“ငါ ဆက်ပြီး မချဲ့နိုင်တော့ဘူးလား။”
သူ့ရဲ့ မိုးကြိုးနယ်ပယ် ချဲ့ထွင်မှုဟာ အဟန့်အတားတစ်ခုနဲ့ တွေ့နေရတယ်ဆိုတာကို သိလိုက်ရတဲ့အခါ လင်းချီယဲ့ မျက်မှောင်ကြုတ်လိုက်တယ် ။
“ဘုရားရေ... မင်းက မင်းရဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံကို မိုင် ၈၀၀၀ အထိတောင် ချဲ့နိုင်ခဲ့တာလား။”
လင်းချီယဲ့ရဲ့ မကျေမနပ်ဖြစ်မှုနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ဝမ်မုန့်ကတော့ ထိတ်လန့်တကြားနဲ့ ပါးစပ်ကို လက်နဲ့ အုပ်ထားမိတယ် ။
“အရင်တုန်းက ဆရာ့ရဲ့ နတ်ဘုရားနယ်ပယ်ဟာ မိုင် ၈၀၀၀ အထိပဲ ရောက်ခဲ့တာ။ မင်း... မင်းက ဆရာ့ကိုတောင် မီတော့မယ်။”
နတ်ဘုရားနယ်ပယ်တစ်ခုရဲ့ အရွယ်အစားဟာ ကျင့်ကြံသူတစ်ယောက်ရဲ့ နောင်တစ်ချိန်မှာ တိုးတက်လာမဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကို ဆုံးဖြတ်ပေးတာ ဖြစ်တယ် ။
တကယ်လို့ တစ်ယောက်ယောက်က မိုင် ၃၀၀၀ ရှိတဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံကို ပိုင်ဆိုင်ထားရင် သူဟာ ကောင်းကင်ဘုံအဆင့်ကို အလျင်အမြန် ကျင့်ကြံနိုင်မှာ ဖြစ်တယ် ။
မိုင် ၅၀၀၀ ဆိုရင်တော့ သူ့ရဲ့ နာမည်ကို သမိုင်းမှာ ထာဝရ ချန်ရစ်ထားနိုင်လိမ့်မှာပါ ။
မိုင် ၈၀၀၀ ဆိုရင်တော့ ဒါက ပညာရှင်တွေ ပေါများလှတဲ့ ရှေးဟောင်းခေတ်မှာတောင်မှ အင်မတန်မှကို ရှားပါးလှတဲ့ အရာပါပဲ ။
လင်းချီယဲ့ မကျေနပ်သေးပါဘူး ။ သူ မျက်လုံးကို မှိတ်လိုက်ပြီး သေချာ အာရုံခံကြည့်လိုက်တယ် ။
သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ဖို့ အခွင့်အရေး ရှိနေသေးပုံရပေမဲ့ သူ့ရဲ့ နတ်ဘုရားနယ်ပယ် ချဲ့ထွင်မှုကတော့ တံတိုင်းတစ်ခုနဲ့ တိုးနေသလို ဖြစ်နေပြီး လက်မတစ်ဝက်တောင် ရှေ့တိုးလို့ မရတော့ပါဘူး ။
“ဒါက ငါ့ရဲ့ ကန့်သတ်ချက်လား။”
လင်းချီယဲ့ အနည်းငယ် မကျေမချမ်း ဖြစ်နေမိတယ် ။ သူ ဆက်ပြီး တိုးတက်နိုင်သေးတယ်လို့ ခံစားနေရပေမဲ့ တကယ်တမ်းကျတော့ တစ်ယောက်ယောက်က သူ့ကို လည်ပင်းညှစ်ထားသလိုမျိုး ခံစားချက်က အရမ်းကို နေရခက်လှပါတယ် ။
“သိပ်ပြီး လောဘမကြီးပါနဲ့ဦး။ ဒါက မိုင် ၈၀၀၀ ရှိတဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံကြီးနော်။ ဒါက ဘာကို ဆိုလိုလဲဆိုတာ မင်း သိရဲ့လား။”
ဝမ်မုန့်က သူ့ကို မျက်စောင်းထိုးလိုက်တယ် ။
