လော့ရွှေမြစ်ပြင်ထက်တွင်…
ဟွမ်ဆန်းက အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကျန်းနင်၏ ကျောပြင်ကို ကြည့်နေပြီးမှ ဧရာမ သင်္ဘောကြီးပေါ်သို့ သတိကြီးစွာဖြင့် တက်လာခဲ့၏။
"ကျေးဇူးတင်ပါတယ် သခင်ကြီး"
သူက ကောင်းကင်နှင့် ရေပြင် ထိစပ်နေသည့် မိုးကုတ်စက်ဝိုင်းဆီသို့ ကျန်းနင်၏ ပုံရိပ် ပျောက်ကွယ်သွားရာ အရပ်အား မျက်နှာမူလျက် ဒူးထောက်ချလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်လည် မတ်တတ်ရပ်လိုက်သည်။
ထို့နောက် သူ၏ ခြေရင်းတွင် လဲကျနေသော တွန့်လိမ် ပုံပျက်နေသည့် လူတစ်ယောက်၏ ပုံရိပ်ကို လှမ်းကြည့်လိုက်၏။
"ကံဆိုးလိုက်တာ"
သူက အလောင်းပေါ်သို့ တံတွေး ထွေးချလိုက်ပြီး ပြင်းထန်စွာ ကန်ကျောက်လိုက်တော့သည်။
အလောင်းမှာ မည်သူမည်ဝါမှန်း မသိနိုင်အောင် တွန့်လိမ် ပုံပျက်နေသော်ငြား မည်သူ ဖြစ်ကြောင်းကို သူ မသိဘဲ နေမည်နည်း။
မျောက်မျက်နှာနှင့် ပုံစံကို တစ်သက်လုံး မေ့နိုင်မည် မဟုတ်ချေ။
သူ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်းမှာ ထိုလူကြောင့်ချည်းသာ ဖြစ်သည် မဟုတ်ပါလား။
ထို့နောက် သူက မိမိအတွက် ဆေးဝါးများရရန် သင်္ဘောတစ်စီးလုံးကို လိုက်လံ ရှာဖွေတော့၏။
သူ့ဒဏ်ရာများမှာ ရေထဲတွင် အချိန်အတော်ကြာ စိမ်ထားခဲ့ရသဖြင့် အချိန်မီ မကုသပါက အသက်အန္တရာယ် ရှိလာနိုင်ပေသည်။
ပတ်ဝန်းကျင်တစ်ခွင် လိုက်လံ ရှာဖွေနေစဉ် သူ၏ မျက်စိကျရာ နေရာတိုင်းတွင် အလောင်းများ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရ၏။
အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်ရာ အလောင်းများ၏ သေဆုံးပုံမှာ အလွန်တရာ ထူးဆန်း ဆန်းကြယ်နေကြောင်း သိလိုက်ရသည်။
မည်သူ့ထံတွင်မျှ ပြတ်ရှဒဏ်ရာများ မတွေ့ရဘဲ အားလုံးမှာ ဒွါရခုနစ်ပေါက်မှ သွေးများ ထွက်ကာ သေဆုံးနေကြခြင်းပင်။
"အဲဒီလူက နတ်ဆိုးများလား... ဒါမှမဟုတ် နတ်ဘုရားများလား" ဟွမ်ဆန်းက သူ ယခုလေးတင် မြင်တွေ့ခဲ့ရသော ကျန်းနင်၏ မျက်နှာကို ပြန်လည် စဉ်းစားမိသွားသည်။
နေဝင်ဆည်းဆာ အလင်းရောင်နှင့် ကျောခိုင်းနေခဲ့ပြီး အလင်းရောင် မှိန်ဖျော့နေသဖြင့် သဲသဲကွဲကွဲ မမြင်ခဲ့ရသော်လည်း သူ သိရှိလိုက်ရသည့် အချက်တစ်ခုမှာ ကျန်းနင်သည် အလွန် ငယ်ရွယ်နေသေးခြင်းပင်။
သူ့မျက်နှာပေါ်ရှိ နုနယ်သော အသွင်အပြင်များမှာ ဖုံးကွယ်၍ ရနိုင်မည့်အရာ မဟုတ်ချေ။
ထိုမျှ ငယ်ရွယ်သူ တစ်ယောက်က ကောင်းကင်ကို တုန်လှုပ်စေလောက်သည့် အမှုကို ကျူးလွန်နိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်များကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
အတန်ကြာပြီးနောက်...
