ဆဲလက်စ် တော်ဝင်နန်းတော်၊ နစ်ဟော့ဂ် မျှော်စင်။
နန်းတော်၏ ဗဟိုချက်မတွင် ခန့်ညားထည်ဝါစွာ မားမားမတ်မတ် တည်ရှိနေသော နစ်ဟော့ဂ် မျှော်စင်ကြီးမှာ ဆဲလက်စ် ပြည်ကြီး၏ အထင်ကရ ပြယုဂ်တစ်ခုပင် ဖြစ်ချေသည်။
အဖြူရောင်သန်းနေသော ယင်းမျှော်စင်ကြီးမှာ အမြင့်ပေ နှစ်ရာကျော်မျှ ရှိလေရာ နိုင်ငံအတွင်း အမြင့်ဆုံးသော အဆောက်အအုံအဖြစ် ရာစုနှစ်တစ်ခုတိုင် မည်သူမျှ မကျော်ဖြတ်နိုင်သော စံချိန်ကို တင်ရှိထားပေသည်။
ဒဏ္ဍာရီစကားများအရ ဤမျှကြီးမားလှသော မျှော်စင်ကြီးကို တည်ဆောက်ရန်အတွက် အင်ဗီယာ နိုင်ငံတော်သည် ရွှေဒင်္ဂါးပေါင် သန်းပေါင်းများစွာ အကုန်အကျခံခဲ့ရသည်ဟု ဆိုကြ၏။
တည်ဆောက်ရေး အလုပ်သမားပေါင်း သောင်းနှင့်ချီ၍ အသုံးပြုခဲ့ရသည့်အပြင် အထူးစွမ်းအားရှင် မြောက်မြားစွာလည်း ပါဝင်ကူညီခဲ့ကြသည်ဟု သိရပေရာ၊ ယင်းနစ်ဟော့ဂ် မျှော်စင်ကြီး၏ စစ်မှန်သော ရည်ရွယ်ချက်မှာမူ ယနေ့တိုင် နိုင်ငံတော်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ တည်ရှိနေဆဲ ဖြစ်ချေသည်။
အချို့ကလည်း ယင်းမှာ နိုင်ငံတော်၏ အာဏာစက်ကို ပြသရန်အတွက်သာဖြစ်ပြီး နက္ခတ်တာရာ ကြည့်ရှုခြင်းကဲ့သို့သော သာမန်ကိစ္စရပ်များတွင်သာ အသုံးပြုသည်ဟု ဆိုကြ၏။
အချို့ကမူ မြို့တော်၏ ကာကွယ်ရေးစနစ်တွင် အဓိကကျသော အစိတ်အပိုင်းဖြစ်ပြီး ဤမျှော်စင်ကြီး ရှိနေသရွေ့ ဆဲလက်စ်ပြည်ကြီး ပျက်သုဉ်းမည်မဟုတ်ဟု ယုံကြည်နေကြသည်။
သို့သော်လည်း အခြားသော အယူအဆတစ်ခုမှာမူ ယင်းမျှော်စင်ကြီးမှာ ဝိဇ္ဇာ များ စံမြန်းရာ မျှော်စင်ဖြစ်ပြီး နိုင်ငံတော်၏ အင်အားအကြီးဆုံး ဝိဇ္ဇာကြီး သီတင်းသုံးနေသည်ဟု ဆိုကြပြန်လေသည်။
ဤသို့သော ကောလာဟလများသည် အမှန်တရားနှင့် နီးစပ်သည်ဖြစ်စေ၊ ယုတ္တိမတန်သည်ဖြစ်စေ နစ်ဟော့ဂ် မျှော်စင်ကြီးကို ရာစုနှစ်တစ်ခုတိုင် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းထားခဲ့သည်မှာ အမှန်ပင်ဖြစ်ချေသည်။
ယင်းမျှော်စင်အတွင်းသို့ ဝင်ရောက်ခွင့်ရရှိသူမှာလည်း အလွန်ပင် နည်းပါးလှပေရာ ယနေ့တွင်မူ ရိုနန် တစ်ယောက် ကံကောင်းထောက်မစွာဖြင့် ဝင်ရောက်ခွင့် ရရှိခဲ့လေပြီ။
