“ဟူး...”
ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ကိုယ်တွင်းမှ လေဟောင်းများကို အပြင်သို့ မှုတ်ထုတ်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ဘေးဒုက္ခကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်ခဲ့ရုံသာမက ဒုတိယအဆင့် မဟာဆရာအဆင့်သို့ပါ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ရန်သူတို့ ခုခံနိုင်စွမ်းမရှိစေဘဲ အဆိပ်ဖြင့် တိုက်ခိုက်နိုင်သည့် 'အဆိပ်တစ်သောင်း ပညာရပ်' ကိုလည်း ရရှိခဲ့ပေသေးသည်။
ဘေးနားရှိ အမျိုးသမီးငယ်တို့သည် ချင်ယွမ်ဖုန်းအား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေကြကုန်၏။
“သခင်လေး... ရှင့်မှာ ဘာများဖြစ်သွားလို့လဲ...” အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်က ရှေ့သို့တစ်လှမ်း တိုးလာရင်း မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ကျွန်တော် အဆိပ်နဲ့ပတ်သက်တဲ့ ကျမ်းတစ်စောင်ကို မတော်တဆ ရရှိထားခဲ့ဖူးလို့ အဆိပ်အတောက်တွေအကြောင်း အတော်အသင့် နားလည်ပါတယ်၊ ဒါကြောင့်လည်း ကိုယ်တွင်းက သွေးဆာနေတဲ့ ကင်းမြီးကောက် အဆိပ်တွေကို ဖယ်ရှားနိုင်ခဲ့တာပါ” ဟု ဖြေကြားလိုက်၏။
“ဪ... ဒီလိုကိုး၊ သခင်လေးဟာ တကယ့်ကို ကံထူးသူတစ်ယောက်ပါပဲလား” ဟု အစိမ်းရောင်ဝတ်စုံမလေးက ပြုံး၍ ဆိုလေသည်။
ထိုအပြုံးသည် ချင်ယွမ်ဖုန်း၏ မျက်စိထဲတွင်မူ ငြင်းဆန်ရန်ခက်ခဲသော အဆိပ်တစ်မျိုးကဲ့သို့ပင် သူ့အား ချက်ချင်းဆိုသလို ဖမ်းစားသွားတော့၏။
“နတ်မိမယ်လေးက သိပ်လှတာပဲ...” ဟု ချင်ယွမ်ဖုန်းက မသိစိတ်ဖြင့် ရေရွတ်မိသွားသည်။
အမျိုးသမီးငယ်မှာ တစ်ဖန်ပြန်၍ ရှက်သွေးဖြာသွားရပြီး ချင်ယွမ်ဖုန်းအား ဂရုမစိုက်တော့ဟန်ဖြင့် မျက်နှာလွှဲသွားလေတော့သည်။
“ရှင်ကတော့ တကယ့်လူပဲ ငါတို့ စီနီယာအစ်မက စေတနာထားပြီး ရှင့်အလောင်းကို ကောက်ပေးဖို့ လုပ်တာကို ရှင်က သူ့ကို ခဏခဏ စော်ကားနေတယ်၊ အရိုက်ခံချင်နေတာလား”
အခြားအမျိုးသမီးတစ်ဦးက ရှေ့သို့ထွက်လာကာ အေးစက်စက် လေသံဖြင့် ဆို၏။
ချင်ယွမ်ဖုန်းလည်း မိမိ၏ ရိုင်းပျမှုကို သတိပြုမိသွားကာ ချက်ချင်းပင် ထရပ်လိုက်ပြီး လက်အုပ်ချီ၍ အရိုအသေပြုလိုက်သည်။
“နတ်မိမယ်လေး... ကျွန်တော်မျိုး တမင်ရည်ရွယ်တာ မဟုတ်ပါဘူး၊ မထိန်းနိုင်လို့ ပြောထွက်သွားမိတာပါ၊ ခွင့်လွှတ်ပေးပါ၊ ကျွန်တော်မျိုးက ဆေးနတ်ဘုရားဂိုဏ်းက ချင်ယွမ်ဖုန်း ဖြစ်ပါတယ်၊ နတ်မိမယ်လေးရဲ့ အမည်ကို သိခွင့်ရမလား”။
“ဟင်း... ရှက်တတ်လိုက်တာ၊ ငါတို့ စီနီယာအစ်မ နာမည်ကိုတောင် မေးချင်နေသေးတယ်...” အခြားတစ်ယောက်ကလည်း မာနတံခွန် ထူလျက် ဆိုပြန်သည်။
“ရှောင်ယွမ်...” အစိမ်းရောင်ဝတ်စုံမလေးက ထိုအမျိုးသမီး၏ လက်စကို ဆွဲလိုက်ပြီး “ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ပါနဲ့” ဟု တားမြစ်ရှာ၏။
“စီနီယာအစ်မရယ်... သူက အစ်မအပေါ် ဒီလိုလုပ်တာကို...”
