ကျန်းလီက…
"အဲဒီလူက ဆေးဘုရင်တောင်ကြားက အကြီးအကဲ လျူချင်းစုန့်လို့ ပြောတယ်"
သူ ဖြစ်နေခြင်းပင်။
ကျန်းနင်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။
လျူချင်းစုန့်က သူ့အိမ်ပေါက်ဝအထိ အမှန်တကယ် ရောက်ရှိလာပြီမဟုတ်ပါလား။
ထျန်းပုယီအား သူသတ်ဖြတ်ခဲ့ကြောင်း သိရှိသွားတာများလား။
မူလက ဆေးဘုရင်တောင်ကြားမှ ဟွိုင်အန်းမင်းသားထံ ဆက်သရမည့် ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံးမှာ သူ့ထံတွင် ရှိနေသည်ကိုပါ သိသွားကြောင့်များလား။
ထိုသို့ တွေးမိရင်း ကျန်းနင်က ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်၏။
ဘယ်လိုမှ မဖြစ်နိုင်ပေ။
အကယ်၍သာ အမှန်ဖြစ်ခဲ့လျှင် ဤကဲ့သို့ ရိုးရိုးရှင်းရှင်း အလည်လာခြင်းမျိုး ဖြစ်မည် မဟုတ်ချေ။
ဆက်သရမည့် ဆေးလုံးအား ကြမ်းတမ်းစွာဖြင့် တိုက်ရိုက် လာရောက် တောင်းဆိုမည်မှာ သေချာလှသည်။
ကျန်းနင်၏ စိတ်ထဲတွင် အလွန် ရှင်းလင်းနေ၏။ ဟွိုင်အန်းမင်းသား၏ ဆက်သပစ္စည်းမှာ သူ့လက်ထဲတွင် ရှိနေကြောင်း သက်သေပြနိုင်ခဲ့လျှင် ဝမ်ကျင်းပင် သူ့ကို ကူညီနိုင်မည် မဟုတ်ပေ။
"ကိုယ့်ဘာသာကိုယ် လန့်မနေစမ်းပါနဲ့"
ကျန်းနင်က တီးတိုး ရေရွတ်လိုက်ပြီးနောက် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ထို့နောက် ကျန်းနင်က…
"အစ်ကိုကြီး... ဒီပစ္စည်းတွေကို သိမ်းထားလိုက်ပါ... ကျွန်တော် သွားတွေ့လိုက်ပါ့မယ်"
နောက်တစ်ခဏတွင် ကျန်းလီက ကျန်းနင် မလွှတ်ရသေးသော ဓားရှည်ကို လှမ်းယူလိုက်ချိန်၌ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"ဒါက..."
ကျန်းနင် ပြုံးလိုက်ပြီး…
"ကျွန်တော် မေ့သွားတယ်... ဒီဓားက နည်းနည်းလေး ပိုလေးတယ်"
ကျန်းလီက ကျန်းနင်ထံမှ အဝတ်အိတ်ကို ယူကာ အတွင်းရှိ ပစ္စည်းများကို တစ်ချက် ကြည့်လိုက်ပြီးနောက် အံ့အားသင့်သော မျက်နှာထားဖြင့် ကျန်းနင်အား ကြည့်လာ၏။
"ညီလေး... ဒါက..."
