“ကျွန်တော့်နာမည်က ရိုနန်ရေးမွန်လို့ ခေါ်ပါတယ်”
ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသော်ငြား ရိုနန်သည် ယဉ်ကျေးပျူငှာစွာပင် ဦးညွှတ်လိုက်ပြီးနောက် -
“ဂရီဂိုရီ အရှင်နဲ့ ဆုံတွေ့ရတာ ဝမ်းမြောက်မိပါတယ်” ဟု ဆိုလေသည်။
“ရိုနန်ရေးမွန် ဟုတ်လား...”
ရွှေဒင်္ဂါးတောင်ကုန်းကြီးပေါ်တွင် ဝပ်စင်းနေသော နဂါးနီကြီးသည် တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ယင်းသတ္တဝါကြီးတွင် လူသားများကဲ့သို့ မျက်ခုံးမရှိသော်လည်း ၎င်း၏ မျက်နှာအမူအရာမှာ အလွန်ပင် ပေါ်လွင်လှပေရာ ဤဧရာမသတ္တဝါကြီး၏ အသိဉာဏ် မြင့်မားပုံကို ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။
“ဒီနာမည်မျိုး တစ်ခါမှ မကြားဖူးပါဘူး”
နဂါးနီကြီး ဂရီဂိုရီသည် ခဏမျှ တွေးတောနေပြီးမှ ခေါင်းကို ခါယမ်းလိုက်ကာ -
“မင်း ဒီကို ဘာကိစ္စနဲ့ လာတာလဲ” ဟု မေးမြန်းလိုက်တော့သည်။
၎င်း၏ မျက်လုံးအစုံမှာ ကောက်ကျစ်စဉ်းလဲမှုတို့ဖြင့် တောက်ပနေပြီး ရိုနန်ကို စမ်းသပ်နေသကဲ့သို့လည်းကောင်း၊ အကဲဖြတ်နေသကဲ့သို့လည်းကောင်း ရှိနေပေ၏။
“ကျွန်တော့်မှာ တော်ဝင်မိသားစုရဲ့ ခွင့်ပြုချက်စာချွန်လွှာ ရှိပါတယ်”
ရိုနန်သည် ဘုရင်မင်းမြတ် ကိုယ်တိုင်ထုတ်ပေးထားသော စာရွက်စာတမ်းကို ထုတ်ပြလိုက်ပြီး -
“ဒီကို လေ့လာကြည့်ရှုဖို့ လာခဲ့တာပါ” ဟု ဆို၏။
“လေ့လာကြည့်ရှုဖို့ ဟုတ်လား...”
နဂါးနီကြီးသည် နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာဖြင့် မှုတ်ထုတ်လိုက်ပြီးနောက် -
“ငါ့အမြင်မှာတော့ မင်းက သူခိုးတစ်ယောက်နဲ့ ပိုတူနေတာပဲ။ ဒီစာရွက်စာတမ်းက ဘာကိုမှ သက်သေမပြနိုင်ဘူး၊ လျှို့ဝှက်ရတနာတိုက်ရဲ့ တံဆိပ်တော်မှ မပါတာ” ဟု ဆိုလေသည်။
လျှို့ဝှက်ရတနာတိုက်၏ တံဆိပ်တော် ဟုတ်သလော။ ရိုနန်သည် ထိုတံဆိပ်တော်မှာ အဘယ်အရာဖြစ်သည်ကို မသိသော်လည်း ဘုရင်မင်းမြတ်သည် သူ့အတွက် နောက်ထပ် ထောင်ချောက်တစ်ခု ဆင်ထားပြန်ပြီဖြစ်ကြောင်း ကောင်းစွာ နားလည်လိုက်ပေပြီ။
သို့ဖြစ်ရာ သူသည် စာရွက်စာတမ်းကို အေးဆေးစွာပင် ပြန်လည်သိမ်းဆည်းလိုက်ပြီး -
“ဒါဆို အရှင်က ဘာကို အလိုရှိတာလဲ” ဟု မေးလိုက်၏။
“မင်းရဲ့ ဘယ်ဘက်လက်က လက်စွပ်ကို ပေးခဲ့စမ်း၊ ပြီးရင်တော့...”