ဟွမ်ဆန်းက သူ၏ ဒဏ်ရာပေါ် ဆေးထည့်၍ ပြန်လည် ပတ်စည်းပြီးနောက် လှေငယ် တစ်စင်းကို ဖြုတ်ယူကာ ကမ်းခြေဆီသို့ ဦးတည် ထွက်ခွာလာခဲ့တော့သည်။
...
ကြမ်းတမ်းသော ကျောက်စရစ်ခဲ ကမ်းခြေတွင်…
ရရှိမှုများ အပြည့် တင်ဆောင်လာသော လှေငယ်ကို ကြည့်ရင်း ကျန်းနင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာတော့၏။
ယနေ့ ရိုးရှင်းသော ခရီးစဉ်လေး တစ်ခုက ဤမျှ များပြားသော ရတနာများကို မတော်တဆ ရရှိလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
နတ်ဆိုးသားရဲအဖြစ် အသွင်ပြောင်းလုနီးပါး ဖြစ်နေသော နဂါးငါးဖြူတစ်ကောင်။
ငွေစများနှင့် ငွေစက္ကူများအပြည့် ပါဝင်သော အဝတ်အိတ်တစ်လုံး။
သိုင်းပညာ အဋ္ဌမအဆင့် နတ်ဘုရားစွမ်းအား နယ်ပယ်ရှိ ကျွမ်းကျင်သူ ရှီရှောင်ယွမ်၏ မူလပိုင်ဆိုင်မှု ဖြစ်သော ဓားတစ်လက်။
ထို့အပြင် သူ အပြည့်အဝ သန့်စင်စုပ်ယူပြီးဖြစ်သော ကောင်းကင်နှင့် မြေကြီး ရတနာများ။
ပစ္စည်းတစ်ခုချင်းစီတိုင်းမှာ တန်ဖိုးမသေးလှချေ။
နစ်မြုပ်နေသော သင်္ဘောပျက်ထဲရှိ သံရိုင်းများ အပြည့် သိုလှောင်ထားသော ဂိုဒေါင်ကြီးကို ထည့်မပြောသေးဘဲ ဤမျှလောက်ပင်။
ထိုသံရိုင်း အားလုံးကို ရောင်းချလိုက်ပါက နောက်ထပ် ကြီးမားသော စည်းစိမ်ချမ်းသာ တစ်ခုကို ရရှိလာဦးမည်မှာ အသေအချာပင်။
ထိုအချက်ကို တွေးမိသည်နှင့် ကျန်းနင်က သူ့ကိုယ်ပေါ်မှ နက်မှောင်နေသော ကျောက်တုံးမည်း အခဲကို ထုတ်ယူလိုက်၏။
"ငါ သံသယ ဝင်သလိုသာ တကယ် ဖြစ်နေခဲ့မယ် ဆိုရင် ဒါက ငါ့ခရီးစဉ်ရဲ့ အကြီးမားဆုံးသော ရရှိမှုပဲ ဖြစ်လာလိမ့်မယ်"
လက်ထဲရှိ ကျောက်တုံးမည်းကို ကြည့်ရင်း ကျန်းနင်၏ ရင်ထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ဖုံးလွှမ်းနေတော့၏။
အကယ်၍ သူ ခန့်မှန်းထားသည့် အတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့ပါလျှင်...