အကြောင်းမူကား နိုင်ငံတော်၏ လျှို့ဝှက်ရတနာတိုက် မှာ ဤမျှော်စင်ကြီး၏ အောက်ဘက်တွင် တည်ရှိနေသောကြောင့် ဖြစ်ပေသည်။
နန်းတော်အစောင့် နှစ်ဦး၏ လိုက်ပါပို့ဆောင်မှုဖြင့် ရိုနန်သည် စစ်ဆေးရေးဂိတ် မြောက်မြားစွာကို ဖြတ်ကျော်ကာ မျှော်စင်အတွင်းသို့ ရောက်ရှိခဲ့ပြီးနောက် စက်ယန္တရားကြီးတစ်ခုဖြင့် မြေအောက်နက်ရှိုင်းရာသို့ ဆင်းသက်ခဲ့လေသည်။
ခဏတာမျှ မြင်တွေ့လိုက်ရသော မြင်ကွင်းဖြစ်သော်ငြား ရိုနန်သည် ဤမျှော်စင်ကြီး၏ ခန့်ညားထည်ဝါမှုကို စိတ်ထဲကပင် အံ့သြချီးကျူးမိလေတော့သည်။
“သခင်လေးရိုနန်... ရှေ့ကတော်ဝင်မိသားစုရဲ့ လျှို့ဝှက်ရတနာတိုက်ပါပဲ”
နန်းတော်အစောင့်က ရိုသေစွာဖြင့် လမ်းညွှန်ရင်း - “ဥပဒေအရ ကျွန်တော်တို့အနေနဲ့ ဒီအထိပဲ လိုက်ပါခွင့် ရှိပါတယ်” ဟု ပြောကြားလိုက်လေသည်။
ရိုနန်က ခေါင်းညိတ်ပြလိုက်ပြီး ပေသုံးရာခန့် အကွာအဝေးရှိ ရွှေရောင်တံခါးကြီးဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။ မြေအောက်နက်ရှိုင်းသော နေရာဖြစ်သော်လည်း နံရံများတွင် အဖိုးတန်ပြီး လက်ရာမြောက်လှသော မီးဆိုင်းများဖြင့် တန်ဆာဆင်ထားရာ အရပ်မျက်နှာ အနှံ့အပြားမှာ လင်းထိန်နေပေသည်။
လမ်းမကြီး၏ အဆုံးတွင်မူ ပေသုံးဆယ်ကျော် မြင့်မားလှသော တော်ဝင်လျှို့ဝှက်ရတနာတိုက်၏ တံခါးကြီးကို တွေ့မြင်လိုက်ရ၏။ တံခါးမျက်နှာပြင်တစ်ခုလုံးတွင်လည်း ထူးဆန်းသော အမှတ်အသား မြောက်မြားစွာဖြင့် ထွင်းထုထားပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ လွင့်ပျံနေချေသည်။
ရိုနန်၏ အတွေ့အကြုံအရဆိုလျှင် ဤရတနာတိုက် တံခါး၏ ကာကွယ်ရေးစနစ်မှာ ဆဲလက်စ် ပြည်တွင်းရေးရာဌာန ရှိ ရတနာစုဝေးရာဂေဟာ ထက်ပင် များစွာ သာလွန်နေပေသည်။
ထိုရွှေရောင်တံခါးကြီး၏ အရှေ့တွင်မူ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လူပြောင်ကြီးတစ်ဦးမှာ တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့ရ၏။
