“အတူတူ စားကြတာပေါ့”
တစ်နေ့တာ အရောင်းအဝယ် ကိစ္စများ ပြီးဆုံးသွားချိန်တွင် ရှောင်ရွှီက ဖိတ်ခေါ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်မလေး”
ဝေ့ယီချီ ခေါင်းညိတ်လိုက်သည်။ သူမ အနည်းငယ်တော့ နေရခက်နေမိသည်။
လုချန်ကလည်း ဝေ့ယီချီကို မြင်သောအခါ ထိုနေ့က သူ၏လုပ်ရပ်အတွက် အရင်ဆုံး တောင်းပန်လိုက်ရာ ဝေ့ယီချီမှာ ထပ်မံ၍ အံ့ဩမှင်တက်သွားရပြန်သည်။ လုချန်လို အဆင့်အတန်းမျိုးရှိတဲ့လူက သူမလိုလူမျိုးကို တောင်းပန်လိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူမ၏ အမြင်အရ ထိုမျှမြင့်မားသော အဆင့်အတန်းရှိသူများသည် အမြဲတမ်း ကိုယ့်ဂုဏ်မာနနှင့်ကိုယ် နေတတ်ကြသည်။ မဟာရှအင်ပါယာ တစ်ခုလုံးကိုတောင် လွယ်လွယ်ကူကူ မှောက်လှန်ပစ်နိုင်စွမ်းရှိသည့် သူဌေးလုကို မဆိုထားနှင့်၊ ဝေ့မိသားစု၏ ယခင်ခေါင်းဆောင်ပင်လျှင် လက်အောက်ငယ်သားတစ်ယောက်ကို ဘယ်တော့မှ တောင်းပန်မည် မဟုတ်ပေ။
ယခုအချိန်တွင် သူမသည် လက်အောက်ငယ်သား တစ်ယောက်သာ ဖြစ်ကြောင်း သူမကိုယ်သူမ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားသည်။
သူမ ဒီလိုတွေးမိရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ လုချန်၏ စရိုက်လက္ခဏာကို သူမ နားမလည်သေး၍သာ ဖြစ်သည်။
“တစ်နေ့လုံး အလုပ်လုပ်ထားရတာ။ မြန်မြန်စားလိုက်”
လုချန်က မီးဖိုချောင်ထဲမှ ကြည်လင်သော ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ယူလာပေးသည်။ အထဲတွင် ဟင်းသီးဟင်းရွက် တစ်ဖတ်မှ မပါသလို၊ ဟင်းရည်ကလည်း ဆီတစ်စက်မှ မရှိပုံပေါ်သည်။ သို့သော် တစ်နေ့လုံး ဆာလောင်နေခဲ့ပြီး ယခုအချိန်တွင် သူမ၏ စားစရိတ်ကို အတိအကျ တွက်ချက်ချွေတာနေရသော ဝေ့ယီချီအတွက်တော့ ဤသည်က ပွဲတော်ကြီးတစ်ခုပင် ဖြစ်နေပြီ။
သူမက မျက်နှာဖုံးစွပ်ထားသည့်အထဲမှ ပါးစပ်နေရာကိုသာ လှန်တင်လိုက်ပြီး ခေါက်ဆွဲဖတ်များကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် စေးပိုင်သော အထိအတွေ့ကြောင့် သူမ၏ မျက်လုံးများက အံ့ဩဝမ်းသာမှုဖြင့် တောက်ပသွားသည်။ ရိုးရိုးရေကျဲကျဲလို ထင်ရသော ဟင်းရည်က ကြွယ်ဝသော ရနံ့များဖြင့် ပြည့်နှက်နေပြီး စပ်ဖျဉ်းဖျဉ်း အရသာလေးက သူမ၏ အရသာခံဖုများကို ဆက်တိုက် နှိုးဆွပေးနေသည်။
“အရသာရှိလိုက်တာ။ ဒီလောက် အရသာရှိတဲ့ ခေါက်ဆွဲမျိုး ရှိနေသေးတာပဲ”
ဝေ့ယီချီ မျက်လုံးပြူးသွားသည်။
