံးကို ပြောင်စင်အောင် ရှင်းလင်းလိုက်ပြီး ဧရာမသင်္ဘောကြီးပေါ်ရှိ မြစိမ်းရောင်မြွေဂိုဏ်းသား အားလုံးကို အပြတ်ရှင်းလိုက်တော့သည်။
ထိုကဲ့သို့ လုပ်ရပ်များအတွက် ကျန်းနင်၏ စိတ်ထဲတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိခဲ့ချေ။
ပထမအချက် အနေဖြင့် ဤသတ်ဖြတ်မှု နည်းလမ်းမှာ အမြင်အာရုံကို ထိခိုက်စေလောက်အောင် ကြောက်မက်ဖွယ် မကောင်းပေ။
ကိုယ်လက်အင်္ဂါများ ပြတ်တောက်ကာ သွေးချောင်းစီးနေသည့် မြင်ကွင်းမျိုး ကျန်ရစ်စေမည့် ဓားလှံများဖြင့် အကြမ်းဖက် သတ်ဖြတ်ခြင်းမျိုးနှင့် လုံးဝ မတူညီချေ။
ဒုတိယအချက် အနေဖြင့် ကျန်းနင်၏ အမြင်တွင် သူ သတ်ဖြတ်ခဲ့သော မြစိမ်းရောင်မြွေဂိုဏ်းသား တစ်ရာခန့် အနက် ကိုးဆယ်ကျော်မှာ သေချာပေါက် သေသင့်သေထိုက်သူများဖြစ်ပြီး အများဆုံး မှားယွင်း သတ်ဖြတ်မိသူ နှစ်ယောက် သုံးယောက်ခန့်သာ ရှိနိုင်ပေမည်။
သူ့အမြင်တွင်တော့ ထိုမျှဖြင့် လုံလောက်နေပြီ မဟုတ်ပါလား။
သူက တရားသူကြီးတစ်ယောက် မဟုတ်သဖြင့် တရားမျှတမှု ရှိနေရန် မလိုအပ်ဘဲ သူ့ကိုယ်လိပ်ပြာ သန့်နေရန်သာ လိုအပ်ပေ၏။
ထို့နောက် ပုန်းအောင်းနေသော နောက်ထပ် အသက်ရှင် ကျန်ရစ်သူ နှစ်ယောက် သုံးယောက်ခန့်မှာလည်း သူ၏ ရေထိန်းချုပ်ခြင်း နတ်ဘုရား စွမ်းရည်အောက်တွင် အသက် ပျောက်သွားကြပြီဖြစ်သည်။
သူ၏ ကြိုးကိုင်မှု အောက်တွင် ရေများက ၎င်းတို့၏ နှာခေါင်းနှင့် နားပေါက်များမှ တစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အသက်တစ်ကြိမ် နှစ်ကြိမ် ရှူချိန် အတွင်း၌ပင် သေဆုံးသွားကြမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရေများ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကလီစာများ အားလုံး ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည် မဟုတ်ပါလား။
ကလီစာများ အားလုံး ကြေမွသွားမှတော့ မည်သူက အသက်ရှင်နိုင်မည်နည်း။
"ဒီနည်းလမ်းက တော်တော်လေး အလုပ်ဖြစ်တာပဲ"
ကျန်းနင်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
ဤနည်းလမ်းနှင့် နှိုင်းယှဉ်လျှင် အစောပိုင်းက မျောက်မျက်နှာနှင့် ကိုးဆင့် သိုင်းပညာရှင်ကို သတ်ဖြတ်ခဲ့သည့် နည်းလမ်းမှာ အလွန်တရာ အချိန်ကြန့်ကြာလွန်းလှသည်။
ရေကို စပါးကြီးမြွေပုံစံ ဖန်တီး၍ သားကောင်ကို ညှစ်သတ်ခြင်းမှာ အချိန်ကုန် လူပန်း ဖြစ်စေပြီး အကျိုးသက်ရောက်မှုလည်း နည်းပါးလှပေ၏။
