လီကျစ် အောင်ပွဲခံကာပြန်လည်ရောက်ရှိလာသည့် သတင်းက မြို့တစ်ခွင်သို့ အလျင်အမြန် ပြန့်နှံ့သွားလေသည်။ သတင်းကိုကြားသည်နှင့် အမတ်များနှင့် မြို့မျက်နှာဖုံးသူဌေးသူကြွယ်များက ခရိုင်ဝန်ရုံးတော်ရှေ့တွင် စုရုံးရောက်ရှိလာကြသည်။ မကြာမီတွင် ခရိုင်ဝန်ကိုယ်တိုင် ထိုသတင်းကို ကြားသိသွားပြီးနောက် အထိတ်တလန့်ဖြင့် ထိုအမတ်များနှင့် သူဌေးသူကြွယ်များကို ဦးဆောင်ကာ ထွက်လာခဲ့လေသည်။
မြို့တံခါးဝသို့ ရောက်ရှိချိန်တွင်တော့ တိုင်းသူပြည်သားများ ဝိုင်းရံကြိုဆိုနေကြသော ရှေ့ပြေးတပ်ဖွဲ့နှင့် စစ်ဘက်အမတ် လီကျစ်တို့ကို သူတို့မြင်တွေ့လိုက်ရသည်။ မြင့်မားလှသော မြင်းကြီးပေါ်တွင် အောင်ပွဲခံဟန်ဖြင့် ထိုင်နေသော လီကျစ်ကို မြင်လိုက်ရသောအခါ ခရိုင်ဝန်၏ မုတ်ဆိတ်မွေးများပင် တုန်ယင်သွားပြီး စကားတစ်ခွန်းမျှပင် မဟနိုင်အောင်ဖြစ်သွားရသည်။ လာရောက်ကြည့်ရှုသူများမှာလည်း တဖြည်းဖြည်းများပြားလာသည်။ ယခုအချိန်၌ မြို့ရိုးပေါ်တွင်ပင် လူများပြည့်နှက်နေပြီး တောင်ပေါ်ဓားပြများ၏ ခေါင်းများနှင့် ဓားပြများကိုနှိမ်နင်းခဲ့သော သူရဲကောင်းကိုကြည့်ရှုရန် အားလုံးက တိုးဝှေ့နေကြသည်။
သို့ရာတွင် တိုင်းသူပြည်သားများက ခရိုင်ဝန်ရောက်ရှိလာသည်ကို မြင်သောအခါ လိုလိုလားလားပင် လမ်းဖယ်ပေးကြသဖြင့် အမတ်များနှင့် သူဌေးသူကြွယ်များမှာ လီကျစ်ထံသို့ သွားရန် လမ်းကျဉ်းလေးတစ်ခု ရရှိသွားသည်။
ခရိုင်ဝန်က အနီးသို့ ရောက်လာသောအခါ လီကျစ်၏ တပ်ဖွဲ့ဝင်များထဲတွင် တစ်ယောက်မျှ ဒဏ်ရာရထားခြင်းမရှိသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် အံ့ဩမှုများ ပိုမိုထင်ဟပ်လာပြီး သူ၏အကြည့်များက နတ်စစ်သည်များနှင့် နတ်စစ်သူကြီးများကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေသည်။
ခရိုင်ဝန်က လီကျစ်ကို တစ်ချက်ကြည့်လိုက်ပြီး…
"တပ်မှူးငယ်… ချာယွန်တောင်ထွတ် ဓားပြစခန်းက တောင်ပေါ်ဓားပြတွေအားလုံးကို ဖမ်းဆီးနိုင်ခဲ့တာလား" ဟု အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
လီကျစ်က သူ၏ စစ်မြင်းကြီးကို ပုတ်လိုက်ပြီး…
