သူတောင်းစားအဘိုးအိုက သူ့ကို ဤနေရာသို့ နောက်ဆုံးအကြိမ် ခေါ်လာပြီးကတည်းက အဘိုးကု၏ ရတနာစစ်ဆေးရေးခန်းမ စီးပွားရေးမှာ တစ်နေ့တခြား ပိုကောင်းလာခဲ့သည်။ လုချန်ကြောင့်ဆိုသည်မှာ သေချာပေါက် အကြောင်းရင်းတစ်ချက် ဖြစ်သော်လည်း အဘိုးကု၏ ကိုယ်ပိုင် အကဲဖြတ်နိုင်စွမ်းကလည်း ထပ်တူအရေးကြီးပါသည်။
ဖုန့်မိသားစုက ဘယ်လောက်ပဲ ချမ်းသာနေပါစေ ဖုန့်ယုံကျွင်း၏ အသက်အရွယ်က အမြဲတမ်း ကန့်သတ်ချက်တစ်ခု ဖြစ်နေသည်။ သူမ၏ အမြင်က အကန့်အသတ်ရှိပြီး အဘိုးကုနှင့် လုံးဝ ယှဉ်လို့မရနိုင်ပေ။
သူ့ဇနီးသည်ကို ကယ်တင်ရန်အတွက် အဘိုးကုသည် ကုန်းမြေတိုက်ငါးခုကို လှည့်လည်သွားလာခဲ့ပြီး မရေမတွက်နိုင်သော အန္တရာယ်ရှိသည့် နေရာများသို့ စွန့်စားသွားရောက်ကာ ရှေးဟောင်းစာပေမြောက်မြားစွာကို ဖတ်ရှုလေ့လာခဲ့ဖူးသည်ကို သိထားရမည်။ သူ၏ ဦးနှောက်ထဲတွင် ကြီးမားလှသော ဗဟုသုတများ ပြည့်နှက်နေသည်မှာ ကြာပြီဖြစ်ရာ သူ၏ အကဲဖြတ်မှုများက ဖုန့်ယုံကျွင်းထက် ပိုမိုတိကျနေခြင်းဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အဘိုးကု၏ နာမည်က တဖြည်းဖြည်း ကျော်ကြားလာခဲ့သည်။ အထူးသဖြင့် ရတနာစစ်ဆေးရေးခန်းမအတွင်း သစ်အုရေနွေးအိုးကို ပြသထားပြီးကတည်းက ပို၍သိသာလာသည်။ မည်သို့ပင်ဆိုစေ ၎င်းမှာ ရှေးဟောင်း ရှားပါးရတနာတစ်ပါးဖြစ်ပြီး ခန်းမ၏ အဓိကရတနာအဖြစ် ထားရှိရန် အလွန်သင့်တော်ပေသည်။
သခင်လေး တုကူးဖူကွေ့က တည်းခိုခန်းထဲတွင် ရေခဲနှလုံးသား ကျောက်စိမ်းဝိုင်အရက် တစ်အိုးကို အရသာခံရင်း အေးအေးလူလူ သောက်နေဆဲဖြစ်သည်။ ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက် အပြေးအလွှား ဝင်လာသည်။
ထိုလူမှာ ပြာပြာသလဲဖြစ်နေပြီး အမောတကောဖြင့် ပြောလိုက်သည်။
“သခင်လေးတုကူး၊ ဒုက္ခပါပဲ။ တစ်ယောက်ယောက်က သခင်လေးကို ရန်စနေတယ်”
“ငါ့ကို ရန်စတယ် ဟုတ်လား”
“ဟုတ်တယ်၊ မြန်မြန်သွားကြည့်ပါ”
ထိုလူက တံခါးအပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
တုကူးဖူကွေ့ တံခါးဝသို့ ရောက်သွားချိန်တွင် သူ၏မျက်လုံးများ ချက်ချင်း ဒေါသမီးတောက်လောင်သွားသည်ကို လုချန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုဒေါသက ရင်ဘတ်အောက်ခြေကနေ ထွက်ပေါ်လာတာ သေချာပါသည်။ ခုနက လူပြောသလိုပင် တုကူးဖူကွေ့ တကယ်ပဲ ရန်စခံလိုက်ရသလိုပါပဲ။
