"အကြီးအကဲလျူ... ဒီကောင်လေး လိမ်နေတာလို့ ကျွန်တော်တော့ ထင်တယ်" ကျန်းနင် နေထိုင်ရာ အိမ်နှင့် လုံးဝ ဝေးကွာသွားချိန်တွင် လျူချင်းစုန့် အနောက်မှ လိုက်ပါလာသော ဝမ်ကျိုးက ပြောလိုက်သည်။
ထိုစကားကြားသည်နှင့် လျူချင်းစုန့်၏ ခြေလှမ်းများ ရပ်တန့်သွား၏။
သူက လော့ရွှေမြစ်ကမ်းစပ်တွင် ရပ်ကာ ရေပြင်မှ တိုက်ခတ်လာသော လေပြေကို မျက်နှာမူရင်း ခေါင်းညိတ်ပြသည်။
"ဝမ်ကျိုး... မင်း အကဲခတ်တာ မှန်တယ်... ဒီလူငယ်လေးက တကယ်ကို လိမ်နေခဲ့တာ"
"အကြီးအကဲ ဘယ်လို သိလိုက်တာလဲ" ယခုအချိန်အထိ စကားတစ်ခွန်းမျှ မဆိုသေးသော ဝူရှန်းက ဝင်မေးလိုက်သည်။
ထိုသူမှာလည်း ထျန်းပုယီအား ဖမ်းဆီးရန် ဆေးဘုရင်တောင်ကြားမှ စေလွှတ်လိုက်သော အဋ္ဌမအဆင့် နတ်ဘုရားစွမ်းအားနယ်ပယ် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်ပင်။
လျူချင်းစုန့်က…
"ကျန်းနင် ထွက်လာပြီးကတည်းက သူ့အစ်ကိုကြီး မိသားစုရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့တာ မင်းတို့နှစ်ယောက် သတိမထားမိကြဘူးလား"
"အကြီးအကဲ... အဲဒါ ဘာကို ဆိုလိုတာလဲ" ဝူရှန်းက ကြောင်အသွားပြီး စဉ်းစားခန်း ဝင်သွားတော့သည်။
ဝမ်ကျိုးနှင့် ယှဉ်လျှင် သူက ပို၍ တွေးတောတတ်သူဖြစ်ရာ လျူချင်းစုန့်၏ စကားကို ကြားသည်နှင့် ဖြစ်နိုင်ခြေ တစ်ခုကို ချက်ချင်း တွေးမိသွား၏။
"မင်း ခန့်မှန်းတာ မှန်တယ်"
လျူချင်းစုန့်က သူ့နည်းတူ အဋ္ဌမအဆင့် နတ်ဘုရားစွမ်းအား နယ်ပယ်သို့ ရောက်ရှိနေသော ဂျူနီယာ ဝူရှန်းဘက် လှည့်ကြည့်ကာ သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။
"အကြီးအကဲ... ဝူရှန်း... ခင်ဗျားတို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ" ဝမ်ကျိုးက နားမလည်နိုင်စွာဖြင့် လှမ်းမေးလိုက်သည်။
ဝူရှန်းက စတင် ရှင်းပြ၏။
"ကျန်းနင်ဆီမှာ တစ်ခုခု မှားယွင်းနေတယ်... သူ ထွက်လာပြီးနောက်ပိုင်း သူ့အစ်ကိုကြီး မိသားစုက ဘာအရိပ်အယောင်၊ ဘာအသံမှ မကြားရတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်"
"အဲဒါက ပုံမှန်ပဲ မဟုတ်ဘူးလား"
ဝမ်ကျိုးက တွေဝေစွာ ကြည့်ရင်း…
"အခုက ထမင်းစားချိန်လေ... အဲဒီကောင်လေး ပြောသလိုပဲ သူတို့ ညစာ ပြင်ဆင်နေတာ ဆိုတော့ အပြင်ထွက်လာမှာ မဟုတ်ဘူးပေါ့"
ဝူရှန်းက တုံ့ပြန်လေသည်။
"ဟင်းချက်တဲ့အနံ့ ဒါမှမဟုတ် မီးခိုးငွေ့တွေ ထွက်လာတာ မင်း ရလိုက်လို့လား"