သူသည် ဆုတောင်းနေသကဲ့သို့လည်းကောင်း၊ သို့မဟုတ် တစ်စုံတစ်ခုသော ကျင့်စဉ် ကို လေ့ကျင့်နေသကဲ့သို့လည်းကောင်း ငြိမ်သက်စွာဖြင့် ခေါင်းငုံ့နေချေသည်။
ရိုနန်သည် သူ၏အကြည့်ကို စူးရှစွာ ထားလိုက်၏။ ရတနာတိုက်ကို စောင့်ကြပ်နေသော ဤလူပြောင်ကြီး၏ ပုံပန်းသဏ္ဍာန်မှာ အင်ဗီယာ တိုင်းရင်းသားများနှင့် မတူကွဲပြားနေသည့်အပြင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း ခန့်မှန်းရခက်လှအောင် နက်ရှိုင်းလှပေသည်။
ရိုနန်သည် သူနှင့် ငါးကိုက်ခန့်အကွာတွင် ရပ်တန့်လိုက်ပြီး အင်ဗီယာဘုရင် ထုတ်ပေးထားသော ခွင့်ပြုမိန့်စာရွက်ကို ထုတ်ပြလိုက်လေသည်။
ထိုအခါ ဝတ်ရုံဖြူနှင့် လူကြီးမှာ ခေါင်းမော့ကြည့်လာ၏။ ခဏတာမျှ အကြည့်ချင်း ဆုံလိုက်သည့်အခါ တည်ငြိမ်နေသော လေထုထဲတွင် ရုတ်ချည်းပင် ထူးဆန်းသော စွမ်းအင်လှိုင်းများ စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုသူ၏ ရုပ်ရည်မှာ လူအုပ်ထဲတွင် တွေ့ခဲ့လျှင် သတိပြုမိမည်မဟုတ်လောက်အောင်ပင် ရိုးရှင်းလှသော်လည်း၊ ဆံပင်နှင့် မျက်ခုံးမွှေး လုံးဝမရှိခြင်းက သူ၏ ပုံပန်းကို ထူးခြားနေစေသည်။
သူ၏ မျက်ဝန်းအစုံမှာမူ ချောက်ကမ္ဘာကဲ့သို့ပင် နက်မှောင်နေပြီး စူးရှသော အလင်းတန်းများ တောက်ပနေချေသည်။
သူ၏ထံမှ ထူးဆန်းသော အရှိန်အဝါများမှာ ဒီရေကဲ့သို့ တိုးဝင်လာသော်လည်း ရိုနန်ကမူ တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ ခွင့်ပြုမိန့်စာရွက်ကို ပေါ့ပါးစွာပင် လှမ်းပေးလိုက်၏။
လူပြောင်ကြီးသည် စာရွက်ကို ဖမ်းယူလိုက်ပြီး လျင်မြန်စွာ စစ်ဆေးကာ အသာအယာ မတ်တပ်ရပ်ရင်း ရိုနန်ကို အရိုအသေ ပြုလိုက်လေသည်။
ထိုအခါမှသာ နှစ်ဦးကြားရှိ တင်းမာနေသော အရှိန်အဝါများမှာ ချက်ချင်းပင် လွင့်ပျယ်သွားတော့၏။
လူပြောင်ကြီးသည် တံခါးကြီးဘက်သို့ လှည့်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ ရှေးဟောင်း ဂါထာမန္တန်များကို ရွတ်ဖတ်လေတော့သည်။
ရိုနန်အနေဖြင့် ထိုမန္တန်များကို နားမလည်သော်ငြားလည်း မြေပြင်မှ ထူးခြားသော အင်အားတစ်ခုမှာ ရွှေရောင်တံခါးကြီးဆီသို့ စီးဝင်သွားသည်ကိုမူ အာရုံခံနိုင်ပေသည်။
ဂျိမ်း...
