တာတာကျေးရွာ။
လင်းချီယဲ့ သူ့ရဲ့ နတ်ဘုရားနယ်ပယ် တည်ဆောက်မှုကို အပြီးသတ်ပြီး နောက်တစ်နေ့မှာတော့ သန့်စင်သောကလေးငယ်မြို့တော်ရဲ့ ပြည်သူတွေအားလုံးဟာ ပျော်ရွှင်နေကြတယ် ။
မနေ့က ဖြစ်ပျက်ခဲ့တဲ့ အံ့ဖွယ် ဖြစ်ရပ်က သူတို့ရဲ့ ဘဝတွေ တိုးတက်လာတော့မဲ့ နိမိတ်တစ်ခုလို့ သူတို့တွေက ယုံကြည်နေကြတာပါ ။
လင်းချီယဲ့ တစ်ယောက်ပဲ သူ့ရဲ့ နတ်ဘုရားနယ်ပယ်ကို တည်ငြိမ်အောင် လုပ်ပြီးတဲ့နောက်မှာ သိပ်ပြီး မပျော်ရွှင်နိုင်ဘဲ ဖြစ်နေတယ် ။ ဆန့်ကျင်ဘက်အနေနဲ့ သူက ပိုပြီးတော့တောင် စိုးရိမ်လာရတယ် ။
“နတ်ဘုရားနန်းတော်မှာ ကောင်းကင်ဘုံအဆင့် ပညာရှင် ၄၂ ယောက်တောင် ရှိတယ်လို့ မင်း ပြောတာလား။”
မြို့စောင့်နတ်ဘုရားကျောင်းရဲ့ နောက်ဖေးကွင်းပြင်က ခန်းမဆောင်ကြီးထဲကနေ အံ့သြတကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ် ။
လင်းချီယဲ့က ဝမ်မုန့်ကို မယုံနိုင်သလို ကြည့်လိုက်မိတယ် ။
မနေ့က ဖြစ်ရပ် ပြီးသွားတဲ့နောက်မှာတော့ ဝမ်မုန့်က လင်းချီယဲ့အပေါ်မှာ ထားတဲ့ အမြင်တွေ ပြောင်းလဲသွားခဲ့ပါတယ် ။ ဒါကြောင့် သူမ သိသမျှ အရာအားလုံးကို သူ့ကို ပြောပြခဲ့တာ ဖြစ်တယ် ။
လင်းချီယဲ့က နတ်ဘုရားနန်းတော်ဟာ အစွမ်းထက်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ ဝမ်မုန့် ပြောတာကို ကြားလိုက်ရတဲ့အခါမှာတော့ သူ အတော်လေးကို ထိတ်လန့်သွားရတယ် ။
ဘာပဲဖြစ်ဖြစ်... ကောင်းကင်ဘုံအဆင့် ပညာရှင် ၄၂ ယောက်လေ ။
သူတို့ထဲက ဘယ်သူမဆို သူ့ကို အလွယ်တကူပဲ နှိပ်စက်နိုင်တာပါ ။
ကောင်းကင်ဘုံအဆင့် ပညာရှင်တွေတင် မကပါဘူး... နတ်ဘုရားနန်းတော်မှာ မြေကမ္ဘာမသေမျိုးအဆင့် ၃၀၀ နဲ့ သာမာန် မသေမျိုးအဆင့် ၁၀၀၀ တောင် ရှိပါသေးတယ် ။
ပင်မကမ္ဘာမှာတောင်မှ ဒီလောက်အထိ အစွမ်းထက်တဲ့ စွမ်းအားမျိုးဆိုရင် အင်မတန် ကြီးမားတဲ့ မြို့ကြီးတွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ ။
“မင်း နောက်နေတာ မဟုတ်ဘူး မလား။ ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် မြေကမ္ဘာမသေမျိုးတစ်ယောက်ကိုတောင် မနည်း ကိုင်တွယ်နေရတာလေ။ တကယ်လို့ ကောင်းကင်ဘုံအဆင့်တစ်ယောက်နဲ့သာ တိုက်ရမယ်ဆိုရင် ငါ့မှာ နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိဘူး။”
“နတ်ဘုရားနန်းတော်တောင်မှ မိစ္ဆာမျိုးနွယ်တွေကို ကြောက်နေရတာဆိုရင် ငါက သူတို့ကို ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ။”
