"သ... သခင်လေးစူးက ရှီပုဖော်ကို ဒဏ်ရာရအောင် လုပ်လိုက်တာလား"
လီစုန့်နှင့် လီမိသားစုဝင်များမှာ မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့ဩမှင်သက်သွားကြသည်။
သူတို့မျက်လုံးထဲတွင် အနိုင်မရနိုင်ဟု ထင်ရသော ရှီပုဖော်သည် စူးချန်ခုန်း၏ တိုက်ခိုက်မှုများကို မည်သို့မျှ မခုခံနိုင်ဘဲ ရှိနေသည်။ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အတွင်းမှာပင် စူးချန်ခုန်းသည် ရှီပုဖော်၏ နဖူးပေါ်ရှိ မျက်လုံးကို အတင်းအဓမ္မ ဆွဲထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
"သခင်လေးစူးက တကယ်ပဲ ဒီလောက်တောင် အားကြီးတာလား" လီစုန့် အလွန်တရာ တုန်လှုပ်သွားမိသည်။ စူးချန်ခုန်းမှာ ထူးခြားသူဖြစ်ကြောင်း၊ သန်မာကြောင်း သူသိသော်လည်း ကျော်ကြားသော မိသားစုကြီးတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ရှီပုဖော်နှင့် ရင်ပေါင်တန်းနိုင်ရုံသာမက အသာစီးရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သာမန်ကျောက်ခဲအဖြစ် ပြောင်းလဲသွားသော "ကျောက်တုံးဘုရင်မျက်လုံး" ကို လွှင့်ပစ်လိုက်ပြီးနောက် စူးချန်ခုန်း၏ မျက်လုံးများထဲတွင် အေးစက်မှုများ အပြည့်။ သူသည် ရှီပုဖော်ကို အပြတ်ရှင်းရန် ဆုံးဖြတ်ထားသော်လည်း သူ၏ အဓိက ပစ်မှတ်မှာ ထန်ယို့ပင် ဖြစ်သည်။
ယခင်က ထန်ယို့၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးခဲ့ရသည်ကို စူးချန်ခုန်း တစ်ခါမျှ မမေ့ခဲ့ပေ။
ရှီပုဖော်၏ နဖူးမှ သွေးများမှာ မျက်လုံးထဲအထိ စီးကျနေ၏။ ၎င်းမှာ ရှီကျန့်ထျန်း ပေးအပ်ထားသော ကျောက်တုံးဘုရင်မျက်လုံး ဖြစ်ပြီး သူ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ရသော်လည်း စူးချန်ခုန်းက ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ထိတ်လန့်မှုနှင့်အတူ ဒေါသအမျက်ချောင်းချောင်း ထွက်ခြင်းမှာ သူ့ကို ရူးသွပ်လုနီးပါး ဖြစ်စေသည်။
ရှီပုဖော်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဟိန်းဟောက် စီးဆင်းနေပြီး သူ၏ အသားစိုင်များမှာ ပေါက်ကွဲထွက်တော့မည့်အလား ပိုမိုဖောင်းကြွလာကာ သူ၏ အရှိန်အဝါမှာလည်း ပိုမိုနက်ရှိုင်းပြီး သန်မာလာသည်။ သူသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည် "အမြဲတမ်းပဲ ဘာလို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတာလဲ။ သတ္တိရှိရင် ငါ့ကို ထိပ်တိုက်လာတိုက်လေ"
စူးချန်ခုန်း၏ လှုပ်ရှားမှုများမှာ ခန့်မှန်းရခက်လွန်းသဖြင့် ရှီပုဖော်က အရင် စပြီး မတိုက်တော့ပေ။ သူသည် ငြိမ်သက်ခြင်းဖြင့် လှုပ်ရှားမှုကို တုံ့ပြန်ရန် ပြင်ဆင်လိုက်ပြီး စူးချန်ခုန်း တိုက်ခိုက်လာမည့် အချိန်ကို စောင့်ကာ တန်ပြန်တိုက်စစ် ဆင်နွှဲရန် အသင့်ပြင်ထားသည်။
ရှီပုဖော်၏ ဒေါသတကြီး အော်ဟစ်သံကို ရင်ဆိုင်ရင်း စူးချန်ခုန်းမှာ တည်ငြိမ်နေဆဲပင် "ဒါဆိုလည်း... မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်"
စူးချန်ခုန်းသည် ကောင်းကင်ဖြတ်နင်း နတ်သမင်ခြေလှမ်းကို အသုံးပြုကာ တစ်လှမ်းလှမ်းလိုက်သည်နှင့် ကိုက်ပေါင်းများစွာကို ခဏချင်း ဖြတ်ကျော်သွားပြီး ရှီပုဖော်၏ ရှေ့တည့်တည့်သို့ ရောက်သွားသည်။
