လူဦးရေ ထူထပ်လှသော မြို့တော်ကြီးတစ်ခုအတွင်း အဆင့်မြင့် အထူးစွမ်းအားရှင်တစ်ဦးမှာ ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့သည်ရှိသော် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းဟူသော ဆိုးကျိုးတရားတို့သည်ကား စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေမည်။
သမိုင်းတစ်လျှောက်တွင် ထိုသို့သော အဖြစ်အပျက်များ ရှိခဲ့ဖူးရာ နိုင်ငံတစ်ခုလုံး ပျက်သုဉ်းသည်အထိပင် အကျိုးဆက် ကြီးမားခဲ့ချေသည်။
အင်ဗီယာနိုင်ငံသည် အင်အားတောင့်တင်းသော နိုင်ငံတစ်ခုဖြစ်သည့်အပြင် မြို့တော် ဆဲလက်စ်တွင်လည်း စနစ်ကျသော ကာကွယ်ရေးစနစ် ရှိနေသဖြင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါက အစွမ်းထက်သော အထူးစွမ်းအားရှင်တပ်ဖွဲ့ကို အရေးပေါ် စုစည်းနိုင်စွမ်း ရှိပေရာ၏။
နိုင်ငံတော်နှင့် တော်ဝင်မိသားစုထံတွင် အမှုထမ်းနေသော အဆင့်မြင့် အထူးစွမ်းအားရှင် အရေအတွက်မှာလည်း ဆယ်ဂဏန်းကျော်အထိ ရှိနေပြီ ဖြစ်သည်။
သို့ရာတွင် ထိုအင်အားစုများသည် ရိုနန်ရေးမွန်ကို အမှန်တကယ် တားဆီးနိုင်ပါမည်လောဟု မည်သူကမျှ အာမမခံနိုင်ကြချေ။
အမှန်တကယ် ထိတ်လန့်ဖွယ်ကောင်းသော အချက်မှာ ထောက်လှမ်းရေးဌာနကပင်လျှင် ရိုနန်ရေးမွန်၏ စွမ်းအားအဆင့်ကို တိကျစွာ ခန့်မှန်းနိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။
ယင်းသည်ကား အကြောက်ရွံ့ဆုံးသော အချက်ပင်။
ပဉ္စမအဆင့် စွမ်းအားရှင်သည်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ရာ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်များမှာမူ ဆိုဖွယ်ရာ မရှိတော့ပေ။
ဝန်ကြီးများအဖွဲ့၏ ညီလာခံခန်းမအတွင်းရှိ လေထုမှာလည်း တစ်စတစ်စ ပိုမို လေးလံဖိစီးလာခဲ့သည်။
ဝန်ကြီးများအဖွဲ့အတွင်း အပြင်းထန်ဆုံး ရပ်တည်ချက်ရှိသည်ဟု လူသိများသော ဗိုလ်ချုပ်အန်ဒရေးပင်လျှင် ဤအခိုက်အတန့်၌ နှုတ်ဆိတ်နေရချေပြီ။
အဘယ်ကြောင့်ဆိုသော် အခြေအနေအရပ်ရပ်မှာ ထိန်းချုပ်၍မရအောင် ပျက်စီးသွားခဲ့ပါမူ သူသည်လည်း ထိုတာဝန်ကို ခံယူနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။
“ကျုပ်တို့ ညှိနှိုင်းကြတာပေါ့” ဟု ချားလ်စ်ဒေါ့တန်က ရုတ်တရက် အကြံပြုလိုက်လေသည်။
“ကျုပ်တို့မှာ အချိန်သိပ်မရှိတော့ဘူး။ ရိုနန်ရေးမွန် ဘာကို လိုချင်လဲဆိုတာ အရင်ကြည့်ရမယ်။ အကယ်၍ သူ့ကို ကျုပ်တို့ဘက်ပါအောင် စည်းရုံးနိုင်ရင် နိုင်ငံတော်အတွက် အကျိုးအမြတ် အလွန်ကြီးမားပါလိမ့်မယ်”
ထိပ်တန်း အထူးစွမ်းအားရှင်တစ်ဦး၏ အင်အားသည် နိုင်ငံတစ်ခု၏ ကံကြမ္မာကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိပေရာ ထိုသို့သောသူတစ်ဦး ထပ်မံရရှိခြင်းမှာ နိုင်ငံအချင်းချင်း အင်အားချိန်ခွင်လျှာကိုပင် ပြောင်းလဲသွားစေနိုင်မည် ဖြစ်သည်။
ဝန်ကြီးချုပ်တစ်ဦး၏ ရှုထောင့်မှကြည့်လျှင်မူ သူသည် ဤဆိုးရွားသော အခြေအနေကို ကောင်းမွန်သော အခွင့်အလမ်းတစ်ခုအဖြစ် ပြောင်းလဲပစ်ရန် မျှော်လင့်နေသည်မှာ သဘာဝပင် ဖြစ်၏။
ပြည်တွင်းရေးရာဌာနမှ အသေအပျောက်များနှင့် ပတ်သက်၍မူ...
