"ဟားဟား... မင်းက အသုံးမကျတဲ့ အမှိုက်တစ်စပဲကိုး။ အမှတ် ဆိုတာ ဘာလဲဆိုတာ မသိတာ မဆန်းပါဘူးလေ။ ဘယ်သူမှ လှည့်မကြည့်တဲ့ မြေနက်မြေ ဆီကို ပို့ခံထားရတာကိုး"။
အပြင်စည်းတပည့် နှစ်ဦးမှာ လှောင်ပြောင်ရယ်မောကြလေသည်။
ထိုအခိုက်တွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလှသော ချင်ယွမ်ဖုန်းပင်လျှင် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားချေပြီ။
ယင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လျှပ်စီးလက်သဖွယ် မြန်ဆန်သော အရှိန်ဖြင့် ထိုတပည့်၏ အဝတ်အစားကို လှမ်းဆွဲ၍ အားပြင်းစွာ ဆောင့်ကန်လိုက်ရာ၊ ထိုတပည့်မှာ ဟန်ချက်ပျက်ကာ ရှေ့သို့ မှောက်လျက်လဲကျသွားတော့သည်။
ချင်ယွမ်ဖုန်းသည် ထိုသူ၏ ကျောပြင်ပေါ်သို့ ခြေဖြင့်နင်းကာ အားအနည်းငယ် ထည့်လိုက်ရုံမျှဖြင့် အရိုးကျိုးသံများမှာ တဂျောက်ဂျောက် မြည်ဟည်းသွားရလေသည်။
"တင်း . ချန်မင်၏ မကျေနပ်မှု +၁၀၀ ရရှိသည်"။
ချင်ယွမ်ဖုန်း၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှ မပေါ်လွင်ဘဲ အေးစက်လှသော အကြည့်ဖြင့် ထိုအပြင်စည်းတပည့် နှစ်ဦးကို စိုက်ကြည့်လျက် -
"ဘယ်သူမဆို တစ်ပါးသူကို 'အမှိုက်' လို့ ခေါ်လို့မရဘူး။ အနည်းဆုံးတော့ မင်းတို့မှာ အဲဒီလိုခေါ်ပိုင်ခွင့် မရှိစေရဘူး"
"တောက်... မင်းက တော်တော်လေး မောက်မာနေတာပဲ၊ အရိုက်ခံချင်နေပြီထင်တယ်"
ထိုအပြင်စည်းတပည့် နှစ်ဦးသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြလေသည်။
ယင်းတို့ နှစ်ဦးစလုံးမှာ ပညာရှင်အဆင့် အဆင့် ၅ သို့ ရောက်ရှိနေသူများ ဖြစ်ရာ၊ တိုက်ခိုက်လိုက်သော အရှိန်ကြောင့် လေထုထဲတွင် ပေါက်ကွဲသံများပင် ထွက်ပေါ်လာချေသည်။
တစ်ဦးက ချင်ယွမ်ဖုန်း၏ ဘယ်ဘက်ပုခုံးကို လှမ်းဆွဲပြီး ကျန်တစ်ဦးက ညာဘက်ပုခုံးကို ဖမ်းဆုပ်ရန် ကြိုးပမ်းကြသော်လည်း၊ ချင်ယွမ်ဖုန်းကို မထိတွေ့မီမှာပင် ပြင်းထန်သော စုပ်ယူမှုအားတစ်ခုကို ခံစားလိုက်ရပြီး ချင်ယွမ်ဖုန်းရှိရာသို့ ဟန်ချက်ပျက်ကာ လွင့်စင်လာကြတော့သည်။
ချင်ယွမ်ဖုန်း၏ လက်ဖဝါးတွင် အနက်ရောင် ဟင်းလင်းပြင်ပေါက်တစ်ခု ပေါ်ပေါက်လာပြီး ထိုမှထွက်ပေါ်လာသော စုပ်ယူမှု အရှိန်အဝါ က ထိုတပည့်နှစ်ဦးကို ဆွဲခေါ်လိုက်ခြင်း ဖြစ်ပေရာ၊ နောက်တစ်ခဏတွင် ချင်ယွမ်ဖုန်းသည် လက်ဖဝါးကို လက်သီးအဖြစ် ပြောင်းလဲကာ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
လက်သီးချက်မှာ ထိုသူနှစ်ဦး၏ ရင်ဘတ်ကို ထိမှန်သွားပြီး နောက်သို့ လွင့်စင်သွားစေကာ သွေးများအန်ထုတ်လျက် နံရိုးများပင် ကျိုးအက်ကုန်ကြတော့သည်။
"တင်း .. ကျင်းဖော်၏ ထိတ်လန့်မှု +၆၆"
"တင်း .. ဖန်ဟုန်၏ ထိတ်လန့်မှု +၅၇"
ထိုအခိုက်တွင် ဘေးပတ်ဝန်းကျင်ရှိ လူစုလူဝေးမှာ စုရုံးလာကြပြီး ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် အပြင်စည်းတပည့် နှစ်ဦး သွေးအန်သည်အထိ ဖြစ်သွားရသည်ကို မြင်တွေ့ကာ အံ့ဩတုန်လှုပ် သွားကြလေသည်။
