“သခင်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် သတိမေ့သွားခဲ့ပါတယ်။ ကျွန်တော်တို့က သတင်းကို အပြင်မပေါက်ကြားအောင် ထိန်းထားခဲ့ရပါတယ်။ အခုတော့ ချန်ရှီ နဲ့ တခြားသူတွေက သခင်ရဲ့ ခန္ဓာကိုယ်ကို စောင့်ကြပ်နေကြပါတယ်။”
နဂါးနက်က ကြောက်ရွံ့ ရိုသေစွာနဲ့ ပြန်ဖြေလိုက်တယ် ။
လင်းချီယဲ့က နဂါးနက်က ဘာဖြစ်လို့ ဒီလောက်အထိ နှိမ့်ချနေရတာလဲဆိုတာကို တွေးတောမိပေမဲ့ အဲ့ဒါကို သိပ်ပြီး ဂရုမစိုက်တော့ပါဘူး ။ သူက လှည့်ထွက်လာပြီး မြို့စောင့်နတ်ဘုရားကျောင်းရဲ့ နောက်ဖေးကွင်းပြင်ကို ပြန်လာခဲ့တယ် ။
နောက်ဖေးကွင်းပြင်က ရှုပ်ပွနေတဲ့ ဥယျာဉ်ကို ရှင်းလင်းထားပြီးသား ဖြစ်သလို ပြိုကျ ပျက်စီးနေတဲ့ အဆောက်အဦးတွေကိုလည်း အကုန်လုံး ပြုပြင်ထားပြီးပြီ ဖြစ်တယ် ။
နောက်ဖေးကွင်းပြင်က ခန်းမဆောင်ကြီးထဲမှာတော့ သားသတ်သမား ၊ ချန်ရှီ နဲ့ ဟို့ထု တို့က တံခါးဝမှာ စောင့်ကြပ်နေကြတယ် ။ လိန်မွန်း ကတော့ ခန်းမထဲမှာ လင်းချီယဲ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ရှု စောင့်ရှောက်ပေးနေတယ် ။
“သခင်လား။”
သူတို့တွေ ရုတ်တရက် ပေါ်လာတဲ့ လင်းချီယဲ့ကို မြင်လိုက်ရတဲ့အခါ ချက်ချင်းဆိုသလို စိတ်ဓာတ်တွေ နိုးကြားသွားကြတယ် ။
အိမ်ထဲမှာ ရှိနေတဲ့ လိန်မွန်း ကလည်း အပြင်က အသံကို ကြားလိုက်ရတဲ့အတွက် အလျင်အမြန် ပြေးထွက်လာခဲ့တယ် ။
“မင်း... မင်း ဒီရက်တွေမှာ ဘယ်တွေ သွားနေတာလဲ။ မင်းရဲ့ ခန္ဓာကိုယ်က ဘာလို့ ရုတ်တရက် သတိမေ့သွားရတာလဲ။ ငါတို့မှာတော့ စိုးရိမ်လွန်းလို့ သေတော့မလို့ပဲ သိရဲ့လား။”
လင်းချီယဲ့ရဲ့ စွမ်းရည်တွေက ပိုပြီး အစွမ်းထက်လာကတည်းက လိန်မွန်း နဲ့ သူ့ကြားက အကွာအဝေးက အရင်ကလို မနီးကပ်တော့ပါဘူး ။
သူမက သားသတ်သမား နဲ့ ချန်ရှီ တို့ထက် သူ့နဲ့ ပိုပြီး နီးစပ်တယ်ဆိုပေမဲ့ သူမရဲ့ နောက်ပြောင်တဲ့ စကားတွေကို သူ မကြားရတော့တာ ကြာပါပြီ ။
လင်းချီယဲ့က သူ့ဘာသာ သက်ပြင်းချလိုက်မိတယ် ။
