“လူကြီးမင်းတို့... ကျွန်တော်မျိုး တစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ” ဟု ဆိုလာလေသည်။
ရှေးဟောင်းဆိပ်ကမ်းရပ်ကွက်ရှိ စတုတ္ထမြောက်ရဲစခန်း၏ ရဲအရာရှိချုပ် ဖော့ဒ်ဟာမီလ်သည် မျက်နှာသေဖြင့်ပင် ရဲအရာရှိအားလုံးကို မိတ်ဆက်ပေးနေခြင်း ဖြစ်၏။
“သူကတော့ ကျွန်တော်တို့စခန်းမှာ အလုပ်သင်ဆင်းဖို့ ရောက်ရှိလာတဲ့ ဒုတိယအရာရှိချုပ် ရိုနန်ရေးမွန် ဖြစ်တယ်။ အားလုံးပဲ သူ့ကို ကြိုဆိုလိုက်ကြပါဦး” ဟု ဆိုသည်။
ရဲစခန်းဧည့်ခန်းဆောင်အတွင်းရှိ ရဲအရာရှိတို့သည် တစ်ဦးကိုတစ်ဦး ကြည့်နေကြမိရာ အရာရှိချုပ်က စိတ်မရှည်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည့်အခါမှသာ ကြိုဆိုသည့်အနေဖြင့် လက်ခုပ်တီးရမည်ကို ရုတ်တရက် သတိပြုမိသွားကြလေသည်။
သို့သော်လည်း ထိုလက်ခုပ်သံတို့မှာ ဟိုတစ်စဒီတစ်စနှင့် ဟန်ပြသက်သက်သာ ဖြစ်နေချေသည်။
အကြောင်းရင်းမှာ ထင်ရှားလှပေသည်။
အရာရှိချုပ် ဖော့ဒ်၏ အမူအရာမှာ အလွန်အေးစက်လှသဖြင့် အလုပ်သင်အသစ်အပေါ် စိုးစဉ်းမျှ သဘောကျပုံမရသည်မှာ သိသာလှရာ လက်အောက်ငယ်သားများကလည်း မည်သို့လျှင် တက်ကြွစွာ ကြိုဆိုနိုင်ပါအံ့နည်း။
ထို့ပြင် ရိုနန်၏ ရုပ်သွင်မှာ အလွန်ငယ်ရွယ်လှသဖြင့် မိမိတို့၏ဂုဏ်ပုဒ်ကို အရောင်တင်ရန် စခန်းသို့ လာရောက်သည့် မှူးမတ်မျိုးနွယ်တို့၏ သားသမီးတစ်ဦးနှင့်သာ တူနေပေသည်။
သို့ဖြစ်ရာ ရဲအရာရှိအများစုမှာ ရိုနန်အပေါ် အလိုလိုပင် မကျေမနပ် ဖြစ်နေကြချေပြီ။
အရာရှိချုပ်၏ အေးတိအေးစက်နိုင်မှုနှင့် အရာရှိတို့၏ ဟန်ပြအမူအရာတို့အပေါ် ရိုနန်ကမူ အရေးစိုက်ပုံမရဘဲ “အားလုံးကို ကျေးဇူးတင်ပါတယ်။ နောင်မှာလည်း အတူလက်တွဲ လုပ်ကိုင်သွားဖို့ မျှော်လင့်ပါတယ်” ဟု အေးဆေးစွာပင် ပြောကြားလိုက်လေသည်။
နံနက်ပိုင်းက စတုတ္ထမြောက်ရဲစခန်းသို့ လာရောက်သတင်းပို့စဉ်ကပင် ဖော့ဒ်ဟာမီလ်၏ မကျေနပ်မှုနှင့် မနှစ်လိုမှုကို သူ အတိုင်းသား ခံစားမိခဲ့ပြီး ဖြစ်၏။
ယနေ့မှ စတင်ဆုံဖူးသည့် သူစိမ်းပြင်ပြင် ဖြစ်ပါလျက် ထိုကဲ့သို့သော သဘောထားမျိုး ထားရှိခြင်းမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
