အကယ်၍ သူသာ ချန်းလန် ဓားသိုင်းကို ပြီးပြည့်စုံသော အောင်မြင်မှုကြီးအထိ ကျွမ်းကျင်မထားဘဲ အလွှာငါးထပ် စွမ်းအားများကို မထုတ်ဖော်နိုင်ခဲ့လျှင် လျူချင်းစုန့်၏ ဓားချက် တစ်ချက်ကိုပင် ကာကွယ်နိုင်ခဲ့မည် မဟုတ်ပေ။
လျူချင်းစုန့်တစ်ယောက် ဤမျှ သန်မာနေသည့်တိုင် ဝမ်ကျင်းအပေါ် အလွန်တရာ သတိထားနေသည်ကို ထောက်ဆလျှင် ဝမ်ကျင်း၏ စွမ်းအားမှာ သူ့ထက် သေချာပေါက် သာလွန်နေကြောင်း ထင်ရှားလှ၏။
ထို့အပြင် ထိုနေ့က ဝမ်ကျင်းနှင့် ခဏတာ ရင်ဆိုင်ခဲ့ရာတွင် ချောင်ယိုက သိသိသာသာ အသာစီး ရခဲ့သည် မဟုတ်ပါလား။
သို့ဖြစ်ရာ ချောင်ယိုမှာ လျူချင်းစုန့် ကဲ့သို့ပင် သိုင်းပညာ အဆင့်ခုနစ် ဖြစ်သော်ငြား သူတို့နှစ်ဦး၏ စွမ်းအားမှာ အဆင့်များစွာ ကွာခြားနေပုံ ရလေသည်။
'သူ့ကို ရင်ဆိုင်ဖို့ ငါ့စွမ်းအားက မလုံလောက်သေးဘူးပဲ'
ဤတိုတောင်းသော ရင်ဆိုင်မှု အပြီးတွင် ကျန်းနင်က သူ၏ ကိုယ်ပိုင် စွမ်းရည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်၏။ သူ၏ သိုင်းကွက်များကို အပြည့်အဝ အသုံးချပါက အဆင့်ရှစ်ကို ထိပ်တိုက် ရင်ဆိုင် ကျော်လွှားနိုင်ပေမည်။
သိုင်းပညာ အဆင့်ခုနစ် အချို့နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း တရားမျှတသော အခြေအနေမျိုးတွင် လျူချင်းစုန့် ကဲ့သို့ ကာလရှည်ကြာ ကျင့်ကြံထားသော အဆင့်ခုနစ် သိုင်းပညာရှင်ကိုမူ ယှဉ်နိုင်ဖို့ရာ ခဲယဉ်းလှပေသည်။
နောက်တစ်စက္ကန့်တွင်...
ကျန်းနင်က သူ၏ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများမှာ ရေထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
သူ၏ အစစ်အမှန်ချီများမှာ ပြည့်လျှံနေပြီး အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေ၏။
ဤအခိုက်အတန့်တွင် "ရေဝိညာဉ် ဆက်နွယ်မှု" ၏ ထူးခြားချက်ကို သူ ပိုမို နက်ရှိုင်းစွာ နားလည်သွားခဲ့ပြီဖြစ်သည်။ ရေထဲတွင် ရှိနေသရွေ့ ၎င်းက ပေးစွမ်းသော အထောက်အပံ့မှာ အလွန်တရာ ကြီးမားလှသည်။
သူ၏ အာရုံခံနိုင်စွမ်းများ များစွာ တိုးတက်လာရုံသာမက ခန္ဓာကိုယ် ပြန်လည် နာလန်ထူမှုမှာလည်း မယုံနိုင်လောက်အောင် လျင်မြန်နေသည် မဟုတ်ပါလား။
"ထပ်လာခဲ့စမ်း..." မိမိခန္ဓာကိုယ်၏ အခြေအနေကို ခံစားမိလျှင် ကျန်းနင်၏ တိုက်ခိုက်လိုစိတ်များ တစ်ဟုန်ထိုး မြင့်တက်လာပြီး ဓားရှည်ကို ကိုင်ဆောင်၍ ရှေ့သို့ တိုးထွက်သွားတော့သည်။
"လာစမ်းပါ..." လျူချင်းစုန့်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
သူ့လက်ထဲရှိ ဓားရှည်မှာ လက်ခနဲ ဖြစ်သွားပြီး ခိုင်မာ ဖြောင့်တန်းနေရာမှ အဆိပ်ပြင်းမြွေ တစ်ကောင်ပမာ ပြောင်းလဲသွားသည်။
ရွှီးခနဲ အသံနှင့်အတူ...