မြည်ဟည်းသံကြီးနှင့်အတူ ရွှေရောင်တံခါးကြီးမှာ အလယ်မှ ပွင့်ဟသွားပြီး လူတစ်ကိုယ်စာ ဝင်ရောက်နိုင်သော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာချေသည်။
လူပြောင်ကြီးက ရိုနန်ကို ဝင်ရောက်နိုင်ကြောင်း အချက်ပြလိုက်ရာ ရိုနန်သည်လည်း ယုံကြည်ချက်ရှိရှိဖြင့် ရတနာတိုက်အတွင်းသို့ လှမ်းဝင်ခဲ့လေတော့သည်။
သူ ဝင်ရောက်သွားပြီးနောက်တွင်မူ ရွှေရောင်တံခါးကြီးမှာ ဝုန်းခနဲ အသံကြီးဖြင့် နောက်မှ ပြန်ပိတ်သွားလေသည်။ အခြားသူတစ်ဦးဦးသာဆိုလျှင် ထောင်ချောက်အတွင်းသို့ ရောက်ရှိသွားပြီဟု ထင်မှတ်ကာ ထိတ်လန့်သွားနိုင်သော်လည်း ရိုနန်ကမူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။
သူ့ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ကြီးမားကျယ်ပြန့်လှသော မြေအောက် ဘဏ္ဍာတိုက်ကြီးတစ်ခုပင် ဖြစ်ချေသည်။ ဤနေရာတွင် မီးဆိုင်းများ တပ်ဆင်မထားသော်လည်း မှောင်မိုက်နေခြင်း မရှိဘဲ စုပုံထားသော ရွှေဒင်္ဂါးများနှင့် ကျောက်သံပတ္တမြားများမှာ တောင်ကုန်းငယ်များသဖွယ် တဖိတ်ဖိတ် တောက်ပနေပေသည်။
ရွှေနှင့် ရတနာများသာမက ရေတွက်၍မရနိုင်သော ရှေးဟောင်းပစ္စည်းများ တင်ဆောင်ထားသည့် သေတ္တာများနှင့် စင်များမှာလည်း တသီတတန်းကြီး ရှိနေပေရာ ရိုနန်အနေဖြင့် အလီဘာဘာနှင့် သူခိုးလေးဆယ် ပုံပြင်ထဲမှ ရတနာဂူအတွင်းသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားလိုက်ရသည်။
ရိုနန်သည် တောက်ပနေသော ရတနာများကြားမှ မူလစွမ်းအင် များ လွင့်ပျံနေသည်ကို ချက်ချင်းပင် အာရုံခံမိလေသည်။ ယင်းပမာဏမှာ ဆဲလက်စ် ပြည်တွင်းရေးရာဌာနရှိ ရတနာစုဝေးရာဂေဟာထက်ပင် များစွာ သာလွန်နေချေသည်။
သူသည် စိတ်အာရုံစွမ်းအား ကို အသုံးပြုကာ ပစ်မှတ်များကို ချက်ချင်းပင် ဖမ်းယူလိုက်ပြီး သူ၏ ဘယ်ဘက်လက်သူကြွယ်ရှိ သွေးလနက္ခတ်လက်စွပ် ကို အသုံးပြုကာ ကမ္ဘာဦးအမြုတေများကို အဝေးမှနေ၍ စတင် စုပ်ယူလေတော့သည်။
မူလစွမ်းအင် လှိုင်းများမှာ လက်စွပ်ဆီသို့ တိုးဝင်သွားရာ ထိုအဖိုးတန်လက်စွပ်ကြီးမှာ ပိုမို၍ပင် တောက်ပလာခဲ့၏။
ထင်မှတ်မထားသော အကျိုးအမြတ်ကြီးပင် ဖြစ်ချေသည်။
ရိုနန်သည် ဝမ်းသာအားရဖြင့် ပြုံးမိလိုက်လေသည်။ တော်ဝင်ရတနာတိုက်တွင် သူလိုအပ်သောအရာများ ရှိနိုင်သည်ဟု တွေးထားခဲ့သော်လည်း ဤမျှလောက်အထိ များပြားလိမ့်မည်ဟုမူ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း ထိုအချိန်တွင် ထင်မှတ်မထားသော အခြေအနေတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာခဲ့လေသည်။
