လမ်းခုလတ်ဝယ် လျှောက်လှမ်းနေသော ချင်ယွမ်ဖုန်းသည် ရုတ်တရက်ဆိုသလို ခြေလှမ်းတို့ တန့်ခနဲ ဖြစ်သွားရလေသည်။
". ရှန်ခါးထံမှ နောင်တရမှု +၂၃"
". လီဖုထံမှ နောင်တရမှု +၄၆"
".. မာကျူရီထံမှ သူတစ်ပါးအရေး နာလိုမုန်းတီးမှု +၅၂"
"...ဝူရွှေထံမှ အထင်အမြင်သေးသော အကြည့် +၆၃"
...
ခဏတာအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး သုံးထောင်နီးပါးကို လက်ခံရရှိလိုက်ရာ ယင်းက သူ့ကို အံ့အားသင့်ကာ ဝေခွဲမရ ဖြစ်သွားစေတော့သည်။
"ဒါက ဘာဖြစ်တာလဲ... ငါ ဘယ်သူ့ကို ထပ်ပြီး ရန်စမိပြန်ပြီလဲ" ချင်ယွမ်ဖုန်းမှာ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေရချေသည်။
သူ တာဝန်ခန်းမမှ ထွက်ခွာလာပြီးနောက် ကျန်ရစ်ခဲ့သူတို့၏ ပြောဆိုငြင်းခုံနေမှုများကိုသာ သိရှိခဲ့ပါလျှင် သူသည် တိတ်တဆိတ် ဝမ်းမြောက်နေမိမည်မှာ အမှန်ပင်။
လူအရေအတွက် ပို၍များပြားလေလေ၊ ယုံကြည်မှုတန်ဖိုးများကို အလုံးအရင်းနှင့် ရိတ်သိမ်းနိုင်လေလေ မဟုတ်လော။
သို့သော်လည်း ရရှိလာသော ယုံကြည်မှုတန်ဖိုး အများစုမှာ ချင်ယွမ်ဖုန်းအတွက် နှမြောတသဖြစ်ရခြင်းကို ဖော်ပြနေပြီး အနည်းငယ်မျှသာလျှင် မထီမဲ့မြင်ပြုခြင်းနှင့် ကဲ့ရဲ့လှောင်ပြောင်ခြင်းတို့ ဖြစ်ကြသည်။
"စီနီယာအစ်ကို... အစ်ကို လက်ခံခဲ့တဲ့ တာဝန်ကို ကျွန်တော့်ကို ကြည့်ခွင့်ပေးပါဦး" အိုင်ဖေးသည် ချင်ယွမ်ဖုန်းလက်ထဲမှ တာဝန်လွှာကို ယူကြည့်လိုက်ရာ မကြာမီမှာပင် သူ၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားလေတော့သည်။
"ဘာဖြစ်လို့လဲ" အိုင်ဖေး၏ အခြေအနေကို မြင်သောအခါ ချင်ယွမ်ဖုန်းက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။
"စီနီယာအစ်ကို... ဒီတာဝန်က... အရမ်းကို အန္တရာယ်များတယ်" အိုင်ဖေးက တုန်တုန်ရင်ရင်ဖြင့် ဆို၏။
"အန္တရာယ်များတယ် ဟုတ်လား... ဒါက အဆင့်ငါး အလယ်အလတ်အဆင့်ရှိတဲ့ မှော်သားရဲတစ်ကောင်ပဲ မဟုတ်ဘူးလား" ချင်ယွမ်ဖုန်းက ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
ဤတာဝန်ကို သူလက်ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုနေရာသည် ဆေးနတ်ဘုရားဂိုဏ်းနှင့် မိုင်တစ်ရာခန့်သာ ဝေးကွာပြီး အလွန်နီးကပ်သောကြောင့် ဖြစ်သည်။
ချင်ယွမ်ဖုန်းအတွက်မူ အသွားအပြန် နှစ်နာရီကျော်မျှသာ ကြာမြင့်ပေလိမ့်မည်။