ဓားချက် တစ်ချက်က ရေထဲတွင် လေဟာနယ် တစ်ခုကို ဖန်တီးလိုက်ပြီး လျှပ်စီး လက်သကဲ့သို့ ကျန်းနင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
ဤမြင်ကွင်းကို မြင်လျှင် ကျန်းနင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဓားစွမ်းအားကို ပြောင်းလဲလိုက်ပြီး ဓားသွား အရှေ့တွင် သူ၏ ဓားရှည်ကို ကန့်လန့်ဖြတ် ကာကွယ်လိုက်၏။
ချွင်...
မီးပွားများ လက်ခနဲ ထွက်ပေါ်လာပြီး ကျန်းနင်က နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။
လျူချင်းစုန့်က ရှေ့သို့ ထပ်မံ ဖိအားပေးလာပြီး စောစောကတင် နောက်သို့ ကန်ထွက်သွားသော ဓားပျော့မှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် တည့်မတ်သွားကာ ပြန်လည် တိုက်ခိုက်လာပြန်သည်။
ရွှီး...
ရေထဲတွင် နောက်ထပ် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာပြီး ဓားထိပ်ဖျားမှာ လျှပ်စီးပမာ လျင်မြန်လှ၏။
ကျန်းနင်က ဓားဖြင့် ထပ်မံ ကာကွယ်လိုက်ရာ မီးပွားများ ထပ်မံ လွင့်စင်လာသည်။
ထို့နောက်တွင်တော့...
...
လျူချင်းစုန့် လက်ထဲရှိ ဓားပျော့မှာ သရဲတစ္ဆေ တစ်ကောင်ပမာ လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။
ဓားချက် တစ်ချက်စီက ရေထဲတွင် အဆက်မပြတ် ပွင့်အာလာသော သစ်တော်ပန်း တစ်ပွင့်ပမာ။
ကျန်းနင်တစ်ယောက် အဆက်မပြတ် ကာကွယ်ရင်း နောက်သို့ ခြေလှမ်းများ ဆုတ်ခွာနေရတော့သည်။ ဤကဲ့သို့ သည်းထန်သော တိုက်ခိုက်မှုများ ရှေ့တွင် သူ အသက်ပင် မရှူရဲချေ။
အကယ်၍ အသက်ရှူ မှားသွားပါက ဆက်လက် ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက်...
လျူချင်းစုန့်က ဓားကို ရုပ်သိမ်း၍ ရပ်တန့်လိုက်သည်။
သူ့မျက်နှာမှာ အနည်းငယ် နီရဲသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
"မဆိုးဘူး..." သူက ကျန်းနင်အား အနည်းငယ် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"မင်းဒီအရွယ်နဲ့ ငါ့ရဲ့ မိုးသက်မုန်တိုင်း ဓားသိုင်းကို ခုခံနိုင်တာ မင်းက ပထမဆုံးပဲ"
ဝူး...
ဤအခိုက်အတန့် ရောက်မှသာ ကျန်းနင်တစ်ယောက် အောင့်ထားရသော လေပုပ်များကို ရဲရဲဝံ့ဝံ့ ရှူထုတ်ဝံ့တော့သည်။
သူက လျူချင်းစုန့်အား ပြုံးပြ၍...