စတုတ္ထမြောက်ရဲစခန်းတွင် အလုပ်သင် ဒုတိယအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမည်မှာ လွယ်ကူလှမည် မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သို့သော်လည်း ရိုနန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် ယင်းသို့သော အနှောင့်အယှက်ကလေးက ဘာမျှမဟုတ်ပေရာ။
ရိုးရှင်းလှသော ကြိုဆိုပွဲအခမ်းအနား ပြီးဆုံးသွားသည့်နောက်တွင်မူ ရိုနန်သည် ရှေးဟောင်းဆိပ်ကမ်းရပ်ကွက် စတုတ္ထမြောက်ရဲစခန်းတွင် တရားဝင် စတင်တာဝန်ထမ်းဆောင်လေတော့သည်။
သူ့ကို စခန်း၏ ဒုတိယထပ်ထောင့်စွန်းရှိ အခန်းငယ်တစ်ခုတွင် တာဝန်ပေးအပ်ပြီး လက်ထောက်တစ်ဦးလည်း စီစဉ်ပေးခဲ့၏။
ထိုလက်ထောက်မှာ မိုင်လိုအော်စတင် အမည်ရှိသူဖြစ်ပြီး ရိုနန်နှင့် သက်တူရွယ်တူခန့်ရှိကာ အလုပ်သင်ဆင်းနေဆဲဖြစ်သော စာရေးဝန်ထမ်းတစ်ဦး ဖြစ်သည်။
သူသည် ပိန်လှီကာ စကားပြောရာတွင်လည်း သိမ်မွေ့လွန်းသဖြင့် ယောက်ျားပီသမှု လက္ခဏာပင် မရှိသလောက် နည်းပါးလှ၏။
ယင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် စတုတ္ထမြောက်ရဲစခန်းသို့ မည်သို့မည်ပုံ ဝင်ရောက်လာသည်ကိုပင် စဉ်းစားမရနိုင်အောင် ဖြစ်ရပေသည်။
ဖော့ဒ်ဟာမီလ်သည် ရိုနန်ကို ထိုရုံးခန်းအတွင်းသို့ ပစ်ထားခဲ့ပြီးနောက် မည်သည့်လုပ်ငန်းတာဝန်မျှလည်း မပေးအပ်တော့ဘဲ မိမိဘာသာ အဆင်ပြေအောင် နေထိုင်သွားရန်သာ ရည်ရွယ်ထားပုံ ရပေသည်။
အရာရှိချုပ်၏ ထိုကဲ့သို့သော သဘောထားမှာ စခန်းအတွင်းရှိ အခြားရဲအရာရှိများနှင့် စုံထောက်များအပေါ်တွင်လည်း သက်ရောက်မှု ရှိနေပေ၏။ လူတိုင်းကပင် ရိုနန်နှင့် ခပ်ကင်းကင်းနေရန် တိုင်ပင်မထားဘဲ အလိုလိုပင် သဘောတူထားကြလေသည်။
မိုင်လိုအော်စတင် တစ်ဦးတည်းသာ ရှောင်လွှဲ၍မရသဖြင့် “ဆရာ.. ကျွန်တော့်ကို ဘာများခိုင်းစရာရှိလဲ” ဟု ထိတ်ထိတ်လန့်လန့်ဖြင့် မေးမြန်းရှာ၏။
ရိုနန်သည် အခန်းထောင့်ရှိ ပင့်ကူအိမ်ကို ကြည့်နေရာမှ အကြည့်ကို လွှဲလိုက်ပြီး “ကျွန်တော့်အတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါဦး၊ ပြီးတော့ စခန်းက ဝန်ထမ်းရေးရာ ဖိုင်တွဲတွေကိုလည်း ယူလာပေးပါ၊ ကျေးဇူးပဲ” ဟု ဆိုလိုက်သည်။
မိုင်လိုသည် ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ “ဟုတ်ကဲ့ပါ... ခဏလောက် ပေးပါဦး” ဟု ပြောကာ ထွက်သွားလေသည်။
လက်ထောက် ထွက်သွားသည့်အခါတွင်မူ ရိုနန်သည် စားပွဲ၌ ဝင်ထိုင်လိုက်၏။