ကျန်းနင်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး…
"အစ်ကိုကြီးကို နောက်မှ ကျွန်တော် သေချာရှင်းပြပါ့မယ်"
ထိုစကားကြားသည်နှင့် ကျန်းလီလည်း သိချင်စိတ်များကို ခေတ္တအောင့်ထားလိုက်တော့သည်။
ကျန်းလီက ပစ္စည်းအချို့ကို ကူသယ်ပေးလိုက်သဖြင့် ဓားနှစ်လက်နှင့် နဂါးငါးဖြူ နှစ်ပိုင်းကို သယ်ဆောင်ရသည်မှာ ကျန်းနင်အတွက် များစွာ ပေါ့ပါးသွားစေသည်။
ဤမျှ ပေါ့ပါးသွားရခြင်းမှာ သူ မသယ်နိုင်၍ မဟုတ်ဘဲ သယ်စရာ လက်မလောက်တော့သောကြောင့် ဖြစ်သည်။
ဓားနှစ်လက်၊ ငါးနှစ်ပိုင်းနှင့် ငွေတုံး၊ ငွေစက္ကူများ အပြည့်ပါသော အဝတ်အိတ် တစ်လုံး။ သူ့လက်များမှာ အတော်လေး ရှုပ်ယှက်ခတ်နေခဲ့သော်လည်း ယခုတော့ များစွာ သက်သာသွားပြီဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းနင်က ပစ္စည်းများကို သိမ်းဆည်းလိုက်၏။
"အစ်ကိုကြီး... အစ်ကို လိုက်ခဲ့စရာ မလိုဘူး... ကျွန်တော် တစ်ယောက်တည်းပဲ သွားလိုက်မယ်... အရင်ဆုံး မရီးရယ်၊ ယီမင်ရယ်၊ ပေါက်စီလုံးလေးရယ်ကို ခေါ်ပြီး ဒီကနေ ထွက်သွားပါ"
"ညီလေး... မင်း ဘာလုပ်မလို့လဲ" ကျန်းလီက မျက်လုံးများ ပြူးကျယ်သွားပြီး ကျန်းနင်အား ရုတ်တရက် လှမ်းကြည့်လေသည်။
ကျန်းနင် ပြုံးရုံသာ ပြုံးလိုက်ပြီး…
"အစ်ကိုကြီး... စိတ်မပူပါနဲ့... ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပါ"
"ကောင်းပြီလေ"
ကျန်းလီက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး မထွက်ခွာမီ သတိပေးလိုက်၏။
"သတိထားနော် ညီလေး... တစ်ခုခု အခြေအနေ မဟန်ဘူး ထင်တာနဲ့ ချက်ချင်း ထွက်ပြေး"
"စိတ်ချပါ" ကျန်းနင်က ပြုံးပြလိုက်သည်။
ထို့နောက် ဝိညာဉ်လက်နက်ကို ဆုပ်ကိုင်ရင်း ဧည့်ခန်းမဆောင်ဆီသို့ တစ်ယောက်တည်း လျှောက်သွားတော့သည်။
လျူချင်းစုန့်၏ ရုတ်တရက် ရောက်ရှိလာမှုက သူ့အား အငိုက်မိသွားစေသည်။
ထျန်းပုယီအား တိတ်တဆိတ် သတ်ဖြတ်ခဲ့မှုအား သိရှိသွားရန် မဖြစ်နိုင်ဟု ခံစားရသော်လည်း ထိုလူ၏ ရည်ရွယ်ချက် အစစ်အမှန်ကိုမူ သူ သေချာမသိပေ။
သို့သော် ဤကမ္ဘာလောကတွင် ကျူးလွန်သူကို ရှာဖွေနိုင်စွမ်းရှိသည့် ထူးခြားသော နည်းလမ်းများ မရှိဟုတော့ မည်သူ တပ်အပ်ပြောနိုင်မည်နည်း။
မည်သို့ဆိုစေ ဤသည်မှာ သဘာဝလွန် အရာများ တည်ရှိပြီး မည်သည့်အရာမဆို ဖြစ်ပေါ်နိုင်သော လောကတစ်ခု မဟုတ်ပါလား။
ထို့ကြောင့် သူ တိုက်ပွဲတစ်ခုအတွက် ကြိုတင် ပြင်ဆင်ထားလိုက်၏။
အကယ်၍ လျူချင်းစုန့်သာ တစ်စုံတစ်ရာ ရိပ်မိနေခဲ့လျှင် လက်ဦးမှု ရယူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူ့နည်းစနစ်များ အားလုံး အသင့်ပြင်ထားပြီးဖြစ်ရာ လျူချင်းစုန့်အား တားဆီးနိုင်စွမ်း မရှိဟုတော့ မဆိုသာချေ။
ဘာပဲဖြစ်ဖြစ် သူ့ခွန်အားမှာ ထျန်းပုယီထက် များစွာ သာလွန်နေသည် မဟုတ်ပါလား။
ထျန်းပုယီပင် လျူချင်းစုန့်ကို အချိန်အတော်ကြာ ရှောင်တိမ်းနိုင်ခဲ့သည်ကို ကြည့်လျှင် သတ္တမအဆင့် သိုင်းပညာရှင် တစ်ယောက်မှာ လုံးဝ မကျော်လွှားနိုင်သောအရာ မဟုတ်ကြောင်း ညွှန်ပြနေသည်။
...