လုချန် တည်းခိုခန်းအပေါက်ဝသို့ ရောက်လာပြီး လမ်းမပေါ်သို့ လှမ်းကြည့်လိုက်သောအခါ မည်သို့သော ရန်စမှုမျိုးလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားသည်။
ထိုလမ်းမပေါ်တွင် ရွှေစင်ရထားလုံး ဆယ်စီးထက်မနည်း တရွေ့ရွေ့ ချဉ်းကပ်လာနေသည်။ ရထားလုံးတစ်စီးစီကို စိတ်ဝိညာဉ်သားရဲ နတ်မြင်းပျံများက ဆွဲလာပြီး ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း ရွှေမှုန်ရွှေမွှားပေါင်း မရေမတွက်နိုင်အောင် မြေပြင်ပေါ်သို့ ကျဆင်းလာသည်။
တည်းခိုခန်းနှင့် ဆယ်မီတာအကွာသို့ ရောက်သောအခါ ရထားလုံးများ ရပ်တန့်သွားသည်။ ရွှေချည်ထိုးထားသော ကန့်လန့်ကာများကို မတင်လိုက်ပြီးနောက် လူငယ်တစ်ယောက်ပြီးတစ်ယောက် ရထားလုံးထဲမှ ထွက်လာကြသည်။ သူတို့က စိတ်ဝိညာဉ်ကျောက်တုံး အပိုင်းအစများဖြင့် တန်ဆာဆင်ထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ထုဆစ်ထားသော ဖိနပ်များကို စီးကာ ဖြည်းဖြည်းချင်း ဆင်းလာကြသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဆေးလိပ်သောက်နေတဲ့ လုချန် သီးပင် သီးသွားသည်။
ယခုအချိန်တွင် ဒီလူတွေရဲ့ လုပ်ရပ်က သူ တုကူးဖူကွေ့နဲ့ ပထမဆုံးအကြိမ် တွေ့တုန်းကပုံစံနဲ့ တစ်ပုံစံတည်းပင်။ ကွာခြားတာက အဲဒီတုန်းက တုကူးဖူကွေ့က တစ်ယောက်တည်းဖြစ်ပြီး သူတို့ကတော့ အုပ်စုလိုက်ကြီး ဖြစ်နေတာပင်။
လုချန် အနည်းငယ် ပျင်းရိစပြုလာချိန်မှာပဲ နောက်ထပ်မြင်ကွင်းတစ်ခုက သူ့မျက်လုံးတွေကို ပြူးကျယ်သွားစေသည်။
ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော ထိုလူငယ်ဆယ်ဦးကျော် ရထားလုံးများထဲမှ ဆင်းလာပြီးနောက် သူတို့အားလုံး တစ်ပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြပြီး ပထမဆုံး ရထားလုံးရှေ့မှနေ၍ တည်းခိုခန်းအပေါက်ဝအထိ တိုက်ရိုက် တန်းစီလိုက်ကြသည်ကို သူ တွေ့လိုက်ရသည်။
ထို့နောက် နောက်ဆုံးရထားလုံးထဲမှ ခေါက်ယပ်တောင်ကိုင်ထားသော နောက်ထပ် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ကိုယ်ပေါ်တွင် စိတ်ဝိညာဉ်ကျောက်တုံး အပိုင်းအစများ ထိုမျှလောက် အများကြီး မပါဝင်သော်လည်း အလွန်တန်ဖိုးကြီးပြီး ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူက ရထားလုံးထဲမှ ဆင်းလာပြီးနောက် ဒူးထောက်နေသော လူငယ်ဆယ်ဦးကျော်၏ ကျောပေါ်မှ လျှောက်သွားကာ ခြေထောက်ကို မြေကြီးနှင့် မထိစေဘဲ တည်းခိုခန်းရှေ့သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာသည်။
