တုကူးဖူကွေ့ကို ကောက်ကျစ်တယ်လို့ လုချန် ပြောတာက ဒီတိုင်း လျှောက်ပြောနေတာ မဟုတ်ပေ။
တုကူးဖူကွေ့ တစ်ယောက် ပါးစပ်ကနေ တတွတ်တွတ် ဆဲရေးတိုင်းထွာရင်း ရတနာတွေကို ဆက်တိုက် ထုတ်ပစ်နေတာဟာ ဖုန့်ချန်ဖုန်းဆီက ပစ္စည်းတွေ ပိုထုတ်လာအောင် မြှူဆွယ်နေတာဆိုတာကို သူ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
တကယ်လို့ သူသာ အနိုင်ရချင်ရုံသက်သက်ဆိုရင် အင်မော်တယ်လက်နက်တစ်ခုကို တန်းထုတ်လိုက်တာက ပိုမလွယ်ဘူးလား...
ရတနာယှဉ်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ အနိုင်ရသွားရင် ဖုန့်ချန်ဖုန်း ထုတ်ထားတဲ့ ပစ္စည်းတွေအားလုံးကို သူ သိမ်းပိုက်ခွင့်ရမှာ ဖြစ်တဲ့အတွက် တုကူးဖူကွေ့က အခုလို လုပ်ရခြင်း ဖြစ်သည်။
လက်ရှိမှာ ဖုန့်ချန်ဖုန်းက ဒီပစ္စည်းတွေအားလုံးကို အမှိုက်တွေလို သဘောထားပြီး ထုတ်ပစ်နေပေမဲ့ တကယ်လို့ ရှုံးသွားပြီး ဒီပစ္စည်းတွေအားလုံး ပါသွားခဲ့ရင် သူ့နှလုံးသွေးတွေပါ ယိုစီးသွားလောက်မယ်ဆိုတာကို ဖက်တီးဖူကွေ့ ကောင်းကောင်းကြီး သိနေသည်။
အလယ်အလတ်အဆင့် နက်နဲလက်နက်တွေ၊ အဆင့်မြင့် နက်နဲလက်နက်တွေ ဆိုတာထားဦး။ သာမန် အဆင့်နိမ့် နက်နဲလက်နက်တစ်ခုဆိုရင်တောင် ကပ်ဘေးကျော်ဖြတ်ခြင်း ဒုတိယအဆင့် ပညာရှင်တစ်ယောက်ရဲ့ လောဘတကြီး စိုက်ကြည့်တာကို ခံရနိုင်သေးသည်။ အရှေ့ဘက်ကုန်းမြေတိုက် မြို့ပျက်ကြီးတုန်းက တောရိုင်းသရဲတာအိုဆရာဆိုရင် အဆင့်နိမ့် နက်နဲလက်နက်ဖြစ်တဲ့ ရွှေကြိုးလေးတစ်ခုအတွက်နဲ့ လုချန်ကို ပြဿနာ လာရှာခဲ့တာ မဟုတ်ဘူးလား...
ဘေးက ကြည့်ရှုနေသူတွေကတော့ အဲဒီလူနှစ်ယောက်ရဲ့ ဖြုန်းတီးပစ်နိုင်စွမ်းကို ကြည့်ပြီး မျက်လုံးပြူးကာ မှင်သက်နေကြပြီ ဖြစ်သည်။ အစ်ကိုကြီးတို့ရေ အဲဒါတွေက အဆင့်မြင့် နက်နဲလက်နက်တွေဗျ... အဲဒီလိုကြီး အထုပ်လိုက်အပိုးလိုက် လွှင့်ပစ်နေကြတာလား...