ဒီ ကြည်လင်သော ခေါက်ဆွဲပြုတ် တစ်ပန်းကန်က စားသုံးသူကို ပျော်ရွှင်စေပြီး ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေသည့် အာနိသင် ရှိလေသည်။
တစ်နေ့လုံး ပင်ပန်းနေခဲ့သော ဝေ့ယီချီသည် ဒီခေါက်ဆွဲတစ်ပန်းကန်ကို စားပြီးနောက် လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ခေါက်ဆွဲများ ကုန်သွားပြီးနောက် ဟင်းရည်ကိုပါ တစ်စက်မှမချန်ဘဲ အကုန်မော့သောက်လိုက်သည်။ ဖြစ်စဉ်တစ်ခုလုံး သုံးမိနစ်ထက်ပင် မပိုခဲ့ပေ။
တကယ်လို့သာ သူမ တင်းကျပ်စွာ ပတ်စည်းထားသော အဝတ်အစားများအောက်က အသားအရေကို မြင်နိုင်မည်ဆိုပါက ဝေ့ယီချီ မျက်နှာလေး အနည်းငယ် နီမြန်းနေသည်ကို သေချာပေါက် မြင်တွေ့ရမည် ဖြစ်သည်။ ဒါက သူမဘဝမှာ ပထမဆုံးအကြိမ် ဒီလောက် အငမ်းမရ စားသောက်ဖူးခြင်းပင်။
ဆာလောင်နေတာက တစ်ကြောင်းဖြစ်ပြီး၊ ပိုအရေးကြီးတာက ခေါက်ဆွဲက အရမ်းကို မွှေးပျံ့နေလို့ ဖြစ်သည်။
အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်တော့ သူမ ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။
“သူဌေးလု... ကျေးဇူးတင်ပါတယ်။ ဒီခေါက်ဆွဲက အရမ်း အရသာရှိတယ်။ အလကားတော့ မစားရက်ပါဘူး။ ကျွန်မ ပိုက်ဆံပေးပါ့မယ်”
ဝေ့ယီချီက မတ်တတ်ရပ်ကာ ပြောလိုက်သည်။
သူ့ရှေ့ကလူကို ကြည့်ရင်း လုချန် သူမမျက်လုံးထဲက ခိုင်မာပြတ်သားမှုကို ခံစားမိလိုက်သည်။ အရင်တစ်ခေါက် သူ အော်ဟစ်လိုက်ချိန်က သူမမျက်လုံးထဲမှာ တွေ့ခဲ့ရတဲ့ စိတ်သက်သာရာရသွားတဲ့ အရိပ်အယောင်ကို ပြန်သတိရသွားပြီး၊ လူငယ်ဘဝရဲ့ အကောင်းဆုံးအချိန်ကို ဖြတ်သန်းရမယ့် ဒီကောင်မလေးကို ဒီလိုအခြေအနေမျိုးရောက်အောင် ဘယ်လိုအတွေ့အကြုံတွေကများ ပုံသွင်းပေးခဲ့တာလဲဆိုတာကို လုချန် သိချင်သွားသည်။
“ခေါက်ဆွဲတစ်ပွဲကို ငွေတစ်ပြား ကျပါတယ်”
“တစ်ပြားတောင်လား”
ဝေ့ယီချီ သူမလက်ထဲက ငွေပြားငါးပြားကို ဆုပ်ကိုင်ထားလိုက်သည်။ ဒါက ဒီနေ့အတွက် သူမရဲ့ လုပ်အားခဖြစ်သည်။ မနက်ဖြန်ဆိုရင်တော့ သူမရဲ့ လုပ်အားခက ငွေတစ်တုံးအထိ တိုးလာမည်ဖြစ်သည်။
ငွေတစ်ပြားပေးရသော ခေါက်ဆွဲတစ်ပန်းကန်ဆိုသည်မှာ သေချာပေါက် ဈေးကြီးသည်ဟု ဆိုရမည်။ သို့သော် ဒီခေါက်ဆွဲပန်းကန်ရဲ့ အရသာကို တွေးကြည့်လိုက်တော့ ဝေ့ယီချီက ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ ခံစားလိုက်ရသည်။