ဆုံးရှုံးမှုသည် ဆုံးရှုံးမှုသာ ဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရန်မှာမူ မခဲယဉ်းလှပေ။
ဝန်ကြီးများအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တညီတညွတ်တည်း လက်ညှိုးထောင်ကာ “သဘောတူသည်” ဟု မဲပေးလိုက်ကြလေသည်။
ဗိုလ်ချုပ်အန်ဒရေးသည် လက်မထောင်ခဲ့သော်လည်း ကန့်ကွက်ခြင်းလည်း မပြုခဲ့ပေ။
“ကောင်းပါပြီ”
ချားလ်စ်ဒေါ့တန်၏ ပိန်ချိုသော မျက်နှာထက်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာပြီးနောက် “အခု မေးစရာရှိတာက မစ္စတာ ရိုနန်ရေးမွန်နဲ့ ညှိနှိုင်းဖို့ ဘယ်သူ့ကို လွှတ်ကြမလဲ ဆိုတာပါပဲ”
တစ်စုံတစ်ယောက်က ချက်ချင်းပင် “နယ်စားမင်း ဂူစတပ်ရိန်းကို အကြံပြုပါတယ်” ဟု ပြန်လည် ဖြေကြားလိုက်သည်။
“သဘောတူသည်”၊ “သဘောတူသည်” ဟူသော ထောက်ခံသံများမှာလည်း အဆက်မပြတ် ပေါ်ထွက်လာခဲ့ချေသည်။
“ကျောင်းအုပ်ကြီးလား”
တစ်ချိန်တည်းမှာပင် ပြည်တွင်းရေးရာဌာန ခန်းမဆောင်အတွင်း စောင့်ဆိုင်းနေသော ရိုနန်သည် မိမိနှင့် လာရောက်တွေ့ဆုံမည့်သူမှာ ခြင်္သေ့နှလုံးသားနယ်စားမင်း ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သို့သော် ရိုနန်နှင့် ဂူစတပ်ရိန်းတို့၏ ပတ်သက်မှုကို လူအများ သိရှိထားကြသဖြင့် သူသည် များစွာ အံ့အားသင့်ခြင်း မရှိခဲ့ပေ။
ဂူစတပ်ရိန်းသည် တော်ဝင်အဆင့်မြင့်ရဲအကယ်ဒမီ၏ ကျောင်းအုပ်ကြီးအဖြစ် မဟုတ်ဘဲ မြို့စောင့်တပ်၏ ဗိုလ်မှူးတစ်ဦးအနေဖြင့် စစ်ဝတ်စုံအပြည့်၊ ရင်ဘတ်တွင် ဂုဏ်ထူးဆောင်တံဆိပ်များစွာ ချိတ်ဆွဲလျက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်ရင်း ကော်ဖီသောက်နေသော ရိုနန်ကို ကြည့်လိုက်မိရာ ဤခြင်္သေ့နှလုံးသားနယ်စားမင်း၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဝေစီသွားခဲ့ရသည်။
ရိုနန်သည် ဤမျှအထိ ခရီးရောက်လာလိမ့်မည်ဟု ဂူစတပ်ရိန်း အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့မိချေ။
ယင်းမှာ မှင်တက်ဖွယ်ရာပင် ဖြစ်တော့သည်။
သူသည် ရိုနန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး တုန်တုန်ရင်ရင် ဖြစ်နေသော ဧည့်ကြိုမလေးကို လှမ်းခေါ်ကာ “ငါ့ကိုလည်း ကော်ဖီတစ်ခွက်လောက် ပေးပါဦး” ဟု ဆိုလိုက်သည်။