ဆင်းရဲမွဲတေမှုက လူတစ်ယောက်ရဲ့ တွေးတောစိတ်ကူးနိုင်စွမ်းကို ဘယ်လောက်တောင် ကန့်သတ်ထားသလဲဆိုတာကို ဒီအချိန်မှာ သူတို့ ကိုယ်တိုင်ကိုယ်ကျ ကောင်းကောင်းကြီး ခံစားလိုက်ရသည်။
“ကောင်းပြီ... ကောင်းပြီလေ... ခွေးကောင်... မင်းကို ငါ တော်တော်လေး အထင်သေးသွားမိတာပဲ။ ဒါပေမဲ့ နောက်တစ်ကွက်မှာတော့ မင်း အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်ကြားက တကယ့်ကွာဟချက်ဆိုတာ ဘာလဲဆိုတာကို မင်းကို ငါ ပြရသေးတာပေါ့”
တုကူးဖူကွေ့ရဲ့ မရပ်မနား ဆဲရေးတိုင်းထွာမှုတွေအောက်မှာ ဖုန့်ချန်ဖုန်း တစ်ယောက် ဒေါသထွက်လွန်းလို့ တုန်ယင်နေပြီ ဖြစ်သည်။
ဒီလူဝကြီးက တကယ်ကို အောက်တန်းကျလွန်းသည်ဟု ဆိုရမည်။ သူက ကျင့်ကြံခြင်းမှာ ပါရမီမပါပေမဲ့ ဆဲဆိုတဲ့နေရာမှာတော့ လုံးဝကို ပါရမီရှင်တစ်ယောက်လိုပင်။ ဆယ်မိနစ်ကို ယွမ်ဆယ်ကျပ်တောင်းတဲ့ အွန်လိုင်းပေါ်နေရာအနှံ့ ပရော်ဖက်ရှင်နယ် ဆဲပေးတဲ့ ဝန်ဆောင်မှုတွေနဲ့တောင် သွားယှဉ်လို့ ရသေးသည်။ သူက ဒေသသုံးစကား အချို့ကိုတောင် သင်ယူထားသေးတာမို့ သူဆဲတဲ့စကားတွေက ပြေပြစ်နေပြီး ဘယ်တော့မှ ထပ်မနေခဲ့ပေ။
ဖုန့်ချန်ဖုန်းက မီးတောက်လို နီရဲနေတဲ့ အပင်ငယ်လေးတစ်ပင်ကို ထုတ်ယူလိုက်သည်။
“အစွန်းရောက်ယန်မြက်ပင်... ဆေးတောင်ကြားက မှော်ဆေးပညာရှင်တွေတောင် ဒီအပင်ကို ငါ့ဆီကနေ ဈေးကောင်းပေးပြီး ဝယ်ချင်ခဲ့ကြတာ”
ဒီတစ်ကြိမ်မှာတော့ ဖုန့်ချန်ဖုန်းက အရင်ကလို ပေါ့ပေါ့တန်တန် လွှင့်ပစ်လိုက်တာမျိုး မလုပ်တော့ဘဲ မီးတောက်လိုနီရဲနေတဲ့ အပင်လေးကို ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ် သတိတကြီး တင်လိုက်သည်။ ချက်ချင်းပင် ကျောက်မျက်အကဲဖြတ်ကျောက်တုံးထံမှ ခရမ်းရောင်အလင်းတန်းများ လင်းလက်လာသည်။
ဒီအရောင်က ထိပ်တန်းအဆင့် နက်နဲလက်နက်တွေထက်တောင် သာလွန်တဲ့ အရာတစ်ခုဆိုတာကို ကိုယ်စားပြုနေသည်။
ကျောက်မျက်အကဲဖြတ်ကျောက်တုံးက တန်ဖိုးဖြတ်တဲ့နေရာမှာ ပစ္စည်းရဲ့တန်ဖိုးကိုသာမက ရှားပါးမှုကိုပါ ထည့်တွက်လေ့ရှိသည်။ တချို့အပိုင်းတွေမှာတော့ ဒါက လူတွေ ခွဲခြားလို့မရတဲ့ အရာမျိုး ဖြစ်သည်။ ဘာလို့လဲဆိုတော့ ကိုယ် မမြင်ဖူးရုံနဲ့ အခြားနေရာမှာ မရှိဘူးလို့ ဆိုလိုလို့မရလို့ပင်။ ဥပမာအားဖြင့် အနောက်ဘက်ကုန်းမြေတိုက်က ပင်လယ်ထွက်ပစ္စည်းတွေလိုမျိုး ဖြစ်သည်။