စူးချန်ခုန်း၏ ညာလက်သီးမှာ သာမန်လက်သီးတစ်ချက်ကဲ့သို့ပင် ရှီပုဖော်၏ သံမဏိကျောက်တုံးကဲ့သို့ မာကျောသော ဝမ်းဗိုက်ဆီသို့ ဦးတည်ကာ ထိုးချလိုက်လေ၏။
"ကမ္ဘာတုန်ဟိန်း ကျောက်တုံးခွဲချက်"
ရှီပုဖော်သည် သူ၏ အရှိန်အဝါနှင့် ခွန်အားများကို အထွတ်အထိပ်သို့ စုစည်းထားပြီး သတိကိုလည်း အစွမ်းကုန် မြှင့်ထားသည်။ စူးချန်ခုန်း သူ၏ရှေ့သို့ ပေါ်လာသည်နှင့် သူ၏ အသေတိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
သူ၏ လက်သီးများကို အမြင့်သို့ မြှောက်ကာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြီးမားသော ဥက္ကာခဲကြီး တစ်လုံးကဲ့သို့ စူးချန်ခုန်း၏ ဦးခေါင်းတည့်တည့်သို့ ထိုးချလိုက်သည်။ သူသည် သူ၏ ဝမ်းဗိုက်ဆီသို့ လာနေသော လက်သီးကို လျစ်လျူရှုကာ အလဲအထပ် လုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
စူးချန်ခုန်း၏ လက်သီးမှာ ထင်သလောက် မရိုးရှင်းကြောင်း သူသိသော်လည်း သူ၏ နတ်ဘုရားအတတ်ပညာဖြစ်သော "တောင်ကြီးဖိအား" အပေါ် သူ ယုံကြည်ချက် အပြည့်ရှိသည်။
စူးချန်ခုန်းက သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်းနှင့် ကျောက်တုံးဘုရင်မျက်လုံးကို ဆွဲထုတ်နိုင်ခဲ့ခြင်းမှာ ထိုမျက်လုံးသည် ပြင်ပမှ အင်အားတစ်ခုဖြစ်ပြီး သူ၏ နတ်ဘုရားစွမ်းရည်၏ ကာကွယ်မှုအောက်တွင် မရှိသောကြောင့် ဖြစ်သည်။ "တောင်ကြီးဖိအား" နတ်ဘုရားအစွမ်းရည်၏ အဓိက စွမ်းအားမှာ ကြီးမားသော ခွန်အားနှင့် မဖျက်ဆီးနိုင်သော ကာကွယ်ရေးစွမ်းရည်တို့ပင် ဖြစ်သည်။
စူးချန်ခုန်း၏ လက်သီးက သူ့ကို မထိခိုက်စေနိုင်ဘဲ သူ၏ လက်သီးချက်ကသာ စူးချန်ခုန်း၏ အရိုးများကို အပိုင်းပိုင်းခြေမွပစ်နိုင်လိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
စူးချန်ခုန်းက အရင်ဆုံး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ သူ၏ လက်သီးမှာ ရှီပုဖော်၏ ဝမ်းဗိုက်ပေါ်သို့ အရင်ဆုံး ရောက်သွားသည်။
"အိုး..."
လက်သီးက ခန္ဓာကိုယ်သို့ ထိမှန်သွားသည့် ခဏမှာပင် ရှီပုဖော်မှာ တောင့်တင်းသွားသည်။ သူ၏ သိစိတ်ပင်လယ်အတွင်း ဟိန်းဟောက်သံကြီးတစ်ခု မြည်ဟည်းသွားရာ သူ၏ ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရသည်။
"ဂျွတ်... ဂျွတ်... ဂျွတ်"
ရှီပုဖော်၏ ကျဆင်းလာသော လက်သီးချက်များမှာ ရုတ်တရက် ရပ်တန့်သွားသည်။ စူးချန်ခုန်း၏ လက်သီးဖိအားအောက်တွင် သူ၏ မာကျောလှသော ကျောက်တုံးခန္ဓာကိုယ်ကြီးမှာ အက်ကွဲသံများ မြည်လာသည်။ သူ၏ ဝမ်းဗိုက်မှာ ကြွေပန်းကန်တစ်ခုကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ပန်းကန်လုံးအရွယ်အစားရှိသော သွေးပေါက်ကြီးတစ်ခု ပေါ်ထွက်လာကာ အတွင်းအင်္ဂါများမှာလည်း ဖုန်မှုန့်အဖြစ် ကြေမွသွားလေတော့သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ရှီပုဖော်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။ သူ အလွန် ဂုဏ်ယူရသော ခန္ဓာကိုယ်မှာ လူငယ်တစ်ဦး၏ သာမန်လက်သီးချက် တစ်ချက်တည်းဖြင့် အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်ကို သူ လက်မခံနိုင်ဖြစ်နေသည်။ သူနှင့် အဆင့်တူ မူလဓာတ်ငါးပါး သိုင်းပညာရှင်တစ်ဦး၏ ဓားဝိညာဉ်ပင်လျှင် သူ၏ ကျောက်တုံးခန္ဓာကိုယ်ပေါ်တွင် အစင်းကြောင်းတစ်ခုမျှ ထင်ကျန်အောင် လုပ်ရန် ခဲယဉ်းလှသည်။