"ဒါ... ကျင့်စဉ်လောကထဲကို စတင်ဝင်ရောက်တုန်းက အဆင့် ၁ ပညာသင်အဆင့်ပဲ ရှိလို့ အသုံးမကျတဲ့သူလို့ သတ်မှတ်ခံထားရတဲ့ ချင်ယွမ်ဖုန်း မဟုတ်လား"
"အစောပိုင်းက စမ်းသပ်မှုမှာ အမှားအယွင်း တစ်ခုခု ရှိခဲ့တာများလား"
ဘေးလူများက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသော်လည်း ချင်ယွမ်ဖုန်းမှာမူ မည်သို့မျှ ဂရုမစိုက်ပေ။
ယင်းက ပြဿနာ ရှာလိုသူ မဟုတ်သော်လည်း မိမိအပေါ် တစ်ပါးသူက မောက်မာစွာ လာရောက် စော်ကားသည်ကိုမူ ငုံ့ခံမည့်သူ မဟုတ်ချေ။
"ချင်ယွမ်ဖုန်း... မင်းက မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုကို တိုက်ခိုက်ရဲတယ်ပေါ့။ ဒါဟာ ကြီးလေးတဲ့ ပြစ်မှုပဲ။ မင်းကို အပြစ်ပေးနိုင်ဖို့ ဂိုဏ်းအကြီးအကဲ ဆီကို ငါတိုင်မယ်" ဟု လွင့်စင်သွားသော တပည့်တစ်ဦးက ဒေါသတကြီး အော်ဟစ်လေသည်။
ချင်ယွမ်ဖုန်းက ထိုသူရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားရာ၊ ထိုတပည့်မှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားရလေသည်။
"တိုင်ချင်တယ်ဆိုရင်လည်း သွားတိုင်လိုက်ပေါ့။ ဂိုဏ်းအကြီးအကဲတွေက အမှားအမှန်ကို မခွဲခြားနိုင်လောက်အောင် ဖြစ်နေမလားဆိုတာ ငါလည်း သိချင်သားပဲ" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်သည်။
အဆုံးတွင် ချင်ယွမ်ဖုန်းမှာ ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ဘဲ စာကြည့်တိုက် ကို တစ်ချက်လှမ်းကြည့်ကာ အိုင်ဖေး နှင့်အတူ ထွက်ခွာလာခဲ့တော့သည်။
ထိုအပြင်စည်းတပည့် နှစ်ဦးမှာလည်း မိမိတို့တွင် အပြစ်ရှိသည်ကို သိရှိနားလည်သွားကြသဖြင့် လူစုလူဝေးကို လူစုခွဲကာ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ဆေးကုသမှု ခံယူရန် ထွက်သွားကြလေသည်။
"စီနီယာအစ်ကို .. အစ်ကိုက အသုံးမကျတဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ။ ဒါနဲ့ အစ်ကိုက ဘာဖြစ်လို့ အစွမ်းတွေကို ဖုံးကွယ်ထားတာလဲ" ဟု အိုင်ဖေးက အားကျသည့် အကြည့်ဖြင့် မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းသည် အိုင်ဖေးကို မည်သို့ ရှင်းပြရမည် မသိသဖြင့် "ဂျူနီယာညီလေး ကို ပြောပြဖို့ အဆင်မပြေတဲ့ အကြောင်းအရာတချို့ ရှိနေလို့ပါ" ဟုသာ ခေါင်းခါလျက် ဆိုလိုက်ရတော့သည်။
"ရပါတယ် စီနီယာအစ်ကို။ ခုနက အစ်ကိုလုပ်လိုက်တာ တကယ်ကို လန်းတယ်။ အဲဒီလူတွေက ခံရမှာကို တန်တာ" ဟု အိုင်ဖေးက ပြုံးလျက် ဆိုသည်။
"ဒါနဲ့... အမှတ် ဆိုတာ ဘာလဲဆိုတာ သေချာလေး ရှင်းပြပါဦး"
"ဩော်... စီနီယာအစ်ကို မသိသေးဘူးလား။ ကျွန်တော်တို့ ဆေးနတ်ဘုရားဂိုဏ်း မှာ ဂိုဏ်းက ထုတ်ပြန်တဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး ဂိုဏ်းတွင်းအမှတ်တွေ စုဆောင်းလို့ ရပါတယ်။ အဲဒီအမှတ်တွေကို ဂိုဏ်းထဲက လက်နက်တွေ၊ ကျင့်စဉ် တွေနဲ့ တခြားအရာတွေနဲ့ လဲလှယ်လို့ ရတာပါ" ဟု အိုင်ဖေးက ရှင်းပြလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "ဒါဆို တာဝန်တွေကို ဘယ်မှာ သွားလက်ခံရမလဲ"