"အဲ့ဒါက သွေးဆာနေတဲ့ ကင်းမြီးကောက်လေ... ဒီလိုမှော်သားရဲမျိုးက... အုပ်စုနဲ့နေတတ်တဲ့ သားရဲမျိုး" အိုင်ဖေးက ထိတ်လန့်တကြားဖြင့် ပြောဆိုလေသည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးတို့မှာ ချက်ချင်းပင် ပြူးကျယ်သွားရတော့၏။ ဤတာဝန်ကို မည်သူမျှ အဘယ်ကြောင့် လက်မခံကြသနည်းဟူသော အကြောင်းရင်းကို ယခုမှပင် သူ သဘောပေါက်သွားတော့သည်။
အဆင့်ငါး အလယ်အလတ်အဆင့်ရှိ မှော်သားရဲတစ်ကောင်တည်းဆိုလျှင် အရေးမကြီးသော်လည်း၊ အုပ်စုလိုက်ဆိုပါက ယင်းတို့အထဲတွင် ပိုမိုမြင့်မားသောအဆင့်ရှိ သားရဲများပင် ပါဝင်နေနိုင်ပေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် မကြာမီမှာပင် စိတ်အေးအေးထားလိုက်နိုင်သည်။ သူသည် မဟာဆရာအဆင့်သို့ ရောက်ရှိနေသူဖြစ်ရာ အဆင့်မြင့် အဆင့်တစ် မှော်သားရဲတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သောကြောင့် ဤတာဝန်သည် သူ့အတွက် ပြဿနာရှိမည် မဟုတ်ချေ။
"စိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ။ ငါ့ကို ယုံစမ်းပါ" ချင်ယွမ်ဖုန်းက အိုင်ဖေးကို ပြုံး၍ ပြောလိုက်သည်။
ချင်ယွမ်ဖုန်း၏ ယုံကြည်မှုရှိလှသော အမူအရာကို မြင်ရသောအခါ အိုင်ဖေး၏ ကြောက်ရွံ့မှုမှာလည်း အတန်ငယ် လျော့ပါးသွားရလေသည်။
"စီနီယာအစ်ကို... အစ်ကို တကယ်ပဲ အသေအချာ စဉ်းစားပြီးပြီလား။ တကယ်လို့ အဆင်မပြေဘူးဆိုရင် တခြားတာဝန်တစ်ခုခု သွားရှာကြရအောင်လေ" ဟု အိုင်ဖေးက အကြံပြုရှာသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ကာ "မလိုပါဘူး၊ ဒီတာဝန်ပဲ ဖြစ်ရမယ်။ မင်း ဒီမှာပဲ ငါ့ရဲ့ သတင်းကောင်းကို စောင့်နေလိုက်ပါ"
"ကောင်းပါပြီလေ... စီနီယာအစ်ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်" အိုင်ဖေးက ပြုံးလျက် ဆို၏။
"ကျေးဇူးအများကြီးတင်ပါတယ် ဂျူနီယာညီလေး" ချင်ယွမ်ဖုန်းက လက်အုပ်ကြာပန်း ပုံသဏ္ဌာန်ပြုလျက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒါနဲ့ နေဦး... ဂျူနီယာညီလေး၊ မင်း ပိုက်ဆံရှာလို့ရမယ့် နည်းလမ်းတွေကို သိလား"
"ပိုက်ဆံရှာဖို့လား... စီနီယာအစ်ကို ဝိညာဉ်ကျောက်တုံးတွေ လိုနေလို့လား" အိုင်ဖေးက မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းယမ်းလိုက်ပြီး "ညီလေးကတော့ ငါ့ကို အထင်ကြီးလွန်းနေပြီ။ ငါက မြေနက်မြေကို ပို့ခံထားရတာလေ၊ ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မရခဲ့ဘူး။ ဘယ်လိုလုပ် ဝိညာဉ်ကျောက်တုံး မလိုဘဲ နေမှာလဲ။ ငါ အခု ငတ်တောင် သေတော့မယ်"
