ဝေ့မိသားစုထဲတွင် ဝေ့ဇီချင်းကို အာခံရဲသူ နီးပါးမျှ မရှိပေ။
အကြောင်းရင်းက ရိုးရှင်းပါသည်။ ဝေ့ဇီချင်းသည် မိသားစုခေါင်းဆောင်၏ သမီးဖြစ်နေသောကြောင့်ပင်။
ထို့အပြင် တိုက်ရိုက်ဆွေမျိုးများဖြစ်ကြသော သူတို့သည် ဝေ့မိသားစုခေါင်းဆောင် မည်သို့သော လူစားမျိုးဖြစ်ကြောင်း ကောင်းကောင်းကြီး သိထားကြသည်။ အပေါ်ယံတွင် ယဉ်ကျေးပျူငှာသော်လည်း လက်တွေ့တွင်မူ အလွန် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးဖြစ်သည်။
“ဝေ့ဇီချင်း၊ နင် တော်တော် အရှက်မရှိတာပဲ။ ဒီအိမ်က ယီချီရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာလေ”
“သူ့ပိုက်ဆံ ဟုတ်လား။ ဒါတွေက ငါ့ဝေ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေဆိုတာ ရှင်းနေတာပဲ။ အခု ငါ သူ့ကို ထွက်သွားခိုင်းနေပြီ၊ သူ ထွက်သွားရမယ်”
ဝေ့ယီချီ၏ မျက်လုံးဝိုင်းဝိုင်းကြီးများ ချက်ချင်း မျက်ရည်ဝဲသွားသည်။
ယခုအချိန်တွင်တော့ ဤမိသားစုက သူမကို လုံးဝ စိတ်ပျက်သွားစေခဲ့ပြီ။
သူမက မြေပြင်ပေါ်ကျနေသော ငွေလေးပြားကို ကောက်ယူရန် ငုံ့လိုက်သော်လည်း ရုတ်တရက် ပြေးဝင်လာသော ဝေ့ဇီချင်းက သူမကို ဆောင့်ကန်ချလိုက်သည်။
“နင့်ကို ထွက်သွားလို့ ပြောတာ မကြားဘူးလား။ ငါ့ဝေ့မိသားစုရဲ့ ပစ္စည်းတွေကို နင်ကများ ထိရဲသေးတယ်ပေါ့လေ”
“ဒါက ဒီနေ့ ငါရှာလာတဲ့ ပိုက်ဆံလေ”
လဲကျသွားသော ဝေ့ယီချီ၏ ကိုယ်ပေါ်တွင် ဖုန်များ ပေကျံသွားသည်။
“ငါ့ဝေ့မိသားစုထဲ ရောက်လာပြီဆိုမှတော့ ငါ့ဝေ့မိသားစုပိုင် ဖြစ်သွားပြီပေါ့။ ထွက်သွားစမ်း”
ဝေ့ဇီချင်းက ငွေလေးပြားကို ခြေထောက်ဖြင့် နင်းထားရင်း တံခါးပေါက်ဆီ လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
ယခု သူတို့နေထိုင်နေသော နေရာသည် ဝေ့ယီချီ စုဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း ဝေ့မိသားစုဝင်အားလုံး ကောင်းကောင်းသိနေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်မပြောကြပေ။
ဝေ့ယီချီ ဝေ့မိသားစုထဲမှ ထွက်ခွာလာခဲ့သည်။
တတိယဒေါ်လေးက သူမနောက်မှ လိုက်လာသည်။
“တတိယဒေါ်လေး၊ မြန်မြန် ပြန်သွားပါတော့။ ဝေ့ဇီချင်းက သမီးကို မုန်းနေတာ ကြာပြီ။ ဒေါ်လေးပါ သမီးနဲ့အတူတူ အထိနာခံနေစရာ မလိုပါဘူး”
“ဟူး...”
