“အင်း... ကျွန်တော့်ကို အဲ့ဒီလိုမျိုးကြီး မကြည့်ပါနဲ့လား။ အများဆုံးဖြစ်ရင် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ကျွန်တော် စဉ်းစားပေးပါ့မယ်။”
ဝမ်မုန့်ရဲ့ အကြည့်အောက်မှာ လင်းချီယဲ့ အနည်းငယ် နေရခက်သလို ခံစားလိုက်ရတယ် ။
ဝမ်မုန့်က လင်းချီယဲ့ဘက်ကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်တယ် “မင်း ဝတုတ်ကို သိလား။”
လင်းချီယဲ့ ကြောင်သွားရတယ် ။
“ဘာလဲ။”
ဒါက နာမည်ပြောင်တစ်ခုပဲ ဖြစ်တဲ့အတွက် သူမ ဘယ်သူ့ကို ရည်ညွှန်းနေမှန်း လင်းချီယဲ့ သိနိုင်မဲ့ နည်းလမ်း မရှိပါဘူး ။
“သူက ဝဝတုတ်တုတ် ဘုန်းကြီးတစ်ပါးလေ။ အမြဲတမ်း ပြုံးနေတတ်တဲ့သူ။” ဝမ်မုန့်က ထပ်ပြောလိုက်တယ် ။
အမြဲတမ်း ပြုံးနေတတ်တဲ့ ဝဝတုတ်တုတ် ဘုန်းကြီးတစ်ပါးလား ။
လင်းချီယဲ့ရဲ့ စိတ်ထဲမှာ လူပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာတယ် ။
နဂါးနက်ဆီက အချက်အလက်တွေ ရရှိပြီးနောက်မှာ သူ့ကို အမြဲတမ်း စောင့်ကြည့်နေတဲ့ ဝဝတုတ်တုတ် ဘုန်းကြီးဟာ နတ်ဘုရားနန်းတော်က အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်လို့ သူ သံသယဝင်ခဲ့တယ် ။
အခု ဝမ်မုန့်ရဲ့ စကားကို ကြားရတဲ့အခါမှာတော့ သူဟာ ဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်တယ် ။
“သိတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က သိပ်တော့ မရင်းနှီးကြဘူး။”
လင်းချီယဲ့ ခေါင်းငြိမ့်ပြလိုက်တယ် ။
ဒီအဖြေကို ကြားလိုက်ရတဲ့အခါ ဝမ်မုန့်ရဲ့ မျက်နှာအမူအရာဟာ တဖြည်းဖြည်းနဲ့ ပြန်လည် တည်ငြိမ်သွားတယ် ။
သူမက လင်းချီယဲ့ကို ကြည့်ပြီး ဆက်ပြောတယ် “ဒါဆိုရင် ဝတုတ်က ကျွန်မကို တကယ် မလိမ်ခဲ့တာပဲ။ ဆရာ့ရဲ့ ဟောကိန်းက တကယ်ပဲ ပြည့်လာတော့မှာပေါ့...”