"ဒါဆိုရင်လည်း..." အိုင်ဖေးက ပြုံးလိုက်ပြီး သူ၏ ခါးတွင် ချိတ်ထားသော အိတ်တစ်အိတ်ကို ချွတ်၍ ချင်ယွမ်ဖုန်းထံ ကမ်းပေးလိုက်ကာ "ကျွန်တော် ဒီဝိညာဉ်ကျောက်တုံးလေးတွေကိုပဲ ယူလာခဲ့တာ။ စီနီယာအစ်ကို စိတ်ကြိုက်သာ သုံးပါ"
ချင်ယွမ်ဖုန်းသည် ထိုအိတ်ငယ်လေးကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းအိမ်တို့မှာ ရုတ်တရက် ကျဉ်းမြောင်းသွားရလေသည်။
"ဒါက ဝသိုလှောင်အိတ် မဟုတ်လား" ချင်ယွမ်ဖုန်းက မေးလိုက်၏။
"ဟုတ်ပါတယ်၊ အသေးအဖွဲ ပစ္စည်းလေးတစ်ခုပါပဲ။ ဒါကို စီနီယာအစ်ကို့ကို ပေးပါရစေ" အိုင်ဖေးက ပြုံး၍ ပြောသည်။
ဝိညာဉ်သိုလှောင်အိတ်ဆိုသည်မှာ ၎င်း၏ ကိုယ်ပိုင်အရွယ်အစားထက် အဆပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းမကသော ပစ္စည်းများကို သိုလှောင်နိုင်သည့် မှော်ပစ္စည်းတစ်ခု ဖြစ်သည်။
၎င်းကို ထူးခြားသော ကုန်ကြမ်းများဖြင့် ပြုလုပ်ထားပြီး အတွင်း၌ ပစ္စည်းအမြောက်အမြားကို ထည့်သွင်းနိုင်သော ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခု တည်ရှိနေသည်။
သို့သော်လည်း ဝိညာဉ်သိုလှောင်အိတ်အတွင်း၌ သက်မဲ့ပစ္စည်းများကိုသာ ထည့်သွင်းနိုင်ပြီး တောရိုင်းတိရစ္ဆာန်များနှင့် လူသားကဲ့သို့သော သက်ရှိများကိုမူ ထည့်သွင်း၍ မရနိုင်ချေ။
ကုဗမီတာ တစ်မီတာခန့်သာ ကျယ်ဝန်းသော ဝိညာဉ်သိုလှောင်အိတ် တစ်လုံးသည်ပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့် တန်ဖိုးရှိရာ အလွန်ပင် ဈေးကြီးလှပေသည်။
ချင်ယွမ်ဖုန်းသည် အိုင်ဖေးကို တစ်ဖန် ပြန်လည်အကဲခတ်လိုက်မိသည်။ ဤကဲ့သို့သော ပစ္စည်းမျိုးကို လွယ်လွယ်ကူကူ ပေးကမ်းနိုင်သူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။
အိုင်ဖေး၏ နောက်ခံမှာ မရိုးရှင်းလှသည်မှာ အမှန်ပင်။
"စိတ်မပူပါနဲ့ စီနီယာအစ်ကို၊ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အိတ်အစစ်ပါ။ ပြီးတော့ အမှန်အတိုင်း ပြောရရင် ကျွန်တော့်အိမ်မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒါတွေက ကျွန်တော့်အတွက် မလိုအပ်ပါဘူး။ ဒါက အစ်ကို့အတွက် အကူအညီ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် တကယ်ပဲ ဝမ်းသာမိမှာပါ" ဟု အိုင်ဖေးက ဆိုလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး "ဒီလိုလုပ်ရအောင်... ငါ ဝိညာဉ်သိုလှောင်အိတ်တော့ လိုတာ အမှန်ပဲ။ ဒီထဲက ဝိညာဉ်ကျောက်တုံးတွေကိုတော့ မင်းပဲ ပြန်ယူထားလိုက်ပါ။ နောင်တစ်ချိန်မှာ မင်းကို ဒီထက်ပိုကြီးတဲ့ သိုလှောင်အိတ်တစ်လုံး ငါ သေချာပေါက် ပြန်ပေးပါ့မယ်"
