ညှိနှိုင်းဆွေးနွေးရေး တာဝန်ခံအရာရှိသည် တစ်ကိုယ်လုံး တုန်ယင်နေမိပြီး လက်ထဲမှ အသံချဲ့စက်ပင် လွတ်ကျလုနီးပါး ဖြစ်သွားချေသည်။
ရိုနန်၏ စကားသံများသည် မိမိနားအပါးသို့ ကပ်၍ ပြောဆိုလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ထိုအရာရှိမှာ မသိစိတ်ဖြင့်ပင် နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။
သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ချက်ချင်းပင် နီမြန်းတက်လာတော့သည်။
ရိုနန်၏ တုံ့ပြန်မှုမှာ ထိုအရာရှိ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ပုတ်လိုက်သကဲ့သို့ ရှိပေရာ၊ ယင်းက ထိုသူကို ရှက်စိတ်နှင့် ဒေါသတို့ ပေါင်းစပ်ကာ “ပစ်ခတ်ကြစမ်း” ဟု ဟိန်းဟောက် အမိန့်ပေးစေခဲ့တော့သည်။
ထိုခဏ၌ပင် သေနတ်သံများ တရစပ် ထွက်ပေါ်လာချေပြီ။
အမှန်စင်စစ် ယင်းအရာရှိသည် ပြည်တွင်းရေးရာဌာနအတွင်း၌ ‘ဓားစာခံများ’ ရှိနေသေးသဖြင့် ညှိနှိုင်းရန်သာ တာဝန်ရှိသူ ဖြစ်၏။
တိုက်ခိုက်ရေးကိစ္စရပ်များတွင် အမိန့်ပေးပိုင်ခွင့် သူ၌ မရှိပေ။
သို့သော်ငြားလည်း ပြည်တွင်းရေးရာဌာန ဌာနချုပ်အပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသော အခြေစိုက်တပ်မတော်သားတို့သည် ကြောက်မက်ဖွယ် ကောင်းလှသည့် ရာဇဝတ်ကောင်ကို နှိမ်နင်းရန် အမိန့်ရရှိထားကြပြီးဖြစ်ရာ၊ ၎င်းတို့၏ လက်နက်များမှာလည်း ရိုနန်ထံသို့ အချိန်အတော်ကြာကပင် ချိန်ရွယ်ထားခဲ့ကြပြီး ဖြစ်ပေသည်။
“ပစ်ခတ်ကြ” ဟူသော အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စစ်သည်တို့သည် မသိစိတ်ဖြင့်ပင် မောင်းခလုတ်များကို ဆွဲညှစ်လိုက်ကြတော့၏။
ဒိုင်း... ဒိုင်း... ဒိုင်း...
မျက်စိတစ်မှိတ်အတွင်း၌ပင် မရေမတွက်နိုင်သော ကျည်ဆန်တို့သည် ရိုနန်ထံသို့ မိုးပေါက်များနှယ် ကျရောက်လာကြပြီး ပစ်ခတ်မှုမှာ စစ်ပွဲတစ်ခုအလား ပြင်းထန်လှပေသည်။
လက်ကိုင်သေနတ်များ၊ ရိုင်ဖယ်များ၊ ရိုက်သေနတ်များသာမက ခေတ်မီ ရေအေးပေးစနစ်သုံး စက်သေနတ်များပင် ပါဝင်ချေသည်။
ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် သံမဏိလူသားပင် ဖြစ်လင့်ကစား အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားတန်ရာ၏။
သို့ရာတွင် ရိုနန်သည် လက်တစ်ဖက်ကို မြှောက်လိုက်ရုံမျှဖြင့် မိမိရှေ့သို့ ပြေးဝင်လာသော ကျည်ဆန်အားလုံးကို လေထဲတွင် ရပ်တန့်သွားစေခဲ့သည်။
မည်သည့် ကျည်ဆန်တစ်တောင့်မျှ စိတ်အာရုံစွမ်းအား ဒိုင်းကာကို ဖောက်ထွက်နိုင်ခြင်း မရှိပေ။