တတိယဒေါ်လေးက ဝေ့ယီချီကို ချစ်ခင်ကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ကလေးရယ်၊ သမီး အများကြီး ဒုက္ခရောက်ခဲ့ရပြီ။ စတုတ္ထမောင်လေး မထွက်သွားခင်က သမီးကို ဒေါ်လေးဆီ အပ်ခဲ့ပေမယ့် ဒေါ်လေးက သမီးကို သေချာ မစောင့်ရှောက်နိုင်ခဲ့ဘူး။ အကုန်လုံး ဒေါ်လေး အပြစ်တွေပါ”
အသက်လတ်ပိုင်း အမျိုးသမီးက သက်ပြင်းချရင်း သူမ၏ မျက်လုံးများမှလည်း မျက်ရည်များ စီးကျလာသည်။
ညဖက် လမ်းမထက်တွင် သူတို့၏ ပုံရိပ်များက အထီးကျန်ဆန်နေပုံပေါ်သည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
ရုတ်တရက် လမ်းမပေါ်တွင် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
တတိယဒေါ်လေး၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး စိတ်ဝိညာဉ်ချီများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ဤလမ်းမသည် ယခုလိုအချိန်မျိုးတွင် လူပေါင်းစုံ ရောနှောရှုပ်ထွေးနေတတ်သော နေရာမျိုးဖြစ်သည်။
“တတိယဒေါ်လေး၊ မလုပ်ပါနဲ့”
ဝေ့ယီချီက လျှပ်တစ်ပြက် ပြေးဝင်ကာ တတိယဒေါ်လေး ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်ချီများကို တားဆီးလိုက်ပြီး ထိုကြည်လင်သောအသံ ထွက်ပေါ်လာရာဆီသို့ အပြေးအလွှား သွားလိုက်သည်။
“သခင်မလေးကို ဖြေကြားပါရစေ။ ကျွန်မ နာမည်က ဝေ့ယီချီပါ”
အဖြူရောင်ဝတ်စုံနှင့် ရှောင်ရွှီ အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။
“အရမ်း နားထောင်ကောင်းတဲ့ နာမည်လေးပဲ။ ငါ့နောက် လိုက်ခဲ့”
“ကျေးဇူးတင်ပါတယ် သခင်မလေး”
ဝေ့ယီချီ ကမန်းကတန်း ဦးညွှတ်လိုက်ပြီးနောက် အခုမှ ရောက်လာသူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တတိယဒေါ်လေးအား ရှင်းပြလိုက်သည်။
တတိယဒေါ်လေး ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“လုသခင်မက သမီးကို လက်ခံပေးမယ်ဆိုရင်တော့ တတိယဒေါ်လေးလည်း စိတ်ချရပြီ”
“သခင်မတို့က အရမ်းသဘောကောင်းပြီး ပေါင်းသင်းရ လွယ်ကူပါတယ်”
“ယီချီ၊ ဒါက သမီးအတွက် ကံဆိုးမသွားဘဲ ကံကောင်းလာတာလို့တောင် ပြောလို့ရတယ်။ မြန်မြန်သွားတော့၊ လုသခင်မကို အကြာကြီး စောင့်ခိုင်းမထားနဲ့”
“ဟုတ်၊ တတိယဒေါ်လေး ပြန်တော့နော်”
ရှောင်ရွှီနောက်သို့ လိုက်သွားပြီးနောက် သူမ တည်းခိုခန်းရှေ့သို့ ရောက်လာသည်။
ဖေ့ယီရှန်၏ အခန်းတံခါး ပွင့်နေသည်။ ဖေ့ယီရှန်မှာ ယခုရက်ပိုင်းအတွင်း ခရီးထွက်နေသဖြင့် ဤနေရာတွင် မနေသည်မှာ အတန်ကြာပြီဖြစ်သည်။