လင်းချီယဲ့ တိတ်ဆိတ်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ် ။
ရှေးဟောင်းခေတ်က တည်ရှိမှုတွေအကြောင်း သိလိုက်ရကတည်းက ၊ ပြီးတော့ နဂါးလူသားကို တွေ့လိုက်ရကတည်းက သူဟာ အင်မတန်မှကို စူးစမ်းချင်စိတ် ပြင်းပြနေခဲ့တာပါ ။
သူ့ရဲ့ နှလုံးသားထဲမှာ တောင့်တမှုတွေ ပြည့်နှက်နေပြီး သာမန်အတိုင်း အဆင့်တက်ရုံနဲ့ သူ မကျေနပ်နိုင်တော့ပါဘူး ။
ပင်မကမ္ဘာမှာတော့ နတ်ဘုရားနယ်ပယ်တွေကို အဆင့် ၁၂ ဆင့် ခွဲခြားထားပါတယ် ။
စနစ်တကျ ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အဆင့် ၉ ရှိတဲ့ နတ်ဘုရားနယ်ပယ်ဟာ နောက်ပိုင်း အဆင့်တွေမှာ အဆင့် ၁၂ အထိ ရောက်သွားနိုင်ပါတယ် ။
ဒါပေမဲ့ ဒီ ပုံရိပ်ယောင်ကမ္ဘာ ကတော့ သူ့ရဲ့ နားလည်မှုကို အသစ်တစ်ဖန် ပြုပြင်ပေးလိုက်ပြန်ပါပြီ ။ ဒီနေရာမှာတော့ နတ်ဘုရားနယ်ပယ်တွေမှာ အဆင့်သတ်မှတ်ချက် မရှိပါဘူး ။ ဒါပေမဲ့ နတ်ဘုရားနယ်ပယ်ရဲ့ အခြေခံ ပုံစံ အရွယ်အစားကသာ သူတို့ရဲ့ နောင်တစ်ချိန် အောင်မြင်မှုတွေကို ဆုံးဖြတ်ပေးတာ ဖြစ်တယ် ။
သေချာ စဉ်းစားကြည့်ရင်တော့ ပင်မကမ္ဘာက နတ်ဘုရားနယ်ပယ် အဆင့် မြင့်လေလေ ၊ အဲ့ဒါက ပိုပြီး ကြီးမားလေလေပါပဲ ။
အဆင့် ၈ ရှိတဲ့ နတ်ဘုရားနယ်ပယ်ဟာ အဆင့် ၁၂ အထိ မကြီးထွားနိုင်ပေမဲ့ အဆင့် ၉ ကတော့ ဖြစ်နိုင်ပါတယ် ။
နောက်ဆုံးမှာတော့ ဒါဟာ အခြေခံ ပုံစံကြောင့်ပဲ ဖြစ်နိုင်တာပါပဲ ။
လင်းချီယဲ့ဆီမှာ ရှိတဲ့ အချက်အလက်တွေက အဲ့ဒီလောက်အထိ အသေးစိတ် မကျတဲ့အတွက်ကြောင့် မိုင် ၈၀၀၀ ရှိတဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံဟာ ပင်မကမ္ဘာက နတ်ဘုရားနယ်ပယ်နဲ့ ယှဉ်ရင် ဘယ်လောက်ရှိမလဲဆိုတာ သူ မနှိုင်းယှဉ်နိုင်ပါဘူး ။
ဒါပေမဲ့ မိုင် ၈၀၀၀ ရှိတဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံဟာ နောင်တစ်ချိန်မှာ အဆင့် ၁၂ ရှိတဲ့ နတ်ဘုရားနယ်ပယ်ထက်တောင် ကျော်လွန်သွားနိုင်တယ်ဆိုတာကို သူ မသိမသာ ခံစားမိနေတယ် ။
ဒါက သူ့အတွက် အစွမ်းထက်တဲ့ လမ်းကြောင်းကို ဖွင့်လှစ်ဖို့ အခွင့်အရေးဖြစ်သလို သူ့ရဲ့ အောင်မြင်မှုတွေရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကိုလည်း ဆုံးဖြတ်ပေးမဲ့ အရာပါပဲ ။
သူ အလွယ်တကူ လက်မလျှော့ချင်ပါဘူး ။ သူဟာ သူ့ရဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံကို သူ့ရဲ့ တကယ့် ကန့်သတ်ချက်အထိ ချဲ့ထွင်ဖို့အတွက် နည်းလမ်းပေါင်းစုံကို သုံးဖို့ စီစဉ်လိုက်တယ် ။