သူတို့ရဲ့ စွမ်းအားချင်း နှိုင်းယှဉ်ကြည့်ပြီးနောက်မှာ လင်းချီယဲ့ မဆဲဘဲ မနေနိုင်တော့ပါဘူး ။
“မင်း ကြောက်နေတာလား။”
ဝမ်မုန့်က မျက်တောင်တခတ်ခတ်နဲ့ လင်းချီယဲ့ကို စိုက်ကြည့်လိုက်တယ် ။
လင်းချီယဲ့က နှာခေါင်းရှုံ့လိုက်တယ် ။
“ကြောက်တာလား... ငါ့ အဘိဓာန်မှာ ကြောက်တယ်ဆိုတဲ့ စကားလုံး မရှိဘူး။”
သူက မိစ္ဆာတွေကို တကယ်ပဲ မကြောက်ပါဘူး ။ ကောင်းကင်ဘုံအဆင့်ရှိတဲ့ မိစ္ဆာတစ်ကောင် ရောက်လာရင်တောင်မှ သူ မနိုင်ရင်တောင် ထွက်ပြေးဖို့ နည်းလမ်း ရှိနေပါသေးတယ် ။
ဒါပေမဲ့ အဲ့ဒါက လင်းချီယဲ့ မြင်ချင်တဲ့ ရလဒ် မဟုတ်ပါဘူး ။
သူ့ဆီမှာ အခု လက်အောက်ငယ်သားတွေ အများကြီး ရှိနေပါပြီ... လိန်မွန်း တို့အဖွဲ့ပဲ ဖြစ်ဖြစ် ၊ နောက်ပိုင်းမှ ပူးပေါင်းလာတဲ့ မိစ္ဆာတွေပဲ ဖြစ်ဖြစ်ပေါ့ ။
သူတို့ တစ်ယောက်ချင်းစီတိုင်းက သူ့အပေါ်မှာ သစ္စာရှိကြသလို ဘာသံသယမှ မရှိဘဲ ယုံကြည်ကြတဲ့သူတွေပါ ။
တကယ်လို့ အန္တရာယ်နဲ့ ကြုံတဲ့အခါမှာ သူတစ်ယောက်တည်း ထွက်ပြေးသွားမယ်ဆိုရင် ဒါက နောင်တစ်ချိန်မှာ သူ့ရဲ့ စိတ်ထဲမှာ အမာရွတ်တစ်ခုလို ကျန်ရစ်သွားပါလိမ့်မယ် ။
သူ အခု စိုးရိမ်နေတာ ၊ စိတ်ပျက်နေတာက သူ့ရဲ့ ကိုယ်ပိုင် လုံခြုံရေးအတွက် မဟုတ်ပါဘူး... လိန်မွန်း နဲ့ တခြားသူတွေကို မိစ္ဆာတွေရဲ့ ကျူးကျော်မှုကနေ ဘယ်လို ကာကွယ်ပေးရမလဲဆိုတာပါပဲ ။
လင်းချီယဲ့က မေးစေ့ကို ပွတ်ရင်းနဲ့ သူ့ဘာသာ စဉ်းစားနေမိတယ် ။
‘မိစ္ဆာတွေက ရှနိုင်ငံရဲ့ မြောက်ဘက်ကို စတင် ကျူးကျော်နေပြီ။ သူတို့က ငါ့ဆီကို အချိန်တိုအတွင်းမှာ မရောက်နိုင်သေးဘူးဆိုရင်တောင်မှ ငါ့မှာ ကျင့်ကြံဖို့အတွက် အချိန်အများကြီး မရှိတော့ဘူး’
“ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် လိန်မွန်း တို့ကို မကာကွယ်နိုင်ဘူး။ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ရဲ့ စွမ်းအားတွေကို အလျင်အမြန် မြှင့်တင်ပေးဖို့ပဲ ထင်တယ် ။”
လူတစ်ယောက်ရဲ့ စွမ်းအားဆိုတာက နောက်ဆုံးမှာတော့ ကန့်သတ်ချက် ရှိနေတာပါပဲ ။ ဒါ့အပြင် လင်းချီယဲ့ဟာ ဒီကပ်ဘေးကြီးထဲမှာ သူ့ကိုယ်သူတောင် မနည်း ကာကွယ်နေရတာမို့လို့ တခြားသူတွေကို ကာကွယ်ဖို့ဆိုတာက ခက်ခဲလှပါတယ် ။
လင်းချီယဲ့ရဲ့ လက်ရှိ အခြေအနေအရဆိုရင်တော့ ထူးခြားတဲ့ အခွင့်အရေးမျိုးနဲ့ မကြုံရသရွေ့တော့ သူ အချိန်တိုအတွင်းမှာ သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ထပ်ပြီး မြှင့်တင်ဖို့ မလွယ်ကူပါဘူး ။
