အပြင်စည်းတပည့်များအကြားတွင် အထူးချွန်ဆုံးသော ပညာရှင်တစ်ဦးအဖြစ် ကျော်ကြားသည့်အတိုင်း ချောင်ချန်းအန်း၏ လက်ချက်မှာ ပြင်းထန်လှပေသည်။
ယင်းက တစ်ချက်တည်းသော လှုပ်ရှားမှုဖြင့် လေပြင်းမုန်တိုင်းသဖွယ် အဟုန်ဖြင့် ချင်ယွမ်ဖုန်းအား တိုက်ခိုက်လေတော့၏။
"ကျောက်စာတိုင်ခြေမှုန်းလက်ဝါး..."
ချောင်ချန်းအန်း၏ လက်ဖဝါးထက်တွင် နက်မှောင်သော စွမ်းအင်တို့သည် အလင်းလုံးအသွင် ပြောင်းလဲသွားပြီးလျှင် ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ဦးတည်လာချေသည်။
ဤကျောက်စာတိုင်ခြေမှုန်းလက်ဝါးပညာရပ်မှာ ရှန်းဝူစကြဝဠာ တိုက်ကြီးပေါ်တွင် အတွေ့ရအများဆုံး တိုက်ခိုက်ရေးပညာဖြစ်သော်လည်း လူသားအဆင့် အလယ်အလတ်ရှိသောကြောင့် လက်ဗလာဖြင့် ကျောက်တုံးများကိုပင် အမှုန့်ခြေနိုင်သည့် အစွမ်းသတ္တိ ရှိပေသည်။
အခြေခံအားဖြင့် ကျင့်စဉ်နှင့် တိုက်ခိုက်ရေးပညာရပ်များကို နတ်ဘုရားအဆင့်၊ ကမ္ဘာမြေအဆင့်နှင့် လူသားအဆင့်ဟူ၍ သုံးမျိုးခွဲခြားထားရာ နတ်ဘုရားအဆင့်မှာ အမြင့်ဆုံးဖြစ်ပြီး လူသားအဆင့်မှာ အနိမ့်ဆုံးဖြစ်ချေသည်။
အဆင့်တစ်ခုနှင့်တစ်ခုအကြား စွမ်းအားကွာခြားချက်မှာလည်း အဆပေါင်းများစွာ ကြီးမားလှသည့်ပြင် အဆင့်တစ်ခုချင်းစီကိုလည်း အထက်၊ အလယ်၊ အောက် ဟူ၍ အတန်းအစား ထပ်မံခွဲခြားထားပြန်သည်။
ဆေးနတ်ဘုရားဂိုဏ်းတွင် အသုံးပြုနေသည့် "ဆေးဖော်စပ်ခြင်းပညာရပ်" မှာပင်လျှင် လူသားအဆင့် ကျင့်စဉ်မျှသာ ဖြစ်ပေရာ ရှန်းဝူစကြဝဠာ တစ်ခွင်တွင် အနှံ့အပြား တွေ့နိုင်ပေသည်။
သို့သော် ချင်ယွမ်ဖုန်း ပိုင်ဆိုင်ထားသော "စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်" မှာမူ အားနည်းလှသည့် ကျင့်စဉ်မျိုး မဟုတ်သည်မှာ ဧကန်မလွဲ ဖြစ်တန်ရာ၏။
ကမ္ဘာမြေအဆင့်ရှိ တိုက်ခိုက်ရေးပညာရပ်များမှာ အလွန်တရာ ရှားပါးလှပေရာ ဆေးနတ်ဘုရားဂိုဏ်း၌ ကျော်ကြားလှသော "ထောင်ချီထင်ယောင်ထင်မှား အဆိပ်လက်ဝါး" ပင်လျှင် ကမ္ဘာမြေအဆင့် အလယ်အလတ်အတန်းစားမျှသာ ရှိချေသည်။
နတ်ဘုရားအဆင့် ကျင့်စဉ်များမှာမူ ဒဏ္ဍာရီထဲတွင်သာ တည်ရှိသည်ဟု ဆိုရပေမည်။
ချင်ယွမ်ဖုန်းသည် ချောင်ချန်းအန်းအား အေးစက်စွာ စိုက်ကြည့်နေမိသည်။
"သူတော်ကောင်းကို ရှောင်ရန် လွယ်ကူသော်လည်း လူယုတ်မာကို ကာကွယ်ရန် ခက်ခဲသည်" ဟူသော ဆိုရိုးစကားမှာ အမှန်ပင် ဖြစ်ပေသည်။
ယခင်က ဟဲချိုင်ကျွင်းအား ဆုံးမခဲ့ခြင်းမှာ သင်ခန်းစာပေးလိုရုံမျှသာ ဖြစ်သော်လည်း ယင်းက မိမိထက် အစွမ်းထက်သူကို ခေါ်ဆောင်၍ ပြန်လည် လက်စားချေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ထိုခဏ၌ ချင်ယွမ်ဖုန်း၏ မျက်လုံးအစုံတွင် လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာတော့၏။
အဝေး၌ ရပ်နေသော ဟဲချိုင်ကျွင်းမှာ ချင်ယွမ်ဖုန်း၏ အကြည့်ကြောင့် ကျောရိုးထဲအထိ စိမ့်တက်သွားကာ ယခင်က အရိုက်ခံခဲ့ရသည့် အတိတ်ဆိုးများမှာလည်း ခေါင်းထဲသို့ ပြန်လည် ဝင်ရောက်လာချေသည်။
"ငါ့ရှေ့က ဖယ်စမ်း..."