တကယ်လို့သာ လုချန်က ပုံမှန်အားဖြင့် ဒီခေါက်ဆွဲတစ်ပွဲကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်နဲ့ ရောင်းချနေတယ်ဆိုတာကို သူမ သိခဲ့မယ်ဆိုရင် ခုနက ဒီခေါက်ဆွဲတစ်ပန်းကန်ကို စားဖို့ လုံးဝ ရဲခဲ့မှာ မဟုတ်ပေ။
“သူဌေးလု... ဒါ ခေါက်ဆွဲဖိုးပါ။ မနက်ဖြန် ကျွန်မ ထပ်လာလို့ ရမလား”
“ရပါတယ်။ သွားပြီး ဆိုင်အကူလေးကို မေးကြည့်လိုက်။ သူ မင်းအတွက် အလုပ် စီစဉ်ပေးလိမ့်မယ်။ မင်းသာ ဇွဲရှိရှိ ဆက်လုပ်နိုင်မယ်ဆိုရင် ရေရှည်အလုပ်သမားအဖြစ်လည်း လုပ်လို့ရတယ်”
လုချန် ခေါင်းညိတ်လိုက်သည်။
ဒီအမျိုးသမီးက အဲဒီနေ့က သူနဲ့ စကားများခဲ့တဲ့ အမျိုးသမီးနဲ့ လုံးဝ ကွာခြားတယ်ဆိုတာကို သူ ခံစားသိရှိနိုင်သည်။ သူတို့က မိသားစုဝင်တွေ ဖြစ်ပေမယ့် သူတို့ကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိနေသေးသည်။
'ရေရှည်အလုပ်သမား' ဆိုသော စကားကို ကြားလိုက်ရချိန်တွင် ဝေ့ယီချီ၏ မျက်လုံးများက အံ့ဩဝမ်းသာမှုများဖြင့် ချက်ချင်း အရောင်လက်သွားပြီး ကမန်းကတန်း ဦးညွှတ်ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးလု၊ ကျေးဇူးတင်ပါတယ်”
ကျန်နေသေးသော ငွေလေးပြားကို ကိုင်ထားရင်း ဝေ့ယီချီ ပျော်ရွှင်စွာဖြင့် သူမ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
“နင် ဟိုသူဌေးအိမ်မှာ သွားအလုပ်လုပ်တာဆိုတော့ ပိုက်ဆံတွေ အများကြီး ရခဲ့မှာပေါ့ ဟုတ်လား”
တံခါးဝသို့ ဝင်ဝင်ချင်းမှာပင် ဝေ့ဇီချင်း၏ အသံကို ဝေ့ယီချီ ကြားလိုက်ရသည်။
“နင့်ပုံစံကို ကြည့်ရတာ ပြန်မလာခင် ဗိုက်ဝအောင် စားလာခဲ့တဲ့ပုံပဲ။ ငါတို့ ကျန်တဲ့လူတွေကတော့ ဘာမှ မစားရသေးဘူး။ အဲဒီတော့ ပိုက်ဆံတွေ ပေးစမ်း”
သန့်ရှင်းသပ်ရပ်သော ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားသည့် ဝေ့ဇီချင်းက ဝေ့ယီချီအနီးသို့ လျှောက်လာသည်။
အခြား ဝေ့မိသားစုဝင်များကလည်း မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။
“ဒါက ဒီနေ့အတွက် ငါ့လုပ်အားခပဲ”
ဝေ့ယီချီက ကျန်နေသော ငွေလေးပြားကို ထုတ်ယူကာ ဝေ့ဇီချင်းထံ ကမ်းပေးလိုက်သည်။
“ဟွန့်”
ဝေ့ဇီချင်းက တစ်ချက်သာ လှမ်းကြည့်ပြီးနောက် ဝေ့ယီချီလက်ထဲမှ ငွေလေးပြားကို မြေပြင်ပေါ်သို့ “ဖြောင်း” ခနဲ ရိုက်ချလိုက်သည်။