သို့သော် သူမ ရှိနေလျှင်လည်း ကိစ္စမရှိပေ။ ဤအခန်းမှာ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး မူလဧည့်ခန်းမကို လုချန်၏ ဒီဇိုင်းအတိုင်း မိုဘိုင်းဖုန်း အရောင်းနေရာအဖြစ် ပြောင်းလဲထားသည်။ အတွင်းတွင် အခန်းသစ် အတော်များများကိုလည်း ဆောက်လုပ်ထားသဖြင့် လက်တွေ့တွင် အခြားနယ်မြေတစ်ခုသဖွယ် ဖြစ်နေသည်။
မဟုတ်သေး၊ ၎င်းမှာ အခြားနယ်မြေတစ်ခုစစ်စစ် ပင်ဖြစ်သည်။
“ဒီနေ့ကစပြီး မင်း ဒီမှာ နေရမယ်။ မနက်ဖြန်ကျရင် မင်းကို ပြောစရာရှိတယ်”
“ကျေးဇူးတင်ပါတယ် သခင်မ”
သူမရှေ့က နွေးထွေးမည့်ပုံရသော အသိုက်အမြုံလေးကို ကြည့်ရင်း ဝေ့ယီချီ ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထိုညက ဝေ့ယီချီ အထူးတလည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ဝေ့မိသားစုထဲမှ နှင်ထုတ်ခံခဲ့ရသော်လည်း သူမ ရင်ဘတ်ထဲမှ လေးလံသော ကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသလို ခံစားနေရသည်။
နောက်တစ်နေ့တွင် သူမ ပထမဆုံးအကြိမ် အိပ်ရာထနောက်ကျသွားသည်။ သူမ နိုးလာချိန်တွင် ခန်းမထဲမှ ဆူညံသံများကိုပင် ကြားနေရပြီဖြစ်သည်။
“ဒုက္ခပဲ”
သူမ အခန်းထဲမှ အမြန် ပြေးထွက်သွားသည်။
တကယ်ပင် မိုဘိုင်းဖုန်း အရောင်းအဝယ်များ စတင်နေပြီဖြစ်ပြီး ရှောင်ရွှီနှင့် တုကူးဖူကွေ့တို့ အလုပ်များနေသည်ကို သူမ မြင်တွေ့လိုက်ရသည်။
“တောင်းပန်ပါတယ် သခင်မ၊ ကျွန်မ အိပ်ရာထ နောက်ကျသွားတယ်”
“ရပါတယ်။ ကိစ္စမရှိပါဘူး”
ရှောင်ရွှီက ညင်သာစွာ ခေါင်းခါပြလိုက်သည်။ ထိုအိပ်ခန်းထဲတွင် ဝေ့ယီချီအတွက် သူမ အထူးစီစဉ်ပေးထားသော စိတ်ကို ငြိမ်သက်စေသည့် အစီအရင်တစ်ခု ရှိနေသဖြင့် သူမ အိပ်ရာထနောက်ကျခြင်းမှာ ပုံမှန်သာဖြစ်သည်။
“ဒီနေ့ ဒီနေရာကို ငါတို့ပဲ တာဝန်ယူလိုက်မယ်။ မင်း သူဌေးလုဆီ သွားလိုက်၊ သူက နင့်အတွက် တခြား စီစဉ်ပေးစရာ ရှိတယ်တဲ့”
“အာ... ဟုတ်ကဲ့”
ဝေ့ယီချီ ခေါင်းတဆတ်ဆတ်ညိတ်ကာ တည်းခိုခန်းဆီသို့ လျှောက်သွားလိုက်သည်။
ဝေ့ယီချီ အခန်းထဲမှ ထွက်သွားသည်နှင့် တုကူးဖူကွေ့က ရှောင်ရွှီအနားသို့ တိုးသွားသည်။
“သခင်မလေးရှောင်၊ သူ လုပ်နိုင်မယ်လို့ ထင်လား။ သူ့စိတ်ထားက အရမ်းဖြူစင်လွန်းတယ်လို့ ကျုပ် ခံစားရတယ်”
“ကျွန်မလည်း မသိဘူး”
ရှောင်ရွှီက မချိပြုံး ပြုံးလိုက်သည်။
“ဒါပေမဲ့ လုဆိုတဲ့လူကတော့ သူ့ကို သဘောကျသွားပုံရတယ်”
“သူဌေးလုရဲ့ အတွေးတွေကိုတော့ ကျုပ်တို့ ဘယ်လိုမှ မှန်းဆလို့ မရနိုင်ပါဘူးလေ”
သူတို့နှစ်ယောက် စကားအနည်းငယ် ဖလှယ်ပြီးနောက် ထပ်မံ၍ အလုပ်များသွားကြသည်။
တည်းခိုခန်းထဲတွင် လုချန်ကလည်း ဟင်းရည်ထုပ်ဖက်ထုပ်များ ရောင်းချရင်း အလုပ်များနေသည်။ ဝေ့ယီချီက ကူညီပေးရန် ပြင်လိုက်သော်လည်း လုချန်က သူမကို ဖက်ထုပ်တစ်ပွဲ ကမ်းပေးကာ အရင် ဗိုက်ဝအောင် စားခိုင်းလိုက်သည်။