ချင်ယွမ်ဖုန်းသည် လက်ကို မြှောက်လိုက်ရာ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ပေါ်ထွက်လာပြီး ချောင်ချန်းအန်းအား ၎င်းထံသို့ ဆွဲငင်လိုက်လေသည်။
ချောင်ချန်းအန်းမှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ပျံထွက်သွားရကာ လက်ဖဝါးထက်မှ နက်မှောင်သော စွမ်းအင်များလည်း လွင့်စင်ပျောက်ကွယ်သွားရ၏။
လူသားအဆင့် အလယ်အလတ်ရှိသော "ကျောက်စာတိုင်ခြေမှုန်းလက်ဝါး" ပညာရပ်မှာ ချင်ယွမ်ဖုန်း၏ လက်ထဲတွင် အလွယ်တကူပင် ပျက်ပြားသွားရချေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့ တစ်လှမ်းတိုး၍ လက်ဝါးကို လက်သီးအဖြစ် ပြောင်းလဲကာ ချောင်ချန်းအန်း၏ ရင်ဘတ်ကို အားကုန် လွှဲရိုက်လိုက်တော့သည်။
ဤအချိန်တွင် ချင်ယွမ်ဖုန်း၌ မည်သည့် တိုက်ခိုက်ရေးပညာမှ မရှိသေးသဖြင့် သဘာဝအင်အားကိုသာ အားကိုး၍ တိုက်ခိုက်ခြင်း ဖြစ်သော်လည်း ၎င်း၏ ကျင့်စဉ်အဆင့်မှာ ချောင်ချန်းအန်းထက် များစွာ သာလွန်နေပေရာ ချောင်ချန်းအန်းမှာ မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိတော့ပေ။
ချောင်ချန်းအန်းမှာ လွင့်ထွက်သွားပြီး ဟဲချိုင်ကျွင်း၏ ခြေရင်းသို့ ဒလိမ့်ခေါက်ကွေး လဲကျသွားလေသည်။ ဟဲချိုင်ကျွင်း၏ တစ်ကိုယ်လုံး တုန်ရီနေမိတော့၏။
ချင်ယွမ်ဖုန်းမှာ မိမိထက် အနည်းငယ်သာ အစွမ်းထက်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ များစွာ ကွာခြားနေသည်ကို သိမြင်သွားရချေပြီ။
ချင်ယွမ်ဖုန်းသည် ခက်ထန်သော အကြည့်များဖြင့် တစ်လှမ်းချင်း တိုးလာသည်။ ဟဲချိုင်ကျွင်းနှင့် ဖြစ်ပွားခဲ့သော ရန်ငြိုးမှာ နက်ရှိုင်းသွားပြီဖြစ်ရာ နောင်တစ်ချိန်တွင် မည်ကဲ့သို့ ဒုက္ခပေးဦးမည်ကို မသိနိုင်ပေ။
ထို့ကြောင့် ယခုအကြိမ်တွင် ချင်ယွမ်ဖုန်းသည် ယင်းကို အဆုံးစီရင်ရန် အမှန်ပင် ဆုံးဖြတ်လိုက်တော့၏။
"ကျွန်တော် မှားပါပြီ... အမှန်တကယ် မှားပါပြီ... ကျွန်တော့်ကို လွှတ်ပေးပါဦး..."