ဒါပေမဲ့ ကျောက်မျက်အကဲဖြတ်ကျောက်တုံးကတော့ တိကျသေချာပြီး မျှတတဲ့ အကဲဖြတ်မှုကို ပေးစွမ်းနိုင်သည်။
ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်က ခရမ်းရောင်အလင်းတန်းကို မြင်လိုက်ရတဲ့အခါ တုကူးဖူကွေ့ဆီမှာ အခက်တွေ့သွားတဲ့ အမူအရာ ပေါ်လာသည်။ သဘာဝကျစွာပင် သူ့ရဲ့ မျက်နှာအမူအရာက ဖုန့်ချန်ဖုန်းရဲ့ အမြင်ကို မလွတ်ကင်းခဲ့ပေ။
ဖုန့်ချန်ဖုန်းက မောက်မာတဲ့ဟန်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်သွားတာလဲ ခွေးကောင်... မလိုက်နိုင်တော့ဘူးလား... ခုနကတော့ မင်းပါးစပ်က အရမ်းအလုပ်လုပ်နေတာ မဟုတ်ဘူးလား”
တုကူးဖူကွေ့က ပြန်မဖြေဘဲ အနီရောင်အပင်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
“ကျွတ်... ဒီဝတုတ်ကြီးက သရုပ်ဆောင် အရမ်းကောင်းတာပဲ... တကယ်လို့ သူသာ ဒီပြိုင်ပွဲမှာ နိုင်သွားရင် သူ့ဆီကနေ ပိုက်ဆံအများကြီးကို ခေါင်းပုံဖြတ်ပစ်ရမယ်”
လုချန်က ဘေးမှနေ၍ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“မလိုက်နိုင်တော့ဘူးဆိုရင်လည်း မြန်မြန် အရှုံးပေးလိုက်စမ်းပါ... ကိုယ့်အဆင့်ကိုယ်လည်း ပြန်ကြည့်ဦး... ငါနဲ့များ ရတနာယှဉ်ပြိုင်ပွဲ လာလုပ်ဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ”
“ဘယ်သူက မလိုက်နိုင်ဘူးလို့ ပြောနေလို့လဲ”
တုကူးဖူကွေ့က တံတွေးကို ခပ်ပြင်းပြင်း တစ်ချက်မြိုချလိုက်သည်။
“ငါ့ဆီမှာ ဘာရှိလဲဆိုတာ ကြည့်လိုက်စမ်း”
မီးတောက်လို နီရဲနေတဲ့ အရာတစ်ခုက သူ့လက်ထဲမှာ ပေါ်လာပြီး စိတ်ဝိညာဉ်မှိုတစ်ပွင့်ရဲ့ ပုံသဏ္ဍာန် ရှိနေသည်။
“မီးစိတ်ဝိညာဉ်မှို... အဲဒါကလည်း ဆေးဖော်စပ်တဲ့နေရာမှာ သုံးတဲ့ ရတနာပဲ... မင်းရဲ့ အစွန်းရောက်ယန်မြက်ပင်ထက် သိပ်မနိမ့်ကျပါဘူးကွ”
တုကူးဖူကွေ့က မီးစိတ်ဝိညာဉ်မှိုကို ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ် သတိတကြီး တင်လိုက်ရာ မှေးမှိန်သော ခရမ်းရောင်အလင်းတန်းလေး ထွက်ပေါ်လာသည်။ သို့သော် ထိုအရောင်က အစွန်းရောက်ယန်မြက်ပင်လောက်တော့ မတောက်ပခဲ့ပေ။
“ခွေးကောင်... မင်းရဲ့အရောင်က သိပ်မလင်းသလိုပဲ”
“ဟေ့ကောင် ဖုန့်... ဘယ်လောက်ကွာလဲဆိုတာကို ဂရုစိုက်မနေနဲ့... ငါ့ဘက်က မင်းနဲ့ယှဉ်နိုင်တဲ့ ပစ္စည်းတစ်ခု ထုတ်နိုင်ရင် ရပြီလို့ ခုနက မင်းကိုယ်တိုင် ပြောခဲ့တာနော်”