ပြင်းထန်လှသော သေနတ်သံတို့သည် တဖြည်းဖြည်း ကျဲပါးသွားကာ ကျည်ကတ်ကုန်သည်အထိ ပစ်ခတ်သော်လည်း မအောင်မြင်ခဲ့ကြသော စစ်သည်တို့မှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြတော့သည်။
မြို့တော်ကို ကာကွယ်နေကြသည့် အခြေစိုက်တပ်မတော်မှ ထူးချွန်စစ်သည်များ ဖြစ်ကြသည့်အားလျော်စွာ အထူးစွမ်းအားရှင်တို့၏ စွမ်းဆောင်ရည်ကို ယင်းတို့ သိရှိနားလည်ကြပါ၏။
သို့သော် မည်သည့် အထူးစွမ်းအားရှင်မျှ ယခုကဲ့သို့သော ထိတ်လန့်တုန်လှုပ်မှုကို မပေးစွမ်းနိုင်ခဲ့ဖူးချေ။
သူတို့ရှေ့မှ မြင်ကွင်းမှာ အံ့ဖွယ်နိမိတ်တစ်ခုနှယ်ပင် ရှိနေတော့သည်။
သေနတ်လက်နက်များမှာ လုံးဝအကျိုးမရှိကြောင်း သိမြင်သွားကြသောအခါ မည်သူမျှ ကျည်ဆန်များကို အလဟဿ မဖြုန်းတီးကြတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားတော့၏။
နောက်ဆုံး စစ်သည်တော်က လက်နက်ကို ချလိုက်သည့်အခါတွင်မှ ရိုနန်သည် ဆန့်တန်းထားသော သူ၏လက်ကို ဆုပ်လိုက်ရာ လေထဲတွင် ရှိနေသော ကျည်ဆန်ထောင်ပေါင်းများစွာတို့မှာ စုစည်းသွားတော့သည်။
မမြင်ရသော စွမ်းအားတစ်ခုက ကျည်ဆန်များကို ကြီးမားသော ကြေးနီလုံးကြီးတစ်ခုအဖြစ် ပုံသွင်းလိုက်ချေပြီ။
ထို့နောက် ရိုနန်က လက်ကို လွှတ်လိုက်ရာ ထိုလေးလံလှသော သတ္တုလုံးကြီးသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်သွားပြီး မာကျောသော မြေသားပြင်ကို ကျင်းကြီးတစ်ခု ဖြစ်သွားစေတော့သည်။
ယင်းမြင်ကွင်းသည် ကြည့်ရှုနေကြသူအားလုံး၏ နှလုံးသားကို ထုနှက်လိုက်သကဲ့သို့ ရှိပေရာ၊ သူတို့၏ စိတ်အစဉ်တွင် ‘ခန့်ညားထိတ်လန့်ခြင်း’ ဟူသော ခံစားချက်တို့မှာ အရှိန်အဟုန်ဖြင့် ရှင်သန်လာကြတော့၏။
သို့သော် အချို့သူများမှာမူ မျက်နှာများ ဖြူဖျော့သွားကြပြီး တိတ်တဆိတ် နောက်ဆုတ်သွားကြသူများပင် ရှိပေသည်။
“ငါ့ရဲ့ အချိန်နဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်”
ရိုနန်က အေးဆေးစွာပင် ဆိုလိုက်သည်။
“ဘယ်သူက တာဝန်ယူပြီး ငါနဲ့ လာဆွေးနွေးမလဲဆိုတာ ဆုံးဖြတ်ဖို့ မင်းတို့မှာ အချိန်နှစ်နာရီ ရမယ်။ နောက်တစ်ကြိမ်သာ ဒီလိုမျိုး ထပ်ဖြစ်လာရင်တော့ ငါ့ဘက်က ညှာတာမှာ မဟုတ်ဘူးလို့သာ မှတ်ထားလိုက်တော့”
ပြည်တွင်းရေးရာဌာနမှ လူများနှင့် မတူသည်မှာ၊ ဤအခြေစိုက်တပ်မတော်သားတို့သည် အမိန့်အရ ဆောင်ရွက်နေကြခြင်း ဖြစ်သဖြင့် ရိုနန်က တစ်ကြိမ်တစ်ခါ သည်းခံပေးလိုက်ခြင်း ဖြစ်ပေသည်။