"ခရိုင်ဝန်မင်းရဲ့ ကျေးဇူးကြောင့် တစ်ယောက်မှမလွတ်စေရပါဘူး" ဟု ကျယ်လောင်စွာ ကြေညာလိုက်သည်။
"မင်းရဲ့တပ်ဖွဲ့ထဲက ဘယ်သူမှ ဒဏ်ရာမရဘူးလား"
"မှန်ပါတယ်… ဘယ်သူမှ ဒဏ်ရာမရပါဘူး"
ခရိုင်ဝန်မှာ အသက်ရှူမှားသွားပြီး… 'ဒါတကယ်ပဲ ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်စစ်သည်တွေလား။ ဟိုတုန်းက ဂျပန်ပင်လယ်ဓားပြတွေကိုနှိမ်နင်းခဲ့တဲ့ ချီမိသားစုတပ်ဖွဲ့တောင် အခုလိုလူနည်းနည်းနဲ့ အသေအပျောက်မရှိအောင် အနိုင်မယူနိုင်ခဲ့ပါဘူး' ဟု စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
လီကျစ်၏ ရဲစွမ်းသတ္တိကြောင့် ခရိုင်ဝန်၏ မျက်နှာမှာ မျက်နှာပူရှက်ရွံ့မှုဖြင့် နီမြန်းသွားရသည်။ သူက ဘေးပတ်လည်ရှိ အမတ်များနှင့် သူဌေးသူကြွယ်များကိုလှမ်းကြည့်လိုက်ရာ သူတို့တစ်ဦးစီ၏ မျက်နှာပေါ်တွင်လည်း ရှက်ရွံ့နေသည့် အမူအရာများကို မြင်တွေ့လိုက်ရသည်။ တလောက လီကျစ်ကို လက်ခံတွေ့ဆုံခဲ့စဉ်က သူတို့ အလွန်တရာအထင်အမြင်သေးခဲ့ကြသည်မှာ ထင်ရှားလှသည်။ ယခု လီကျစ်တစ်ယောက် အောင်ပွဲခံကာပြန်လည်ရောက်ရှိလာချိန်တွင်တော့ သူတို့ထဲမှ မည်သူမျှမျက်နှာပြစရာ နေရာမရှိတော့ပေ။
သို့ရာတွင် လီကျစ်က ခရိုင်ဝန်ကို ဤမျှလွယ်လွယ်ဖြင့် အလွတ်မပေးလိုပေ။ အမတ်ဝတ်ရုံကို ဝတ်ဆင်ထားသော ခရိုင်ဝန်ကိုကြည့်ကာ မြင်းပေါ်မှနေ၍ ပြုံးလိုက်ပြီး…
"ခရိုင်ဝန်မင်း… ဟိုနေ့က အခြေအနေနဲ့ ဒီနေ့အခြေအနေ ဘယ်လိုကွာခြားသွားပြီလဲ"
လီကျစ်၏ စကားကြောင့် ခရိုင်ဝန်မှာအရှက်ရလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ သူက ရှက်ရှက်ဖြင့် မျက်စိကိုမှိတ်ထားလိုက်ပြီး အချိန်အတန်ကြာသည်အထိ ပြန်မဖွင့်ရဲတော့ပေ။
အတန်ကြာပြီးနောက် အိုမင်းနေပြီဖြစ်သော ခရိုင်ဝန်ကရုတ်တရက် သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်လုံးကိုဖွင့်ကာ အံကိုကြိတ်လိုက်သည်။ ထို့နောက် သူ၏ အမတ်ဝတ်ရုံလက်ကို ခါထုတ်လိုက်ကာ ရွှေတောင်ကြီးပြိုကျပြီး ကျောက်စိမ်းတိုင်ကြီး လဲကျသွားသည့်အလား လီကျစ်ကို အလွန်လေးနက်စွာအရိုအသေပေးလိုက်ရင်း…