ရှေ့ဘက် ကိုက်အနည်းငယ်အကွာရှိ ရွှေဒင်္ဂါးပုံကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ရွှေငွေရတနာများမှာ ဟိုမှသည်မှ လွင့်စင်သွားကာ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်၏ ခေါင်းမှာ ထွက်ပေါ်လာခဲ့သည်။
ယင်းသတ္တဝါကြီးမှာ ပြင်းထန်သော ဟိန်းသံကြီးဖြင့် - “ဘယ်သူကများ ငါဂရီဂိုရီ ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်ရဲတာလဲ” ဟု မေးမြန်းလိုက်လေသည်။
ရိုနန်သည် အံ့သြသွားရ၏။
တော်ဝင်ရတနာတိုက်ထဲတွင် ဤကဲ့သို့သော သတ္တဝါမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ယင်းမှာ... နဂါး တစ်ကောင်ပင် ဖြစ်ချေသည်။
ဤလောကတွင် နဂါးဆိုသည်မှာ ဖွတ်ကြီးများသဖွယ် ပုံသဏ္ဍာန်ရှိပြီး အတောင်ပံများ ပါရှိသော ဒဏ္ဍာရီလာ သတ္တဝါကြီးများ ဖြစ်ကြသည်။
ပုံပြင်များတွင်မူ နဂါးများကို နဂါးနက်၊ နဂါးနီ၊ နဂါးပြာ၊ နဂါးဖြူနှင့် သတ္တုနဂါးဟူ၍ ငါးမျိုးခွဲခြားထားပြီး တစ်မျိုးစီတွင်လည်း မတူကွဲပြားသော စွမ်းရည်များ ရှိကြသည်ဟု ဆိုကြ၏။
သို့သော် ယခု ရိုနန်၏ ရှေ့မှောက်တွင်မူ ဒဏ္ဍာရီထဲမှ သတ္တဝါကြီးမှာ အစစ်အမှန် တည်ရှိနေပေပြီ။
ထိုနဂါးကြီးသည် ထရပ်ကာ အတောင်ပံများကို ခါယမ်းလိုက်ရာ ရွှေဒင်္ဂါးများမှာ ပြုတ်ကျသွားပြီး ၎င်း၏ နီညိုရောင် အကြေးခွံများမှာ ပိုမိုတောက်ပလာကာ ရိုနန်ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။
စိတ်ဝင်စားစရာ ကောင်းလှချေသည်။
ရိုနန်သည် မေးစေ့ကို အသာပွတ်ရင်း တွေးတောမိလိုက်၏။ ဤရတနာတိုက်မှာ တော်ဝင်မိသားစု ပိုင်ဆိုင်ခြင်းဖြစ်ရာ အင်ဗီယာဘုရင်အနေဖြင့် ဤနေရာတွင် နဂါးတစ်ကောင် ရှိနေသည်ကို သေချာပေါက် သိရှိမည် ဖြစ်သည်။
သို့သော်လည်း လျှို့ဝှက်သဘောတူညီချက်တွင်မူ ဤအကြောင်းကို တစ်ခွန်းတစ်ပါဒမျှ ပြောကြားခဲ့ခြင်း မရှိပေ။
ယင်းမှာ ထောင်ချောက်ဆင်လိုက်ခြင်းပင် ဖြစ်ချေသည်။
အာဏာရှိသူတို့သည် မည်သည့်အခါမျှ စိတ်နှလုံး ဖြူစင်ကြသူများ မဟုတ်ပေ။ သူတို့အနေဖြင့် ဦးညွှတ်ပြနေခြင်းမှာလည်း သူတို့၏ ဖိနပ်အတွင်း ဝှက်ထားသော ဓားမြှောင်ကို ထုတ်ယူရန်အတွက်သာ ဖြစ်တန်ရာသည်။
ဤနဂါးနီ ကြီးမှာ တော်ဝင်မိသားစုက ရိုနန်အတွက် ကြိုတင်ပြင်ဆင်ထားသော ဓားမြှောင်တစ်စင်းပင် ဖြစ်ပေတော့သည်။
***