အရှေ့ဘက် ခန်းမဆောင်တွင်…
"သူ ရောက်လာပြီ အကြီးအကဲ" ဝမ်ကျိုးက လှမ်းပြောလိုက်သည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ကာ ဓားရှည်နက်ကြီး တစ်လက်ကို လွယ်ထားသော ကျန်းနင်က တံခါးခုံကို ဖြတ်ကျော် ဝင်ရောက်လာ၏။
စူးရှသော အလင်းတန်းများ ကိန်းအောင်းနေသည့် ကျန်းနင်၏ မျက်လုံးများကို ကြည့်ရင်း လျူချင်းစုန့် အလိုအလျောက် ခေါင်းညိတ်လိုက်မိပြီး…
"ဒီလူငယ်လေးက တကယ့်ကို ရှားပါးပါရမီရှင်ပဲ... ငါတို့ ဆေးဘုရင်တောင်ကြားကို မဝင်ခဲ့တာ နှမြောစရာကောင်းလိုက်တာ" လျူချင်းစုန့်က တိတ်တဆိတ် ရေရွတ်မိသည်။
"ဂါရဝပြုပါတယ် စီနီယာလျူ" ကျန်းနင်က လက်ယှက်၍ အရိုအသေ ပေးလိုက်သည်။
"ရောင်းရင်းကျန်း... ဒီလို တလေးတစား လုပ်နေစရာ မလိုပါဘူး" လျူချင်းစုန့်က ပြုံး၍ ခေါင်းပြန်ညိတ်ပြ၏။
နောက်တစ်ခဏတွင် လျူချင်းစုန့်က လေကို အနည်းငယ် ရှူသွင်းလိုက်ပြီးနောက် မျက်ထောင့်များ တွန့်ကွေးသွားတော့သည်။
ကျန်းနင်က ဤအရာကို သတိပြုမိလိုက်ပြီး သူ့အကြည့်များက အလိုအလျောက် စူးရှသွားသည်။
ထို့နောက် လျူချင်းစုန့်ရှေ့ရှိ ကုလားထိုင် တစ်လုံးတွင် ဝင်ထိုင်လိုက်၏။
လျူချင်းစုန့် ဘေးရှိ အဖော်နှစ်ယောက်က ထိုသည်ကိုမြင်လျှင် သူတို့ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားကြသည်။
မည်သည့် နှုတ်ဆက်စကားမျှ မဆိုဘဲ ကျန်းနင် ပြုမူလိုက်ပုံက သူတို့ကို အရေးမပါသူများသဖွယ် လုံးဝ လျစ်လျူရှုကာ အထင်အမြင်သေးကြောင်း ထင်ရှားနေသည် မဟုတ်ပါလား။
ထိုကဲ့သို့ လျစ်လျူရှုမှုက သူတို့ ရင်ထဲ ဒေါသမီးများ တောက်လောင်လာစေသည်။
ဝမ်ကျိုးက တစ်စုံတစ်ရာ တုံ့ပြန်လိုသော်လည်း လျူချင်းစုန့်အား တစ်ချက် လှမ်းကြည့်ပြီးနောက် ဒေါသကို မြိုသိပ်ထားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ကျန်းနင်က နေရာယူပြီးနောက်…
"ဒီနေ့ စီနီယာလျူ ကျွန်တော့်ဆီ အလည်လာတဲ့ အကြောင်းရင်းကို သိလို့ရမလား" ကျန်းနင်က စကားစလိုက်သည်။
လျူချင်းစုန့်က ပြုံး၍…
"အကြောင်းပြချက် မရှိဘဲနဲ့ အလည်လာလို့ မရဘူးလား"
ကျန်းနင်က…
"ကျွန်တော် သိထားသလောက်တော့ စီနီယာလျူက အရေးကြီး ကိစ္စတွေနဲ့ အမြဲ အလုပ်ရှုပ်နေတတ်တာပါ"
"ဒါတော့ ဟုတ်ပါတယ်" လျူချင်းစုန့်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
ကျန်းနင်…