"တပ်မှူးငယ်အနေနဲ့ အတိတ်က ကိစ္စတွေကို ဥပေက္ခာပြုပြီး အန္တရာယ်များတဲ့ နေရာကို ရဲရဲဝံ့ဝံ့ သွားရောက်ကာ ဓားပြတွေကို နှိမ်နင်းပေးခဲ့တဲ့အတွက် ကျွန်ုပ်၏ ခရိုင်ငယ်လေး အေးချမ်းသာယာသွားရပါပြီ။ ကျေးဇူးကြီးမားလှပါတယ်" ဟု အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
မင်မင်းဆက် နှောင်းပိုင်းကာလတွင် အရပ်ဘက်အမတ်များသည် အဆင့်အတန်းမြင့်မားကြပြီး စစ်ဘက်အမတ်များမှာ အဆင့်တူအရပ်ဘက်အမတ်များ၏ရှေ့တွင် ဒူးထောက်ခစားရလေ့ရှိသည်။ ခရိုင်ဝန်တစ်ဦးက တပ်မှူးငယ်တစ်ဦးကို ယခုကဲ့သို့ လေးနက်စွာအရိုအသေပေးသည်ဆိုသည်မှာ မည်သူမျှ တစ်ကြိမ်တစ်ခါမှမမြင်ဖူးခဲ့သော မြင်ကွင်းပင်ဖြစ်သည်။
တပ်မှူးငယ်တစ်ယောက် ဤမျှလောက်ကြီးကျယ်သော အောင်ပွဲကိုရယူနိုင်ခဲ့သည်ကိုသာ တိုင်းသူပြည်သားများ မသိထားပါက သူတို့ မျက်စိမှားနေသည်ဟုပင် ထင်မှတ်သွားကြမည်ဖြစ်သည်။ သို့ရာတွင် ခရိုင်ဝန်ကိုယ်တိုင်ကဦးဆောင်၍ အရိုအသေပေးလိုက်ပြီဖြစ်ရာ အမတ်များနှင့် သူဌေးသူကြွယ်တစ်စုကလည်း အလျင်အမြန်လိုက်လံလုပ်ဆောင်ကြတော့သည်။ ခရိုင်ဝန်ထောက်၊ မှတ်တမ်းအရာရှိနှင့် ခရိုင်အတွင်းရှိ ပညာတတ်စာပေသမားများအားလုံးက လေးနက်စွာ အရိုအသေပေးလိုက်ကြပြီး…
"တပ်မှူးငယ်အနေနဲ့ အတိတ်ကကိစ္စတွေကို ဥပေက္ခာပြုပြီး အန္တရာယ်များတဲ့နေရာကို ရဲရဲဝံ့ဝံ့ သွားရောက်ကာ ဓားပြတွေကိုနှိမ်နင်းပေးခဲ့တဲ့အတွက် ကျွန်ုပ်တို့ရဲ့ခရိုင်ငယ်လေး အေးချမ်းသာယာသွားရပါပြီ။ ကျေးဇူးကြီးမားလှပါတယ်"
အမတ်များနှင့် သူဌေးသူကြွယ်များသာမက လူအုပ်ထဲတွင်ရှိနေကြသော စာသင်သားများနှင့် ဘွဲ့ရပညာတတ်များကပါ သူတို့၏ လူကြီးသူမများဦးဆောင်၍ အရိုအသေပေးနေသည်ကို မြင်သောအခါ မြင်းပေါ်တွင်ရှိနေသော လီကျစ်ကို တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်ကြသည်။
သူဌေးသူကြွယ်များနှင့် ပညာတတ်များက ယခုကဲ့သို့ကြီးကျယ်ခမ်းနားသော အရိုအသေပေးမှုကို ပြုလုပ်နေကြသည်ကိုမြင်သောအခါ တိုင်းသူပြည်သားများက ဤအခြေအနေသည် အလွန်တရာကြီးကျယ်မြင့်မြတ်လှကြောင်း နားလည်သွားကြပြီး စကားတစ်ခွန်းမျှပင် မဟရဲကြတော့ပေ။ ထို့ကြောင့် ထောင်ပေါင်းများစွာသောလူများဖြင့် ဝိုင်းရံထားသည့် အရှေ့ဘက်မြို့တံခါးဝကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထောင်ပေါင်းများစွာသော လူအုပ်ကြီး၏ အလယ်ဗဟိုတွင် မြင်းပေါ်၌ရှိနေသော လီကျစ်က အရိုအသေပေးနေကြသည့် အမတ်များနှင့် သူဌေးသူကြွယ်များကိုကြည့်ကာ ဝတ်ကျေတမ်းကျေ လက်အုပ်ချီလိုက်ပြီး…
"အသေးအမွှားလေးပါ… ပြောနေစရာတောင်မလိုပါဘူး" ဟု ခပ်အေးအေးပင် ပြောလိုက်သည်။
အရိုအသေပေးလျက်ရှိနေသေးသော ခရိုင်ဝန်မှာ ထိုပေါ့ပေါ့ပါးပါးစကားလုံးများကို ကြားလိုက်ရသောအခါ မျက်နှာပို၍ပင် နီမြန်းသွားပြီး ရှေ့သို့ယိုင်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်သွားရလေသည်။
***
သူတို့ ဓားပြနှိမ်နင်းရန်သွားခဲ့စဉ်က လီကျစ်နှင့် ကျန့်ဖုန်းတို့ နှစ်ယောက်တည်းတွင်သာ မြင်းများပါရှိသော်လည်း အပြန်လမ်းတွင်မူ မြည်းနှင့် မြင်းအကောင်သုံးဆယ်ကျော် ပါလာပြီဖြစ်ရာ ရှေ့ပြေးတပ်ဖွဲ့၏ ပထမတပ်စု အောင်ပွဲခံပြန်လည်ရောက်ရှိလာမှုမှာ အလွန်လွယ်ကူပေါ့ပါးကာ သာယာကြည်နူးဖွယ် ကောင်းနေတော့သည်။
လီကျစ်တစ်ယောက် ထန်းကျင်းဝေ့မြို့သို့ ပြန်ရောက်ပြီး တောင်ပေါ်ဓားပြများ၏ ခေါင်းများနှင့် အိုမင်းမစွမ်းဖြစ်နေသောဓားပြများကို ပြည်နယ်ဘုရင်ခံထံ အပ်နှံလိုက်သောအခါ… လီကျစ်အပေါ်ထားရှိသော ဟယ်ရှီရှို့၏ အကြည့်များက လုံးဝကို ပြောင်းလဲသွားတော့သည်။ ပထမအချက်အနေဖြင့် လီကျစ်၏ ကိုယ်ပိုင်တပ်ဖွဲ့ကို ဖွဲ့စည်းထားသည်မှာ နှစ်လသာရှိသေးကြောင်း ဟယ်ရှီရှို့ သိထားသည်။ နှစ်လသက်တမ်းသာရှိသေးသော တပ်သားသစ်များဖြင့် ကာလရှည်ကြာ ခြေကုပ်ယူထားသော ချာယွန်တောင်ထွတ်မှ ဓားပြများကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ချီးကျူးဖွယ်ရာ စွမ်းဆောင်ရည်တစ်ခုဖြစ်သည်။ လီကျစ်က စစ်ဘက်အမတ်တစ်ဦးဖြစ်ရန် ကိုယ်တိုင်တောင်းဆိုခဲ့ခြင်းဖြစ်ပြီး သူ၌ အမှန်တကယ်အရည်အချင်းရှိနေပုံရသည်။ ထို့ကြောင့် လီကျစ်သည် အလားအလာကောင်းသော လူစွမ်းကောင်းတစ်ဦးဖြစ်ကြောင်း ဟယ်ရှီရှို့ ပို၍ခံစားလာရသည်။