ဟင်းရည်ထုပ်ဖက်ထုပ်၏ အရသာက ဝေ့ယီချီကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေပြန်သည်။ နေ့စဉ် သူဌေးလုထံမှ အစားအသောက်များ ဝယ်ယူရန် လူအများအပြား အဘယ်ကြောင့် တန်းစီနေကြသည်ကို သူမ နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။
အစကတော့ ဒီလူတွေက သူဌေးလုကို မျက်နှာလိုမျက်နှာရ လာလုပ်ကြတာလို့ သူမ ထင်ခဲ့မိသည်။ သို့သော် အခုတော့ သူတို့အားလုံးက ဒီအရသာရှိလှတဲ့ အစားအသောက်တွေရဲ့ ဆွဲဆောင်မှုကြောင့်သာ ဖြစ်ကြောင်း သူမ သိလိုက်ရပြီ။
အရင်ဆုံး အပေါက်သေးသေးလေးတစ်ခု ကိုက်ဖောက်လိုက်ပြီး ဟင်းရည်ကို ဖြည်းဖြည်းချင်း စုပ်သောက်ရသည်။ ဟင်းရည်ကုန်သွားပြီးနောက် ဖက်ထုပ်ကို တစ်ထိုင်တည်း မျိုချလိုက်ရသည်။ စေးပိုင်လှသော အခွံပါးပါးလေးနှင့် အရသာရှိသော အသားအနှစ်တို့ ပေါင်းစပ်မှုက မနက်ခင်းမှာ အစာအိမ်ကို အာဟာရဖြည့်တင်းပေးဖို့ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သူမ ဖက်ထုပ်တစ်ပွဲကို ဂရုတစိုက် စားသုံးပြီးသွားချိန်တွင် လုချန်၏ အရောင်းအဝယ်ကလည်း ပြီးဆုံးသွားပြီဖြစ်သည်။
လူတိုင်းက စည်းကမ်းကို သိနေကြပြီဖြစ်ရာ တည်းခိုခန်းထဲတွင် ထိုင်၍ ဆေးလိပ်သောက်နေသူများမှာလည်း ဖြည်းဖြည်းချင်း ထွက်ခွာသွားကြပြီး ဝေ့ယီချီ တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။
လုချန်က တည်းခိုခန်းတံခါးကို ပိတ်လိုက်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် မတ်တတ်ရပ်လိုက်သော ဝေ့ယီချီအရှေ့သို့ ရောက်လာသည်။
“ရပါတယ်။ ထိုင်ပါ၊ အားနာမနေနဲ့”
လုချန်က သူမကို ထိုင်ရန် အချက်ပြလိုက်သည်။ ဝေ့ယီချီ ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီးနောက် သူ ဆက်ပြောသည်။
“မင်းက ကျန်းပေ ဝေ့မိသားစုကလို့ ငါ ကြားတယ်”
“ဟုတ်ပါတယ်”
“အရာရှိတစ်ယောက်ကို စော်ကားမိလို့ မင်းတို့အိမ် တစ်ညတည်းနဲ့ မီးရှို့ခံလိုက်ရတယ်။ နှစ်အနည်းငယ်ကြာတော့ မင်းတို့ လက်စားချေပြီးတဲ့နောက် မဟာရှအင်ပါယာရဲ့ အဆုံးအစမဲ့ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတယ် ဟုတ်လား”
ဝေ့ယီချီ ခေါင်းညိတ်လိုက်သည်။ ဤအကြောင်းအရာအားလုံးကို လုချန် မည်သို့သိနေသနည်းဆိုသည်ကို သူမ သိချင်မနေတော့ပါ။
“ဘာကြောင့်လဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”
“အဲဒီ အကျင့်ပျက်အရာရှိက မိန်းမရော ယောက်ျားပါမချန် အနိုင်ကျင့် ဗိုလ်ကျတယ်။ ကျွန်မတို့က လက်မခံတော့ သူက...”