မဟုတ်ပါက သူသာ တုံ့ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါလျှင် ဤနေရာ၌ ရှိနေသူအားလုံးကို သတ်ဖြတ်ပစ်ရန်မှာ လုံးဝခက်ခဲမည့်ကိစ္စ မဟုတ်ချေ။
အဆင့်၇ အထွတ်အထိပ်တွင် ရှိသော စိတ်အာရုံစွမ်းအားသည် ဆဲလက်စ် တစ်မြို့လုံးကို ချေမှုန်းပစ်ရန် လုံလောက်လှပေသည်။
ရိုနန်အနေဖြင့် ဆွေးနွေးလိုရခြင်းမှာလည်း သူသည် သွေးလနက္ခတ်နယ်မြေမှ လောကမူလအမြုတေကို အောင်မြင်စွာ ရရှိထားပြီးဖြစ်၍ သွေးလနက္ခတ်လက်စွပ်ကိုလည်း သွန်းလုပ်ပြီး ဖြစ်သောကြောင့်ပင်။
သို့ဖြစ်ရာ နောင်တစ်ချိန်တွင် မိမိပိုင်ဆိုင်လာနိုင်ခြေရှိသော ကမ္ဘာကြီးအတွင်း ထိတ်လန့်တုန်လှုပ်မှုများ မဖန်တီးလိုခြင်းကြောင့်လည်း ဖြစ်ပေသည်။
တည်ငြိမ်သော နယ်မြေတစ်ခုသည်သာ ရိုနန်၏ နောင်အနာဂတ် စီမံခန့်ခွဲမှုအတွက် ပိုမိုအကျိုးရှိစေမည် မဟုတ်လော။
စကားပြောဆိုပြီးနောက် သူသည် ခန်းမအတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
ရိုနန်သည် နားနေဆောင်ရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း “ထပ်ပြီး ပုန်းမနေပါနဲ့တော့၊ ငါ့ကို ကော်ဖီတစ်ခွက်လောက် ဖျော်ပေးစမ်းပါ” ဟု ရှေ့ဘက်ရှိ ဧည့်ကြိုကောင်တာဘက်သို့ လှမ်း၍ ပြောလိုက်၏။
ခဏအကြာတွင် ဧည့်ကြိုအမျိုးသမီးလေးတစ်ဦးသည် ကောင်တာအောက်မှ ကြောက်ကြောက်လန့်လန့်ဖြင့် တွားသွား၍ ထွက်လာခဲ့သည်။
သူမမှာ ချောမောလှပသော မိန်းကလေးငယ်တစ်ဦး ဖြစ်သော်လည်း မျက်နှာထက်တွင် မျက်ရည်စများဖြင့် ထိတ်လန့်တုန်လှုပ်နေကာ မျက်ဝန်းအစုံတွင်လည်း အားကိုးရာမဲ့သည့် အရိပ်အယောင်တို့ ထင်ဟပ်နေချေသည်။
သူမသည် တုန်ယင်နေသော ခြေလှမ်းတို့ဖြင့် “သ... သခင်၊ ဘာ... ဘာများ သောက်မလဲဟင်၊ ကော်ဖီလားရှင့်” ဟု မေးမြန်းလိုက်၏။
“ဘာဖြစ်ဖြစ် ရပါတယ်”
ရိုနန်က ညင်သာစွာ ပြန်လည်ဖြေကြားလိုက်သည်။ “မင်းအကြိုက်ဆုံး ကော်ဖီကိုသာ ဖျော်ပေးပါ။ မကြောက်ပါနဲ့၊ ငါ မင်းကို အန္တရာယ် မပေးပါဘူး”
ပြည်တွင်းရေးရာဌာနတွင် လူကောင်းဟူ၍ မရှိသလောက်ပင် ဖြစ်သော်လည်း ဤဧည့်ကြိုမိန်းကလေးကဲ့သို့သော သူများကိုမူ အားလုံးနှင့် တစ်တန်းတည်း ထား၍ မရနိုင်ပေ။
“ဟုတ်ကဲ့ပါ”
ဧည့်ကြိုမလေးသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ကော်ဖီဖျော်ရန် နားနေခန်းသို့ အမြန်သွားလေတော့သည်။
အမှန်စင်စစ် သူမအနေဖြင့် စောစောကပင် ထွက်ပြေးနိုင်သော်လည်း အခွင့်အရေး လွတ်သွားခဲ့ခြင်း ဖြစ်၏။ အချက်ပေးခေါင်းလောင်းသံ မြည်လာသည့်အခါ ကောင်တာနောက်တွင်သာ ပုန်းနေမိရာမှ ရိုနန်၏ လက်ထဲသို့ ကျရောက်သွားခြင်း ဖြစ်ပေသည်။