ယခုကဲ့သို့ ရေများကို ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေခြင်းဖြင့် အသက် နှစ်ကြိမ် သုံးကြိမ် ရှူချိန်အတွင်း သေဆုံးစေသည့် နည်းလမ်းနှင့်မူ လုံးဝ ကွာခြားလှပေသည်။
အခြားတစ်ဖက်တွင်မူ…
ဟွမ်ဆန်းက သင်္ဘောကြီး အောက်ဘက်မှနေ၍ ကျန်းနင်အား ကြောက်လန့်တကြား ကြည့်နေမိ၏။ ကျန်းနင်တစ်ယောက် မျောက်မျက်နှာနှင့် လူကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းက သူ့မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်း စွဲထင်နေတော့သည်။
အမှားအယွင်းမရှိ ရှင်းလင်း ပြတ်သားလှပေ၏။
"ဒါက မှော်အတတ်လား... ဒါမှမဟုတ် အင်မော်တယ်ကျင့်စဉ် တစ်ခုခုများလား" ဟွမ်ဆန်းက စိတ်ထဲ တွေးလိုက်မိသည်။
ဤကဲ့သို့သော နည်းစနစ်မျိုးကို ပုံပြင် စာအုပ်များနှင့် ရာဇဝင် မှတ်တမ်းများထဲတွင်သာ သူ ကြားဖူးခဲ့ခြင်း မဟုတ်ပါလား။
အချို့က ရှေးခေတ်ကာလတွင် တောင်ပံတစ်ချက် ခတ်ရုံဖြင့် မိုင်တစ်ရာ ပတ်လည်ရှိ မြေပြင်ကို မီးလောင်ကျွမ်းစေနိုင်သော ဒဏ္ဍာရီလာ ငှက်ကြီးများ ရှိခဲ့ဖူးကြောင်း ရေးသားကြသည်။
ထို့အပြင် ၎င်းတို့၏ ဒေါသကြောင့် တောင်ပြိုပြီး မြစ်ရေများ လမ်းကြောင်း ပြောင်းသွားစေနိုင်သည့် နတ်ဘုရားများ ရှိကြောင်းလည်း ဖော်ပြကြ၏။
သို့သော် လက်တွေ့တွင်မူ ဤကဲ့သို့သော နည်းစနစ်မျိုးကို သူ တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။
"သူက ဒဏ္ဍာရီထဲက အင်မော်တယ်တွေထဲက တစ်ယောက်များလား" ဟွမ်ဆန်းက ရေထဲမှနေ၍ ကျန်းနင်အား မော့ကြည့်ရင်း သူ့ဘာသာ တီးတိုး ရေရွတ်လိုက်မိတော့သည်။
ထိုအချိန်တွင်...
သင်္ဘောကြီးပေါ်ရှိ အရာအားလုံးမှာ ငြိမ်သက်သွားလေပြီဖြစ်သည်။
လူတစ်ရာ နီးပါးခန့်မှာ ကျန်းနင်၏ ရေထိန်းချုပ်ခြင်း နတ်ဘုရား စွမ်းရည် ရှေ့တွင် အသက် ပျောက်သွားခဲ့ကြပြီ မဟုတ်ပါလား။
"တကယ့်ကို နတ်ဘုရား စွမ်းရည်လို့ ခေါ်ဖို့ ထိုက်တန်တာပဲ... တကယ်ကို အစွမ်းထက်တယ်"
ဤစမ်းသပ်မှုပြီးနောက် ကျန်းနင်၏ စိတ်ထဲတွင် အကြိမ်ကြိမ်အခါခါ မချီးကျူးဘဲ မနေနိုင်တော့ချေ။
အကယ်၍ ဤနတ်ဘုရား စွမ်းရည်သာ မရှိခဲ့ပါက လူတစ်ရာ နီးပါးခန့်ကို သူ၏ ကိုယ်ပိုင် ခွန်အား တစ်ခုတည်းဖြင့် သတ်ဖြတ်ရန် ဆိုသည်မှာ ထိုမျှ လွယ်ကူမည် မဟုတ်ပေ။