ဟဲချိုင်ကျွင်းသည် ချင်ယွမ်ဖုန်းထံမှ လူသတ်လိုသော အရှိန်အဝါကို ခံစားမိသည်နှင့် ဒူးထောက်တောင်းပန်လေတော့သည်။
ကြောက်ရွံ့လွန်းသဖြင့် ၎င်း၏ ဘောင်းဘီခွကြားတွင်ပင် ရွှဲစိုနေချေပြီ။
ထိုစဉ် အိုင်ဖေးသည်လည်း ချင်ယွမ်ဖုန်း၏ သတ်ဖြတ်လိုသော စိတ်ကို ရိပ်မိသဖြင့် မျက်နှာပျက်သွားကာ ရှေ့သို့ ပြေးထွက်လာ၏။
"စီနီယာအစ်ကို... စဉ်းစားပါဦး။ ဆေးနတ်ဘုရားဂိုဏ်းထဲမှာ တပည့်အချင်းချင်း သတ်ဖြတ်တာက ကြီးလေးတဲ့ ပြစ်မှုဖြစ်သလို ဂိုဏ်းအကြီးအကဲတွေရဲ့ လိုက်လံဖမ်းဆီးတာကိုလည်း ခံရနိုင်ပါတယ်" ဟု အိုင်ဖေးက အပြင်းအထန် တားမြစ်လေသည်။
ချင်ယွမ်ဖုန်းမှာ ထိုအခါမှ သတိပြန်ဝင်လာပြီး သတ်ဖြတ်လိုသော စိတ်ကို ထိန်းချုပ်လိုက်ရ၏။
"ဟက်... မင်းအသက်ကို ချမ်းသာပေးနိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ခါ ငါ့ကို လာမရှုပ်ပါနဲ့လို့ ကတိပေးရမယ်" ဟု ချင်ယွမ်ဖုန်းက ဟဲချိုင်ကျွင်းအား အေးစက်စွာ မေးလိုက်သည်။
ဟဲချိုင်ကျွင်းမှာလည်း "မရှုပ်ပါဘူး... အမှန်တကယ် မရှုပ်တော့ပါဘူး" ဟုသာ ခေါင်းကို တရစပ် ငြိမ့်ပြနေတော့၏။
ချောင်ချန်းအန်းသည်လည်း တစ်ချက်တည်းသော လက်သီးဒဏ်ကြောင့် ဒဏ်ရာရရှိသွားကာ နာကျင်စွာဖြင့် ထရပ်လိုက်ရသည်။
ယင်းက ချင်ယွမ်ဖုန်းအား ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေမိ၏။
ထိုအခိုက်၌ ချင်ယွမ်ဖုန်းသည် "စွမ်းအင်စုပ်ယူခြင်းပညာရပ်" ကို ပထမဆုံးအကြိမ် အသုံးပြုစဉ်က ဓားပြတစ်ဦးထံမှ စုပ်ယူရရှိခဲ့သည့်
"ဝိညာဉ်ရှာဖွေခြင်းပညာရပ်" ကို သတိရသွားသည်။ ဤပညာရပ်မှာ ယုတ်မာသော ပညာရပ်ဖြစ်သည့်ပြင် မပြည့်စုံသေးသောကြောင့် အသုံးခံရသူမှာ လူအဖြစ်သို့ ပြန်မရောက်နိုင်တော့ဘဲ လူအဖြစ်မှ လျော့ပါးကာ လူအအဖြစ်သို့ ပြောင်းလဲသွားစေတတ်သော ဘေးထွက်ဆိုးကျိုး ရှိပေသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင် ဟဲချိုင်ကျွင်းအပေါ် ဤအတတ်ကို အသုံးပြုရန် ချင်ယွမ်ဖုန်း ဝန်လေးမနေတော့ပေ။
ထို့ကြောင့် ၎င်းသည် ဝိညာဉ်ရှာဖွေခြင်းအတတ်ကို တိတ်တဆိတ် အသုံးပြု၍ ဟဲချိုင်ကျွင်း၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်လေသည်။
ဟဲချိုင်ကျွင်း၏ မျက်လုံးအစုံမှာ ချက်ချင်းပင် ဗလာဖြစ်သွားပြီးလျှင် ထူးဆန်းသော အပြုံးကြီးဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေတော့၏။ ချင်ယွမ်ဖုန်းမှာ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်မိသည်။
အနီးတွင်ရှိသော အိုင်ဖေးပင်လျှင် ဤလှည့်ကွက်ကို သတိမမူမိဘဲ ဟဲချိုင်ကျွင်းမှာ ချင်ယွမ်ဖုန်း၏ အရှိန်အဝါကြောင့် ကြောက်လန့်သွားသည်ဟုသာ ထင်မှတ်နေလေသည်။