သို့သော် ထိုမိန်းကလေးသည် ရိုနန်၌ မိမိအပေါ် ရန်ငြိုးမရှိကြောင်း အာရုံခံနိုင်ပေသည်။
ထို့ကြောင့်ပင် သူမသည် တဖြည်းဖြည်းနှင့် စိုးရိမ်စိတ်များ လျော့ပါးလာခဲ့တော့သည်။
ရိုနန်သည် ပြည်တွင်းရေးရာဌာန ခန်းမဆောင်အတွင်း ကော်ဖီသောက်ရင်း အေးဆေးစွာ ရှိနေချိန်တွင် နှစ်ကီလိုမီတာခန့်သာ ဝေးကွာသော ဝန်ကြီးချုပ် စံအိမ်တော်၌မူ အရေးပေါ် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခု ကျင်းပနေလေပြီ။
အစည်းအဝေးကို အင်ဗီယာနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်သူ ချားလ်စ်ဒေါ့တန်က ဦးဆောင်လျက် ရှိပေသည်။
ဤဝန်ကြီးချုပ်ကြီးမှာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်ရာ မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး ဆံပင်များမှာလည်း ဖြူဖွေးနေချေပြီ။
သူ၏ မျက်ဝန်းများတွင် မထိန်းချုပ်နိုင်သော နွမ်းနယ်မှုနှင့် ဒေါသတို့ ထင်ဟပ်နေကာ အသံမှာလည်း အက်ကွဲနေတော့သည်။
“အားလုံးပဲ ဆွေးနွေးကြပါဦး၊ မစ္စတာ ရိုနန်ရေးမွန်ရဲ့ ကိစ္စကို ငါတို့ ဘယ်လိုကိုင်တွယ်ကြမလဲ”
ဤနှစ်သည် ချားလ်စ်ဒေါ့တန်၏ နောက်ဆုံးသက်တမ်း ကုန်ဆုံးမည့်နှစ် ဖြစ်ပြီး အငြိမ်းစားယူရန် နှစ်လမျှသာ လိုတော့သည့်အချိန်တွင် ယခုကဲ့သို့ ခက်ခဲသော ပြဿနာနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤကိစ္စကို စနစ်တကျ မကိုင်တွယ်နိုင်ပါက မြို့တော်အတွင်း ကြီးမားသော ဆူပူသောင်းကျန်းမှုများ ဖြစ်လာနိုင်သည်ကို ဝန်ကြီးချုပ်ကြီး ကောင်းစွာ သိရှိနားလည်ထား၏။
ယင်းက ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့သော သူ၏ ထင်ရှားကျော်ကြားလှသည့် သက်တမ်းတစ်လျှောက်တွင် အမည်းစက် ထင်ကျန်ရစ်စေလိမ့်မည် မဟုတ်လော။
“ဒီလို သတ်ဖြတ်လိုစိတ် ပြင်းပြနေတဲ့ လူသတ်သမားမျိုးနဲ့ မညှိနှိုင်းသင့်ဘူးလို့ ကျွန်တော် ယုံကြည်တယ်”
ဗိုလ်ချုပ်ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မတ်တပ်ရပ်၍ ခန့်ညားသော အသံဖြင့် ဆိုလိုက်သည်။ “သူက ပြည်တွင်းရေးရာဌာနထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေကို ခုလေးတင် ကျူးလွန်ခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံတော်ကို ပြင်းပြင်းထန်ထန် စိန်ခေါ်လိုက်တာပဲ ”
“ဒါဟာ စစ်ပွဲပဲ”