ချင်ယွမ်ဖုန်းက အတင်းအကျပ် ငြင်းဆန်နေသဖြင့် အိုင်ဖေးသည် အိတ်အတွင်းမှ ဝိညာဉ်ကျောက်တုံးအားလုံးကို ထုတ်ယူလိုက်ပြီးနောက် ဝိညာဉ်သိုလှောင်အိတ်ကို ချင်ယွမ်ဖုန်းထံ ပေးအပ်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ဝိညာဉ်သိုလှောင်အိတ်ကို လက်ခံယူလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်စဉ်ဖြင့် ဆက်နွှယ်လိုက်သည်။ ယဝိညာဉ်သိုလှောင်အိတ်၏ ကျယ်ဝန်းမှုမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်ကို သူ မထင်မှတ်ထားခဲ့ပေ။
အတွင်းခန်း၏ ကျယ်ဝန်းမှုမှာ ဘောလုံးကွင်းတစ်ခုထက်ပင် ပို၍ ကြီးမားနေချေသည်။
"ဒီသိုလှောင်အိတ် တစ်လုံးတည်းတင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရာချီ၊ ထောင်ချီ တန်ဖိုးရှိမှာပဲ..." ချင်ယွမ်ဖုန်းမှာ အံ့အားသင့်လျက် ရေရွတ်မိသည်။
"စီနီယာအစ်ကို... ပိုက်ဆံရှာချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမဲ့ အဲ့ဒါက အရမ်းအန္တရာယ်များတယ်" ဟု အိုင်ဖေးက ပြော၏။
"ဂျူနီယာညီလေး... မြန်မြန်ပြောစမ်းပါဦး။ ငါ အခု ဝိညာဉ်ကျောက်တုံးတွေ အတော်လေး လိုနေတာ။ ငါ ပိုက်ဆံရလာရင် မင်းကို သိုလှောင်အိတ်တစ်လုံး ပြန်ဝယ်ပေးမယ်"
ချင်ယွမ်ဖုန်းက အလောတကြီး မေးမြန်းလိုက်သည်။
အိုင်ဖေးက ခေါင်းညိတ်ပြကာ "အဆင့်မြင့် မှော်သားရဲတွေမှာ များသောအားဖြင့် မှော်အမြူတေရှိတတ်တယ်၊ အဲ့ဒါက သားရဲရဲ့ စွမ်းအင်အနှစ်သာရပဲ။ မှော်အမြူတေ တစ်ခုကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးနဲ့ လဲလှယ်နိုင်တယ်။ အဆင့် ပိုမြင့်မယ်ဆိုရင်တော့ ဝိညာဉ်ကျောက်တုံးတွေ ပိုပြီး ရနိုင်တာပေါ့"
ချင်ယွမ်ဖုန်း၏ မျက်ဝန်းတို့မှာ တောက်ပသွားပြီးမှ ချက်ချင်းပင် ပြန်လည်မှိန်ဖျော့သွားရသည်။ သူသည် မဟာဆရာ အဆင့်တစ်တွင်သာ ရှိသေးပြီး အဆင့်မြင့် မှော်သားရဲတစ်ကောင်မှာမူ လူသားကျင့်ကြံသူတို့၏ မဟာဆရာအဆင့်နှင့် ညီမျှနေသောကြောင့် ဖြစ်၏။
ဤသိုလှောင်အိတ်တစ်လုံး၏ တန်ဖိုးကို ပြန်ပေးနိုင်ရန်အတွက် ချင်ယွမ်ဖုန်းအနေဖြင့် အဆင့်မြင့် မှော်သားရဲ ရာပေါင်း၊ ထောင်ပေါင်းများစွာကို လိုက်လံသတ်ဖြတ်ရပေလိမ့်မည်။