ဒီအချိန်မှာ ဝမ်မုန့်ဟာ အရင်ကလို သေရမှာကို ကြောက်နေတဲ့ အမူအရာမျိုး မရှိတော့သလို မိန်းကလေးငယ်လေးအဖြစ် ပြောင်းလဲခဲ့စဉ်ကလို သွက်လက်မှုမျိုးလည်း မရှိတော့ပါဘူး ။
သူမဆီမှာ ကူကယ်ရာမဲ့နေတဲ့ ခံစားချက်တစ်ခုသာ ရှိနေတော့တယ် ။
“မင်းက ဟောကိန်းတွေ ဘာတွေအကြောင်းပဲ ခဏခဏ ပြောနေတာပဲ။ အဲ့ဒီ ဟောကိန်းဆိုတာက အတိအကျ ဘာကို ဆိုလိုတာလဲ။”
ဝမ်မုန့်ကြောင့် လင်းချီယဲ့ရဲ့ စပ်စုချင်စိတ်က နိုးကြားလာခဲ့တယ် ။
အရင်တုန်းကတော့ ဒီဟောကိန်းဟာ မိစ္ဆာတွေဆီက လာမဲ့ အန္တရာယ်အကြောင်းပဲလို့ သူ ထင်ခဲ့ပေမဲ့ အခုတော့ သူ့နဲ့ တခြား ပတ်သက်မှုတစ်ခုခု ရှိနေပုံရတယ် ။
ဝမ်မုန့်က ခေါင်းမော့ပြီး လင်းချီယဲ့ကို ကြည့်လိုက်တယ် ။ အတော်ကြာပြီးမှ သူမက ဖြည်းဖြည်းချင်း ပြောလိုက်တယ် “ဒါက ကျွန်မရဲ့ ဆရာ ချန်ရစ်ခဲ့တဲ့ ဟောကိန်းတစ်ခုပါ။ သူမက တစ်ချိန်တုန်းက ရှေးဟောင်းခေတ်က အထွတ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ မဟာစစ်ပွဲကြီး ပြီးသွားတဲ့နောက်မှာတော့ တခြား ပညာရှင်တွေလိုပဲ ဆရာလည်း ပျောက်ကွယ်သွားခဲ့တယ် ။”
“ဆရာ မပျောက်ကွယ်သွားခင်မှာ ဟောကိန်းနှစ်ခု ချန်ရစ်ခဲ့တယ် ။ ကမ္ဘာကြီးဟာ ပြင်ပနယ်ပယ်က မျိုးနွယ်စုတွေရဲ့ ကူးစက်ခြင်းကို ခံရပြီး ညစ်ပတ်တဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာ တစ်ခုပေါ့။ နောက်တစ်ခုကတော့ ဒီကမ္ဘာကြီးကို ကယ်တင်မဲ့ ‘ဖြေဆေး’ အကြောင်း ဟောကိန်းပါပဲ။”
“ပထမ ဟောကိန်းကတော့ မကြာသေးခင် နှစ်တွေအတွင်းမှာ ပြည့်လာခဲ့ပြီ။ ဒါပေမဲ့ နောက်ထပ် တစ်ခုကိုတော့ လူတွေက အမြဲတမ်း သံသယဝင်နေကြတုန်းပဲ။ အဲ့ဒီ ‘ဖြေဆေး’ ဆိုတာကြီးက တကယ် မတည်ရှိပါဘူးဆိုပြီးတော့ပေါ့။”
ဝမ်မုန့်က ဒီလိုပြောနေရင်းနဲ့ လင်းချီယဲ့ကို ကြည့်နေတဲ့ သူမရဲ့ မျက်လုံးတွေက တုန်လှုပ်နေတယ် ။ သူမက သံသယဝင်နေပုံရပေမဲ့ အဲ့ဒီစိတ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့တယ် ။
သူမက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဆက်လက် ရှင်းမပြတော့ပါဘူး ။ အဲ့ဒီအစား လင်းချီယဲ့ကို မေးလိုက်တယ် “မင်းက ဒီကမ္ဘာက မဟုတ်ဘူး မလား။”
လင်းချီယဲ့ လန့်သွားရတယ် ။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ စကားပြောလိုက်တယ် ။
“မဟုတ်ဘူး။”
အရင်တုန်းကတော့ ဒီကမ္ဘာက ဒေသခံတွေဟာ သူဟာ ပင်မကမ္ဘာက လာတယ်ဆိုတာကို စိတ်တောင် မကူးနိုင်ခဲ့ကြပါဘူး ။
ဒါပေမဲ့ သူ ဒီကို ရောက်လာကတည်းက သူ့ရဲ့ မွေးဖွားပြီး ဒုတိယမြောက်နေ့ကစလို့ သူကိုယ်တိုင်တောင် မသိဘဲ နတ်ဘုရားနန်းတော်က လူတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတယ် ။