လိန်မွန်း ဟာ သူ ဒီကမ္ဘာမှာ ပထမဆုံး မိတ်ဆွေဖွဲ့ခဲ့တဲ့သူ ဖြစ်တယ် ။ သူမရဲ့ ကျင့်စဉ်အဆင့်ကြောင့် သူ သူမကို အထင်သေးမှာ မဟုတ်ပါဘူး ။
ဒါပေမဲ့ လိန်မွန်း ကတော့ သူ့လို မဖြစ်နိုင်ပါဘူး ။ စွမ်းအားချင်း ကွာခြားချက် သိပ်မရှိသေးတဲ့ အစောပိုင်း ကာလတွေမှာတော့ သူမက ပေါ့ပေါ့ပါးပါး ဆက်ဆံနိုင်ခဲ့ပါသေးတယ် ။
ဒါပေမဲ့ လင်းချီယဲ့ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေ တဖြည်းဖြည်း ပေါ်လာတဲ့အခါမှာတော့ သူ့ရဲ့ ရန်သူတွေကလည်း ပိုပြီး အားကောင်းလာသလို သူ့ဆီမှာလည်း လက်အောက်ငယ်သားတွေ ပိုများလာခဲ့တယ် ။
လိန်မွန်း ရဲ့ သူ့အပေါ်မှာ ရှိတဲ့ ရိုသေမှုကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့တယ် ။
ပါရမီရှင်တွေရဲ့ လောကထဲမှာတော့ ပါရမီရှင်ချင်းပဲ သူငယ်ချင်းအဖြစ် ဆက်လက် တည်မြဲနိုင်ကြတာပါ ။
တခြားသူတွေကတော့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဝေးကွာသွားကြပြီး နောက်ဆုံးမှာတော့ သူစိမ်းတွေလို ဖြစ်သွားတတ်ကြတယ် ။
ဒါက ဘယ်ခေတ် ၊ ဘယ်နေရာမှာမဆို ရှောင်လွှဲလို့ မရနိုင်တဲ့ ပြဿနာတစ်ခုပါပဲ ။
“ငါ ကိစ္စတစ်ခု သွားလုပ်နေတာပါ။ ဒီရက်တွေမှာ မင်းတို့ ပင်ပန်းသွားပြီ... သွားပြီး နားကြတော့။”
လင်းချီယဲ့က လိန်မွန်း ကို ကြည့်ပြီး ပြုံးပြလိုက်တယ် ။
လိန်မွန်း ရဲ့ မျက်နှာအမူအရာက အေးခဲသွားရတယ် ။ သူမ မေးခွန်းတွေ အများကြီး မေးမိသွားပြီဆိုတာကို သိလိုက်ရတယ် ။
ထင်ထားတဲ့အတိုင်းပဲ... သူတို့တွေက အရင်လို ပြန်မဖြစ်နိုင်တော့ဘူး ။
“ဟုတ်ကဲ့။”
လိန်မွန်း က အရင်ဆုံး ထွက်ခွာသွားခဲ့ပြီး ချန်ရှီ ၊ သားသတ်သမား နဲ့ ကျန်တဲ့သူတွေကလည်း သူမနောက်ကနေ ထပ်ချပ်မကွာ လိုက်သွားကြတယ် ။
တကယ်တော့ လင်းချီယဲ့က လိန်မွန်း ရဲ့ မေးခွန်းကို မဖြေခဲ့တာက သူ ဒီရက်ပိုင်းမှာ အရမ်း ပင်ပန်းနေလို့ပါ ။
ဒါ့အပြင် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကိုလည်း အများကြီး သုံးထားရတဲ့အတွက် အခုအချိန်မှာ သူ နားချင်နေတာပဲ ဖြစ်တယ် ။
ခန်းမဆောင်ကြီးထဲမှာတော့...