“ဒါကြောင့် ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ အပေးအယူ လုပ်ရမှာ ဖြစ်ပေမယ့်၊ ကျွန်တော်တို့ရဲ့ အထူးချွန်ဆုံး တပ်ဖွဲ့တွေကို စုစည်းပြီး သူ့ကို သတ်ပစ်ဖို့ပါပဲ”
သူ၏ ပြတ်သားလှသော စကားသံများသည် အစည်းအဝေးခန်းမအတွင်း ဟိန်းထွက်သွားတော့၏။
အစိုးရအဖွဲ့ဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ချောင်းဟန့်ကာ မေးမြန်းလိုက်သည်။ “ဗိုလ်ချုပ် အန်ဒရေး၊ ခင်ဗျားရဲ့ ပြတ်သားမှုနဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်၊ ဒါပေမဲ့ သူ့ကို သတ်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကိုရော ထည့်တွက်ထားရဲ့လား”
“သူသာ ဝိုင်းရံထားတာကို ဖောက်ထွက်သွားပြီး ဆဲလက်စ်မြို့ထဲမှာ စိတ်ကြိုက် သတ်ဖြတ်တော့မယ်ဆိုရင် ငါတို့ ဘယ်လောက်အထိ ပေးဆပ်ရမလဲ”
ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ ဗိုလ်ချုပ် အန်ဒရေးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ “နိုင်ငံတော်ရဲ့ တပ်မတော်ဟာ အင်အားအကောင်းဆုံးပါ၊ သူတို့တွေ ဆဲလက်စ် ပြည်သူလူထုရဲ့ လုံခြုံရေးကို ကာကွယ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဆိုလိုက်၏။
သူ၏ စကားသံမှာ ရဲရင့်ပြတ်သားသယောင် ရှိသော်လည်း ဤနေရာရှိ ဝါရင့်နိုင်ငံရေးသမားကြီးများမှာမူ သူ၏ အသံအတွင်း၌ စိုးရိမ်စိတ်များ ကိန်းအောင်းနေသည်ကို ရိပ်မိကြပေသည်။
ထိုအချိန်တွင် အခြားသော အစိုးရအရာရှိတစ်ဦးက နှာခေါင်းပေါ်ရှိ မျက်မှန်ကို ပင့်တင်လိုက်ရင်း “လက်ရှိရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရိုနန်ရေးမွန်ရဲ့ စွမ်းအားဟာ အနည်းဆုံး ပဉ္စမအဆင့်မှာ ရှိပြီး ဆဋ္ဌမအဆင့် ဒါမှမဟုတ် ဒီထက်မက ပိုမြင့်နိုင်တယ်လို့ ယူဆရတယ်” ဟု ပြောဆိုလိုက်တော့သည်။
ယင်းက မည်မျှ အဓိပ္ပာယ်မရှိသော စကားနည်း။
အစိုးရအရာရှိ အတော်များများမှာ မျက်လုံးများ ကစားနေကြတော့သည်။
ရိုနန်ရေးမွန်သည် ပြည်တွင်းရေးရာဌာနသို့ အဖမ်းခံ၍ ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း စစ်ဆေးမေးမြန်းနေစဉ်အတွင်း ရုတ်တရက် ပုန်ကန်ကာ နိုင်ငံတော်၏ အရေးအကြီးဆုံးသော ဌာနအတွင်း စိတ်ရှိတိုင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရာ သူ၏ စွမ်းအားမှာ ငြင်းဆိုဖွယ်မရှိအောင်ပင် ပြင်းထန်လှပေသည်။
သူသည် ဌာန၏ တံခါးဝအပြင်ဘက်၌ ပြသခဲ့သော အံ့မခန်း စွမ်းအားများကြောင့် ဤနေရာတွင် ထိုင်နေကြသူအားလုံး၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြတော့သတည်း။
***