တုကူးဖူကွေ့က ဇွတ်ပေတေကာ ပြောလိုက်သည်။ သူ့စကားတွေက ထွက်ပေါက်ပိတ်နေတဲ့လူတစ်ယောက်ရဲ့ နောက်ဆုံး လက်ကျန်ရုန်းကန်မှုနဲ့ ဆင်တူနေသည်။
“ကောင်းပြီ... ကောင်းပြီလေ... မင်းထုတ်နိုင်သရွေ့ပေါ့... ခွေးကောင်... ဒီတစ်အချီတော့ မင်းကို ငါ အလျှော့ပေးလိုက်မယ်... ဒါပေမဲ့ နောက်တစ်ကွက်မှာ မင်း ဘယ်လို လိုက်မလဲဆိုတာကို ကြည့်ချင်သေးတယ်”
ဒီတစ်ကြိမ်မှာတော့ ဖုန့်ချန်ဖုန်းကလည်း စိတ်ဝိညာဉ်မှိုတစ်ပွင့်ကို ထုတ်ယူလိုက်သည်။
တုကူးဖူကွေ့ရဲ့ မီးတောက်လို နီရဲနေတဲ့ မီးစိတ်ဝိညာဉ်မှိုနဲ့ မတူညီစွာပဲ ဒီစိတ်ဝိညာဉ်မှိုကို သိုလှောင်လက်စွပ်ထဲကနေ ထုတ်ယူလိုက်တာနဲ့ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာသည်။ မှိုတစ်ပွင့်လုံးက ရွှေရောင်တောက်ပနေပြီး အပြင်ဘက်ကို ခေါက်ချိုးကျနေတဲ့ အရွက်သုံးရွက် ပါရှိသည်။
“အရွက်သုံးရွက် ရွှေလင်ဇီး... အဲဒါ တကယ်ကြီး အရွက်သုံးရွက် ရွှေလင်ဇီးပဲ”
ဘေးမှ ကြည့်ရှုနေသူများထဲမှ တစ်ယောက်က ချက်ချင်း မှတ်မိသွားသည်။
“အဲဒါက ဘာကြီးလဲ”
“အဲဒါက ဆေးဖက်ဝင်အပင်တစ်မျိုးပဲ... တကယ်လို့ တိုက်ရိုက် စားသုံးလိုက်မယ်ဆိုရင် မဟာယာနအဆင့်အောက်က မည်သူမဆို ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့် ချက်ချင်း တက်လှမ်းနိုင်တယ်”
အရွက်သုံးရွက် ရွှေလင်ဇီးက အများကြီး မိတ်ဆက်ပေးနေစရာ မလိုဘဲ အာနိသင်ကလည်း တိုတောင်းလှပေမဲ့ လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
မဟာယာနအဆင့်အောက်က မည်သူမဆို ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း တစ်ဆင့် တက်လှမ်းနိုင်တယ်တဲ့လား...
ဒါ... ဒါ... ဒါက အရမ်းကို မယုံကြည်နိုင်စရာ ကောင်းလွန်းမနေဘူးလား...
အဲဒီ ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တွေဆိုတာ တံခါးပိတ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပန်းစား ကျင့်ကြံရင်တောင် သူတို့ရဲ့ လက်ရှိအဆင့်ကနေ အဆင့်တက်နိုင်ဖို့ မသေချာဘူးလေ။ တကယ်လို့ အဆင့်တက်နိုင်ခဲ့ရင်တောင် ကောင်းကင်ကပ်ဘေးရဲ့ ရိုက်ခတ်မှုကို ရင်ဆိုင်ရဦးမှာ ဖြစ်သည်။
ပြီးတော့ ဒီရွှေလင်ဇီး တစ်ပွင့်တည်းက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပန်းစား ကျင့်ကြံရတဲ့ အကျိုးသက်ရောက်မှုနဲ့ ညီမျှနေတယ်ပေါ့...
ဒါဆို သူ့ရဲ့တန်ဖိုးကို ဘယ်လို တွက်ချက်ရမလဲ...