“ဒီလောက်လေးပဲလား။ နင်က သူတောင်းစားတွေကို စွန့်ကြဲနေတာလား။ ဒီလမ်းပေါ်က ဘယ်သူ့ကိုမဆို သွားမေးကြည့်လိုက်စမ်း။ တည်းခိုခန်းထဲက ဝဝကစ်ကစ်လူက လမ်းမပေါ်ကို ရွှေချောင်းတွေ အများကြီး အလွယ်တကူ ပစ်ချနိုင်တယ်ဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ။ ငါ ပြောမယ် ဝေ့ယီချီ၊ နင် တော်တော်လည်တာပဲ။ အပြင်ထွက်တာ တစ်ရက်တည်းရှိသေးတယ်၊ ပိုက်ဆံတွေ ထပ်ဖွက်ထားဖို့ ကြိုးစားနေပြန်ပြီလား”
“ငါ မဖွက်ထားပါဘူး။ ဒါ ငါ့ရဲ့ ဒီနေ့လုပ်အားခပါ”
“ရယ်ရတယ်နော်။ နင် လူတိုင်းကို သွားမေးကြည့်လိုက်လေ... တစ်ရက်ကို ငွေငါးပြားပဲ ရတယ်ဆိုတာ ဘယ်သူက ယုံမှာလဲ”
ဝေ့ဇီချင်းက နှာခေါင်းရှုံ့ကာ ခေါင်းကို မော့ပစ်လိုက်သည်။
“ယီချီ၊ ငွေတွေ အကုန်ထုတ်ပေးလိုက်ပါ။ ငါတို့ ဒီရက်ပိုင်း ဗိုက်ဝအောင် မစားရဘူး။ ငါတို့ အားအင်တွေ ပြည့်လာတာနဲ့ အပြင်ထွက်ပြီး အလုပ်ကြီးတစ်ခု လုပ်ကြမယ်။ အဲဒီအခါကျရင် ငါတို့ ဘဝကောင်းကောင်းနဲ့ နေနိုင်ပြီ။ ထပ်ပြီး ဒုက္ခခံစရာ မလိုတော့ဘူး”
အမျိုးသားတစ်ဦးက ဝင်ပြောသည်။
“ဟုတ်တယ်။ နင် ဒီနှစ်ရက်အတွင်း အရမ်း ပင်ပန်းခဲ့ပါတယ်။ ဒီနှစ်ရက် ကျော်လွန်သွားတာနဲ့ ငါတို့ လှုပ်ရှားကြမယ်”
သူတို့ ရည်ညွှန်းနေသည်က သေချာပေါက် တော်ဝင်ယာဉ်တန်းများကို ဓားပြတိုက်ရန်ပင် ဖြစ်သည်။
သူတို့ အသက်လုထွက်ပြေးနေရတဲ့ နှစ်တွေအတွင်းမှာ ဒီလိုကိစ္စမျိုးတွေကို မကြာခဏ လုပ်ခဲ့ကြတာဖြစ်သည်။
“ငွေတွေသာ အကုန်ထုတ်ပေးလိုက်စမ်းပါ။ တစ်နေ့ကို ငွေလေးပြားဆိုတာ အားလုံးအတွက် ဘယ်လိုမှ မလောက်ဘူး”
“နင်တို့တွေ…”
သူမဆီက ပိုက်ဆံတောင်းနေကြသူများအားလုံးကို ကြည့်ရင်း ဝေ့ယီချီ ရုတ်တရက် ဘာပြောရမှန်း မသိဖြစ်သွားသည်။
“ဝေ့ယီချီ၊ နင် ဒီမှာ ဆက်နေချင်သေးရင် ငွေတွေကို လိမ္မာပါးမယ်စွာနဲ့ ထုတ်ပေးလိုက်။ မဟုတ်ရင်တော့ ထွက်သွားပြီး လမ်းဘေးမှာ သွားအိပ်လိုက်။ နေဦး ငါ စဉ်းစားကြည့်ဦးမယ်... ညနက်ပိုင်းဆိုတော့ နင် ရုပ်ဆိုးနေရင်တောင် အရမ်းမရွေးတဲ့ အိမ်ခြေရာမဲ့တွေ ရှိနေမှာပါလေ”
ဝေ့ဇီချင်းက အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်။
“ဝေ့ဇီချင်း တော်လောက်ပြီ”
ဝေ့ယီချီကို အမြဲတမ်း ကာကွယ်ပေးလေ့ရှိသော အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက ဝင်ပြောသည်။
“ယီချီကို အပြင်ထွက်သွားခိုင်းရအောင်။ နင် မမှတ်မိတော့ဘူးလား၊ အခု လူတိုင်း နေနေတဲ့နေရာက ယီချီရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာလေ။ သူ့ကို နှင်ထုတ်ဖို့ နင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ”