နဂါးနီကြီး၏ အကြည့်တို့သည် အလွန်ပင် လောဘဇော တိုက်သွားကြလေသည်။
၎င်းသည် ရှည်လျားလှသော လျှာကြီးဖြင့် နှုတ်ခမ်းကို သပ်လိုက်ကာ -
“လစ်လိုက်တော့” ဟု ဟိန်းဟောက်လိုက်တော့သည်။
ထိုအခါ ရိုနန်သည် အားရပါးရပင် ရယ်မောမိတော့၏။
ဤသတ္တဝါကြီးကား ဒဏ္ဍာရီပုံပြင်ထဲမှ အရှင်သခင်ကြီးပီသပေရာ သူ့ထံတွင် အဖိုးတန်ဆုံးသော ပစ္စည်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် အကဲဖြတ်နိုင်ပေသည်။
အခြားအချက်များကို ခေတ္တဘေးဖယ်ထားလျှင်ပင် ၎င်း၏ အဖိုးတန်ပစ္စည်း အကဲဖြတ်နိုင်စွမ်းမှာ ထိပ်တန်းအဆင့်၌ ရှိနေသည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“နဂါးအသည်းက အရမ်းမြိန်တယ်လို့ ကျွန်တော် ကြားဖူးတယ်၊ နဂါးနှလုံးသားကလည်း မဆိုးဘူးထင်တာပဲ”
ရိုနန်သည်လည်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း နဂါးနီကြီးအား နှစ်ပေါင်းထောင်ချီ၍ အစာငတ်မွတ်နေသော ငတ်မွတ်ခေါင်းပါးသည့် ဘီလူးသတ္တဝါကြီး တစ်ကောင်ကဲ့သို့ စူးစိုက်ကြည့်လိုက်ကာ -
“နောက်ပြီးတော့...”
သူသည် နဂါးကြီး၏ ဝမ်းဗိုက်အောက်ပိုင်းကို မသကာသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ဂရီဂိုရီသည် ချက်ချင်းပင် ၎င်း၏ မျိုးပွားအင်္ဂါအစိတ်အပိုင်းများဆီမှ စိမ့်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရပြီး ပင်ကိုအသိစိတ်အရ ကြုံ့ဝင်သွားမိ၏။
ယင်းနောက်တွင်မူ နှစ်ပေါင်းများစွာ ကြာအောင် အိပ်စက်ရာမှ နိုးထလာစရှိသေးသော နဂါးနီကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။
၎င်း၏ နဂါးမျက်လုံးအစုံမှ ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်ခြေနှစ်ဖက်ဖြင့် မတ်တပ်ရပ်ကာ အတောင်ပံတို့ကို အစွမ်းကုန် ဖြန့်ကားလိုက်လေသည်။
၎င်း၏ ခန္ဓာကိုယ်မှ မမြင်ရသော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ရိုနန်ရှိရာသို့ ဒီရေလှိုင်းများကဲ့သို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့၏။
၎င်းကား ‘နဂါးနယ်မြေ’ ပင် ဖြစ်ပေ၏။
သွေးလနက္ခတ်နယ်မြေ တွင် သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဖြစ်စေ၊ လူသား သို့မဟုတ် နတ်ဆိုးဖြစ်စေ ဒဏ္ဍာရီအဆင့် သို့ ရောက်ရှိသွားပါက တစ်မူထူးခြားသော နယ်မြေစွမ်းအားကို ပိုင်ဆိုင်နိုင်ကြစမြဲပင် ဖြစ်ချေသည်။