ရွှေလင်ဇီးကို ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ် တင်လိုက်ချိန်မှာတော့ ခရမ်းရောင်အလင်းတန်းက ချက်ချင်း တောက်ပလာပြီး မျက်စိကျိန်းမတတ် လင်းလက်သွားသည်။
ဒီရွှေလင်ဇီးကို ကြည့်ရင်း တုကူးဖူကွေ့ရဲ့ မျက်လုံးတွေထဲမှာ လောဘတကြီး လိုချင်နေတဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ တကယ်လို့ သူသာ ဒါကို စားလိုက်ရရင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်ကို ချက်ချင်း တက်လှမ်းသွားနိုင်မှာ ဖြစ်သည်။
သူ ထုတ်လိုက်တဲ့ ရွှေလင်ဇီးကို တုကူးဖူကွေ့က စိုက်ကြည့်နေတာကို မြင်လိုက်ရတဲ့အခါ ပြိုင်ဘက်ဖြစ်သူရဲ့ မျက်လုံးထဲက အကြည့်ကို ဖုန့်ချန်ဖုန်းက အလွန် သဘောကျသွားသည်။ သူ ထုတ်လိုက်တဲ့ ပစ္စည်းက ပြိုင်ဘက်ကို အံ့အားသင့်သွားစေပြီလေ။
ဒါပေမဲ့ အရှေ့မှာရပ်နေတဲ့ လူဝကြီးက ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်ကနေ နှောင်းပိုင်းအဆင့်ကို အဆင့်တက်ဖို့အတွက် ဒီစိတ်ဝိညာဉ်မှိုကို စားချင်နေတယ်ဆိုတာကို သူသာ သိလိုက်ရရင် သွေးစိမ်းရှင်ရှင် အန်ချမိမှာ အသေအချာပင်။ ဒါက ကပ်ဘေးကျော်ဖြတ်ခြင်း အဋ္ဌမအဆင့် ပညာရှင်တစ်ယောက်က နဝမအဆင့်ကို တက်လှမ်းဖို့အတွက် သီးသန့်သိမ်းထားရတဲ့ အရာမျိုး ဖြစ်ပြီး ကပ်ဘေးကျော်ဖြတ်ခြင်း သတ္တမအဆင့် ပညာရှင်တစ်ယောက်တောင် ဒါကို သုံးဖို့ နှမြောနေမှာ ဖြစ်သည်။
“ကောင်းတယ်... အရမ်းကောင်းတယ်... ဟားဟားဟား”
တုကူးဖူကွေ့က ကျေနပ်အားရစွာ ခေါင်းညိတ်ရင်း ရယ်မောလိုက်သည်။
“ဟေ့ကောင် ဖုန့်... မင်းရဲ့ ဒီရက်ရောလှတဲ့ လက်ဆောင်ကြီးအတွက် ငါ ကျေးဇူးတင်ရမှာပဲ”
“မင်း ဘာသဘောနဲ့ ပြောတာလဲ”
လွန်ခဲ့တဲ့ တစ်စက္ကန့်လေးတင်ကမှ အလွန်အမင်း မောက်မာနေခဲ့တဲ့ ဖုန့်ချန်ဖုန်း တစ်ယောက် တုကူးဖူကွေ့ရဲ့ ရယ်သံထဲမှာ အကြံအစည်တစ်ခုခု ပါနေတာကို ကြားလိုက်ရသည်။
“ဒီသခင်လေးက မင်းနဲ့ ဒီရတနာယှဉ်ပြိုင်ပွဲကို ဆော့ရတာ သဘောကျနေတယ်လို့များ တကယ် ထင်နေတာလား။ ဒီပစ္စည်းတွေအကုန်လုံးကို မောက်မောက်မာမာနဲ့ ထုတ်ကြွားပြီးမှ ပြန်သိမ်းလို့မရတော့တဲ့အခါ မင်းမျက်နှာကြီး ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီသခင်လေးက ကြည့်ချင်ရုံသက်သက်ပဲ။ အဲဒီပုံစံက ဒီသခင်လေးကို အရမ်း သဘောကျစေမှာ သေချာတယ်”
တုကူးဖူကွေ့ရဲ့ အသံက ကျယ်လောင်လှပြီး လူတိုင်းရဲ့ နားထဲကို ရောက်သွားသည်။
“ဟိုလူဝကြီး ပြောလိုက်တာကို ကြားလိုက်ကြလား”
“သူပြောချင်တာက သခင်လေးဖုန့် ဆီက ဒီပစ္စည်းတွေအကုန်လုံးကို သိမ်းလိုက်တော့မယ်ဆိုတဲ့ သဘောလား”
“အရွက်သုံးရွက် ရွှေလင်ဇီးထက် ပိုကောင်းတဲ့ ပစ္စည်းကို သူ ထုတ်နိုင်မယ်လို့များ ထင်နေတာလား။ ခုနက ထွက်လာတဲ့ မျက်စိကျိန်းမတတ် ခရမ်းရောင်အလင်းတန်းကြီးကို သူ မမြင်လိုက်တာ မဖြစ်နိုင်ပါဘူး”
“ငါတို့ သခင်လေးဖုန့်ကို ကျော်တက်ဖို့ ကြိုးစားနေတာက အချည်းနှီးပဲ... အခုလိုအချိန်ကြီးမှာ သူ ဘာသဘောနဲ့ အဲဒီလိုစကားမျိုး ပြောရတာလဲဆိုတာ နားကိုမလည်ဘူး။ အဲဒီလိုပြောလိုက်ရင် မျက်နှာပန်းလှသွားမယ်လို့ ထင်နေတာလား။ သူ တကယ်ကို ဘာမှမသိ...”