“ဟက်ဟက်... အဒေါ်က အခွင့်အရေးအကြောင်း ပြောချင်တာလား။ အဲဒီတော့ ကျွန်မ ပြောပြမယ်”
ဝေ့ဇီချင်းက လက်ယမ်းပြလိုက်ပြီး သူမအဝတ်အစားထဲမှ အဝါရောင်စက္ကူတစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
“ဒီမြေဂရန်မှာ ဝေ့ဇီချင်းဆိုတဲ့ ကျွန်မနာမည်ကို ရေးထားတယ်။ ဒီအိမ်က ဝေ့ဇီချင်းရဲ့အိမ်ပဲ။ ငါ ထွက်သွားခိုင်းတဲ့သူက ထွက်သွားရမယ်။ အဲဒါက ငါ့ရဲ့ အခွင့်အရေးပဲ။ ကဲ ဝေ့ယီချီ... အခု ထွက်သွားစမ်း”
ဝေ့ဇီချင်းက တံခါးဝသို့ လျှောက်သွားကာ တံခါးကို “ဘန်း” ခနဲ ဆောင့်ကန်ဖွင့်လိုက်ပြီး ဝေ့ယီချီကို အော်ဟစ်နှင်ထုတ်လိုက်သည်။
ဝေ့ယီချီက အခြားသော ဝေ့မိသားစုဝင်များကို မသိမသာ လိုက်ကြည့်လိုက်ရာ တတိယဒေါ်လေးမှလွဲ၍ သူမဘက်မှ ဘယ်သူတစ်ဦးတစ်ယောက်မှ ဝင်မပြောပေးကြသည်ကို တွေ့လိုက်ရသည်။ တကယ်တော့ သူတို့မျက်လုံးတွေထဲမှာ လျစ်လျူရှုမှု အရိပ်အယောင်တွေကိုတောင် ဝေ့ယီချီ မြင်တွေ့လိုက်ရသည်။
“အကြီးဆုံးဦးလေး…”
ဝေ့ယီချီက ဝေ့ဇီချင်း၏ဖခင်၊ လက်ရှိ ဝေ့မိသားစုခေါင်းဆောင်ဖြစ်သူ အသက်လတ်ပိုင်းအရွယ် အမျိုးသားအား ရည်ညွှန်းကာ ခေါ်လိုက်သည်။
“ယီချီ၊ ငါတို့အားလုံးက မိသားစုဝင်တွေပါ။ အခု လူတိုင်းက အခက်ခဲဆုံးအချိန်ကို ဖြတ်သန်းနေရတာ။ ဒီလိုအချိန်မျိုးမှာတော့ မင်း ငွေတွေ လုံးဝ ဖွက်မထားသင့်ဘူး။ ဟူး”
အသက်လတ်ပိုင်း အမျိုးသားက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
“အကြီးဆုံးဦးလေး၊ ဦးလေးတောင်မှ သမီးကို မယုံဘူးလား”
“ဝေ့ယီချီ... နင်ပြောတာကို တစ်ယောက်ယောက်က ယုံမယ်လို့ နင် ထင်နေတာလား”
ဝေ့ဇီချင်းက ဆက်လက် လှောင်ပြောင်နေသည်။
တကယ်တော့ တခြားနေရာတွေမှာဆိုရင် တစ်နေ့တာ ကြုံရာကျပန်းအလုပ်အတွက် ငွေငါးပြား ရတယ်ဆိုတာ သေချာပေါက် ဝင်ငွေကောင်းတယ်လို့ သတ်မှတ်နိုင်ပါသည်။ သို့သော် ယခုအချိန်တွင် ဝေ့ယီချီမှာ လုချန်၏ ဆိုင်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုဆိုင်မှာ ဝေ့ဇီချင်း၏ အမြင်တွင်တော့ ငွေကို ရေလိုသုံးနိုင်သော နေရာတစ်ခုဖြစ်သည်။ တည်းခိုခန်းထဲက ဝဝကစ်ကစ်လူက တစ်ခါတုန်းက လမ်းပေါ်ကို ရွှေစင်လှေကားတစ်ခုတောင် ပစ်ချခဲ့ဖူးတယ်လို့ သူမ ကြားဖူးထားသည်။
ငွေလေးပြားတဲ့လား။ သူမ နောက်နေတာပဲ ဖြစ်ရမည်။
“နင် ပိုက်ဆံမပေးချင်ရင် ထွက်သွားတော့။ ငါ့ရဲ့ ဝေ့မိသားစုက နင့်လိုလူမျိုးကို လက်မခံချင်ဘူး”
*