မိုင် ၈၀၀၀ ဆိုတာက ကြီးမားတဲ့ အတားအဆီးတစ်ခုလို ဖြစ်နေပုံရတယ် ။ သူ ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ အဲ့ဒီ အတားအဆီးကို ကျော်လွှားရပါလိမ့်မယ် ။ ဒါပေမဲ့ သူ့ရဲ့ ချဲ့ထွင်မှုကို တားဆီးထားတဲ့ စွမ်းအားက သူ့ရဲ့ လက်ရှိ စွမ်းအားထက် အဆပေါင်းများစွာ သာလွန်နေပါတယ် ။ သူက အဲ့ဒါကို လှုပ်ခါအောင်တောင် မလုပ်နိုင်ပါဘူး ။ သူ ဘယ်လိုလုပ်ပြီး အဲ့ဒါကို ဖောက်ထွက်နိုင်မှာလဲ ။
တစ်ကြိမ်ပြီး တစ်ကြိမ် ၊ လင်းချီယဲ့ဟာ လျှပ်စီး စွမ်းအားတွေကို စုစည်းပြီး မိုင် ၈၀၀၀ အတားအဆီးကို ရိုက်ခတ်လိုက်တယ် ။
ဒါပေမဲ့ ပုံမှန်အားဖြင့် ကြမ်းတမ်းလှတဲ့ မိုးကြိုးတွေဟာ အဲ့ဒီ အတားအဆီးရှေ့မှာတော့ လေပြေလေးလိုပဲ အားနည်းနေခဲ့တယ် ။
သူ ဘာပဲလုပ်လုပ် အဲ့ဒီ အတားအဆီးကတော့ လုံးဝ မပြိုကွဲပါဘူး ။
‘ဒါက ငါ့ရဲ့ စွမ်းအား ဂုဏ်သတ္တိ ပြဿနာလား ၊ ဒါမှမဟုတ် ငါ့ရဲ့ စွမ်းအားက သိပ်ပြီး နည်းနေလို့လား’
အကြိမ်ကြိမ် ကြိုးစားပြီးနောက်မှာတော့ လင်းချီယဲ့ဟာ လျှပ်စီး စွမ်းအားတွေနဲ့ အဲ့ဒီ အတားအဆီးကို မဖောက်ထွက်နိုင်ဘူးဆိုတာကို စိတ်ပျက်လက်ပျက်နဲ့ အတည်ပြုလိုက်ရတယ် ။
သူ ရုတ်တရက် ယုံကြည်မှု စွမ်းအားကို သတိရသွားတယ် ။ ယုံကြည်မှု စွမ်းအားက အင်မတန်မှကို ဆန်းကြယ်လှပြီး ဗဟုသုတ ကြွယ်ဝလှတဲ့ ဝမ်မုန့်တောင်မှ အမြဲ ချီးကျူးနေတဲ့ အရာပါ ။ အဲ့ဒါက ဒီအတားအဆီးကို ဖောက်ထွက်ဖို့အတွက် အစပျိုးချက် ဖြစ်လာနိုင်မလား ။
သူ စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ချက်ချင်း လက်တွေ့လုပ်ဆောင်လိုက်တယ် ။
လင်းချီယဲ့ မတွန့်ဆုတ်ပါဘူး ။ သူက လျှပ်စီး စွမ်းအားတွေကို ချက်ချင်း လက်လျှော့လိုက်ပြီး အဲ့ဒီအစား ယုံကြည်မှု စွမ်းအားတွေကို စုစည်းပြီး ဖောက်ထွက်ဖို့ စတင်လိုက်တယ် ။
အဆုံးအစမရှိတဲ့ ယုံကြည်မှု စွမ်းအားတွေ စုစည်းလာခဲ့ပြီး ရွှေရောင် အလင်းတန်းတွေဟာ သန့်စင်သောကလေးငယ်မြို့တော်အနှံ့ ဖြာထွက်လာခဲ့တယ် ။ ကမ္ဘာကြီးရဲ့ ဒီတစ်ခြမ်းကို ကောင်းကင်ဘုံထဲကို ဆွဲသွင်းလိုက်သလိုပါပဲ ။
“တိုက်စမ်း။”
လင်းချီယဲ့က အသံနိမ့်နိမ့်နဲ့ ဟိန်းဟောက်လိုက်တယ် ။ ယုံကြည်မှု စွမ်းအားတွေဟာ ကြီးမားလှတဲ့ လှိုင်းလုံးကြီးတွေလိုပဲ မိုင် ၈၀၀၀ နယ်နိမိတ်ရှိရာဆီကို ပြေးဝင်သွားကြတယ် ။
ဝူးးးး!