တုကူးဖူကွေ့၏ ဝဝကစ်ကစ် ခန္ဓာကိုယ်ကြီး တုန်ယင်နေသည်ကို မြင်တွေ့နိုင်၏။ ဤမြင်ကွင်းက သူ့ကို အကြီးအကျယ် ရန်စလိုက်ခြင်းဖြစ်သည်။ ပထမအချက်က သူနဲ့ တစ်ပုံစံတည်း လိုက်လုပ်နေတဲ့သူတွေ ရှိနေတာဖြစ်ပြီး ဒုတိယအချက်က အဲဒီလိုလူမျိုး ဆယ်ယောက်ကျော်တောင် ရှိနေတာပဲ။
ဆယ်ယောက်ကျော်လည်း ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ အရေးအကြီးဆုံးအချက်က ဒီဆယ်ယောက်ကျော်က အစေခံတွေဖြစ်ပြီး တစ်ယောက်ယောက်အတွက် လမ်းခင်းပေးဖို့ အဲဒီမှာ ဒူးထောက်နေကြတာလေ။
ဒါက ဒီသခင်လေးကို လှောင်ပြောင်နေတာ မဟုတ်ဘူးလား။ ငါက အစေခံလောက်တောင် အဆင့်မရှိဘူးလို့ ဆိုလိုချင်တာလား။
ဖုန့်ချန်ဖုန်းက သူ့လက်ထဲက ခေါက်ယပ်တောင်ကို ညင်သာစွာ ခတ်ရင်း ရွှေချည်ထိုးအင်္ကျီကို ဝတ်ဆင်ထားသော တုကူးဖူကွေ့ကို အထင်အမြင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်သည်။
တုကူးဖူကွေ့နှင့် လုချန်တို့က သူ ဘာပြောလိုက်လဲဆိုတာကို မကြားရသော်လည်း သူ့နှုတ်ခမ်းလှုပ်ရှားမှုအရ ဖုန့်ချန်ဖုန်းက “တောသား” ဟု ရှင်းရှင်းလင်းလင်း ပြောလိုက်ကြောင်း သူတို့ သေချာပေါက် သိလိုက်သည်။
ထိုစကားလုံးက တုကူးဖူကွေ့၏ နှလုံးသားထဲမှ ယမ်းအိုးကို မီးရှို့လိုက်သည်ဟု ဆိုနိုင်သည်။
“ဟေ့ကောင်... မင်း ဒီသခင်လေးကို ဘာပြောလိုက်တာလဲ”
“ဒီသခင်လေး ဟုတ်လား... တကယ့် တောသားပဲ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် သုံးနှုန်းတာက မင်းရဲ့ အဝါရောင် တောဓလေ့စတိုင်နဲ့ တော်တော် လိုက်ဖက်တာပဲ”
ဖုန့်ချန်ဖုန်းက လက်ကို တစ်ချက်ခါလိုက်ရာ ခေါက်ယပ်တောင်ဆီမှ ကျွတ်ခနဲ မြည်သံထွက်ပေါ်လာသည်။ သူက လုချန်ကို ကြည့်လိုက်သည်။
“မင်းက ဒီတည်းခိုခန်းပိုင်ရှင်လား”
“မြေးကောင်လေး၊ မင်း ဘယ်သူ့ကို တောသားလို့ ခေါ်နေတာလဲ”
“ငါ မင်းကို ပြောနေတာလေ။ မင်းပုံစံကို ကြည့်ဦး... အိုက်ယား... ခုနက ငါ သတိတောင် မထားမိလိုက်ဘူး။ မင်းစီးထားတဲ့ ဖိနပ်က ငါ့အစေခံတွေ စီးထားတာနဲ့ အတူတူပဲကိုး။ မင်းက တောသားမဟုတ်ရင် ဘယ်သူက တောသားလဲ”