ရိုနန်က ပြုံးလျက် “မစ္စလင်ဒါက ကော်ဖီကို တော်တော်လေး ကောင်းကောင်းဖျော်တတ်တာ” ဟု ပြောလိုက်ရာ ဂူစတပ်က ခါးသက်သက် ပြုံးလိုက်ရင်း—
“ရိုနန်... မင်းနဲ့ ငါဟာ တစ်နေ့မှာ ညှိနှိုင်းရေး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ စကားပြောရလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး”
“နောက်တော့လည်း ကျင့်သားရသွားမှာပါ”
ရိုနန်သည် ကော်ဖီခွက်ကို ချလိုက်ပြီးနောက် “သူတို့ဘက်က ဘယ်လို ကမ်းလှမ်းချက်တွေ ပေးလဲ” ဟု မေးမြန်းလိုက်သည်။
“သူတို့ကိုယ်တိုင်လည်း မသိကြသေးဘူး”
ရိုနန်သည် ပွင့်လင်းသူဖြစ်သဖြင့် ဂူစတပ်ရိန်းကလည်း လှည့်ပတ်မနေဘဲ “သူတို့က မင်းရဲ့ စိတ်ကူးထဲမှာ ဘာရှိလဲဆိုတာကို အရင်ဆုံး သိချင်နေကြတာ။ မင်းရဲ့ တောင်းဆိုချက်တွေက သိပ်ပြီးတော့ မလွန်ကဲဘူးဆိုရင် ငါတို့ ဝန်ကြီးချုပ်က သဘောတူလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် သူက အနားယူတော့မှာ မဟုတ်လား”
ဤခြင်္သေ့နှလုံးသားနယ်စားမင်းသည် ဝန်ကြီးချုပ်အား ပြက်လုံးထုတ်ရင်း စကားကို အဆုံးသတ်လိုက်လေသည်။
ရိုနန်သည် ခဏမျှ စဉ်းစားလိုက်သည်။
အတော်ကြာမှ သူက “ပထမဆုံးအနေနဲ့ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ရတနာတိုက်ထဲကို တစ်ကြိမ် ဝင်ခွင့်ရချင်တယ်။ ဟုတ်တယ်... လေ့လာဖို့သက်သက်ပါပဲ။ ဘာကိုမှ ယူမှာ မဟုတ်ဘူး” ဟု ဆိုလိုက်၏။
ပြည်တွင်းရေးရာဌာန၏ ရတနာစုဝေးရာဂေဟာမှ အကျိုးအမြတ်များစွာ ရရှိထားပြီးဖြစ်ရာ တစ်ကမ္ဘာလုံးမှ ထူးခြားဆန်းပြားသော ရတနာများ စုဝေးရာဖြစ်သည့် တော်ဝင်မိသားစု၏ လျှို့ဝှက်ရတနာတိုက်ကိုလည်း ရိုနန် လက်လွှတ်မခံလိုပေ။
ထိုရတနာများထဲတွင် စစ်ပွဲများမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ၊ မှူးမတ်များထံမှ သိမ်းယူထားသည့် အရာများနှင့် အခြားနိုင်ငံများက တော်ဝင်မိသားစုထံ ဆက်သထားသည့် တန်ဖိုးမဖြတ်နိုင်သော ရတနာများ ပါဝင်ပေ၏။
ထိုအထဲတွင် လောကမူလအမြုတေ ပါဝင်သော ရတနာများစွာ ရှိပေလိမ့်မည်ဟု ရိုနန် ယုံကြည်ထားသည်။
ထိုအချိန်ကျလျှင် သူသည် မည်သည့်အရာကိုမျှ ယူဆောင်ရန် မလိုဘဲ လောကမူလအမြုတေကိုသာ ထုတ်ယူပြီး သွေးလနက္ခတ်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ရုံသာ ဖြစ်ပေသည်။
“တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ရတနာတိုက်လား”
ဂူစတပ်ရိန်းမှာ ချက်ချင်းပင် ခေါင်းခဲသွားရတော့သည်။
အဘယ်ကြောင့်ဆိုသော် ဝန်ကြီးချုပ်ပင်လျှင် တော်ဝင်မိသားစုကိုယ်စား ထိုသို့သော တောင်းဆိုချက်ကို သဘောတူပေးနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။
တော်ဝင်မိသားစု၏ လျှို့ဝှက်ရတနာတိုက်သည် တော်ဝင်သွေးနွယ်စုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပြီး တော်ဝင်မိသားစုဝင် အနည်းငယ်သာလျှင် သိရှိကြခြင်း ဖြစ်သည်။
အကယ်၍ ရိုနန်က သွားရောက်လိုသည်ဆိုပါက ဝန်ကြီးချုပ်အနေဖြင့် ဘုရင်မင်းမြတ်နှင့် ညှိနှိုင်းရမည် ဖြစ်ပေရာ၏။
နားထောင်ရသည်မှာ လွယ်ကူသော်လည်း လက်တွေ့တွင်မူ အလွန်တရာ အခက်အခဲ များလှပေသည်။
“ကောင်းပြီ... တခြား ဘာရှိသေးလဲ”
ခေါင်းခဲစရာ ကိစ္စဖြစ်သော်လည်း ဂူစတပ်ရိန်းသည် သူကိုယ်တိုင်မှာကား စေတမန်သက်သက်သာ ဖြစ်သဖြင့် ချားလ်စ်ဒေါ့တန်အတွက် များစွာ စိုးရိမ်မနေခဲ့ပေ။
“ကျွန်တော် အဂ္ဂိရတ်မျှော်စင် တစ်ခုလည်း လိုချင်တယ်”
ရိုနန်က ဆက်လက်၍ “အဲ့တာက အနည်းဆုံး (၁၀) ထပ်မြင့်ရမယ်၊ ပြီးတော့ ဆဲလက်စ်မြို့ရဲ့ အရှေ့ပိုင်းရပ်ကွက်မှာ ရှိရမယ်” ဟု ဆိုလိုက်ပြန်သည်။
ဂူစတပ်ရိန်းမှာ သွားများပင် ကျိန်းလာရပြန်သည်။
ယခုအချိန်အထိ ဆဲလက်စ်တွင် အဂ္ဂိရတ်မျှော်စင် (၃) ခုသာ ရှိပြီး တစ်ခုချင်းစီမှာ ဒဏ္ဍာရီလာ အဂ္ဂိရတ်ပညာရှင်များ သို့မဟုတ် ၎င်းတို့၏ မျိုးနွယ်စုများ ပိုင်ဆိုင်ကြရာ အလွန်ပင် ရှားပါးလှချေသည်။
(၁၀) ထပ်မြင့်သော အဂ္ဂိရတ်မျှော်စင်တစ်ခု တည်ဆောက်ရန်မှာ အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်အပြင် မြေစျေးကြီးလှသော အရှေ့ပိုင်းရပ်ကွက်၌ တည်ရှိရန် တောင်းဆိုခြင်းမှာလည်း နောက်ထပ် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်ပေသည်။
သို့သော်လည်း ချမ်းသာကြွယ်ဝသော အင်ဗီယာနိုင်ငံအတွက်မူ ထိုကုန်ကျစရိတ်မှာ ကြီးမားသော ပြဿနာတစ်ခုတော့ မဟုတ်ပေ။
သို့ရာတွင် ဝန်ကြီးများအဖွဲ့၏ ဘတ်ဂျက်မှာမူ သတ်မှတ်ချက်ကို များစွာ ကျော်လွန်သွားစေလိမ့်မည် ဖြစ်သည်။
“အကယ်၍ နိုင်ငံတော်က ကျွန်တော့်ရဲ့ ဒီအခြေအနေနှစ်ခုကို သဘောတူမယ်ဆိုရင်...”