သန့်စင်သောကလေးငယ်မြို့တော်ထဲမှာ ရှိနေတဲ့ သက်ရှိသတ္တဝါတိုင်းရဲ့ အသိအာရုံထဲမှာ တုန်ဟီးနေတဲ့ အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့တယ် ။
ဒါက နားနဲ့ ကြားရတဲ့ အသံမျိုး မဟုတ်ဘဲ ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး နေရာကနေ တိုက်ရိုက် ခံစားလိုက်ရတဲ့ တုန်ခါမှုမျိုး ဖြစ်တယ် ။
လင်းချီယဲ့ရဲ့ နတ်ဘုရားနယ်ပယ် ချဲ့ထွင်မှုကို တားဆီးထားတဲ့ အတားအဆီးကလည်း ပြင်းပြင်းထန်ထန်ကို လှုပ်ခတ်သွားခဲ့တယ် ။
“အခွင့်အရေး ရှိသေးတယ် ။”
လင်းချီယဲ့ အလွန် ဝမ်းသာသွားရတယ် ။ သူက ယုံကြည်မှု စွမ်းအားတွေကို နောက်တစ်ကြိမ် ထပ်ပြီး စုစည်းလိုက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ် ။
ဘေးကနေ ကြည့်နေတဲ့ ဝမ်မုန့်ကတော့ အနည်းငယ် ထိတ်လန့်သွားပေမဲ့ သူမက ချက်ချင်းဆိုသလို ပြန်လည် တည်ငြိမ်သွားပြီး ခေါင်းကို ခါယမ်းလိုက်တယ် ။
“ဒါက အလကားပါပဲ။ ဆရာက အရင်တုန်းက မင်းထက် အများကြီး ပိုပြီး အစွမ်းထက်ခဲ့တာတောင်မှ အဲ့ဒီ နယ်နိမိတ်ကို မဖောက်ထွက်နိုင်ခဲ့ဘူး။ မင်း ဒီအဆင့်အထိ ရောက်တာကိုတင် အရမ်းကို အံ့သြဖို့ ကောင်းနေပါပြီ။”
ဝမ်မုန့်က လင်းချီယဲ့ကို အထင်သေးလို့ မဟုတ်ပါဘူး ။ ဆန့်ကျင်ဘက်အနေနဲ့ လင်းချီယဲ့အပေါ် သူမရဲ့ အထင်အမြင်တွေက အသစ်တစ်ဖန် ပြောင်းလဲသွားခဲ့ပြီး အရင်လို အထင်မသေးတော့ပါဘူး ။
ဘာပဲဖြစ်ဖြစ် ဝမ်မုန့်ရဲ့ အရင်သခင်က ရှေးဟောင်းခေတ်မှာတောင်မှ အထွတ်အထိပ်မှာ ရပ်တည်နေခဲ့သူပါ ။ လင်းချီယဲ့ရဲ့ ပါရမီက သူမရဲ့ အရင်သခင်နဲ့ ယှဉ်နိုင်လိမ့်မယ်လို့ စိတ်ကူးကြည့်ဖို့တောင် ခက်ခဲလှပါတယ် ။
လင်းချီယဲ့က ဘာမှ ပြန်မပြောဘဲ ယုံကြည်မှု စွမ်းအားတွေကို ဆက်ပြီး တိုက်ခိုက်ဖို့အတွက်ပဲ သုံးနေခဲ့တယ် ။
ယုံကြည်မှု စွမ်းအားက လျှပ်စီး စွမ်းအားထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်ပါတယ် ။
ရိုက်ခတ်မှုတိုင်းမှာ အတားအဆီးကြီးက ပြင်းပြင်းထန်ထန်ကို တုန်ခါသွားရတယ် ။
ဒါပေမဲ့ အဲ့ဒီလောက်တင်ပဲ ရှိပါသေးတယ် ။
အတားအဆီးကြီးက တုန်ခါသွားပြီးနောက်မှာ စက္ကန့်အနည်းငယ်အတွင်းမှာတင် ပြန်လည် တည်ငြိမ်သွားတတ်ပါတယ် ။ ဒါပေမဲ့ လင်းချီယဲ့ရဲ့ အရှိန်အဟုန်ကတော့ ပြန်လည် စုစည်းဖို့အတွက် အဲ့ဒီထက် အချိန်အများကြီး ပိုပေးရပါတယ် ။
လင်းချီယဲ့ လက်မလျှော့ချင်ပါဘူး ။ သူက သူ့ရဲ့ စွမ်းအင်တွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့အတွက် ရူးသွပ်စွာပဲ စုစည်းနေတော့တယ် ။
“လက်လျှော့လိုက်ပါတော့။ မင်းရဲ့ နတ်ဘုရားနယ်ပယ်က အရမ်းကို အစွမ်းထက်နေပါပြီ။ မင်းသာ ဒီအတိုင်း ခြေလှမ်းမှန်မှန်နဲ့ ကျင့်ကြံသွားမယ်ဆိုရင် နောင်တစ်ချိန်မှာ ငါ့ဆရာ့ရဲ့ အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိပါသေးတယ် ။”
ဝမ်မုန့်က လင်းချီယဲ့ရဲ့ ရူးသွပ်မှုကို မကြည့်ရက်တော့ပါဘူး ။
***