ထိုစကားကို ကြားသောအခါ တုကူးဖူကွေ့က သူ့ခြေထောက်များကို မသိမသာ နောက်ဆုတ်လိုက်သော်လည်း အချည်းနှီးသာ။ ဤအခြေအနေတွင် သူက တကယ်ကို အရေးနိမ့်နေသည်။ အဘယ်ကြောင့်ဆိုသော် ဖုန့်ချန်ဖုန်း ပြောသလိုပင် သူနှင့် ဖုန့်ချန်ဖုန်း၏ အစေခံများမှာ ဖိနပ်ဆင်တူ စီးထားကြသောကြောင့် ဖြစ်သည်။
“လူကြီးမင်းက ကျုပ်ကို ရှာနေတာလား”
လုချန်က သူ၏ကိုယ်ကို အနည်းငယ် ရွှေ့လိုက်ပြီး တုကူးဖူကွေ့ကို သူ့နောက်တွင် ကွယ်ထားပေးလိုက်သည်။ လက်ရှိအခြေအနေတွင် တုကူးဖူကွေ့က အမြန်သွားပြီး အဝတ်အစားမလဲဘူးဆိုလျှင် သူ သေချာပေါက် ဖုန့်ချန်ဖုန်း၏ အနှိမ်ခံရတော့မည်ဖြစ်သည်။
“မင်းကို ရှာနေတာ ဟုတ်လား”
ဖုန့်ချန်ဖုန်းက သူ၏ ခေါက်ယပ်တောင်ကို ထပ်မံဖြန့်လိုက်ပြီး သူ့ကိုယ်သူ ညင်သာစွာ ယပ်ခတ်လိုက်သည်။
“ငါက မင်းအတွက် အထူးတလည် လာခဲ့တယ်လို့ ပြောမယ်ဆိုရင်တောင် မင်းက အဲဒီလောက် မတန်ပါဘူး။ ငါ မေးမယ်၊ ဟိုရတနာစစ်ဆေးရေးခန်းမပိုင်ရှင်က မင်းသူငယ်ချင်းလား”
“သူက ကျုပ် သူငယ်ချင်းပါ”
လုချန် ခေါင်းညိတ်လိုက်ပြီး ထိုလူကို ကန်ထုတ်ရန် စိတ်ထဲမှ ပြင်ဆင်လိုက်သည်။ ဖုန့်ချန်ဖုန်းသာ တည်းခိုခန်းထဲ ခြေချရဲသည်နှင့် သူ့ကို ချက်ချင်း လိမ့်ထွက်သွားအောင် လုပ်ပစ်မည်။
ကံမကောင်းစွာဖြင့် လုချန် စိတ်ပျက်သွားရသည်။ ၎င်းမှာ ရှန်းရှလောကသို့ ရောက်ကတည်းက အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
ဖုန့်ချန်ဖုန်းက အရမ်း မောက်မာလွန်းလှသည်။ သူက ဤတည်းခိုခန်းထဲသို့ ဝင်ရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ဒူးထောက်နေသော သူ၏အစေခံများသည် နေရာအထားအသိုကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ဒူးထောက်ကာ ရတနာစစ်ဆေးရေးခန်းမဆီသို့ ဦးတည်သွားသော လမ်းကြောင်းတစ်ခု ဖန်တီးလိုက်ကြသည်။
ဖုန့်ချန်ဖုန်းက လူတစ်ယောက်ကို ကျော်လွှားသွားတိုင်း ထိုလူက အရှေ့ဆုံးသို့ အပြေးအလွှားသွား၍ ပြန်လည်ဒူးထောက်ကာ လူသားတံတားတစ်ခုကို ဖန်တီးပေးကြသည်။
ဖုန့်ချန်ဖုန်းက ခြေနှစ်လှမ်းလှမ်းပြီးနောက် လှည့်ကာ လုချန်ကို တစ်ချက်ကြည့်လိုက်သည်။
“မင်း... လုဆိုတဲ့ကောင်ရယ်၊ ပြီးတော့ ဟိုတောသားရယ်... မင်းတို့ နားမလည်သေးဘူး ထင်တယ်။ အလယ်ပိုင်းကုန်းမြေတိုက်မှာ ငါ့ဖုန့်မိသားစုကို ဘယ်သူမှ လာမစမ်းရဲဘူး”
သူ စကားပြောပြီးနောက် ခေါင်းလှည့်သွားကာ လုချန်နှင့် တုကူးဖူကွေ့ကို ထပ်မကြည့်တော့ဘဲ ရတနာစစ်ဆေးရေးခန်းမဆီသို့ တည့်တည့် လျှောက်သွားတော့သည်။