“သခင်လေးချင်ဟာ တမင်ရည်ရွယ်တာ မဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်” ဟု ဆိုကာ အစိမ်းရောင်ဝတ်စုံမလေးက ခေါင်းလှည့်ကြည့်လိုက်ပြီး “ကျွန်မနာမည် မုန့်ချီလော့ ပါ” ဟု မိတ်ဆက်လိုက်လေသည်။
“နာမည်လေးက သိပ်လှတာပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။ “နတ်မိမယ်တို့ ဒီတောင်နက်တောထဲကို ဘာကိစ္စနဲ့ ကြွလာကြတာလဲ၊ ဒီနေရာက သားရဲတွေ ပေါများလှတော့ အပန်းဖြေဖို့ သိပ်မကောင်းလှဘူး”။
“ဒါကတော့ သခင်လေး စိတ်ပူစရာ မလိုပါဘူး၊ ကျွန်မတို့ ကိစ္စလေးတစ်ခုရှိလို့ လာခဲ့တာပါ” ဟု မုန့်ချီလော့က ဆိုသည်။
ချင်ယွမ်ဖုန်းလည်း ထပ်မံမမေးမြန်းတော့ဘဲ ခေါင်းငြိမ့်ပြလိုက်၏။
မုန့်ချီလော့၏ မျက်လုံးထဲတွင် မိမိ၏ ပုံရိပ် ပျက်စီးသွားမည်ကိုလည်း သူ စိုးရိမ်မိပေသည်။ ထို့အပြင် ဤမုန့်ချီလော့သည် အနည်းဆုံး မိမိထက် မနိမ့်သော စွမ်းအားရှိသူဖြစ်ကြောင်း သူ အာရုံခံမိနေလေသည်။
“သခင်လေး ဘာမှမဖြစ်တော့ဘူးဆိုရင်တော့ ကျွန်မတို့ သွားခွင့်ပြုပါဦး၊ နောက်တစ်ချိန် ကံဆုံရင် ပြန်တွေ့ကြတာပေါ့” ဟု မုန့်ချီလော့က လက်ဝှေ့ယမ်း နှုတ်ဆက်ကာ အမျိုးသမီးငယ်များ ခြံရံလျက် ထွက်ခွာသွားတော့သည်။
“ဒါနဲ့... နတ်မိမယ်လေးရဲ့ ဂိုဏ်းက ဘယ်မှာလဲဆိုတာ သိခွင့်မရှိတော့ဘူးလား” ဟု ချင်ယွမ်ဖုန်းက အလောတကြီး လှမ်းမေးလိုက်၏။
“ဒါကတော့ ပြောပြလို့ မဖြစ်ပါဘူး၊ ကျွန်မတို့ တောင်ပေါ်က မဆင်းခင်ကတည်းက ဆရာက ဘယ်သူ့ကိုမှ ဂိုဏ်းအကြောင်း မပြောပြဖို့ မှာထားလို့ပါ” ဟု မုန့်ချီလော့က တည်ငြိမ်စွာ ဆိုရင်း ထွက်ခွာသွားလေပြီ။
ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး မုန့်ချီလော့၏ အပြုံးနှင့် အသံတို့က မျက်စိထဲတွင် ဝဲလည်နေတော့သည်။
“ငါ ဘာဖြစ်နေတာလဲ” ဟု ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး “အရင်ဆုံး အလုပ်ကို အာရုံစိုက်ရမယ်၊ ကံပါရင် ပြန်တွေ့ကြမှာပါ” ဟု မိမိကိုယ်ကိုယ် အားပေးလိုက်၏။ မုန့်ချီလော့၏ နောက်ခံမှာ မရိုးရှင်းနိုင်ကြောင်း သူ ခံစားမိနေသည်။
“ဒုတိယအဆင့် မဟာဆရာအဆင့်ကို ရောက်သွားတော့ ငါ့ရဲ့ ခွန်အားတွေက သိသိသာသာ တိုးတက်လာပြီပဲ” ဟု သူက ကျေနပ်စွာ ပြုံးလျက် သေဆုံးနေသော သွေးဆာနေသော ကင်းမြီးကောက်များဆီသို့ လျှောက်သွားလိုက်သည်။
ဤကင်းမြီးကောက်များ၏ အဆိပ်ဆူးများသည် လက်နက်ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့်အတွက် ဈေးကောင်းရနိုင်ပေသည်။ သူ၏ တာဝန်ကို ပြီးမြောက်စေရန်အတွက်မူ တစ်ခုတည်းကိုသာ ယူသွားရန် လိုအပ်၏။
အိုင်ဖေး ပြောသည့်အရဆိုလျှင် ထို ပထမအဆင့် မြင့်မားသော သားရဲ၌ မှော်အမြူတေတစ်ခု ရှိနေရပေမည်။