ဒါက ခမ်းနားထည်ဝါတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေမဲ့ လင်းချီယဲ့ရဲ့ ခန္ဓာကိုယ်ကတော့ အနှစ်သာရ မရှိဘဲ ဗလာ ဖြစ်နေတယ် ။ အဲ့ဒီနေရာက တိတ်ဆိတ် ခြောက်ကပ်နေတယ် ။
လင်းချီယဲ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားတဲ့အခါမှာတော့ နတ်ဘုရားလက်နက် ဝမ် ကလည်း သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားခဲ့တယ် ။
ဝမ်မုန့် နဲ့ လင်းချီယဲ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက တစ်ခုနဲ့တစ်ခု ကပ်နေခဲ့တာ ဖြစ်ပေမဲ့ လင်းချီယဲ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားတဲ့အခါမှာတော့ သူက လွတ်လပ်စွာ လှုပ်ရှားနိုင်သွားပြီ ဖြစ်တယ် ။
သူ နာလန်ထူဖို့ ကြိုးစားနေတုန်းမှာပဲ ဝမ်မုန့်က သူ့ရဲ့ အာရုံထဲကို ဝင်လာခဲ့တယ် ။
သူ့ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲက ကြီးမားလှတဲ့ လျှပ်စီးဘီလူးကြီးကို မြင်တဲ့အခါ ဝမ်မုန့် အံ့သြသွားရတယ် ။
“ဝါး... မင်းက တကယ်ပဲ ကိုယ်ပွားအဆင့်မှာပဲ ရှိနေတာလား။ မင်းရဲ့ စိတ်ဝိညာဉ် ပင်လယ်က မသေမျိုးတစ်ယောက်ရဲ့ နတ်ဘုရားနယ်ပယ်နဲ့တောင် ယှဉ်လို့ ရနေပြီပဲ။ အပြင်က နဂါးက မင်းကို ဘာလို့ ကြောက်နေရတာလဲဆိုတာ မဆန်းတော့ပါဘူး။”
“မင်းဘာသာ မင်း အရင်ကစားနေဦး။ ငါ နားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းညှိဖို့ လိုအပ်တယ်။ ငါ နာလန်ထူလာပြီးရင်တော့ ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပေါင်းစပ်မှု ပြီးဆုံးအောင် အလျင်အမြန် လုပ်ရမယ်။”
လင်းချီယဲ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားတဲ့အခါ သူ ပိုပြီး ပင်ပန်းသလို ခံစားလိုက်ရတယ် ။ သူ စကားပြောပြီးတာနဲ့ မျက်လုံးကို မှိတ်လိုက်ပြီး ငြိမ်သက်သွားခဲ့တယ် ။
တစ်ရက် ကြာပြီးနောက်မှာတော့ လင်းချီယဲ့က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားခဲ့ပြီ ဖြစ်တယ် ။
“မင်းရဲ့ ခန္ဓာကိုယ်က ထူးဆန်းလိုက်တာ။ ဒါက နတ်ဘုရားနန်းတော်က ဆရာကြီးတွေ ကျွန်မအတွက် ဖန်တီးပေးခဲ့တဲ့ ခန္ဓာကိုယ်တွေထက်တောင် ပိုပြီး သန့်စင်နေသေးတယ် ။”
ဝမ်မုန့်က လင်းချီယဲ့ရဲ့ အာရုံထဲမှာ တစ်ရက်လုံး ရှိနေခဲ့တာ ဖြစ်တယ် ။ သူမက လင်းချီယဲ့ နိုးလာတာကို မြင်တဲ့အခါ သူ့နားကို မချဉ်းကပ်ဘဲ မနေနိုင်တော့ပါဘူး ။
လင်းချီယဲ့က ခန္ဓာကိုယ်အကြောင်း သူမကို ရှင်းမပြတော့ပါဘူး ။ အဲ့ဒီအစား သူမကို ကြည့်ပြီး ပြောလိုက်တယ် “နောက်ထပ် နှစ်ရက်လောက်တော့ မင်းကို အားကိုးရတော့မယ်။ ငါ့ရဲ့ ခန္ဓာကိုယ် ပေါင်းစပ်မှုက အပြည့်အဝ ဖြစ်မဖြစ်ဆိုတာ မင်းအပေါ်မှာ မူတည်နေတယ်။”