ဒီလူ့ရဲ့ မောက်မာမှုက သာမန်ထက်ကို လွန်ကဲနေပြီး လူတိုင်းကို အထင်သေးနေသလို ပြုမူနေသည်။
တုကူးဖူကွေ့ အသက်ရှူပြင်းနေသည်။
“တောက်... ဒီရိုင်းစိုင်းတဲ့ကောင် ဘယ်က ရောက်လာတာလဲ။ ငါ့ကို ဒီလို လာပြောရဲတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒီနေ့ သူ့ကို ငါ အလွတ်မပေးဘူး”
တုကူးဖူကွေ့က တည်းခိုခန်းထဲမှ အလျင်အမြန် ပြေးထွက်သွားပြီး သူ၏ အခန်းဆီသို့ ပြန်သွားသည်။
လုချန် စကားမပြောနိုင်တော့ဘဲ ခေါင်းခါလိုက်မိသည်။ ဒီလိုလူမျိုးနဲ့ တွေ့ရတာ သူ တကယ်ကို လက်မှိုင်ချချင်စိတ် ပေါက်သွားသည်။ လူတစ်ယောက်ကို 'တောသား' လို့ အထပ်ထပ်အခါခါ ခေါ်ပြီး အလယ်ပိုင်းကုန်းမြေတိုက် အကြောင်းကိုပဲ အမြဲတမ်း ပြောနေတာ။ တုကူးမိသားစုရဲ့ တကယ့်အင်အားဆိုတာ ဒီကုန်းမြေတိုက်ငါးခုကို မဆိုထားနဲ့၊ မဟာတောရိုင်းနယ်မြေမှာတောင် လုံးဝကို အင်အားကြီးမားတဲ့ မိသားစုတစ်ခုဆိုတာကို သူ နည်းနည်းလေးတောင် သိပုံမရဘူး။
ရတနာစစ်ဆေးရေးခန်းမအတွင်းတွင် ဖုန့်ချန်ဖုန်း ခေါ်လာသော အစေခံများက ပင်မတံခါးကြီးကို တွန်းဖွင့်လိုက်ကြသည်။
“ဘယ်သူက အဘိုးကုလဲ”
လူတစ်အုပ်ကြီး အထဲသို့ ဝင်ရောက်လာပြီး ရတနာစစ်ဆေးရေးခန်းမအတွင်း ပြည့်ကျပ်သွားသည်။
“ရတနာယှဉ်ပြိုင်ပွဲ ရှိတယ်။ ရတနာစစ်ဆေးရေးခန်းမမှာ လူတစ်ယောက်က ရတနာလာယှဉ်ပြိုင်နေတယ်”
ဖုန့်ချန်ဖုန်း ရတနာစစ်ဆေးရေးခန်းမအတွင်းသို့ ဝင်ရောက်သွားပြီး ကွမ်းတစ်ယာညပ်ခန့်အကြာတွင် ဤသတင်းက မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
“ဘယ်ရတနာစစ်ဆေးရေးခန်းမလဲ။ ဘယ်သူက ရတနာသွားယှဉ်ပြိုင်တာလဲ”
“သူဌေးလုရဲ့ တည်းခိုခန်းဘေးက ရတနာစစ်ဆေးရေးခန်းမလေ။ ရတနာလာယှဉ်ပြိုင်တဲ့သူက ဖုန့်ချန်ဖုန်းတဲ့”
“အော်... သူက သူ့ညီမအတွက် လက်စားချေဖို့ လာတာကိုး”
“သွားမယ်၊ မြန်မြန်သွားကြည့်ရအောင်”
အချိန်တိုအတွင်းမှာပင် လူအများအပြားက အဘိုးကု၏ ရတနာစစ်ဆေးရေးခန်းမသို့ အုပ်စုလိုက် သွားရောက်ကြသည်။ တစ်ဖက်က သူဌေးလု၏ သူငယ်ချင်းဖြစ်ပြီး အခြားတစ်ဖက်က အလယ်ပိုင်းကုန်းမြေတိုက်၏ အချမ်းသာဆုံးသူဌေး ဖြစ်သည်။ ဤမိသားစုနှစ်ခုသာ ရတနာများ ယှဉ်ပြိုင်ကြမည်ဆိုပါက မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းမည်ကို တွေးကြည့်ရုံမျှဖြင့် သိနိုင်သည်။
*