"ဒါက..." ဝမ်ကျိုးက ခေတ္တမျှ ကြောင်အသွား၏။
ဝူရှန်းက…
"အဋ္ဌမအဆင့် သိုင်းပညာကို ရောက်နေပြီဖြစ်တဲ့ ငါတို့ အနေနဲ့ အာရုံခံစားမှုတွေကို သီးသန့် မလေ့ကျင့်ထားဘူး ဆိုရင်တောင် သာမန်လူတွေထက် အများကြီး သာလွန်နေပြီ... ဒီလောက် သေးငယ်တဲ့ အိမ်လေးထဲမှာ ညစာ ချက်ပြုတ်နေတာ ဒါမှမဟုတ် ပုံမှန် လှုပ်ရှားမှု တစ်ခုခု ရှိနေတယ် ဆိုရင် ငါတို့ တစ်ခုခုတော့ ထူးခြားတာ သတိထားမိမှာပဲ"
"ကျွန်တော် နားလည်ပြီ"
နောက်ဆုံးတော့ ဝမ်ကျိုး သဘောပေါက်သွားလေပြီ။
"ဒါဆို ခင်ဗျား ပြောချင်တာက အဲဒီကောင်လေး တစ်ခုခု ကြံစည်နေတယ်ပေါ့... ခုနက ငါတို့နဲ့ တွေ့တဲ့ အချိန်မှာတင် သူ့မိသားစုကို တိတ်တဆိတ် ရွှေ့ပြောင်းထားပြီးပြီပေါ့"
"မှန်တယ်" လျူချင်းစုန့်က ခေါင်းအနည်းငယ် ညိတ်ပြသည်။
ထို့နောက် သူက ထပ်ဖြည့်ပြော၏။
"ခုနက နောက်ထပ် ထူးခြားတာ တစ်ခုကိုလည်း ငါ သတိထားမိလိုက်သေးတယ်... ကျန်းနင်ရဲ့ ကိုယ်ပေါ်မှာ သင်းပျံ့နေတဲ့ ပြင်းထန်တဲ့ ဆေးဖက်ဝင် အပင်အနံ့တွေ ရနေတယ်"
"အဲဒီအနံ့က ငါတို့ ဆေးဘုရင်တောင်ကြားက ဆေးလုံးတွေရဲ့ သီးသန့် အနံ့ပဲ"
"အကြီးအကဲ... အဲဒါ ဘာကို ဆိုလိုတာလဲ" ဝမ်ကျိုး၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
လျူချင်းစုန့်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး…
"သူ့ကိုယ်ပေါ်က ရနေတဲ့ အနံ့က ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံးရဲ့ သီးသန့် အနံ့ မဟုတ်ပေမယ့် ငါ့အလိုလို သိစိတ်ကတော့ ဒီကောင်လေး အဲဒီဆေးလုံး တစ်လုံးကို မျိုချထားတယ်လို့ ပြောနေတယ်"
"သူက ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံးကိုတောင် စားသုံးထားတာလား" ဝမ်ကျိုးက မျက်လုံးများ ပြူးကျယ်သွား၏။
"ဒါဆိုရင် ဘာလို့ အကြီးအကဲက သူ့ကို နေရာတင် ဖမ်းမလာခဲ့တာလဲ"
"ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံး သုံးလုံးထဲက အခု တစ်လုံးပဲ ကျန်တော့တယ်... ငါတို့ ထပ်ပြီး အချိန်ဆွဲနေလို့ နောက်ဆုံး တစ်လုံးပါ အစားခံလိုက်ရရင် ဒီကိုလာတဲ့ ငါတို့ရဲ့ တာဝန်က တကယ့်ကို လုံးဝ ကျရှုံးသွားတော့မှာပဲ"
လျူချင်းစုန့်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး…