ချောင်ချန်းအန်း၏ အဆိပ်အတောက်ကဲ့သို့သော အကြည့်များကို မြင်ရသောအခါ ချင်ယွမ်ဖုန်းသည် ယင်းအပေါ်တွင်လည်း ဝိညာဉ်ရှာဖွေခြင်းအတတ်ကို အသုံးပြုချင်လာမိသည်။
သို့သော် ယခုနေရာမှာ ဆေးနတ်ဘုရားဂိုဏ်း၏ တောင်ခြေဖြစ်နေသဖြင့် ချောင်ချန်းအန်းပါ လူအဖြစ်သွားပါက ၎င်းနှင့် ပတ်သက်မှုရှိသည်မှာ သိသာထင်ရှားသွားပေလိမ့်မည်။
အကယ်၍ ဤကဲ့သို့သော အမှောင်ပညာရပ်ကို အသုံးပြုသည်မှာ ပေါ်ပေါက်သွားပါက တစ်လောကလုံးရှိ သူတော်စင်များ၏ လိုက်လံနှိမ်နင်းခြင်းကို ခံရပေလိမ့်မည်။
ချင်ယွမ်ဖုန်း၏ အမြင်တွင်မူ တိုက်ခိုက်ရေးပညာ၌ အကောင်းအဆိုးမရှိဘဲ အသုံးပြုသူ၏ စိတ်ဓာတ်အပေါ်တွင်သာ မူတည်သည်ဟု ယူဆထားပေသည်။
"ငါက ပြဿနာမရှာချင်ဘူး။ ဒါပေမဲ့ ငါက ပြဿနာကို ကြောက်နေတယ်လို့တော့ မမှတ်နဲ့။ နောက်တစ်ခါ ငါ့ကို လာရှုပ်ရင်တော့ ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
ချင်ယွမ်ဖုန်းမှာ အေးစက်စွာ ပြောဆိုပြီးလျှင် ကျောခိုင်း၍ ထွက်ခွာသွားတော့သည်။ အိုင်ဖေးကလည်း "စီနီယာအစ်ကိုက စိတ်သဘောထား ကြီးမြတ်သူပဲ။ ဒီလိုလူစားမျိုးတွေနဲ့ ရင်ဆိုင်မနေပါနဲ့" ဟု ဆိုကာ နှုတ်ဆက်၍ ဂိုဏ်းအတွင်းသို့ ပြန်ဝင်သွားချေသည်။
ချင်ယွမ်ဖုန်းသည်လည်း ချောင်ချန်းအန်းအား တစ်ချက် စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားလေတော့၏။
ချောင်ချန်းအန်းမှာ ထိုအခါမှ သက်ပြင်းချနိုင်သော်လည်း ပါးစပ်မှ ထွက်လာသော သွေးများကိုမူ မထိန်းနိုင်တော့ပေ။
"တောက်... ဟဲချိုင်ကျွင်း... ထစမ်း။ မင်းက ဒူးထောက်ရတာ စွဲလမ်းနေတာလား" ဟု ယင်းက အော်ဟစ်လိုက်သော်လည်း ဟဲချိုင်ကျွင်းမှာ မသိနားမလည်သော အမူအရာဖြင့် တံတွေးများ သုတ်လျက်သာ စိုက်ကြည့်နေတော့သည်။
ချောင်ချန်းအန်းမှာ အံ့အားသင့်သွားပြီး "မင်း... ဘာဖြစ်သွားတာလဲ။ ကြောက်လွန်းလို့ ရူးသွားတာလား" ဟု ရေရွတ်မိတော့၏။
ချင်ယွမ်ဖုန်းမှာမူ ယခုအခါ မြောက်ဘက်တောင်တန်းများဆီသို့ အပြင်းအထန် ပြေးလွှားနေချေပြီ။
လမ်းခရီးတွင် လူသူကင်းမဲ့လှသဖြင့် ၎င်းအား မည်သူမျှ သတိမပြုမိသော်လည်း တောတွင်းရှိ သားရဲတိရစ္ဆာန်များမှာမူ လန့်ဖြန့်ကုန်ကြပေသည်။
လုယွဲ့အင်ပါယာနှင့် ယန်ရုအင်ပါယာတို့၏ အကြားတွင် "တောင်တန်းတစ်သောင်း" ဟု ခေါ်ဆိုသော တောင်စဉ်တောင်တန်းကြီးများ တည်ရှိလေသည်။
ချင်ယွမ်ဖုန်းသည် အဆင့်၅
အလယ်အလတ်ရှိသော "သွေးဆာနေသော ကင်းမြီးကောက်" အား အမဲလိုက်ရန်အတွက် ထိုတောင်တန်းများဆီသို့ ဦးတည်နေခြင်းပင် ဖြစ်တော့သတည်း။
***