စားပွဲခုံပေါ်ကို လက်ဖြင့် အသာအယာ ပွတ်ဆွဲကြည့်လိုက်ရာ သူ၏လက်ချောင်းများတွင် ဖုန်မှုန့်များ ချက်ချင်းပင် ကပ်ပါလာလေသည်။
ရိုးရှင်းလွန်းလှသော အခန်းအပြင်အဆင်နှင့် ဗလာဖြစ်နေသော ဖိုင်တွဲစင်တို့ကို ကြည့်ကာ ရိုနန်မှာ ခေါင်းတရမ်းရမ်း ဖြစ်နေမိတော့သည်။
တော်ဝင်အဆင့်မြင့်ရဲအကယ်ဒမီမှ ဘွဲ့ရရှိပြီးနောက် သူသည် ဆဲလက်စ်တွင် အခြေချနေထိုင်ရန် ရည်ရွယ်ထားသဖြင့် အရှေ့မြို့တော်ရပ်ကွက်တွင် အိမ်ကြီးတစ်လုံးကို အဖိုးအခ အမြောက်အမြားပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် သူ၏ ရဲဝန်ထမ်းမှတ်တမ်းများကိုလည်း ဆဲလက်စ်သို့ ပြောင်းရွှေ့ပေးရန် လန်ဒီမြို့ ဗဟိုရဲဌာနချုပ်သို့ လျှောက်ထားပြီး ဖြစ်သည်။
ပုံမှန်အခြေအနေအရဆိုလျှင် ဤခြောက်လတာ အလုပ်သင်ကာလကို အောင်မြင်စွာ ဖြတ်ကျော်ရုံဖြင့် မြို့တော်တွင် အမြဲတမ်း တာဝန်ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်ပေသည်။
သို့သော်လည်း စတုတ္ထမြောက်ရဲစခန်း အရာရှိချုပ်၏ ရန်လိုသော သဘောထားမှာ ရိုနန်၏ ရှေ့ရေးအတွက် အမှောင်ရိပ် သန်းစေခဲ့ပြီ ဖြစ်၏။
အလုပ်သင်ကာလ အဆုံးသတ်တွင် ဖော့ဒ်ဟာမီလ်၏ ထောက်ခံမှုကို မရရှိခဲ့ပါလျှင် သူ၏အခြေအနေမှာ များစွာ အကျပ်ရိုက်ပေလိမ့်မည်။
ဖော့ဒ်ဟာမီလ်သည်လည်း ထိုအချက်ကို ကောင်းစွာ သိရှိထားပုံ ရပေသည်။ ထို့ကြောင့်ပင် သူ့အား မလိုလားကြောင်းနှင့် အပယ်ခံထားမည် ဖြစ်ကြောင်းကို အထင်အရှား ပြသနေခြင်း ဖြစ်ပေ၏။
ယင်းသို့သော အကျပ်အတည်းကို ကျော်လွှားနိုင်ရန်မှာလည်း လွယ်ကူလှသည် မဟုတ်ချေ။
ရိုနန်သည် ရုံးခန်းအတွင်း တစ်ဦးတည်း နာရီဝက်ခန့် ထိုင်နေသော်လည်း ကော်ဖီရော၊ ဖိုင်တွဲများပါ ရောက်မလာခဲ့ပေ။
နောက်ထပ် ဆယ်မိနစ်ခန့် ကြာသည့်အခါမှသာ မိုင်လိုသည် ဖိုင်တွဲအထူကြီးကို ပွေ့ချီကာ ပြန်လည်ရောက်ရှိလာလေသည်။
အလုပ်သင်အရာရှိလေးမှာ ဖိုင်တွဲများကို မနိုင်မနင်း သယ်လာရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး “ဆရာ... တောင်းပန်ပါတယ်၊ မှတ်တမ်းခန်းမှာ အခက်အခဲလေး နည်းနည်းရှိနေလို့ပါ...” ဟု အားနာတကြီး ပြောရှာသည်။
“ရပါတယ်” ဟု ဆိုကာ ရိုနန်က လက်ကာပြလိုက်ပြီး “ကော်ဖီတစ်ခွက်လောက် သွားဖျော်ပေးပါဦး” ဟု ထပ်မံခိုင်းလိုက်သည်။
“ဗျာ...”