သို့သော်ငြားလည်း ချင်ယွမ်ဖုန်းသည် အိုင်ဖေးအတွက် ပိုမိုကြီးမားသော ဝိညာဉ်သိုလှောင်အိတ်ကို ပြန်လည်ပေးအပ်နိုင်လိမ့်မည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေသည်။
"ကောင်းပြီ ဂျူနီယာညီလေး... ငါတို့ ဒီမှာပဲ ခွဲကြရအောင်" သူတို့နှစ်ဦးမှာ ဆေးနတ်ဘုရားဂိုဏ်း၏ တောင်ခြေသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။
"
ငါပြန်လာရင် မင်းကို သေရည်တစ်ခွက် တိုက်ပါ့မယ်"
"အဲ့ဒါ တကယ်ကောင်းတာပဲ။ စီနီယာအစ်ကို ဘေးကင်းကင်းနဲ့ ပြန်လာမှာကို ကျွန်တော် ဒီကနေ စောင့်နေပါ့မယ်"
သူတို့နှစ်ဦးမှာ စကားပြောရသည်မှာ အလွန်ပင် အဆင်ပြေလှသဖြင့် လူချင်းသိကျွမ်းသည်မှာ ကြာပြီဟုပင် ထင်မှတ်ရကာ မိတ်ဆွေကောင်းများ ဖြစ်သွားကြလေသည်။
ထိုစဉ်မှာပင် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ရပ်လိုက်စမ်း"
လူရိပ်တစ်ခုသည် ဆေးနတ်ဘုရားဂိုဏ်းအတွင်းမှ ပြေးထွက်လာပြီးနောက် ခုန်ပျံလိုက်ကာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ ထိုသူ၏ နောက်ကွယ်တွင်မူ အသက်ကို လုရှူနေရသော ဝတုတ်ကြီးတစ်ဦး ပါလာလေသည်။
"ဟဲချိုင်ကျွင်းလား" ချင်ယွမ်ဖုန်းမှာ မျက်မှောင်ကြုတ်သွားသည်။ ဟဲချိုင်ကျွင်းက ဤအချိန်တွင် ဘာလာလုပ်နေသနည်း။
"မင်းက ချင်ယွမ်ဖုန်း ဆိုတဲ့ အသုံးမကျတဲ့ကောင်လား"
ရောက်ရှိလာသူမှာ ဟဲချိုင်ကျွင်း ခေါ်ဆောင်လာသော အကူအညီဖြစ်သူ ချောင်ချန်းအန်း ပင် ဖြစ်၏။
သူသည် ချင်ယွမ်ဖုန်းကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် "မင်းက ဘယ်သူလဲ" ဟု မေးလိုက်သည်။
"ဟင်း... မင်းက ငါ့ကိုတောင် မသိဘူးလား၊ ဒါတောင်မှ ငါ့လူကို မင်းက အနိုင်ကျင့်ရဲသေးတယ်ပေါ့လေ" ချောင်ချန်းအန်းက ချင်ယွမ်ဖုန်းကို ကြည့်ကာ ယုတ်မာသော အပြုံးဖြင့် ဆို၏။
"မင်းရဲ့လူ ဟုတ်လား" ချင်ယွမ်ဖုန်းသည် ဟဲချိုင်ကျွင်းကို မြင်သောအခါ နှစ်ကြိမ်မျှ နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီး "အော်... ဒီဝက်တုတ်ကြီးက မင်းရဲ့လူ ဖြစ်နေတာကိုး"
"သေချင်နေတာပဲ"
ချင်ယွမ်ဖုန်းက သူ့ကို အရေးတယူ မရှိလှသဖြင့် ချောင်ချန်းအန်းသည် ဒေါသထွက်သွားကာ စတင် တိုက်ခိုက်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချောင်ချန်းအန်းသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာလေတော့သတည်း။
***