ယင်းနယ်မြေအတွင်း၌ ဒဏ္ဍာရီအဆင့်ရှိ ပုဂ္ဂိုလ်တို့သည် မိမိတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်ကြသော်လည်း ၎င်းတို့၏ ရန်သူများမှာမူ စွမ်းအားများ ဖိနှိပ်ခြင်း ခံရပေရာ ပကတိစွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်တော့ပေ။
ထို့ကြောင့်ပင် ဒဏ္ဍာရီအဆင့်ရှိ ပုဂ္ဂိုလ်တို့သည် ၎င်းအောက်အဆင့်ရှိသူများကို အသာလေးပင် ချေမှုန်းနိုင်ခြင်း ဖြစ်ပြီး လူအင်အား မည်မျှပင် များပြားစေကာမူ အစားထိုး၍ မရနိုင်ခြင်း ဖြစ်ပေသည်။
ဒဏ္ဍာရီအဆင့် စွမ်းအားရှင်တို့သည် သေတ္တုတိုက်ပွဲမျိုး မဟုတ်လျှင် လူအင်အားဖြင့် တိုက်ခိုက်ရုံမျှဖြင့် မည်သို့မျှ အနိုင်မရနိုင်ပေ။
ဂရီဂိုရီသည် နဂါးနီတစ်ကောင် ဖြစ်သည့်အားလျော်စွာ မွေးကတည်းက ထူးကဲသော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဒဏ္ဍာရီနယ်မြေသို့ လွယ်ကူစွာပင် တက်လှမ်းနိုင်ခဲ့သူ ဖြစ်၏။
ဤနဂါးနီကြီးမှာ ငယ်ရွယ်သေးသဖြင့် စွမ်းအားများမှာ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း ၎င်းပိုင်ဆိုင်သော နယ်မြေစွမ်းအားကို ဒေါသတကြီးဖြင့် အပြည့်အဝ ထုတ်လွှတ်လိုက်ပေရာ ရိုနန်အား တစ်ခါတည်းနှင့် အမှုန့်ခြေပစ်ရန် ရည်ရွယ်ထားပုံ ရလေသည်။
သို့ရာတွင် ဂရီဂိုရီ၏ ရည်ရွယ်ချက်ကား အလွန်ပင် ရိုးအံ့အံ့ ဖြစ်နေချေပြီ။ နဂါးနယ်မြေ၏ စွမ်းအားများသည် ရိုနန်ထံသို့ မရောက်ရှိမီမှာပင် အခြားသော စွမ်းအားတစ်ခုနှင့် ထိပ်တိုက်တွေ့ကာ ရှေ့သို့ တစ်လက်မမျှပင် တိုးမရတော့ဘဲ ရပ်တန့်သွားရလေသည်။
ဂရီဂိုရီသည် အံ့အားသင့်သွားရတော့၏။ နယ်မြေစွမ်းအား တစ်ခုကို အခြားသော နယ်မြေစွမ်းအား တစ်ခုဖြင့်သာ တားဆီးနိုင်ပေရာ ရိုနန်သည်လည်း ဒဏ္ဍာရီအဆင့်ရှိသူ တစ်ဦး ဖြစ်လိမ့်မည်ဟု ၎င်းက လုံးဝ မျှော်လင့်မထားခဲ့ပေ။
ထိုအခါ နဂါးနီကြီးသည် ချက်ချင်းပင် လေသံပြောင်းသွားကာ တည်ငြိမ်သွားပြီး -
“အရှင်ရိုနန်...” ဟု လေးနက်သော အသံဖြင့် ခေါ်လိုက်လေသည်။
သွေးလနက္ခတ်နယ်မြေတွင် ဒဏ္ဍာရီအဆင့်ရှိသူ မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ကြသော်လည်း အမြင့်ဆုံးသော စွမ်းအားရှင်များ ဖြစ်ကြသည့်အတိုင်း အရေအတွက်မှာ အလွန်ပင် နည်းပါးလှပေလိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က နဂါးများသည် တစ်ကမ္ဘာလုံးကို စိုးမိုးထားနိုင်လောက်အောင် အစွမ်းထက်ခဲ့ကြသော်လည်း ယခုအခါတွင်မူ မျိုးနွယ်စုကြီး ငါးခုလုံးပေါင်းလျှင်ပင် အရွယ်ရောက်ပြီး နဂါးအရေအတွက်မှာ တစ်ရာပင် မပြည့်တော့ဘဲ ဆုတ်ယုတ်လာခဲ့ရပေပြီ။