ဒုတိယအချက်အနေဖြင့် သူ၏ စီရင်စုနယ်မြေအတွင်း ကာလရှည်ကြာ အမြစ်တွယ်နေသော ဓားပြများကို လျင်မြန်ပြတ်သားသည့်နည်းလမ်းများဖြင့် ရှင်းလင်းဖယ်ရှားနိုင်ခဲ့ခြင်းမှာ ပြည်နယ်ဘုရင်ခံအတွက်လည်း ကြီးမားသော အုပ်ချုပ်ရေးဆိုင်ရာဂုဏ်ဒြပ်တစ်ခုဖြစ်ပြီး ဟယ်ရှီရှို့၏ အနာဂတ် ရာထူးတက်လမ်းအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ ဤသို့ ကြီးမားသော အုပ်ချုပ်ရေးဆိုင်ရာဂုဏ်ဒြပ်တစ်ခုရရှိရန် ကူညီပေးခဲ့သော လီကျစ်ကို ဟယ်ရှီရှို့က သဘောကျနေသည်မှာ သဘာဝပင်ဖြစ်သည်။ ထိုနေ့မှာပင် သူက လီကျစ်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ရန် ထောက်ခံစာတစ်စောင်ရေးကာ စစ်ဘက်ရေးရာဌာနသို့ တင်ပြလိုက်လေသည်။ တစ်လအတွင်း လီကျစ်၏ ချီးကျူးဂုဏ်ပြုလွှာ ရောက်ရှိလာတော့မည်ဖြစ်သည်။ ထို့ပြင် လီကျစ်သည် အမြဲတမ်းရက်ရောတတ်သူဖြစ်သည်။ ဤတစ်ကြိမ်တွင် ပြည်နယ်ဘုရင်ခံက သူ့အတွက် ဂုဏ်ပြုလွှာတောင်းခံပေးသည်ကို မြင်သောအခါ လီကျစ်ကလည်း လျစ်လျူမရှုခဲ့ပေ။ သူက ချာယွန်တောင်ထွတ်မှ သိမ်းဆည်းရမိသော ငွေများထဲမှ ငွေသျှူး တစ်ထောင်ကို ဟယ်ရှီရှို့ထံ လက်ဆောင်အဖြစ်ဆက်သလိုက်ရာ ဟယ်ရှီရှို့မှာ အလွန်တရာဝမ်းသာကျေနပ်သွားတော့သည်။ ဤကဲ့သို့သော လက်အောက်ငယ်သားမျိုးရှိနေသည်ကို ဘာများထပ်ပြီးတောင်းဆိုစရာ လိုတော့မည်နည်း။ ဟယ်ရှီရှို့မှာ လီကျစ်ကို ရာထူးတိုးပေးရန် အခြားမည်သည့် အကြောင်းပြချက်များ ရှာဖွေနိုင်မည်ကိုပင် တွေးတောနေပြီဖြစ်သည်။
ဓားပြနှိမ်နင်းရေးကိစ္စရပ်များ ပြီးစီးသွားပြီးနောက် လီကျစ်သည် ဆပ်ပြာအလုပ်ရုံ၏ ထုတ်လုပ်မှုစွမ်းအားကိုတိုးချဲ့ရန် ဖန့်ကျားရွာသို့ ပြန်လာခဲ့လေသည်။
လီကျစ်တစ်ယောက် ဓားပြနှိမ်နင်းရန်အတွက် ဆားတောင်တန်းရှိ ဓားပြစခန်းသို့ သွားရောက်ခဲ့ရသည့်ခရီးစဉ်မှာ တစ်လခန့်ကြာမြင့်ခဲ့ပြီး ယခုအခါ ၁၂ လပိုင်းအလယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖန့်ကျားရွာလေးမှာတော့အလုပ်များဖြင့် အသက်ဝင်လှုပ်ရှားနေသည်။ ဖန့်ကျားရွာသစ်၏မြေကြီးကို ဖိညှစ်တည်ဆောက်ထားသောမြို့ရိုးများ၏ လေးပုံသုံးပုံခန့် ပြီးစီးနေပြီဖြစ်ပြီး အုတ်စီသည့်လုပ်ငန်းစဉ်၏ ထက်ဝက်ခန့်မှာလည်းပြီးစီးနေပြီဖြစ်သည်။ ၉ လပိုင်းအလယ်မှ စတင်၍ ပန်းရန်ဆရာများနှင့် လက်သမားများပါဝင်သော ဒုတိယအသုတ်သည် ဖန့်ကျားရွာတွင် အိမ်များစတင်ဆောက်လုပ်ခဲ့ကြပြီး ယခုအချိန်အထိ လုံးချင်းအိမ်ငယ် ခြောက်ရာခန့် ပြီးစီးနေပြီဖြစ်သည်။