"စီနီယာလျူမှာ အရေးကြီး ကိစ္စတွေ ရှိနေမှတော့ ဘာအကြောင်းပြချက်မှ မရှိဘဲ ကျွန်တော့်ဆီ လာဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျွန်တော်တို့က အဲဒီလောက် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမှ မရှိတာ"
လျူချင်းစုန့်က အားပါးတရ ရယ်မောပြီး…
"အရင်ကတော့ မရှိခဲ့ဘူးပေါ့... ဒါပေမဲ့ အနာဂတ်မှာ မရှိနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ"
ထို့နောက် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်ကာ…
"ဒါပေမဲ့ မင်းပြောတာ မှန်ပါတယ်... ဒီနေ့ ငါလာတာ တိကျတဲ့ အကြောင်းပြချက် တစ်ခုရှိလို့ပါ"
"ပြောပါ စီနီယာ" ကျန်းနင်က ဆိုလိုက်၏။
ထိုအခါ လျူချင်းစုန့်က သူ့ကိုယ်ပေါ်မှ မြေပုံတစ်ခုကို ဆွဲထုတ်လိုက်သည်။
မြေပုံကို ဖြန့်လိုက်သည်နှင့် လော့ရွှေခရိုင် ပတ်ဝန်းကျင် ဧရိယာများကို မြင်တွေ့လိုက်ရ၏။
လျူချင်းစုန့်က ကမ်းခြေနှင့် သိပ်မဝေးသော ကျွန်းတစ်ကျွန်းကို လက်ညှိုးထိုးပြပြီး…
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ဒီလူသူကင်းမဲ့တဲ့ ကျွန်းကို သွားခဲ့သေးလား"
ထိုစကားကြားသည်နှင့် ကျန်းနင်၏ ရင်ထဲ တုန်လှုပ်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် မြေပုံ၏ အချိုးအစားအရ ထိုနေရာမှာ သူ ဓားသိုင်း လေ့ကျင့်ခဲ့သည့် နေရာဖြစ်ပြီး ထျန်းပုယီ အသက်ပျောက်ခဲ့ရသည့် နေရာလည်း ဖြစ်နေသောကြောင့်ပင်။
ဆေးဘုရင်တောင်ကြားက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။
သူတို့က ငါ့ကိုတောင် ခြေရာခံနိုင်ခဲ့တာပဲ။
အံ့အားသင့်သွားသော်လည်း မည်သည့် ခံစားချက်မျှ မပေါ်လွင်စေဘဲ သူ သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော် အဲဒီကို သွားခဲ့ဖူးတယ်"
လျူချင်းစုန့်မှာ ထိုအဖြေကြောင့် အံ့ဩသွားသည့်ပုံ မပေါ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကျွန်းပေါ်တွင် ကျန်းနင် ချန်ထားခဲ့သော ခြေရာလက်ရာများကို သူတို့ တွေ့ရှိခဲ့ပြီး ဖြစ်သောကြောင့်ပင်။
ဤသဲလွန်စကို ရရှိရန်အတွက် လွန်ခဲ့သော ရက်အနည်းငယ်က ဂိုဏ်းသို့ပင် ပြန်သွားခဲ့ကြပြီး အထူး အင်းဆက်ပိုးကောင် တစ်မျိုးကို ယူဆောင်လာခဲ့ကြသည် မဟုတ်ပါလား။
ထိုထူးခြားသော အင်းဆက်၏ လမ်းညွှန်မှုကြောင့်သာ သူ့ကို အောင်မြင်စွာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
"မင်း အဲဒီကျွန်းကို သွားခဲ့ရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မေးလို့ရမလား"
"ကျင့်စဉ် လေ့ကျင့်ဖို့ပါ" ကျန်းနင်က ပြန်ဖြေလိုက်၏။