"ဒီနေ့ ငါတို့ လာလည်တာက ဘာလျှို့ဝှက် သတင်းအချက်အလက်ကိုမှ အခြေခံထားတာ မဟုတ်ဘူး... အကယ်၍ ငါတို့သာ သူ့ကို တိုက်ရိုက် အရေးယူခဲ့မယ်ဆိုရင် ဝမ်ကျင်းနဲ့ ပဋိပက္ခ ဖြစ်လာဖို့က ရှောင်လွှဲလို့ မရဘူး"
"ဝမ်ကျင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဒီကောင်လေးကို သူ့ရဲ့ အတွင်းစည်း တပည့်အဖြစ် လူသိရှင်ကြား လက်ခံထားတာ"
"အခု ဒီကောင်လေးကို ဗြောင်ကျကျ အရေးယူလိုက်ရင် ဝမ်ကျင်းရဲ့ မျက်နှာကို ငါ တိုက်ရိုက် နင်းချေလိုက်သလို ဖြစ်သွားလိမ့်မယ်"
"အကြီးအကဲက ဘာလို့ သူများဂုဏ်ကို မြှင့်ပေးပြီး ကိုယ့်ဂုဏ်ကို အချနင်းနေရတာလဲ" ဝမ်ကျိုးက ဝင်ပြောလိုက်၏။
"ဝမ်ကျင်းက သတ္တမအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေမယ့် အသက်လည်း ကြီးနေပြီ... ခန္ဓာကိုယ်လည်း အားနည်းနေလောက်ပြီ... အကြီးအကဲက အခု အထွတ်အထိပ် အချိန်ကို ရောက်နေတာပဲ... သူ့ကို ဘာလို့ ကြောက်နေရမှာလဲ"
လျူချင်းစုန့်က ခေါင်းခါလိုက်ပြီး…
"မင်း ဝမ်ကျင်း အကြောင်းကို သိပ်မသိလို့ပါ... မင်း သိုင်းပညာ စသင်တဲ့ အချိန်မှာတင် သူက နာမည်ကြီးနေပြီ... သူက သာမန် သတ္တမအဆင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်ဘူး... ငါ သူ့ကို မကြောက်ဘူး ဆိုရင်တောင် သူ့ ညီအရင်းဖြစ်တဲ့ တော်ဝင်မြို့တော်ရဲ့ အရှင်သခင်ကို ထောက်ထားပြီး သူ့ကို တိုက်ရိုက် ထိပ်တိုက် မတွေ့တာ အကောင်းဆုံးပဲ"
"နောက်ပြီး အဲဒီကောင်လေး အနောက်မှာ ဝမ်ကျင်း တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး... အရင်က သူဌေးရှန်ကလည်း သူ့ကို အထင်ကြီးခဲ့သလို အခုဆို သခင်မလေးလင်းကပါ သူ့ကို ရှင်းရှင်းလင်းလင်းကို မျက်နှာသာ ပေးထားတာ"
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အပြင်လူတွေပဲ... အရမ်းကြီး စိတ်မြန်လက်မြန် မလုပ်သင့်ဘူး"
ထိုစကားကြားသည်နှင့် ဝမ်ကျိုးက…
"ဒါဆို အကြီးအကဲက အဲဒီကောင်လေးကို ဒီအတိုင်း လွှတ်ထားပေးလိုက်ဖို့ ပြောချင်တာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လျူချင်းစုန့်က သူ့ကို တစ်ချက် လှမ်းကြည့်ပြီး…
"ငါတို့ အရင်ဆုံး ပြန်ဆုတ်မယ်... တည်းခိုခန်းကို ပြန်သွားပြီး နေ့လယ်ကျရင် မင်းတို့ နှစ်ယောက် ငါနဲ့အတူ ပြန်လာခဲ့"
"နားလည်ပါပြီ အကြီးအကဲ" ဝမ်ကျိုးက ချက်ချင်း ခေါင်းညိတ်လိုက်၏။
ဝူရှန်းလည်း အကြိမ်ကြိမ် ခေါင်းညိတ်ကာ…
"ဟုတ်ကဲ့ပါ အကြီးအကဲ"
ထိုအချိန်တွင် အခြားတစ်နေရာ၌…