မိုင်လိုမှာ အံ့အားသင့်သွားပြီး “မစ္စ အန်ဂျယ်လီကာ လာမပို့ပေးဘူးလားခင်ဗျ၊ ကျွန်တော် သူမကို ပြောထားခဲ့တာပါ” ဟု ဆိုသည်။
ရိုနန်သည် အလုပ်သင်အသစ်လေးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးလျှင် “နောက်နောင် အန်ဂျယ်လီကာကို မခိုင်းနဲ့တော့” ဟု မိန့်ကြားလိုက်သည်။
အန်ဂျယ်လီကာ ဆိုသည်မှာ မည်သူမှန်း သူ မသိသော်လည်း မိုင်လိုသည် ဖော့ဒ်ဟာမီလ်က သူ့ထံသို့ လွှတ်လိုက်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်မှာ သိသာလှပေသည်။
အကယ်၍ ရိုနန်က မိုင်လိုအပေါ် စိတ်တိုဒေါသထွက်ပြမိပါက သူ၏ မစွမ်းဆောင်နိုင်မှုကို ပြသရာရောက်ပြီး ရဲအရာရှိတို့၏ လှောင်ပြောင်စရာသာ ဖြစ်ပေလိမ့်မည်။
မိုင်လိုသည် နားမလည်သော်လည်း “အော်... ဟုတ်ကဲ့၊ နားလည်ပါပြီ” ဟု ခေါင်းငြိမ့်ကာ “အခုချက်ချင်းပဲ ကော်ဖီသွားဖျော်ပေးပါ့မယ်” ဟု ဆိုကာ အခန်းထဲမှ သုတ်ခြေတင် ပြေးထွက်သွားလေတော့သည်။
ရိုနန်မှာ စကားပင် မဆိုနိုင်တော့ဘဲ စားပွဲပေါ်ရှိ ရဲအရာရှိတို့၏ ကိုယ်ရေးမှတ်တမ်းများကိုသာ အသေအချာ ဖတ်ရှုနေမိတော့သည်။
ရှေးဟောင်းဆိပ်ကမ်းရပ်ကွက် စတုတ္ထမြောက်ရဲစခန်းတွင် အရာရှိချုပ် တစ်ဦး၊ ဒုတိယအရာရှိချုပ် သုံးဦး၊ စုံထောက် တစ်ဆယ့်ခုနစ်ဦးနှင့် ရဲအရာရှိ နှစ်ရာနီးပါး ရှိသဖြင့် အတော်ပင် အင်အားတောင့်တင်းလှသည်ဟု ဆိုရပေမည်။
သို့သော်လည်း လူဦးရေ သုံးသောင်းကျော် နေထိုင်သည့် နယ်မြေ၏ လုံခြုံရေးအတွက် ရဲဝန်ထမ်း နှစ်ရာခန့်မှာ မလုံလောက်လှပေ။
ထိုလူဦးရေ သုံးသောင်းမှာလည်း အမြဲတမ်းနေထိုင်သူများသာ ဖြစ်ပြီး ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်သူများနှင့် မှတ်ပုံမတင်ထားသူများကိုမူ မထည့်သွင်းရသေးပေ။
ရှေးဟောင်းဆိပ်ကမ်းရပ်ကွက်၏ မြေအောက်တွင် လန်ဒီမြို့ကဲ့သို့ပင် ကျယ်ပြောလှသော ရေနုတ်မြောင်းစနစ်များ ရှိနေပေရာ ယင်းမှာ အိုးမဲ့အိမ်မဲ့များ၊ ဂိုဏ်းဝင်များ၊ ဝရမ်းပြေးများနှင့် ပင်လယ်ဓားပြ သူလျှိုများအတွက် နိဗ္ဗာန်ဘုံသဖွယ် ဖြစ်နေချေသည်။