"စီနီယာလျူက မြှောက်ပြောလွန်းပါပြီ... ကျုပ်က တခြားသူတွေထက် ကံနည်းနည်း ပိုကောင်းရုံပါ"
လျူချင်းစုန့်တစ်ယောက် စကားပြောဆိုလိုသည့် အရိပ်အယောင် ပြလာသည်ကို မြင်လျှင် ကျန်းနင်ကလည်း လိုလိုလားလားပင် စကားပြောရန် အသင့်ရှိနေခဲ့၏။
ရေထဲတွင် လျူချင်းစုန့်နှင့် မတူဘဲ သူက လွတ်လပ်စွာ အသက်ရှူနိုင်သည် မဟုတ်ပါလား။ အတွင်းအား အဆင့်သို့ မရောက်ရှိဘဲ၊ ကလီစာများကို မလေ့ကျင့်ဘဲနှင့် မည်မျှပင် သန်မာစေကာမူ ရေအောက်တွင် အသက်အောင့်ထားနိုင်သည့် အချိန်မှာ ကန့်သတ်ချက် ရှိပေသည်။
ထို့ကြောင့် တိုက်ပွဲ အချိန်ဆွဲလေလေ သူ့အတွက် ပို၍ အားသာလေလေ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ရှိ အောက်ဆီဂျင် ကုန်ခမ်းသွားသည်နှင့် တစ်ပြိုင်နက် မည်မျှပင် အစွမ်းထက်နေပါစေ ရေထဲတွင် သေဆုံးရန်သာ ရှိတော့မည် ဖြစ်သောကြောင့်ပင်။
ထို့နောက် လျူချင်းစုန့်က မေးလာသည်။
"ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံးက မင်းဆီမှာ ရှိတာမလား"
"မှန်ပါတယ်" ကျန်းနင်က ခေါင်းညိတ်လိုက်၏။
ထို့နောက် သူက…
"ဒါဆို ထျန်းပုယီကလည်း မင်းလက်ချက်နဲ့ သေသွားတာပေါ့"
"မှန်ပါတယ်" ကျန်းနင်က ထပ်မံ ခေါင်းညိတ်ပြလိုက်သည်။
လျူချင်းစုန့်မှာ ငါးဆယ်ရာခိုင်နှုန်းခန့် သေချာနေပြီး ဖြစ်သော်လည်း ကျန်းနင်က အတည်ပြုလိုက်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားသေး၏။
အဆင့်ရှစ် နတ်ဘုရားစွမ်းအား အဆင့်ရှိ ထျန်းပုယီမှာ လက်ဝါးရိုက်ချက် တစ်ချက်ကို အသေမခံဘဲ တောင့်ခံနိုင်စွမ်း ရှိသဖြင့် သန်မာကြောင်း အထင်အရှားပင်။ သို့သော် ကျန်းနင် ကဲ့သို့ လူငယ်လေး တစ်ယောက်၏ လက်ချက်ဖြင့် ကျဆုံးသွားလိမ့်မည်ဟုကား ထင်မှတ်မထားခဲ့ချေ။
ချက်ချင်းပင် လျူချင်းစုန့်က ကျန်းနင်နှင့် မကြာမီက ရင်ဆိုင်ခဲ့ရမှုများကို ပြန်လည် စဉ်းစားမိပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်မိတော့သည်။
ဖြစ်နိုင်ချေ ရှိတာပဲ။
သူ၏ မိုးသက်မုန်တိုင်း ဓားသိုင်းကို အနာအဆာကင်းစွာ ခုခံနိုင်သည်ဆိုမှတော့ ထျန်းပုယီတစ်ယောက် ဤစွမ်းအားမျိုးကို သေချာပေါက် မယှဉ်နိုင်သည်မှာ အသေအချာပင်။
ထိုသည်ကို တွေးမိသည်နှင့် လျူချင်းစုန့်က ကျန်းနင်အား ကြီးမားသော လေးစားမှု၊ အံ့သြချီးကျူးမှုများ ပြည့်နှက်နေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။