တိုးချဲ့ထုတ်လုပ်မှုများကိုလုပ်ဆောင်နိုင်မည့် ဆပ်ပြာအလုပ်ရုံ၏ စက်ရုံအဆောက်အအုံ ကိုလည်း ဖန့်ကျားရွာသစ်၏တောင်ဘက်တွင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်။ လီကျစ်သည် ထန်းကျင်းမြို့မှ စက်ရုံများနှင့် အလုပ်သမားများအားလုံးကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားသောကြောင့် အသစ်ဆောက်လုပ်ထားသော ဆပ်ပြာအလုပ်ရုံအတွက် ထန်းကျင်းမြို့တွင် အလုပ်သမားခေါ်ယူတော့မည် မဟုတ်ပေ။ ဤတစ်ကြိမ်တွင် လီကျစ်သည် အလုပ်သမားခေါ်ယူရန်အတွက် ဖန့်ကျားရွာ၌ အလုပ်အကိုင် ခေါ်ယူရေးပွဲကို တိုက်ရိုက်ကျင်းပခဲ့ပြီး အလုပ်သမားသစ်အားလုံးကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့နေထိုင်ကာ အသစ်ဆောက်လုပ်ထားသော လုံးချင်းအိမ်ငယ်များကို ငှားရမ်းနေထိုင်ရန် သတ်မှတ်ထားသည်။
လုံးချင်းအိမ်ငယ်တစ်လုံးတွင် အိပ်ခန်းလေးခန်းပါဝင်ပြီး တစ်လငှားရမ်းခမှာ ငွေ နှစ်မတ်နှင့် ခုနစ်ဖန် ဖြစ်သည်။ အကယ်၍ အလုပ်သမားက လူပျိုဖြစ်ပါက အခန်းတစ်ခန်းတည်း ငှားရမ်းရန် ငွေ ခုနစ်ဖန်သာ ကျသင့်မည်ဖြစ်သည်။ ကလေးရှိသော လင်မယားအတွက်ပင် အခန်းနှစ်ခန်း ငှားရမ်းပါက ငွေ တစ်မတ်နှင့် လေးဖန်သာ ကျသင့်မည်ဖြစ်ပြီး ယင်းမှာ အလုပ်သမားတစ်ဦး၏ တစ်လစာ လုပ်အားခ၏ ဆယ်ပုံတစ်ပုံအောက်သာရှိသောကြောင့် အလုပ်သမားများအနေဖြင့် တတ်နိုင်သော ပမာဏဖြစ်သည်။
အလုပ်အကိုင်ခေါ်ယူရေးပွဲမှာ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ နေ့ဝက်ခန့်အတွင်းမှာပင် လီကျစ်သည် ဖန့်ကျားရွာသို့ ပြောင်းရွှေ့နေထိုင်ရန် ဆန္ဒရှိကြသော ရိုးသားကြိုးစားသည့် အလုပ်သမားသစ် ရှစ်ဆယ်ခန့်ကို ခေါ်ယူနိုင်ခဲ့သည်။