သို့သော် စူးချန်ခုန်း၏ သာမန်လက်သီးချက်မှာ သူ၏ "တောင်ကြီးဖိအား" ကို အလွယ်တကူ ဖောက်ထွက်သွားပြီး သူ၏ သန်မာလှသော ခန္ဓာကိုယ်ကို ဆွေးမြေ့နေသော သစ်သားကဲ့သို့ အလွယ်တကူ ပေါက်ထွက်သွားစေခဲ့သည်။
ဝူချင်းရှီ၊ ကျားဖြူဟိန်းသတ်ချက်။
ဤရိုးရှင်းပုံရသော လက်သီးချက်တွင် "တောင်ကြားဟိန်း ကျားဖြူပန်းချီ" မှ စူးချန်ခုန်း ဖော်ထုတ်ထားသော "ကျားဖြူဟိန်းသတ်ချက်" အသေသိုက်ကွက် ပါဝင်နေသည်။
ဤအတတ်ပညာသည် အသံလှိုင်းများကို သိုင်းပညာနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အပြင်ပန်းတွင် ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် အလွန်နက်ရှိုင်းသော ပြောင်းလဲမှုများ ပါဝင်နေသည်။ ၎င်းသည် အသံလှိုင်းများဖြင့် တုန်ခါမှုကို ဖြစ်စေပြီး ရန်သူကို အနုမြူအဆင့်အထိ ပြိုကွဲပျက်စီးသွားစေခြင်း ဖြစ်သည်။
ရှီပုဖော်၏ တောင်ကြီးဖိအား နတ်ဘုရားအတတ်ပညာမှာ မည်မျှပင် သန်မာစေကာမူ၊ နတ်ဘုရားလက်နက်များပင် အစင်းကြောင်း မထင်စေကာမူ စူးချန်ခုန်း၏ လက်သီးမှ ထွက်ပေါ်လာသော အသံလှိုင်းများမှာ ခန္ဓာကိုယ်အတွင်းပိုင်းအထိ စီးဝင်သွားကာ တုန်ခါမှုများ ဖြစ်ပေါ်စေပြီး အရာအားလုံးကို ပြိုကွဲစေကာ လက်သီး၏ စွမ်းအင်ဖြင့် အလွယ်တကူ ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။
ဝူချင်းရှီမှာ အဆင့် ၁၁ သို့ ရောက်ရှိသွားသောအခါ စူးချန်ခုန်း ဖော်ထုတ်ထားသော အသေတိုက်ကွက်များမှာလည်း အရည်အသွေးပိုင်းအရ လုံးဝ ပြောင်းလဲသွားခဲ့ပြီး စွမ်းအားမှာလည်း အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ကိုးပေကျော် မြင့်မားသော ရှီပုဖော်၏ ခန္ဓာကိုယ်မှာ စူးချန်ခုန်း၏ လက်သီးဖြင့် ဝမ်းဗိုက်တွင် အပေါက်ကြီး ဖြစ်သွားပြီးနောက် သွေးများစွာ ထွက်လာကာ လေလျှော့လိုက်သော ပူဖောင်းတစ်ခုကဲ့သို့ မူလပုံစံသို့ လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်သွားသည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး"
ရှီပုဖော်သည် သူ၏ ဝမ်းဗိုက်ကို ဖိထားရင်း မြေပြင်ပေါ်သို့ နာကျင်စွာ ဒူးထောက်ကျသွားသည်။ သို့သော် သွေးများကိုမူ တားဆီး၍ မရတော့ပေ။ သူသည် လူငယ်တစ်ဦးကို ရှုံးနိမ့်သွားသည်ကိုလည်းကောင်း၊ သူ၏ နတ်ဘုရားစွမ်းရည်မှာ အလွယ်တကူ အဖောက်ခံလိုက်ရသည်ကိုလည်းကောင်း လက်မခံနိုင်ဘဲ တစ်ကိုယ်လုံး တုန်ရီနေလေတော့သည်။
"ခေါင်းဆောင်"
ရှီမိသားစုမှ လက်ရွေးစင်သိုင်းပညာရှင် အယောက်ငါးဆယ်မှာ ဤမြင်ကွင်းကို ကြည့်ကာ မယုံနိုင်အောင် ဖြစ်နေကြသည်။ တိုက်ပွဲမှာ အလွန်လျင်မြန်စွာပင် ဆုံးဖြတ်ချက် ထွက်ပေါ်သွားခဲ့သည်။ စူးချန်ခုန်း၏ တိုက်ရိုက်လက်သီးချက်မှာ ရှီပုဖော်၏ ခန္ဓာကိုယ်ကို အပေါက်ကြီးဖြစ်အောင် ထိုးဖောက်လိုက်ပြီး သွေးများမှာလည်း ရူးသွပ်စွာ ပန်းထွက်နေလေပြီ။
***