ပြန်လာတဲ့ လမ်းမှာတင် လင်းချီယဲ့က သူ ဘာအကူအညီ လိုအပ်လဲဆိုတာကို ဝမ်မုန့်ကို ပြောပြထားပြီးသား ဖြစ်တယ် ။
ဝမ်မုန့်ကလည်း ပွင့်လင်းစွာနဲ့ပဲ သူမရဲ့ ရင်ဘတ်ကို ပုတ်ပြီး ကတိပေးလိုက်တယ် “စိတ်မပူနဲ့။ ကျွန်မကိုပဲ လွှဲထားလိုက်စမ်းပါ။ ဒါက လွယ်လွယ်လေးပါ။ ၁၅ မိနစ်အတွင်း အပြီးလုပ်ပေးမယ်။”
လင်းချီယဲ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ တစ်ဝက်ထက်မက ပေါင်းစပ်ပြီးသား ဖြစ်တယ် ။ ဒါပေမဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေအတွက်ဆိုရင် အနည်းဆုံး ရက်ဝက်လောက် လိုဦးမှာ ဖြစ်တယ် ။
အခု ဝမ်မုန့်က ၁၅ မိနစ်အတွင်း ကူညီနိုင်တယ်လို့ ယုံကြည်ချက်ရှိရှိ ပြောနေတာက သူမ ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို ပြသနေတာပါပဲ ။
“စလိုက်ရအောင်။”
လင်းချီယဲ့ စကားပြောပြီးတာနဲ့ ဝမ်မုန့်က သူမရဲ့ နယ်ပယ်ကို ချက်ချင်း အသက်သွင်းလိုက်တယ် ။
သန့်စင်သောကလေးငယ်မြို့တော်ရဲ့ နယ်မြေတစ်ခုလုံးကို အဲ့ဒီ နယ်ပယ်က လွှမ်းခြုံသွားခဲ့တယ် ။
လူတိုင်းရဲ့ စိတ်ဝိညာဉ် လှုပ်ခတ်မှုတွေကို ဝမ်မုန့်က အကုန်လုံး ဖမ်းယူလိုက်နိုင်တယ် ။
လူတွေရဲ့ ဆုတောင်းသံတွေဟာ စိတ်ဝိညာဉ် အာရုံ ပင်လယ်ထဲမှာ ပဲ့တင်ထပ်နေတယ် ။
သူမ ခံစားမိလေလေ ၊ ပိုပြီး အံ့သြမိလေလေ ဖြစ်နေတော့တယ် ။
“ဘုရားရေ... မင်းရဲ့ နယ်မြေထဲမှာ ယုံကြည်သူတွေက အများကြီးပဲ။ ပြီးတော့ သူတို့တွေက အရမ်းလည်း သဒ္ဓါတရား ထက်သန်ကြတာပဲ။ မင်း ဘယ်လိုများ လုပ်ထားတာလဲ။”
“သူတို့အပေါ် ကောင်းကောင်း ဆက်ဆံရင် သူတို့က ယုံကြည်ကြမှာပဲ။ ကဲ... မြန်မြန်လုပ်ပြီး ငါ့ရဲ့ ပေါင်းစပ်မှုကို ကူညီပေးတော့။”
လင်းချီယဲ့က ဝမ်မုန့်ကို သူမ စုပ်ယူထားတဲ့ စွမ်းအင်တွေကို သူ့ဆီ လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုက်တယ် ။
ဝမ်မုန့်က သူမရဲ့ အံ့သြမှုတွေကို ထိန်းချုပ်လိုက်ပြီး သူမ စုပ်ယူနေတဲ့ စွမ်းအင်တွေကို လင်းချီယဲ့ရဲ့ ခန္ဓာကိုယ်ထဲကို လွှဲပြောင်းပေးလိုက်တယ် ။
အဲ့ဒီ စွမ်းအင်တွေက လင်းချီယဲ့ရဲ့ ခန္ဓာကိုယ်နဲ့ ထိတွေ့လိုက်တဲ့ ခဏမှာတင် သူ အသက်ရှူမှားသွားရတယ် ။
အဲ့ဒီ ထိုးဖောက်ဝင်ရောက်လာတဲ့ ခံစားချက်က သူ့ကို ကောင်းကင်ဘုံကို ပို့ပေးလိုက်သလိုပါပဲ ။
နောက်တစ်စက္ကန့်မှာတော့ သူဟာ အဆုံးမရှိတဲ့ ပင်လယ်ကြီးထဲမှာ နစ်မြုပ်သွားသလို ခံစားလိုက်ရတယ် ။
ဒါပေမဲ့ အဲ့ဒီ ပင်လယ်ကြီးက သူ့ကို အသက်ရှူကျပ်အောင် လုပ်တာ မဟုတ်ပါဘူး ။ အဲ့ဒီအစား အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာတဲ့ စွမ်းအင်တွေက လင်းချီယဲ့ကို ထင်ယောင်ထင်မှား ဖြစ်စေတယ် ။
သူ့အနေနဲ့ လက်သီးတစ်ချက်တည်းနဲ့တင် ကြယ်တစ်လုံးကို ဖောက်ခွဲပစ်နိုင်သလို ခံစားနေရတယ် ။
***