ပထမအဆင့် မြင့်မားသော သားရဲ၏ မှော်အမြူတေကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် လဲလှယ်နိုင်ရာ ယင်းက ချင်ယွမ်ဖုန်းအတွက် မသေးလှသော ငွေပမာဏပင် ဖြစ်သည်။
သူသည် ရှေ့သို့တိုးကာ အဆိပ်ချိတ်များကို သိမ်းဆည်း၍ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။
“ဒီသိုလှောင်အိတ် ရှိနေတော့ အရာရာက ပိုလွယ်သွားတာပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။
သူသည် ခဲရာခဲဆစ်ဖြင့် သွေးဆာနေသော ကင်းမြီးကောက်ဘုရင်၏ အလောင်းကို ခွဲကာ မှော်အမြူတေကို ရှာဖွေတော့သည်။
နောက်ဆုံးတွင်မူ ကင်းမြီးကောက်ဘုရင်၏ ဦးခေါင်းထဲ၌ လက်မခန့်ရှိသော ခရမ်းရောင် ကျောက်ဆောင်ပွင့်ကဲ့သို့ အရာဝတ္ထုတစ်ခုကို တွေ့ရှိလိုက်ရလေသည်။
“ဒါ မှော်အမြူတေပဲ ဖြစ်ရမယ်၊ တကယ့်ကို ကြီးမားတဲ့ စွမ်းအင်တွေ ကိန်းအောင်းနေတာပဲ” ဟု သူက တည်ငြိမ်စွာ ဆိုရင်း မှော်အမြူတေကို သန့်ရှင်းအောင် သုတ်ကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
မှောင်စပြုလာပြီဖြစ်သဖြင့် သူသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့အတွက် စိုးရိမ်မိသွားသော်လည်း သူစီစဉ်ထားသော အစီအရင် ရှိနေသရွေ့ သူတို့ကို မည်သူမျှ ရန်မပြုနိုင်ကြောင်း တွေးမိကာ စိတ်သက်သာရာ ရသွားသည်။
“နန်ဝူးမြို့ကို မြန်မြန်သွားရမယ်၊ လိုအပ်တာတွေ အားလုံးဝယ်ပြီးရင် ဆေးနတ်ဘုရားဂိုဏ်းကို ပြန်ရမှာပဲ” ဟု သူက ဆိုကာ အနားတောင် မယူနိုင်ဘဲ ညမှောင်မှောင်အောက်၌ နန်ဝူးမြို့ဆီသို့ ခရီးနှင်တော့သည်။
ယခုမှစ၍ သုံးရက်သာ အချိန်ကျန်တော့၏။ သုံးရက်ကျော်လွန်သွားပါက စွမ်းအင်မရှိတော့သဖြင့် အစီအရင်သည် ရပ်တန့်သွားမည်ဖြစ်ရာ နုနယ်လှသော ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့မှာ အန္တရာယ်ရှိနိုင်ပေသည်။
ဤနေရာမှ နန်ဝူးမြို့သို့ ကီလိုမီတာ ၃၀၀ ကျော် ဝေးကွာသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် အမြန်ဆုံး သွားရန် လိုအပ်လှသည်။
အရုဏ်တက်ချိန်တွင်မူ ချင်ယွမ်ဖုန်းသည် နန်ဝူးမြို့၏ မြို့တံခါးဝသို့ ရောက်ရှိလာပြီ ဖြစ်သည်။
မြင့်မားလှသော မြို့ရိုးကြီးများသည် ချင်ယွမ်ဖုန်း၏ စိတ်ကို ခန့်ညားထည်ဝါမှုဖြင့် လွှမ်းမိုးသွားစေ၏။
နန်ဝူးမြို့သည် လျူရှာမြစ်အနီးတွင် တည်ရှိသော အလတ်စား မြို့တစ်မြို့ ဖြစ်သည်။
လျူရှာမြစ်သည် အလွန်ပင် ကျယ်ဝန်းလှရာ ရှီးရန်အင်ပါယာ ကမ်းခြေမှ စီးဆင်းလာပြီး လုယွဲ့အင်ပါယာသို့ အရောက်တွင် ကွေ့ဝိုက်ကာ တောင်ဘက်မှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သွားခြင်း ဖြစ်ပေသည်။
မိုးသောက်ချိန် ရောက်ပြီဖြစ်၍ နန်ဝူးမြို့၏ တံခါးများကို ယခုပင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် နန်ဝူးမြို့အတွင်းသို့ ဝင်ရောက်လိုက်၏။