"ကျွန်တော် လိုက်ပို့ပါ့မယ်။ တာဝန်လက်ခံရမယ့် နေရာက တာဝန်ခန်းမ မှာ ရှိပါတယ်။ ဒါပေမဲ့ အခုမှ ဂိုဏ်းကို စရောက်တဲ့ တပည့်တွေက အစွမ်း သိပ်မရှိကြသေးတော့ ဘယ်သူမှ တာဝန်လာမယူကြဘူး။ အမှတ်ရှိတဲ့ သူတွေကလည်း တခြားတပည့်တွေဆီကနေ ဝိညာဉ်ကျောက်တုံး တွေနဲ့ လဲလှယ်ထားတာ ဖြစ်ပါလိမ့်မယ်"
ယင်းတို့နှစ်ဦး တာဝန်ခန်းမသို့ ရောက်ရှိသောအခါ တပည့်များစွာ အဝင်အထွက် ရှိနေသည်ကို တွေ့ရသော်လည်း အိုင်ဖေး ပြောသည့်အတိုင်း အသစ်ဝင်တပည့်ဟူ၍ တစ်ဦးမျှ မရှိချေ။
"စီနီယာအစ်ကို... ဟိုမှာ ကြည့်လိုက်၊ အဲဒါ ဂိုဏ်းရဲ့ တာဝန်တွေကို ကပ်ထားတဲ့ ဆိုင်းဘုတ်ပဲ"
ထိုဆိုင်းဘုတ်တွင် အဖွဲ့အစည်း အသီးသီးမှ ပေးအပ်ထားသော တာဝန်များစွာ ရှိနေပြီး လူအများမှာ မိမိတို့နှင့် သင့်တော်မည့် တာဝန်ကို ရွေးချယ်နေကြလေသည်။
ချင်ယွမ်ဖုန်းတို့ နှစ်ဦးလည်း သွားရောက် ကြည့်ရှုရာ တာဝန်အများစုမှာ သားရဲ များကို နှိမ်နင်းရန် ဖြစ်သည်ကို တွေ့ရလေသည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီး ပေါ်တွင် သားရဲဟူသည်မှာ ဝိညာဉ်စွမ်းအင် များ၏ ပြုစုပျိုးထောင်မှုကြောင့် သာမန် တောရိုင်းတိရစ္ဆာန်များမှ အသွင်ပြောင်းလဲသွားသော သတ္တဝါများ ဖြစ်ကြသည်။
ယင်းတို့သည်လည်း ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ ကျင့်ကြံနိုင်ကြပြီး၊ အချို့သော သားရဲများမှာ တိုက်ကြီးပေါ်ရှိ အသန်မာဆုံး လူသားများထက်ပင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။
ယင်းတို့ကို အဆင့် ၅ ဆင့် ခွဲခြားထားလေသည် ။အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်၊ နတ်သားရဲ နှင့် သန့်ရှင်းသော သားရဲ တို့ ဖြစ်ကြသည်။
လူသားတို့၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် ချင်ယွမ်ဖုန်းသည် အလယ်အလတ်အဆင့် ၅ ရှိသော သားရဲကို နှိမ်နင်းသည့် တာဝန်ကိုသာ ရွေးချယ်လိုက်လေသည်။
ယင်းတာဝန်ကို အောင်မြင်ပါက အမှတ် ၃၀၀ ရရှိမည် ဖြစ်သည်။
စာရင်းတင်သည့်နေရာရှိ အမျိုးသမီးတပည့်မှာ ချင်ယွမ်ဖုန်း ရွေးချယ်လိုက်သော တာဝန်ကို မြင်သောအခါ အံ့အားသင့်သွားပြီး -
"ဂျူနီယာမောင်လေး... ဒီတာဝန်ကို ယူမှာ သေချာရဲ့လား"
"သေချာပါတယ်၊ ဘာပြဿနာရှိလို့လဲ"
"ပြဿနာတော့ မရှိပါဘူး... အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ဆိုကာ စာရင်းတင်ပေးလိုက်လေသည်။
ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက် တာဝန်ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
"ဟေး... အဲဒီ သွေးဆာနေတဲ့ ကင်းမြီးကောက်တွေကို နှိမ်နင်းတဲ့ တာဝန်ကို တစ်ယောက်ယောက်က ယူသွားပြီဟ"
"အဲဒါ နာမည်ခံတပည့် တစ်ယောက်က ယူသွားတာ မဟုတ်လား။ သေချင်လို့လားမသိဘူး၊ ဒါက အလယ်အလတ်အဆင့် ၅ ရှိတဲ့ သားရဲလေ"
"ဒါတင်မကဘူး၊ အဲဒီသားရဲတွေက အုပ်စုလိုက် နေတတ်ကြတာ။ တစ်ကောင်ကို သွားထိတာနဲ့ အုပ်စုလိုက်ကြီးနဲ့ ရင်ဆိုင်ရမှာ"
"ကြည့်ရတာတော့ အဲဒီ ဂျူနီယာညီလေးကတော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာပဲ..."
***