ဒီလိုဆိုရင်တော့ သူ့ရဲ့ ကျင့်စဉ်ကို မြှင့်တင်ဖို့အတွက် အနှစ်သာရ မရှိတဲ့ အချိန်တွေကို သုံးနေမဲ့အစား အဲ့ဒီ အချိန်တွေကို သုံးပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကူညီပေးတာက ပိုပြီး ထိရောက်ပါလိမ့်မယ် ။
အခု သူက မသေမျိုးအဆင့်ကို ရောက်နေပြီ ဖြစ်သလို ဝမ်မုန့်နဲ့ စွမ်းအင်စုဆောင်းတဲ့ အင်းကွက်လည်း ရှိနေတဲ့အတွက် လိန်မွန်း တို့ကို မသေမျိုးအဆင့်အထိ ရောက်အောင် ကူညီပေးဖို့က သိပ်ပြီး ခက်ခဲလိမ့်မှာ မဟုတ်ပါဘူး ။
“အာ... မင်းက ဒီကပ်ဘေးကို ရင်ဆိုင်ဖို့အတွက် နည်းလမ်းကို ရှာတွေ့သွားပြီ ထင်တာပဲ။”
ဝမ်မုန့်က လင်းချီယဲ့ကို ဘေးကနေ စိုက်ကြည့်နေတယ် ။ သူ့ရဲ့ မျက်မှောင်ကြုတ်နေတာတွေ ပြေလျော့သွားတာကို မြင်တဲ့အခါမှာတော့ သူ့ဆီမှာ ဖဲချပ်တစ်ခုခု ရှိနေသေးလားဆိုတာကို သူမ မသိချင်ဘဲ မနေနိုင်တော့ပါဘူး ။
လင်းချီယဲ့က သက်ပြင်းချလိုက်ပြီး ခပ်မှိန်မှိန် ပြုံးလိုက်တယ် ။
“တွေ့ရင် တွေ့သလိုပဲ ရှင်းရမှာပေါ့။ ငါကတော့ ထိုင်ပြီး အသေခံနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒါ မတိုင်ခင်မှာတော့ မင်းကို နည်းနည်း အကူအညီ တောင်းရဦးမယ်။”
ဝမ်မုန့်က ခေါင်းငြိမ့်ပြလိုက်တယ် ။
“ပြောလေ... ကျွန်မ ဘာလုပ်ပေးရမလဲ။”
“အချိန်တန်ရင် မင်း သိပါလိမ့်မယ်။”
လင်းချီယဲ့က ပြုံးပြလိုက်ပြီး လိန်မွန်း ၊ သားသတ်သမား နဲ့ ကျန်တဲ့သူတွေကို ဆင့်ခေါ်လိုက်တော့တယ် ။
သူ့ရဲ့ ပုံမှန် အလုပ်လုပ်ပုံကတော့ စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ချက်ချင်း လက်တွေ့လုပ်တာပါပဲ ။
လိန်မွန်း တို့ရဲ့ ကျင့်စဉ်ကို မြှင့်တင်ပေးဖို့ ဆုံးဖြတ်ပြီးတာနဲ့ သူ ချက်ချင်းပဲ အရေးယူ ဆောင်ရွက်လိုက်တော့တယ် ။
လိန်မွန်း ၊ ချန်ရှီ ၊ ဟို့ထု ၊ သားသတ်သမား နဲ့ သန့်စင်သောကလေးငယ်မြို့တော်မှာ ရှိနေတဲ့ ကွေ့နျန်း တို့အားလုံးဟာ ဆင့်ခေါ်ခံရပြီးနောက်မှာ ဘာမှ မတွန့်ဆုတ်ဘဲ ချက်ချင်း ပြေးလာခဲ့ကြတယ် ။
လော့ရှောင်ပေ ကတော့ သူ့ရဲ့ ပါရမီကို ပြသနိုင်ခဲ့တဲ့အတွက် မိစ္ဆာနှိမ်နင်းရေးဂိုဏ်းက သူ့ကို တန်ဖိုးထားပြီး လျှို့ဝှက် ကျင့်ကြံပေးဖို့အတွက် ပင်မဂိုဏ်းဆီကို ခေါ်သွားခဲ့ပါတယ် ။ လင်းချီယဲ့အနေနဲ့ လောလောဆယ်မှာတော့ သူ့ကို ဆက်သွယ်လို့ မရသေးတဲ့အတွက် လော့ရှောင်ပေ အားတဲ့အထိပဲ စောင့်နေရမှာ ဖြစ်တယ် ။
နဂါးနက် အတွက်ကတော့ သူ့ရဲ့ ကျင့်စဉ်က မသေမျိုးအဆင့်ရဲ့ နောက်ဆုံးပိုင်းကို ရောက်နေပြီ ဖြစ်တယ် ။ တကယ်လို့ လင်းချီယဲ့က သူ့ကို အဆင့်တက်အောင် ကူညီပေးချင်တယ်ဆိုရင် သူ ပေးဆပ်ရမဲ့ အရင်းအမြစ်တွေက သူ့ကိုယ်သူ အဆင့်တက်အောင် လုပ်တာထက်တောင် ပိုပြီး များနေပါလိမ့်မယ် ။ ဒါကြောင့် သူ့ကိုတော့ စာရင်းထဲမှာ ထည့်မထားပါဘူး ။