တကယ်လို့ နတ်ဘုရားနန်းတော်က လူတွေက သူ့အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့ရင် သူ အခုအချိန်ထိ အသက်ရှင်နေနိုင်မှာ မဟုတ်ပါဘူး ။
လင်းချီယဲ့ရဲ့ အတည်ပြုချက်ကို ကြားလိုက်ရတဲ့အခါမှာတော့ ဝမ်မုန့်ရဲ့ မျက်နှာမှာ စိတ်ပျက်သွားတဲ့ အမူအရာတစ်ခု ပေါ်လာတယ် ။ သူမကို ကြည့်ရတာ အရင်ကလို နုနယ်ပြီး ကလေးဆန်တဲ့ ပုံစံမျိုး မဟုတ်တော့ပါဘူး ။
သူမက သက်ပြင်းကို ဖြည်းဖြည်းချင်း ချလိုက်တယ် ။
“ဟောကိန်းက မှန်နေပုံရတာပဲ။”
လင်းချီယဲ့ ဇဝေဇဝါဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်တယ် ။
“မင်း ရှင်းရှင်းလင်းလင်း ပြောလို့ မရဘူးလား။ မင်း ပြောနေတာတွေကြောင့် ငါ့ခေါင်းတွေ နာလာပြီ။”
ဝမ်မုန့်က လင်းချီယဲ့ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ် ။
“ထားလိုက်ပါတော့။ မင်းက ကျွန်မရဲ့ သခင်အသစ် ဖြစ်လာပြီဆိုမှတော့ မင်းနဲ့ သေချာ စကားပြောရမှာပေါ့။”
သခင်အသစ်လား ။
လင်းချီယဲ့ ကြောင်အမ်းအမ်း ဖြစ်နေတုန်းမှာပဲ ဝမ်မုန့်က ဟောကိန်းအကြောင်း စတင် ပြောပြနေပြီ ဖြစ်တယ် ။
သူမရဲ့ အရင်သခင် ချန်ရစ်ခဲ့တဲ့ ဟောကိန်းထဲမှာ မိစ္ဆာတွေ ကမ္ဘာကို ကျူးကျော်လာလိမ့်မယ်လို့ ဖော်ပြထားရုံတင် မဟုတ်ဘဲ တခြားကမ္ဘာက လူတစ်ယောက်ဟာလည်း မိစ္ဆာတွေလိုပဲ တစ်နေ့မှာ ရောက်ရှိလာလိမ့်မယ်လို့ ဆိုထားတယ် ။
ဟောကိန်းအရ အဲ့ဒီလူက ယုတ်ညံ့တဲ့ စွမ်းအားတွေကို သန့်စင်ပေးနိုင်ပြီး ဒေသခံ သတ္တဝါတွေကို ဦးဆောင်ကာ မကောင်းဆိုးဝါးတွေကို တိုက်ထုတ်လိမ့်မယ်လို့ ဆိုတယ် ။
ဒါပေမဲ့ ‘ဖြေဆေး’ ပေါ်လာရုံနဲ့တင် ဒီအန္တရာယ်ကြီးက ပြေလည်သွားမှာ မဟုတ်ပါဘူး ။
ဟောကိန်းထဲမှာ တခြား ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေလည်း ရှိနေပါသေးတယ် ။ အများစုကတော့ ကမ္ဘာကြီးဟာ ကျူးကျော်ခြင်းကို ခံရပြီး မိစ္ဆာတွင်းကြီးအဖြစ် ပြောင်းလဲသွားမယ်ဆိုတာတွေပါပဲ ။
ဝမ်မုန့်နဲ့ လင်းချီယဲ့တို့ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေဟာ ဟောကိန်းရဲ့ လမ်းကြောင်းတွေ ဆုံတွေ့ရာ နေရာမှာ ဖြစ်နေခဲ့တယ် ။
နောက်ဆုံး ရလဒ်က ဘယ်လိုပဲ ဖြစ်ဖြစ် သူမဟာ အဲ့ဒီ ‘ဖြေဆေး’ နဲ့ ပတ်သက်ဆက်နွှယ်နေဖို့ ကံပါလာပြီးသား ဖြစ်တယ် ။
ဒီလို ဆက်နွှယ်နေတယ်ဆိုတာက စာသားအတိုင်း တကယ်ပဲ ထပ်တူကျနေလိမ့်မယ်လို့ ဝမ်မုန့် မထင်ခဲ့ပါဘူး ။
“ဒါဆိုရင် အဲ့ဒီ ဟောကိန်းကြောင့် မင်းက ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်တာပေါ့ ဟုတ်လား။”