ကျန်းနင်က ရေအောက်တွင် ပုန်းခိုနေနှင့်ပြီ ဖြစ်သည်။
သူ၏ တိုးတက်လာသော အာရုံခံစားမှုများကြောင့် အထူးသဖြင့် ရေထဲ ရောက်နေချိန်တွင် လျူချင်းစုန့်တို့၏ စကားပြောသံများမှာ သူ့နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာ၏။
"ထင်ထားတဲ့ အတိုင်းပဲ... လျူချင်းစုန့်က ခုနကတည်းက ပုံမှန်မဟုတ်တာကို သတိထားမိသွားတာပဲ"
"တော်သေးတာပေါ့... သူတို့နောက်ကို တိတ်တဆိတ် လိုက်လာခဲ့လို့"
"မဟုတ်ရင် လက်ဦးမှု ဆုံးရှုံးသွားပြီး ဒီည သူတို့ ခိုးဝင်လာရင် ပြဿနာ တက်တော့မှာ"
ထိုအခိုက်အတန့်တွင် ကျန်းနင် စိတ်ထဲ အလွန်သက်သာရာ ရသွားလေသည်။
သတ္တမအဆင့် သိုင်းပညာရှင် တစ်ယောက်၏ အစစ်အမှန် ခွန်အားကို သူ မသိပေ။
သို့သော် ထိုနေ့က ဝမ်ကျင်းနှင့် ချောင်ယိုတို့၏ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သတ္တမအဆင့် အထွတ်အထိပ်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းကြောင်း သိနိုင်၏။
သူ့နည်းစနစ်များ အားလုံးကို ထုတ်သုံးလျှင်ပင် ထိုစဉ်က ချောင်ယိုအား အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်ချက် မရှိခဲ့ပေ။
အထူးသဖြင့် အဝေးမှ တိုက်ခိုက်သော ချောင်ယို၏ ပုံစံမျိုးကိုပင်။
ထို့ကြောင့် အကယ်၍များ သူ လက်ဦးမှု ဆုံးရှုံးသွားပြီး အတွေ့အကြုံ ရင့်ကျက်သော သတ္တမအဆင့် ကျွမ်းကျင်သူ လျူချင်းစုန့်၏ တွေ့ရှိခြင်းကို ခံလိုက်ရပါက နည်းစနစ်များ အကုန်ထုတ်သုံးလျှင်ပင် အနိုင်ရရန် ယုံကြည်ချက် မရှိချေ။
ထိုအချိန်ကျလျှင် သူများ ထိန်းချုပ်မှုအောက် ရောက်သွားမည်ကို ဆိုဖွယ်ရာ မရှိတော့ပေ။
နောက်တစ်ခဏတွင်...
ကျန်းနင်က ဦးစွာ တိုက်ခိုက်ရန် လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
ရုတ်တရက်...
လျူချင်းစုန့်နှင့် အခြားနှစ်ယောက် ရှေ့ရှိ ရေကန်မှာ ပေါက်ကွဲထွက်သွားပြီး ပေအတော်အတော် မြင့်သော လှိုင်းလုံးကြီးများ ပက်ဖျန်းလာတော့သည်။
"ဘာဖြစ်တာလဲ" လျူချင်းစုန့်က လန့်ဖျပ်သွား၏။
ဟိန်းဟောက်နေသော ရေလှိုင်းများက သူ၏ အဖော်များ ဖြစ်ကြသော ဝမ်ကျိုးနှင့် ဝူရှန်းတို့ကို ရေကန်ထဲသို့ ချက်ချင်း ဆွဲခေါ်သွားသည်ကို သူ မြင်လိုက်ရသည်။
ထိုသည်ကိုမြင်လျှင် လျူချင်းစုန့်၏ မျက်နှာမှာ သူ့ရှေ့မှ မြင်ကွင်းကို မယုံနိုင်သကဲ့သို့ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
End
***