အကယ်၍ ထိုနဂါးများသာ စုစည်းမိပါက ကမ္ဘာပေါ်တွင် ဝင့်ကြွားနိုင်သော နဂါးနိုင်ငံတော်ကြီးကို တည်ထောင်နိုင်မည် ဖြစ်သော်လည်း မျိုးနွယ်စု ငါးခုအကြား အငြင်းပွားမှုများကြောင့် မဟာမိတ်ဖွဲ့ရန်မှာ မဖြစ်နိုင်သလောက်ပင် ရှိပေသည်။
ထူးခြားသော အကြောင်းပြချက်အချို့ကြောင့် ဂရီဂိုရီသည် အင်ဗီယာတော်ဝင်မိသားစု နှင့် တင်းကျပ်သော ကတိကဝတ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ရတနာတိုက်ကို နှစ်ပေါင်းတစ်ရာ ကြာအောင် စောင့်ကြပ်ပေးရန် သဘောတူခဲ့ခြင်း ဖြစ်ပေသည်။
၎င်းအနေဖြင့် ဤတာဝန်ကို လက်ခံခဲ့သည့် အဓိက အကြောင်းရင်းတစ်ခုမှာ ရွှေနှင့် ရတနာများအပေါ် ထားရှိသော ၎င်း၏ လောဘဇောကြောင့်လည်း ပါဝင်ပေသည်။
ကတိကဝတ်အရ သတ်မှတ်ထားသော သက်တမ်းစေ့သွားပါက ဤနေရာရှိ ရတနာများ၏ ထက်ဝက်ကို ဂရီဂိုရီက ပိုင်ဆိုင်ရမည် ဖြစ်ရာ ယင်းကား အလွန်ပင် များပြားလှသော ပမာဏ ဖြစ်ပေသည်။
သို့သော် ယင်းမှာ နဂါးနီကြီးအနေဖြင့် ဒဏ္ဍာရီအဆင့်ရှိသူ တစ်ဦးနှင့် တိုက်ပွဲ ဆင်နွှဲလိုသည်ဟု မဆိုလိုပေ။
၎င်းသည် ရိုနန်နှင့် ထပ်မံညှိနှိုင်းလိုသော်လည်း ရိုနန်ကမူ သူ၏ ‘နိုက်’ အမျိုးအစား ခြောက်လုံးပြူးသေနတ်ကြီးကို ထုတ်ယူလိုက်ပြီ ဖြစ်ချေသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
သေနတ်သံ ခြောက်ချက်မှာ ဂရီဂိုရီ၏ ဦးခေါင်းကို ထိမှန်သွားပြီး တောက်ပသော မီးပွားများ လွင့်စင်ကာ နဂါးသွေးများ နေရာအနှံ့ ဖွာထွက်သွားတော့၏။
ယင်းမှာ နဂါးနီကြီးအနေဖြင့် အိမ်မက်ထဲတွင်ပင် ထည့်မမက်ဖူးသော အချင်းအရာ ဖြစ်ပေသည်။
နဂါးနယ်မြေ၏ အကာအကွယ်အပြင် ၎င်း၏ နဂါးအကြေးခွံများမှာ အလွန်ပင် မာကျောလှပေရာ အနီးကပ် အမြောက်ဖြင့် ပစ်ခတ်လျှင်ပင် အရာထင်ရုံမျှသာ ရှိပြီး ပေါက်ထွက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော် ရိုနန်သည် သေးငယ်လှသော ခြောက်လုံးပြူးသေနတ် တစ်လက်ဖြင့်ပင် ၎င်း၏ နယ်မြေအကာအကွယ်နှင့် အကြေးခွံများကို ထိုးဖောက်ကာ အသားထဲအထိ နာကျင်အောင် လုပ်ဆောင်နိုင်ခဲ့ပေပြီ။
ဤကား အဘယ်ကဲ့သို့သော လက်နက်မျိုးပါနည်း။