ဘာအကြောင်းပြချက်မှ မရှိဘဲ နတ်ဘုရားလက်နက်တစ်ခုကို အလကား ရလိုက်တဲ့အတွက် လင်းချီယဲ့ အံ့အားသင့်နေမိတယ် ။
ဝမ်မုန့်က သူမရဲ့ ခေါင်းကို ခါယမ်းလိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ် ။
“ဟောကိန်းကြောင့် မဟုတ်ပါဘူး။ မင်းက ဟောကိန်းကို အစပျိုးပေးလိုက်လို့ ကျွန်မမှာ မင်းကို သခင်အဖြစ် အသိအမှတ်ပြုဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့တာပါ။ ကျွန်မက ဆရာ့ရဲ့ နတ်ဘုရားလက်နက်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပေမဲ့ ဆရာ့လိုမျိုး တည်ရှိမှုတစ်ခု ပိုင်ဆိုင်တဲ့ စွမ်းအားက မင်း စိတ်ကူးထားတာထက် အများကြီး ပိုပါတယ်။ ကျွန်မရဲ့ စွမ်းအားက တစ်ထောင်ပုံ တစ်ပုံပဲ ကျန်တော့ရင်တောင် ဒါက သာမန်လူတွေ ကိုင်တွယ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။”
နတ်ဘုရားလက်နက်တစ်ခုက ပိုင်ရှင်ကို အသိအမှတ်ပြုဖို့ ဆိုတာက ဖြစ်ခဲတဲ့ အခြေအနေတစ်ခုပါပဲ ။ ကောင်းကင်ဘုံအဆင့် ပညာရှင်တစ်ယောက်တောင်မှ နတ်ဘုရားလက်နက်တစ်ခုကို အတင်းအဓမ္မ အညံ့ခံခိုင်းလို့ မရနိုင်ပါဘူး ။
လင်းချီယဲ့ဟာ ဟောကိန်းထဲက လူဖြစ်တယ်လို့ ဝမ်မုန့် အသေအချာ ယုံကြည်သွားရတဲ့ အကြောင်းရင်းကတော့ သခင်အဖြစ် အသိအမှတ်ပြုပြီးနောက်မှာ လင်းချီယဲ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ သူမရဲ့ လက်ရှိ အခြေအနေဟာ ထပ်တူကျသွားလို့ပါပဲ ။
သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်သွားကြပြီ ဖြစ်တဲ့အတွက် လင်းချီယဲ့ဟာ စိတ်ကူးလိုက်ရုံနဲ့တင် ဝမ်မုန့်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တယ် ။
အလားတူပဲ ဝမ်မုန့်ကလည်း အဲ့ဒီ ချိတ်ဆက်မှုကတစ်ဆင့် လင်းချီယဲ့ ဘာလိုအပ်နေလဲဆိုတာကို သိရှိနိုင်ပြီး သူမဘာသာ ကူညီပေးနိုင်မှာ ဖြစ်တယ် ။
လင်းချီယဲ့ အလွန် ဝမ်းသာသွားရတယ် ။ အိမ်မှာ ထိုင်နေရင်းနဲ့ ဒီလို ကောင်းတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး ။
ဝမ်မုန့်ဟာ အဲ့ဒီ ပညာရှင်ရဲ့ နတ်ဘုရားလက်နက်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပေမဲ့ သူမရဲ့ စွမ်းအားဟာ သူ ပိုင်ဆိုင်ထားသမျှ ရတနာတွေထက် ပိုမို အစွမ်းထက်တယ်ဆိုတာကို သူ ခံစားမိတယ် ။
အဲ့ဒီအထဲမှာ အမြင့်မြတ်ဆုံးပုလဲ တောင် ပါဝင်နေပါတယ် ။
လင်းချီယဲ့ရဲ့ မျက်လုံးထဲက ဖုံးကွယ်မထားတဲ့ ဝမ်းသာမှုကို မြင်လိုက်ရတဲ့အခါ ဝမ်မုန့်က ရုတ်တရက် နှာခေါင်းရှုံ့လိုက်တယ် ။
***