ရိုနန်က တည်ငြိမ်သော လေသံဖြင့် “ကျွန်တော် နိုင်ငံတော်အတွက် (၃) ကြိမ်တိုင်တိုင် စေတနာအလျောက် အမှုထမ်းပေးဖို့ ဆန္ဒရှိတယ်” ဟု ပြောလိုက်လေသည်။
(၃) ကြိမ်တိုင်တိုင် ဟုတ်လား။
ဂူစတပ်ရိန်း၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားခဲ့သည်။
ဤခြင်္သေ့နှလုံးသားနယ်စားမင်းသည် မလာရောက်မီကပင် ရိုနန်၏ “ကြီးမားသော အောင်မြင်မှုများ” ကို သိရှိထားပြီးဖြစ်ရာ မိမိရှေ့ရှိ လူငယ်လေး ပိုင်ဆိုင်ထားသော အင်အားကိုလည်း ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ရိုနန်၏ ကတိစကားမှာ နိုင်ငံတော်အတွက် များစွာ အဓိပ္ပာယ်ရှိလှပေသည်။
စေတနာအလျောက်ဟု ဆိုစေဦးတော့ ဖြစ်ပေရာ၏။
“ငါ နားလည်ပြီ”
ဂူစတပ်ရိန်းသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး “ငါ အခုပဲ ဝန်ကြီးချုပ်ဆီကို ပြန်ပြီး အစီရင်ခံပါ့မယ်။ ဒီညှိနှိုင်းမှု အောင်မြင်ဖို့ ငါ့ဘက်က အစွမ်းကုန် ကြိုးစားပေးမယ်၊ ငါ့ရဲ့ သတင်းကိုသာ စောင့်နေတော့” ဟု ဆိုကာ စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားလေသည်။
ဤခြင်္သေ့နှလုံးသားနယ်စားမင်း ထွက်သွားပြီးနောက် ရိုနန်က ဧည့်ကြိုမလေးကို “မုန့်တစ်ခုခု ရှိမလား။ ရှိရင် ကျွန်တော့်ကို နည်းနည်းလောက် ပေးပါဦး၊” ဟု တစ်ဖန် ခိုင်းစေလိုက်ပြန်သည်။
ဂူစတပ်ရိန်းက ရိုနန်၏ အခြေအနေများကို ဝန်ကြီးများအဖွဲ့ထံ အစီရင်ခံလိုက်သောအခါ အတွင်း၌ နောက်ထပ် အငြင်းပွားမှုတစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့ပြန်သည်။
ယင်းမှာ ယခင်ကထက်ပင် ပိုမို ပြင်းထန်လှချေသည်။
အထူးသဖြင့် တော်ဝင်မိသားစုနှင့် ပတ်သက်နေသဖြင့် အခြေအနေမှာ ပိုမို ရှုပ်ထွေးသွားခဲ့သည်။
သို့ဖြစ်ပါ၍ နေဝင်ချိန်ရောက်မှသာ ဂူစတပ်ရိန်းသည် ပြည်တွင်းရေးရာဌာန ခန်းမဆောင်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့လေသည်။
“တော်ဝင်မိသားစုနဲ့ ဝန်ကြီးများအဖွဲ့က မင်းရဲ့ တောင်းဆိုချက်တွေကို သဘောတူလိုက်ပြီ”
ခြင်္သေ့နှလုံးသားနယ်စားမင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း—
“မင်းအတွက် တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ရတနာတိုက်ကို ဖွင့်ပေးလိမ့်မယ်၊ ပြီးတော့ နိုင်ငံတော်က စတုတ္ထမြောက် အဂ္ဂိရတ်မျှော်စင်ကိုလည်း မင်းအတွက် တည်ဆောက်ပေးလိမ့်မယ်”
“အရှေ့ပိုင်းရပ်ကွက်မှာပဲပေါ့”
***