၁၂ လပိုင်း၏ အေးစက်လှသော လေပြင်းများက တဝူးဝူးတိုက်ခတ်နေသဖြင့် ရှီအာတစ်ယောက် တစ်ကိုယ်လုံးချမ်းတုန်နေရသည်။ ရှီအာက အေးခဲနေသောလက်များကို နွေးထွေးသွားစေရန် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် သူ၏ ခရီးဆောင်အိတ်ကိုအောက်ချကာ ဖန့်ကျားရွာရှိ တပ်မှူးငယ်ရုံးတော်ရှေ့တွင် အနည်းငယ်စိုးရိမ်တုန်လှုပ်စွာဖြင့် ရပ်နေလိုက်သည်။
ရှီအာမှာ အနီးအနားရှိ ရှီမိသားစုရွာမှ တောင်သူတစ်ဦးဖြစ်သည်။ လွန်ခဲ့သော သုံးရက်ခန့်က ဖန့်ကျားရွာတွင် အလုပ်သမားများခေါ်ယူနေကြောင်း စာဖတ်တတ်သောရွာသားတစ်ဦးထံမှ သူ ကြားသိခဲ့ရသည်။ ရှီအာသည် လူတွေ့စစ်ဆေးမှုခံယူရန် ဖန့်ကျားရွာသို့ အပြေးအလွှားသွားခဲ့ပြီး ကံကောင်းထောက်မစွာပင် အရွေးခံခဲ့ရသည်။ သူ့ကို လူတွေ့စစ်ဆေးခဲ့သော တပ်မှူးငယ်က တံဆိပ်ရိုက်နှိပ်ထားသော စက္ကူကတ်ပြားလေးတစ်ခုကိုပေးကာ သူ၏ ပစ္စည်းများကိုယူဆောင်၍ ယနေ့ ဖန့်ကျားရွာသို့ လာရောက်သတင်းပို့ရန် မှာကြားခဲ့သည်။
ယခု ဖန့်ကျားရွာသို့လာရောက်သည့် ခရီးစဉ်တွင် အိမ်မှမိဘများက သူ့ကို မျက်ရည်စက်လက်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
တောင်သူလယ်သမားများသည် ခရီးများများစားစား မသွားဖူးသလို ပြင်ပကမ္ဘာအကြောင်းကိုလည်း သိပ်မသိကြပေ။ သို့သော် ဘုရင့်ရုံးတော်အတွက် အလုပ်လုပ်ပြီး ငွေရရန်ဆိုသည်မှာ အတော်လေးခက်ခဲကြောင်းကိုတော့ သူတို့ သိထားကြသည်။ ဖန့်ကျားရွာနှင့် ရှီမိသားစုရွာမှာအလွန်နီးကပ်ပြီး ဖန့်ကျားရွာရှိ ဆင်းရဲနွမ်းပါးလှသော စစ်ဘက်မိသားစုများကို ရှီမိသားစုရွာမှလူများ အရင်ကမြင်တွေ့ဖူးကြသည်။ သူတို့သည် အမှန်တကယ်ကို ဆင်းရဲမွဲတေလှသည်။ စစ်သည်များမှာ သူတို့၏ တစ်လစာလုပ်အားခဖြစ်သော ငွေငါးမတ်ကိုပင် အပြည့်အဝမရရှိကြဘဲ စစ်ဘက်အမတ်များ၏ အလွဲသုံးစားလုပ်ခြင်းကိုမကြာခဏ ခံကြရသည်။ ထို့ပြင် သူတို့သည် နေ့စဉ်ဘဝတွင် စစ်ဘက်အမတ်များအတွက် လယ်ယာလုပ်ငန်းခွင်၌ပါ ဝင်ရောက်ကူညီပေးကြရသေးသည်။ ရှီအာ၏မိဘများက ထိုကဲ့သို့သော နေရာမျိုးသို့ အလုပ်သွားလုပ်လျှင် သူတို့သား၏အနာဂတ်မှာ ကောင်းစားမည်မဟုတ်ကြောင်း သိထားကြသည်။ သို့ရာတွင် ရှီအာ၌ အခြားရွေးချယ်စရာလမ်းမရှိသောကြောင့် ဖန့်ကျားရွာတွင်သာ သူ၏ ကံကြမ္မာကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ရသည်။