ဒါပေမဲ့ နဂါးနက်က သူများတွေရဲ့ ကျင့်စဉ်ကို ဘယ်လို မြှင့်တင်ပေးမလဲဆိုတာကို ကြည့်ရှုခွင့် တောင်းဆိုတာကိုတော့ သူ မငြင်းခဲ့ပါဘူး ။
တစ်ခါတစ်ရံမှာ သူ့ရဲ့ လက်အောက်ငယ်သားတွေ ရှေ့မှာ အစွမ်းအစလေးတွေ ပြထားတာက သူတို့ရဲ့ သစ္စာရှိမှုကို ပိုပြီး ခိုင်မာစေပါတယ် ။
လင်းချီယဲ့နဲ့ လူအုပ်ကြီးဟာ သန့်စင်သောကလေးငယ်တောင်တန်းရဲ့ အထက် ကောင်းကင်ယံမှာ ရပ်နေကြတယ် ။
သူက သားသတ်သမား ကို ကြည့်ပြီး ပြောလိုက်တယ် “မင်းက မင်းရဲ့ နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံကို မနည်း တည်ဆောက်နိုင်ခဲ့ပြီ ဆိုတော့ မင်းက မသေမျိုးတစ်ဝက်အဆင့်ကို ရောက်နေပြီ။ အခု ငါ မင်းကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခု တည်ဆောက်ပေးပြီး မင်းရဲ့ နတ်ဘုရားနယ်ပယ်ကို တည်ငြိမ်အောင် ကူညီပေးမယ်... အဲ့ဒီအခါကျရင် မင်းက တကယ့် မသေမျိုးတစ်ယောက် ဖြစ်လာလိမ့်မယ်။”
“သခင်... ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။”
သားသတ်သမား က စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေလိုက်သလို ချန်ရှီ နဲ့ တခြားသူတွေကလည်း မနာလိုတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ် ။
လင်းချီယဲ့က ဆက်ပြောတယ် “မင်းတို့ အဖွဲ့အတွက်ကတော့ ကျင့်စဉ်အဆင့်တွေ မြှင့်တင်မှုက မင်းတို့ရဲ့ နားလည်နိုင်စွမ်းထက် ပိုပြီး မြန်နေလိမ့်မယ်။ တကယ်လို့ ငါက မင်းတို့အားလုံးကို မသေမျိုးအဆင့်အထိ တစ်ခါတည်း ရောက်အောင် လုပ်ပေးလိုက်ရင် မင်းတို့ရဲ့ အခြေခံတွေက ခိုင်မာမှာ မဟုတ်ဘူး။ ဒီတစ်ခါမှာတော့ ငါက မင်းတို့ကို နတ်ဘုရားနယ်ပယ် အခြေခံ ပုံစံ တည်ဆောက်ဖို့အတွက် အရင် ကူညီပေးမယ်။ မင်းတို့တွေ မသေမျိုးအဆင့်ရဲ့ နိယာမတွေကို ရင်းနှီးသွားပြီဆိုမှ မင်းတို့ရဲ့ နတ်ဘုရားနယ်ပယ်ကို တည်ငြိမ်အောင် လုပ်ပြီး အဆင့်တက်ကြတာပေါ့။”
ချန်ရှီ နဲ့ တခြားသူတွေကလည်း ရိုသေစွာနဲ့ပဲ အလျင်အမြန် ကျေးဇူးတင်လိုက်ကြတယ် ။
မသေမျိုးအဆင့်ကို ချက်ချင်း မရောက်နိုင်တာက နှမြောစရာကောင်းတယ်ဆိုပေမဲ့ သူတို့တွေ ဒီလောက်နဲ့တင် အရမ်း ကျေနပ်နေကြပါပြီ ။
နောက်တာ မဟုတ်ဘူးလေ... သူတို့ရဲ့ ပါရမီနဲ့ဆိုရင် မသေမျိုးအဆင့်ကို ရောက်ဖို့အတွက် နောက်ထပ် နှစ်ပေါင်း ထောင်ချီပြီး ကျင့်ကြံရဦးမှာပါ ။
***