“ကောင်းပြီ။ ငါ နားလည်ပြီ”
လုချန်က သူမကို ဆက်မပြောရန် တားလိုက်သည်။
“ဒါဆို မင်းတို့က လုံးဝ အပြစ်ကင်းတဲ့ သားကောင်တွေပေါ့။ ဘယ်လိုလဲ... ဒီနှစ်တွေအတွင်းက မှတ်ဉာဏ်တွေက ကွက်ကွက်ကွင်းကွင်း ရှိနေတုန်းပဲလား”
“ကျွန်မ မေ့လို့မရဘူး”
ဝေ့ယီချီ စကားပြောနေရင်း သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ လက်လာသည်။ အသက်လုထွက်ပြေးနေရတဲ့ နှစ်တွေအတွင်းမှာ သူမရဲ့ ဆွေမျိုးရင်းချာတွေ သူမရှေ့မှာတင် သေဆုံးသွားတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရတဲ့ အကြိမ်ပေါင်းက မနည်းတော့ပေ။
“ကြည့်ရတာ ဒီနှစ်တွေအတွင်း မင်း အများကြီး ကြုံတွေ့ခဲ့ရပုံပဲ။ ဘယ်လိုလဲ... ငါ့ဆီမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား”
“သူဌေးလု၊ ရှင် ဘာပြောချင်တာလဲဆိုတာ ကျွန်မ နားမလည်ဘူး။ ရှင့်ရဲ့ အဆင့်အတန်းအရ ကျွန်မလို အောက်ခြေလူတန်းစား တစ်ယောက်က ရှင့်ကို ဘာကူညီပေးနိုင်မှာမို့လို့လဲ”
“လူသတ်ဖို့”
လုချန်က တိုးတိုးလေး ပြောလိုက်သော်လည်း ထိုစကားက ဝေ့ယီချီ၏ နှလုံးသားကို တစ်ချက် ခုန်သွားစေသည်။
သူဌေးလု သူမကို တကယ် လုပ်ခိုင်းချင်သည့်ကိစ္စသည် သေချာပေါက် ရိုးရှင်းသည့်ကိစ္စ မဟုတ်နိုင်ကြောင်း သူမ ကြိုတင် ခံစားသိရှိနေခဲ့သည်။
“ဒါပေါ့... မင်းရဲ့အသက်ကို အလကားစွန့်လွှတ်ခိုင်းမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ မင်းသာ ငါခိုင်းတာကို လုပ်နိုင်မယ်ဆိုရင် မီးလောင်ထားတဲ့ မင်းရဲ့ အသားအရေကို မူလအတိုင်း ပြန်ဖြစ်အောင် ငါ နည်းလမ်းရှာပေးနိုင်တယ်”
ထိုစကားကြောင့် ဝေ့ယီချီ၏ အာရုံကြောများ ချက်ချင်း တင်းမာသွားသည်။
မူလအတိုင်း၊ ပြန်ဖြစ်အောင် ဟုတ်လား။
*