"မင်း ဘာကျင့်စဉ်ကို လေ့ကျင့်နေခဲ့တာလဲ" လျူချင်းစုန့်၏ အနောက်မှ အခြားအသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်တော် ဘာကျင့်စဉ် လေ့ကျင့်နေတယ် ဆိုတာကိုပါ ခင်ဗျားတို့ကို ပြောပြဖို့ လိုလို့လား"
ကျန်းနင် မျက်ခုံးပင့်လိုက်ပြီး လျူချင်းစုန့်၏ အနောက်မှ စကားပြောလိုက်သူကို တစ်ချက် လှမ်းကြည့်လိုက်သည်။
"မင်း..." ဝမ်ကျိုးက စကားမဆုံးမီမှာပင် လျူချင်းစုန့်က ကြမ်းတမ်းစွာ ဖြတ်ပြောလေသည်။
"ဝမ်ကျိုး... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့"
ထိုစကားကြောင့် ဝမ်ကျိုးလည်း ချက်ချင်း နှုတ်ဆိတ်သွားတော့သည်။
ထို့နောက် လျူချင်းစုန့်က ကျန်းနင်ဘက် လှည့်ကာ တောင်းပန်သည့် အပြုံးဖြင့်…
"တောင်းပန်ပါတယ် ရောင်းရင်းကျန်း... ဒါ ငါ့ရဲ့ ဆုံးမမှု အားနည်းချက်ပါ"
ကျန်းနင်က ဘာစကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးနေမိသည်။
လျူချင်းစုန့်က ထပ်မံ စကားစလိုက်ပြန်သည်။
"ချန်လန် သိုင်းကျောင်းတော်က ချန်လန် ဓားသိုင်းကို အစွဲပြုပြီး နာမည်ပေးထားတာလို့ ငါ ကြားဖူးတယ်... ဒါဆို မင်း အဲဒီကျွန်းပေါ်မှာ လေ့ကျင့်ခဲ့တဲ့ ဓားသိုင်းကလည်း ချန်လန် ဓားသိုင်းပဲ ဖြစ်ရမယ် မဟုတ်လား"
ကျန်းနင်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး…
"စီနီယာလျူက ဗဟုသုတ တကယ့်ကို ကျယ်ပြန့်တာပဲ... အဲဒီနေ့က ကျွန်တော် လေ့ကျင့်ခဲ့တာ တကယ်ပဲ ချန်လန် ဓားသိုင်းပါ"
လျူချင်းစုန့်က ရယ်မောပြီး…
"ဒါဆိုရင် ငါ မှန်းတာ မမှားဘူးပဲ"
ထို့နောက် စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်ပြန်သည်။
"မင်းများ အဲဒီကျွန်းပေါ်မှာ မုတ်ဆိတ်မွေးတွေနဲ့ လူသန်ကြီးတစ်ယောက်ကို တွေ့ခဲ့မိသေးလား"
"စီနီယာလျူ ပြောတဲ့သူက ထျန်းပုယီကို ဆိုလိုတာလား" ကျန်းနင်က မေးလိုက်၏။
"သိပ်ဟုတ်တာပေါ့" လျူချင်းစုန့်က ခေါင်းညိတ်ပြသည်။
ကျန်းနင်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး…
"ကျွန်တော် သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး"
"မင်း တကယ်ပဲ သူ့ကို မမြင်ဖူးတာလား" လျူချင်းစုန့်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး စူးရဲစွာ စိုက်ကြည့်လာသည်။
သူ့အသံမှာ မိုးခြိမ်းသံကြီးပမာ ဟိန်းထွက်လာပြီး နှလုံးသားကို ထိတ်လန့်သွားစေလောက်၏။
သို့သော် ကျန်းနင်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်စွာ ခေါင်းခါပြရင်း…