မိုးလုံးဝမလင်းသေးသော်လည်း လူအများအပြားမှာ မြို့ထဲသို့ ဝင်ရန် တန်းစီနေကြပြီ ဖြစ်သည်။
ရှီးရန်အင်ပါယာနှင့် တိုက်ပွဲဖြစ်ပွားထားသည်မှာ မကြာသေးသဖြင့် ဤနယ်စပ်မြို့တော်သည် လုံခြုံရေး အထူးတင်းကျပ်လှ၏။
ထို့ကြောင့် နန်ဝူးမြို့သည် ညဘက်တွင် မြို့တံခါးပိတ်ထားပြီး အရုဏ်တက်မှသာ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
သူလျှိုများ ခိုးဝင်လာမည်ကို စိုးရိမ်သဖြင့် မြို့ထဲသို့ ဝင်လာသူတိုင်းကိုလည်း အသေအချာ စစ်ဆေးလေသည်။
ချင်ယွမ်ဖုန်းသည် လူအုပ်နောက်မှ ဖြည်းဖြည်းချင်း လိုက်ပါလာပြီး စစ်ဆေးမှုများ ပြီးဆုံးပြီးနောက်တွင်မူ နန်ဝူးမြို့အတွင်းသို့ ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။
မြို့အတွင်းရှိ အဆောက်အအုံများသည် စနစ်တကျ စီတန်းတည်ရှိနေပြီး လမ်းမကြီးများသည် တစ်မြို့လုံးကို ဖြတ်သန်းသွားလာနိုင်ရန် ခင်းကျင်းထားပေရာ ဤအလတ်စား မြို့တော်သည် လူသန်းပေါင်းများစွာကို လက်ခံထားနိုင်ပေသည်။
မြို့တွင်းရှိ ဈေးသည်များမှာလည်း မိုးမလင်းမီကပင် ထ၍ အလုပ်ရှုပ်နေကြပြီ ဖြစ်၏။
မြို့တော်ကြီး အသက်ဝင်လှုပ်ရှားလာသည်ကို မြင်ရသောအခါ ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာတော့သည်။
သို့သော်လည်း သူသည် ဤမြို့သို့ လာခဲ့ရသည့် အဓိကရည်ရွယ်ချက်ကို မမေ့လျော့သေးပေ။
နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူရန်အပြင်၊ စနစ် မှ ပေးထားသော တာဝန်ကို ပြီးဆုံးစေရန် 'မီးလျှံဆေးရွက်ကြီး' မျိုးစေ့ ခုနစ်စေ့ကိုလည်း ဝယ်ယူရန် လိုအပ်သေးသည်။
တစ်ချိန်တည်းမှာပင် သူရရှိထားသော အဆိပ်ဆူးများနှင့် မှော်အမြူတေကို ရောင်းချကာ ဝိညာဉ်ကျောက်တုံးများ ရှာဖွေရဦးမည် မဟုတ်လော
။
“မိတ်ဆွေ... သားရဲတွေဆီက ရတဲ့ ပစ္စည်းတွေကို ဘယ်မှာ ရောင်းလို့ရမလဲ” ဟု ချင်ယွမ်ဖုန်းက လမ်းသွားလမ်းလာတစ်ဦးကို ဆွဲမေးလိုက်သည်။
“ဪ... ဒါလား၊ ချန်ဟုန်း ကုန်သည်ကြီးများအသင်းကို သွားပါ၊ သူတို့က ဈေးမှန်ပေးပါတယ်” ဟု ထိုလူက ပြုံးလျက် ဖြေကြားရှာ၏။
ချင်ယွမ်ဖုန်းလည်း ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည်လည်း ချန်ဟုန်း ကုန်သည်ကြီးများအသင်းအကြောင်းကို အနည်းငယ် ကြားဖူးနားဝ ရှိလေသည်။
ချန်ဟုန်း ကုန်သည်ကြီးများအသင်းသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး တစ်ခုလုံးတွင် အကြီးဆုံးသော ကုန်သည်အသင်းကြီး ဖြစ်သည်။
၎င်းတို့သည် လုပ်ငန်းပေါင်းစုံကို လုပ်ကိုင်ကြပြီး အင်ပါယာများနှင့် ဒေသအသီးသီးတွင် အခွဲပေါင်းများစွာ ရှိရာ အလွန်ပင် ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာ ကြီးမားလှပေတော့သည်။
***