ထိုမျှထူးချွန်သော လူငယ်မျိုးကို သူ၏ ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"နှမြောစရာပဲ... ဒီလူငယ်လေး ဒီနေ့ ဒီနေရာမှာပဲ ကျဆုံးရတော့မှာ..." လျူချင်းစုန့်က စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သူက ပါရမီရှင်များကို တန်ဖိုးထားသော်လည်း ဤအချက်ကပင် သတ်ဖြတ်လိုသော ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာသွားစေခဲ့၏။
ကြောက်မက်ဖွယ်ပါရမီရှင် တစ်ယောက်သာ ရန်သူ ဖြစ်လာပါက လုံးဝ အသက်ချမ်းသာ ပေး၍ မဖြစ်ချေ။
လျူချင်းစုန့်၏ အမြင်တွင် ကျန်းနင်သာ ယနေ့ ဘေးအန္တရာယ်မှ လွတ်မြောက်သွားပါက အနာဂတ်တွင် ဆေးသခင်တောင်ကြားအတွက် တားဆီး၍ မရနိုင်သော ကြီးမားသည့် ဘေးဒုက္ခကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
သူသိထားသလောက် ကမ္ဘာကျော် သိုင်းပညာရှင် အကျော်အမော်ကြီးများပင်လျှင် သူတို့၏ သိုင်းပညာ ခရီးစဉ် အစတွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်မျိုး မပြသနိုင်ခဲ့ကြပေ။
သိုင်းပညာ လေ့လာသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း သူ့အား အရှုံးမပေးဘဲ ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိနေသည်။
ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို ဘယ်သူက ယုံကြည်မည်နည်း။
ထို့အပြင် မည်သူက ယုံကြည်နိုင်မည်နည်း။
သူကိုယ်တိုင် ကြုံတွေ့နေရခြင်းသာ မဟုတ်ပါက သူလည်း ယုံကြည်မည် မဟုတ်ချေ။
ထို့နောက်...
လျူချင်းစုန့်က စိတ်ကို တည်ငြိမ်အောင်ထား၍ ကျန်းနင်အား ပြောလိုက်သည်။
"ငါ့ကို ရင်ဆိုင်ရတာတောင် မင်းက အရမ်း တည်ငြိမ်နေတာပဲ... ကြည့်ရတာ ဒီနေ့ ငါတို့ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်လျက် ကမ်းပေါ် ပြန်တက်နိုင်မယ်လို့ မင်း ဆုံးဖြတ်ထားပုံပဲ"
"မှန်ပါတယ်" ကျန်းနင်က ခေါင်းညိတ်ပြ၏။
"စီနီယာလျူက မြင်တတ်တာပဲ"
လျူချင်းစုန့်က…
"မင်းက တော်တော် ယုံကြည်ချက် ရှိနေတာပဲ"
"စီနီယာလျူကော ယုံကြည်ချက် မရှိဘူးလား" ကျန်းနင်က ပြုံးလိုက်သည်။
"ဒါပေါ့"
လျူချင်းစုန့်က ခေါင်းညိတ် သဘောတူလိုက်ပြီး သူလည်း ပြုံး၍...
"မင်းရဲ့ ယုံကြည်ချက်က ဘယ်ကလာတာလဲ ငါမသိဘူး... ဒါပေမဲ့ ငါ့ယုံကြည်ချက်က ဘယ်ကလာတာလဲ ဆိုတာ မကြာခင် မင်းကို ပြသရမှာပေါ့"
လျူချင်းစုန့်က လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ရာ သူ၏ ဓားပျော့မှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဓားပန်းပွင့်များအဖြစ် ကခုန်သွားတော့သည်။
ထို့နောက် သူ၏ ပုံရိပ်မှာ ကျန်းနင်ဆီသို့ တည့်မတ်စွာ ထိုးသွားလေသည်။ ခဏတာ စမ်းသပ်ပြီးနောက်တွင်တော့ ကျန်းနင် အားကိုးနေသည့် အရာမှာ မည်သည့်အရာဖြစ်ကြောင်း သူ ကောင်းကောင်း သိသွားခဲ့ပြီ မဟုတ်ပါလား။
End
***