"မမြင်ဖူးပါဘူး"
ထိုအခါ လျူချင်းစုန့်က ကျန်းနင်အား လေးနက်သော မျက်နှာထားဖြင့် ကြည့်လေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူက ဖြည်းညှင်းစွာ ပြုံးလိုက်ပြီး…
"တောင်းပန်ပါတယ် ရောင်းရင်းကျန်း"
"ငါ ထျန်းပုယီ နောက်ကို လိုက်နေတာ ရက်အတော်ကြာတဲ့အထိ မအောင်မြင်ခဲ့ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူ အဲဒီကျွန်းပေါ်မှာ သေဆုံးသွားပြီဆိုတာ သိလိုက်ရလို့ ငါ စိတ်လွတ်သွားတာပါ"
ကျန်းနင်က ခေါင်းခါပြလိုက်သော်လည်း ဤကိစ္စအပေါ် မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။
ထို့နောက် သူက…
"စီနီယာလျူ... ခင်ဗျားမှာ တခြား မေးစရာ မရှိတော့ဘူး ဆိုရင် ပြန်ပါတော့... အချိန်လည်း လင့်နေပြီဆိုတော့ ခင်ဗျားကို ညစာစားဖို့ မဖိတ်တော့ဘူး"
လျူချင်းစုန့်က မတ်တတ်ရပ်လိုက်၏။
ကျန်းနင်လည်း နေရာမှ ထလိုက်သည်။
လူလေးယောက်သား အရှေ့ဘက် ခန်းမဆောင်မှ အလျင်အမြန် ထွက်လာခဲ့ကြပြီး ခြံဝင်းထဲသို့ ရောက်ရှိလာသည်။
လျူချင်းစုန့်က ပတ်ဝန်းကျင်ကို ခေတ္တမျှ အကဲခတ်လိုက်၏။
"ရောင်းရင်းကျန်း... မင်း အစ်ကိုက ဘယ်မှာလဲ... သူ့ကို မတွေ့ပါလား"
ကျန်းနင်က ပြန်ဖြေလိုက်သည်။
"သူ မီးဖိုချောင်ထဲမှာ ညစာ ပြင်ဆင်နေလောက်တယ်"
"ေဩာ်... ဒီလိုလား"
လျူချင်းစုန့် ခေါင်းညိတ်လိုက်ပြီး…
"တကယ်လည်း ညစာစားရမယ့်အချိန် ရောက်နေပြီပဲ"
ထို့နောက် လူလေးယောက်သား ခြံဝင်းကို ဖြတ်ကျော် လျှောက်လာခဲ့ကြသည်။
အောက်တိုဘာလ၏ ညနေခင်းမှာ ပုံမှန်ထက် ပိုမို စောစီးစွာ မှောင်မိုက်နေလေပြီ။
နေမင်းကြီး လုံးဝ ဝင်သွားပြီဖြစ်ရာ အရိပ်မည်းများက လောကကြီးကို စတင် လွှမ်းခြုံလာတော့သည်။
လမင်းကြီး မထွက်ပေါ်သေးသဖြင့် ကောင်းကင်ယံရှိ မှေးမှိန်သော အလင်းရောင် အနည်းငယ်ကသာ ပတ်ဝန်းကျင်အား မသဲမကွဲ လင်းလက်စေ၏။
"စီနီယာလျူ... ဒီအထိပဲ ကျွန်တော် လိုက်ပို့ပါတော့မယ်" ကျန်းနင်က ခြံဝင်း အဝင်ဝတွင် ရပ်တန့်လိုက်သည်။
"ဒီနေ့ လာနှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... သွားခွင့်ပြုပါဦး" လျူချင်းစုန့်က ပြောလိုက်ပြီးနောက် အခြားနှစ်ယောက်ကို ဦးဆောင်၍ ထွက်ခွာသွားတော့သည်။
ကျန်းနင်က အဝေးတွင် ပျောက်ကွယ်သွားသော လျူချင်းစုန့်၏ ကျောပြင်ကို ကြည့်ရင်း ခဏတာ စဉ်းစားလိုက်သည်။ ထို့နောက် ဓားကို တိတ်တဆိတ် ဆွဲထုတ်ကာ အနောက်မှ ကိုယ်ယောင်ဖျောက် လိုက်ပါသွားလေတော့သည်။
End
***