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အဆက်မပြတ် တိုးတက် လာရုံသာမက 'ရေကူးခြင်း' ကျွမ်းကျင်မှု၏ အတွေ့အကြုံ အမှတ်များ တက်လာရန်အတွက်လည်း အခွင့်အလမ်းသစ်တစ်ခု ရရှိလာပေလိမ့်မည်။
ဤကျွမ်းကျင်မှုက ကန့်သတ်ချက်များကို အကြိမ်ကြိမ် ဖောက်ထွင်းနိုင်လာသည်နှင့်အမျှ ကျန်းနင်၏ ယခင် အမြင်ဟောင်းများ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။
သာမန်ကျွမ်းကျင်မှု တစ်ခုတွင် အလားအလာ မရှိဟု ဆို၍ မရတော့ပေ။
ကန့်သတ်ချက်များကို ဖောက်ထွင်းပြီးနောက် 'ရေကူးခြင်း' ကျွမ်းကျင်မှုမှ ယူဆောင်လာပေးသော အပြောင်းအလဲများမှာ အလွန်တရာ အံ့မခန်း ဖြစ်လွန်းလှသည် မဟုတ်ပါလား။
ရေထိန်းချုပ်ခြင်း နတ်ဘုရား စွမ်းရည်ပင်ဖြစ်စေ၊ ရေထဲ ဝင်ရောက်ချိန်တွင် သူ၏ အခြေအနေ အားလုံးကို ဘက်စုံ မြှင့်တင်ပေးသည့် စွမ်းရည်ပင်ဖြစ်စေ ထူးခြားချက် နှစ်ခုစလုံးမှာ အလွန်တရာ အစွမ်းထက်သော အကျိုးသက်ရောက်မှုများ ရှိနေပေ၏။
သတ္တဝါငါးမျိုး လက်သီးသိုင်း၏ ကန့်သတ်ချက် ဖောက်ထွင်းမှုမှ ရရှိလာသော ထူးခြားချက်များနှင့် နှိုင်းယှဉ်လျှင်ပင် မည်သို့မျှ အားနည်းခြင်း မရှိချေ။
ထို့နောက်...။
ကျောက်တုံးမည်းမှာ အမှန်တကယ် အသုံးဝင်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ရန် ကျန်းနင် ဆုံးဖြတ်လိုက်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ကျောက်တုံးမည်းကို သူ့အဝတ်အစားပေါ်မှနေ၍ ခန္ဓာကိုယ်နှင့် ကပ်ထားလိုက်ပြီး သူ၏ ရရှိမှုများ အားလုံးကို လက်နှစ်ဖက်ဖြင့် သယ်ဆောင်ကာ နေအိမ် ရှိရာဆီသို့ ဦးတည် ထွက်ခွာလာခဲ့တော့၏။
အခြား တစ်နေရာတွင်မူ…
"စီနီယာကြီး... ခဏလောက် စောင့်ပေးပါဦးဗျာ။ ကျွန်တော့် ညီလေးက မနက်စောစောကတည်းက အပြင်ထွက်သွားတာဆိုတော့ အခုအချိန်လောက်ဆိုရင် ပြန်ရောက်လာလောက်ပါပြီ"
"ကိစ္စမရှိပါဘူး... ငါလည်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ သူ့ကို စောင့်လို့ ရပါတယ်" လျူချင်းစုန့်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
ထို့နောက် နှစ်ဦးသား ခေတ္တမျှ စကားပြောပြီးနောက် လျူချင်ဆုန်၏ အချက်ပြမှုဖြင့် ကျန်းလီက ဧည့်ခန်းထဲမှ ထွက်ခွာသွားလေသည်။
"အကြီးအကဲ... ကျန်းလီက သာမန် ပုလိပ်တစ်ယောက်သာ ဖြစ်ပေမယ့် ဒီလောက် ကြီးမားတဲ့ အိမ်ကြီးမှာ နေနိုင်တာကို ကြည့်ရင် သူ့မှာ တကယ့်ကို ကောင်းမွန်တဲ့ ညီတစ်ယောက် ရှိနေတာ သေချာတယ်"
ကျန်းလီ ထွက်သွားပြီးနောက် လျူချင်ဆုန်၏ ဘေးရှိ လူတစ်ယောက်က ဖြည်းညှင်းစွာ စကားစလာ၏။
ထိုစကားကို ကြားသောအခါ လျူချင်ဆုန်က ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
"မှန်တယ်... သူ့မှာ တကယ် ကောင်းတဲ့ ညီတစ်ယောက် ရှိနေတာပဲ။ ကျန်းနင် ဆိုတဲ့ ကောင်လေးက လအနည်းငယ် အတွင်းမှာပဲ သိုင်းပညာ ကိုးဆင့်ကို ရောက်လာတာ ဆိုတော့ သူ့ပါရမီက တော်တော်လေး အားကောင်းတယ်။ တောင်ကြားထဲမှာ ဆိုရင်တောင် အတွင်းစည်း တပည့် တစ်ယောက် ဖြစ်လာနိုင်တဲ့ အဆင့်ပဲ"