သူ အတော်လေး အားစိုက်ထုတ် ခဲ့ရပေလိမ့်မည်။
ယခုကဲ့သို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အရာအားလုံး ပြီးပြတ်သွားသည့် အခြေအနေမျိုးနှင့်မူ လုံးဝ ခြားနားလှပေ၏။
သင်္ဘောကြီးပေါ်တွင် အသက်ရှင်နေသူ တစ်ယောက်မျှ မကျန်တော့ကြောင်း သေချာစေရန် သူက နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးလိုက်သည်။
ပတ်ပတ်လည် မီတာတစ်ရာအတွင်း ရေကန်ထဲ၌ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်သာ ရှိနေတော့၏။
ထိုသူနှင့် ပတ်သက်၍မူ ကျန်းနင်က ပေါ့ပေါ့ပါးပါး တစ်ချက် လှမ်းကြည့်လိုက်ရုံဖြင့် ထိုလူမှာ ရေအောက်ရှိ သင်္ဘောပျက်ဆီသို့ လမ်းပြရန် မြစိမ်းရောင်မြွေဂိုဏ်း၏ အတင်းအဓမ္မ ခိုင်းစေခြင်း ခံရသူမှန်း ချက်ချင်း သိလိုက်သည်။
ဤကဲ့သို့ အပြစ်ကင်းစင်ပြီး ကံမကောင်းသော သူတစ်ယောက်အား နှုတ်ပိတ်ရန် သတ်ဖြတ်ဖို့ ကျန်းနင် စိတ်ထဲ အလျဉ်းမရှိခဲ့ချေ။
အချိန်အနည်းငယ် ကြာပြီးနောက်...
ကျန်းနင်က ဧရာမ သင်္ဘောကြီး တစ်ခုလုံးကို ပြောင်စင်အောင် မွှေနှောက် ရှာဖွေပြီးသွားလေပြီ။
ချက်ချင်းပင် ငွေစအချို့နှင့် ငွေစက္ကူ အမြောက်အမြားကို သူ စုဆောင်း ရရှိခဲ့သည်။
လတ်တလောတွင် အားလုံးကို ထိုင်ရေတွက်နေရန် ပျင်းရိနေသဖြင့် စုဆောင်း ရရှိထားသမျှသော ငွေစများနှင့် ငွေစက္ကူများ အားလုံးကို အဝတ်အိတ် တစ်လုံးထဲသို့ ထိုးထည့်လိုက်၏။
ပစ္စည်းများ များပြားလွန်းပြီး ရရှိမှုများမှာလည်း ကြီးမားလှသဖြင့် သူ့လက်နှစ်ဖက်တည်းဖြင့် အားလုံးကို သယ်ဆောင်သွားရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် သူက သင်္ဘောကြီးဘေးတွင် ချည်နှောင်ထားသော လှေငယ်တစ်စင်းကို ဖြုတ်ယူလိုက်ပြီး သူ၏ ရရှိမှုများ အားလုံးကို ထိုလှေငယ်ပေါ်သို့ တင်လိုက်သည်။
အရာအားလုံး သေချာစွာ နေရာချပြီးနောက် သူ ကိုယ်တိုင်လည်း လှေငယ်ပေါ်တွင် ဝင်ထိုင်လိုက်၏။
ထို့နောက် ရေထိန်းချုပ်ခြင်း နတ်ဘုရား စွမ်းရည်ကို အသက်သွင်းရန် စိတ်ထဲမှ တွေးလိုက်သည်နှင့် တစ်ပြိုင်နက်...။
လှေငယ်အောက်ရှိ ရေများက ချက်ချင်း လှုပ်ရှားလာတော့၏။ ရေစီးကြောင်း၏ ဦးတည်ရာ ပြောင်းလဲသွားပြီး လှေငယ်လေးကို သယ်ဆောင်ကာ သူ၏ နေအိမ် ရှိရာဆီသို့ မြန်နှုန်းမြင့် အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။
End
***