ပြင်းထန်လှသော နာကျင်မှုကြောင့် ဂရီဂိုရီသည် အသိဉာဏ်ကင်းမဲ့သွားပြီး ဝေဟင်သို့ ပျံတက်လိုက်ကာ ၎င်း၏ ဧရာမပါးစပ်ကြီးကို ဖြဲ၍ ရိုနန်ရှိရာသို့ အလွန်ပူပြင်းလှသော အငွေ့အသက်များကို မှုတ်ထုတ်လိုက်တော့သည်။
၎င်း၏ ဝမ်းဗိုက်အတွင်းရှိ အထူးစွမ်းအားရှင်သုံး ပစ္စည်းများကို ကိုယ်ပိုင်စွမ်းအင်ဖြင့် အပူပေးကာ ဒီဂရီထောင်ချီရှိသော မီးလျှံများကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပေရာ ယင်းမီးလျှံများသည် ကမ္ဘာပေါ်ရှိ မည်သည့်သတ္တုကိုမဆို အရည်ပျော်စေနိုင်စွမ်း ရှိပေသည်။
ထိုစွမ်းအားကြီးမားလှသော မီးလျှံများသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရိုနန်ထံသို့ ရောက်ရှိသွားတော့၏။
အလွန်အမင်း မြင့်မားလှသော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ ရွှေငွေရတနာများပင် အရည်ပျော်စပြုလာချေပြီ။
ရိုနန်သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ကာ စိတ်အာရုံစွမ်းအား ကို အသုံးပြု၍ အကာအကွယ်ဒိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းနှင့် လေးငါးမီတာ အကွာအဝေးမှပင် နဂါး၏ မီးလျှံများကို တားဆီးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် ခြောက်လုံးပြူးသေနတ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး မြေပြင်ပေါ်ရှိ ရွှေဒင်္ဂါး အမြောက်အမြားကို လှမ်းယူလိုက်၏။
ရိုနန်၏ ထိန်းချုပ်မှုအောက်တွင် ထိုရွှေဒင်္ဂါးများသည် ပူပြင်းလှသော နဂါးမီးလျှံများကို ဖြတ်သန်းသွားကြပြီး ချက်ချင်းပင် ရွှေရည်များအဖြစ် အရည်ပျော်သွားကြတော့သည်။
ရိုနန်၏ ရှေ့မှောက်၌ ရွှေရည်လုံးကြီး တစ်လုံး ပေါ်လာပြီး ဘေးတိုက်သို့ လျင်မြန်စွာပင် ရှည်ထွက်သွားလေသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ငါးမီတာခန့် ရှည်လျားသော ရွှေရောင်လှံရှည်ကြီး တစ်စင်း ပေါ်ထွက်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရေတွက်၍ မရနိုင်သော မှော်သင်္ကေတများ ထင်ဟပ်လာတော့၏။
ဤမြင်ကွင်းကို မြင်လိုက်ရသော ဂရီဂိုရီ၏ နဂါးမျက်လုံး အစုံမှာ ပြူးကျယ်သွားရတော့သည်။
“နဂါးသတ်လှံ”
နဂါးနီကြီးသည် ထိုစကားလုံးသုံးလုံးကို အံကြိတ်၍ ပြောလိုက်ပေရာ ၎င်း၏ အသံထဲတွင် အဆုံးစွန်သော ဒေါသနှင့် နာကြည်းမှုတို့ ပြည့်နှက်နေပေတော့သတည်း။
***