မိန်းကလေးက စကားပြောနေရင်းမှ ရုတ်တရက် ပါးစပ်ပိတ်သွားသည်။
ဘာကြောင့်လဲဆိုတော့ ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်မှာ အနက်ရောင်အလင်းတန်း တစ်ခု လင်းလက်လာလို့ပင်။ အစပိုင်းမှာ ဝါးတားတား မှေးမှိန်သော အနက်ရောင်အလင်းတန်းလေးသာ ဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ အနက်ရောင်အလင်းတန်းများက ကျောက်မျက်အကဲဖြတ်ကျောက်တုံးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“အဲဒါက... အင်မော်တယ်လက်နက်လား”
“တကယ်ကြီး အနက်ရောင်အလင်းတန်းကြီးပဲ”
“အဲဒါက မှန်တစ်ချပ်လား...”
အနက်ရောင်အလင်းတန်းရဲ့ အရင်းအမြစ်က ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်မှာ ရှိနေတာကို သူတို့ မြင်လိုက်ရသည်။ လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးနှစ်ဖက်စာလောက်သာ အရွယ်အစားရှိတဲ့ မှန်တစ်ချပ်ဆီကနေ အဖြူနဲ့ အနက်ရောင် အလင်းတန်းတွေ ထွက်ပေါ်နေခြင်း ဖြစ်သည်။
“အလယ်အလတ်အဆင့် အင်မော်တယ်လက်နက် ယင်ယန်ကြေးမုံမှန်... ဟေ့ကောင် ဖုန့်... အခု ပြောစမ်း... ဘယ်သူက ခွေးကောင်လဲဆိုတာကို”
အင်မော်တယ်လက်နက်...
ဒါ တကယ်ကြီး အင်မော်တယ်လက်နက်ပဲ...
လွန်ခဲ့တဲ့ ခဏလေးတင်ကမှ ဒီရတနာယှဉ်ပြိုင်ပွဲမှာ အင်မော်တယ်လက်နက်များ ထွက်လာမလားလို့ တချို့လူတွေက ခန့်မှန်းခဲ့ကြသေးသည်။ ဒါပေမဲ့ အဲဒီခန့်မှန်းချက်တွေက ချက်ချင်းဆိုသလို ပယ်ချခံခဲ့ရသည်။ တချို့ကလည်း တကယ်လို့များ အင်မော်တယ်လက်နက်သာ ထွက်လာခဲ့မယ်ဆိုရင် အဲဒါက ဖုန့်ချန်ဖုန်းဆီကပဲ ဖြစ်လိမ့်မယ်လို့ တွေးခဲ့ကြသည်။
ဒါပေမဲ့ အခုတော့ကော...
အင်မော်တယ်လက်နက်ကို ထုတ်လိုက်တဲ့သူက ဖုန့်ချန်ဖုန်းရဲ့ ပြိုင်ဘက် ဖြစ်နေခဲ့ပြီလေ။
ဒီအချိန်မှာတော့ ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်က မှန်ကိုကြည့်ရင်း ဖုန့်ချန်ဖုန်းရဲ့ မျက်နှာကြီးက ယှဉ်ပြစရာမရှိလောက်အောင်ကို မှောင်မိုက်နေတော့သည်။
*