"အကြီးအကဲ အနေနဲ့ သူ့ကို တောင်ကြားထဲ ခေါ်သွင်းဖို့ စိတ်ကူးများ ရှိနေတာလား" အခြား လူတစ်ယောက်က မေးမြန်းလေသည်။
လျူချင်ဆုန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"ဒီလူက အခု ဝမ်ကျင်းရဲ့ အတွင်းစည်း တပည့်တစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ ရက်အနည်းငယ်နေရင် စစ်ဆေးရေးရုံးကို ဝင်တော့မှာမလား။ ဒီအဆင့်အတန်း နှစ်ခုထဲက တစ်ခုခု ရှိနေရင်တောင် ငါတို့ ဆေးဘုရင် တောင်ကြားရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အဓိပ္ပာယ် မရှိပါဘူးလေ"
"ဒါလည်း ဟုတ်တာပဲ" အခြားလူက အပြုံးဖြင့် ခေါင်းညိတ်ပြသည်။
"အကြီးအကဲရဲ့ အမြင်က တကယ့်ကို ရှင်းလင်း ပြတ်သားလွန်းပါတယ်"
ထို့နောက် သူက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်ပြန်သည်။
"အကြီးအကဲ... ထျန်းပုယီ သေဆုံးမှုမှာ ကျန်းနင်များ ပါဝင် ပတ်သက်နေနိုင်တယ်လို့ အကြီးအကဲ ဘယ်လိုမြင်ပါသလဲ"
လျူချင်ဆုန်က ဖြည်းညှင်းစွာ ခေါင်းခါ၏။
"ကျွန်းအိုကြီးပေါ်မှာ သူ့ အရိပ်အယောင်တွေ တွေ့ခဲ့ရပေမယ့် ထျန်းပုယီ သေဆုံးမှုနဲ့တော့ သိပ်ပြီး ပတ်သက်မှု ရှိမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ထျန်းပုယီက အဋ္ဌမအဆင့် နတ်ဘုရားစွမ်းအား နယ်ပယ်မှာရှိတဲ့ ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်ပဲမလား။ မင်းတို့ နှစ်ယောက် ပူးပေါင်းရင်တောင် သူ့ကို အနိုင်ယူနိုင်ဖို့ မသေချာဘူး"
"ဒီလို သေးမွှားတဲ့ ကိုးဆင့် သိုင်းပညာရှင်လေး တစ်ယောက် ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူးလေ"
"ငါ့ရဲ့ လက်ဝါးချက်ကြောင့် ထျန်းပုယီ ဒဏ်ရာ ရသွားခဲ့ရင်တောင် ကိုးဆင့် သိုင်းပညာရှင်လေး တစ်ယောက်က သူ့ကို သွားစစရာ အကြောင်း မရှိလောက်အောင် အားနည်းနေတာမျိုး မဟုတ်ဘူး"
"ဒီနေ့ လာရတဲ့ အဓိက ရည်ရွယ်ချက်က ထျန်းပုယီ ဒါမှမဟုတ် လူတချို့ကို သူများ တွေ့ခဲ့မိသလားလို့ မေးဖို့ပဲ"
"ထျန်းပုယီက ကျွန်းအိုကြီးပေါ်မှာ သေဆုံးသွားတာ ဆိုတော့ တကယ့်ကို စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူ တစ်ယောက်ရဲ့ လက်ချက် ဖြစ်ရမယ်"
"အခုဆိုရင် ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံးက ထျန်းပုယီကို သတ်သွားတဲ့ လူရဲ့ လက်ထဲမှာ သေချာပေါက် ရောက်နေလောက်ပြီ"
အခြားတစ်နေရာတွင်မူ…
"အစ်ကိုကြီး... အစ်ကို ဒီမှာ ဘာလုပ်နေတာလဲ" အိမ်ရှေ့တံခါးဝတွင် ရပ်နေသော ကျန်းလီကို ကျန်းနင်က မေးလိုက်၏။
"ညီလေး... မင်း လာတာ အတော်ပဲ။ ဒီနေ့ မင်းဆီကို ထူးခြားတဲ့ ဧည့်သည်တစ်ယောက် ရောက်နေတယ်။ သူ အခု အိမ်ရှေ့ ဧည့်ခန်းမှာ မင်းကို စောင့်နေတယ်ကွ" ကျန်းလီက ပြောလိုက်သည်။
"ထူးခြားတဲ့ ဧည့်သည်" ကျန်းနင်က အနည်းငယ် အံ့အားသင့်သွား၏။
"ဘယ်သူများလဲ"
End
***