အထက်တန်းလွှာ မှူးမတ်တို့သည် သာမန်အရပ်သားများနှင့် လူတန်းစားနိမ့်ပါးသူများကို ဤအရပ်သို့ မောင်းထုတ်ထားကြသဖြင့် ရှေးဟောင်းဆိပ်ကမ်းရပ်ကွက်၏ လုံခြုံရေးမှာ မြို့တော်တွင် အဆိုးရွားဆုံး ဖြစ်နေရပေသည်။
သို့ဖြစ်ရာ စတုတ္ထမြောက်ရဲစခန်း အပါအဝင် ထိုရပ်ကွက်ရှိ ရဲစခန်းအားလုံးမှာ များစွာ ဖိအားပေးခြင်း ခံနေရပေသည်။
မူလက စတုတ္ထမြောက်ရဲစခန်းတွင် ဒုတိယအရာရှိချုပ် လေးဦး ရှိသော်လည်း ပြီးခဲ့သည့်လက တစ်ဦးမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့သဖြင့် ရိုနန်က အစားဝင်လာခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူသည် မည်သူမျှ မလိုလားသော ဧည့်သည်တစ်ဦးသာ ဖြစ်နေချေ၏။
နောက်ရက်များတွင် ရိုနန်သည် စတုတ္ထမြောက်ရဲစခန်း၌ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
ရာထူးအရဆိုလျှင် အရာရှိချုပ် ဖော့ဒ်ဟာမီလ်၏ အောက်တွင်သာ ရှိသော်လည်း မိုင်လိုမှလွဲ၍ မည်သည့်ရဲဝန်ထမ်းကိုမျှ သူ အမိန့်ပေး၍ မရနိုင်ချေ။
လူတိုင်းက သူ့အပေါ် ဟန်ပြရိုသေမှု ပြသကြသော်လည်း မရှိသကဲ့သို့သာ သဘောထားကြလေသည်။
အရာရှိချုပ် ဖော့ဒ်ကလည်း သူ့အား မည်သည့်လုပ်ငန်းတာဝန်မျှ ပေးအပ်ခြင်း မရှိပေ။
ထို့ကြောင့် ရိုနန်သည် အချိန်အတော်များများကို ရုံးခန်းအတွင်း၌သာ ကုန်ဆုံးစေကာ အမှုတွဲများကိုသာ နေ့စဉ်ဖတ်ရှုနေမိတော့သည်။ တစ်ခါတစ်ရံတွင်မူ မိုင်လိုကို ခေါ်ဆောင်ကာ မိမိပိုင်နက်အတွင်းသို့ လှည့်လည်စစ်ဆေးရင်း နယ်မြေအခြေအနေကို လေ့လာတတ်ပေသည်။
ဤသို့ဖြင့် ရက်သတ္တပတ် နှစ်ပတ်ခန့်မှာ လျင်မြန်စွာပင် ကုန်လွန်သွားခဲ့ရာ ရိုနန်မှာမူ အေးဆေးတည်ငြိမ်စွာဖြင့်ပင် နေထိုင်လျက် ရှိနေပေသည်။ ယင်းသို့သော အခြေအနေကို တစ်စုံတစ်ဦးက သည်းမခံနိုင်တော့သည့် အချိန်အထိပင် ဖြစ်ပေ၏။
***