သူတို့မိသားစုတွင် ယာမြေ နှစ်ဆယ့်ခုနစ်ဧက နှင့် မြေစိုက်အိမ် သုံးလုံးသာရှိသည်။ နှစ်စဉ်ရိတ်သိမ်းရရှိသောစပါးများမှာ လယ်ခွန်ဆောင်ပြီးပါက မိသားစုစားဝတ်နေရေးအတွက် သီသီလေးသာ လောက်ငသည်။ မိသားစုမှာ ဆင်းရဲသော်လည်း သူ၏ ဖခင်အိုကြီးက အံကြိတ်ခံကာ ရှီအာ၏ အစ်ကိုဖြစ်သူကို အိမ်ထောင်ချပေးရန်ငွေစုခဲ့သည်။ နှစ်ကာလများစွာ တစ်မိသားစုလုံး ချွေချွေတာတာ နေထိုင်ခဲ့ကြသဖြင့် ငွေ ၁၀ သျှူးခန့် စုဆောင်းမိခဲ့ပြီး လွန်ခဲ့သောလက သူ၏ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် အစ်ကိုဖြစ်သူမှာ နောက်ဆုံးတွင်မိန်းမရကာ အိမ်ထောင်ကျသွားခဲ့သည်။
အစ်ကိုဖြစ်သူ အိမ်ထောင်ကျသွားပြီဖြစ်ရာ ရှီမိသားစု၏ မျိုးဆက်ပြန့်ပွားရေးအတွက် စိတ်ချရပြီဖြစ်သည်။ မိဘများက ဝမ်းသာနေကြသော်လည်း မရီးဖြစ်သူ အိမ်သို့ ပြောင်းရွှေ့လာသည်နှင့် တစ်ပြိုင်နက် မိသားစု၏ဘဏ္ဍာရေး ပြဿနာများက ပေါ်ပေါက်လာတော့သည်။ ယာမြေ နှစ်ဆယ့်ခုနစ်ဧက က အိမ်ထောင်သည်ယောကျာ်းနှစ်ယောက်ကို လုပ်ကျွေးရန် မလုံလောက်သောကြောင့် ရှီအာအနေဖြင့် အခြားထွက်ပေါက်တစ်ခုကို ရှာဖွေရတော့သည်။ ထို့ကြောင့် တပ်မှူးငယ်က သူ့ကို လစဉ်လုပ်အားခပေးမည်ဆိုသည်ကို မယုံကြည်သော်ငြားလည်း ရှီအာတစ်ယောက် ဖန့်ကျားရွာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့ သူ ဤနေရာတွင် အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ပြီး မိသားစုအတွက် လူတစ်ယောက်စာ စားနပ်ရိက္ခာ လျော့သွားမည်ဖြစ်ရာ သူ၏ အစ်ကိုနှင့် မရီးဖြစ်သူတို့ သားသမီးထွန်းကားလာနိုင်မည်ဖြစ်သည်။ ရှီအာ ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာခြင်းမှာ မိသားစုခွဲထွက်ခြင်းဟု သတ်မှတ်နိုင်သည်။ ဤသို့ ခွဲထွက်ရာတွင် မိသားစုပိုင်ဆိုင်မှုအားလုံးကို အိမ်ထောင်သည် အစ်ကိုဖြစ်သူထံသို့သာ ပေးအပ်ခဲ့သည်။ ရှီအာမှာတော့ မြေတစ်ဧက ၊ အိမ်တစ်လုံးမျှမရရှိခဲ့ဘဲ ဝတ်ဆင်ထားသော ချည်ထည်အင်္ကျီနှင့် စောင်တစ်ထည်ကိုသာယူဆောင်၍ ထွက်ခွာလာခဲ့ရသည်။
သူ၏ မိသားစု မျိုးဆက်ပြန့်ပွားရေးအတွက် ရှီအာ၌ အခြားရွေးချယ်စရာလမ်း မရှိခဲ့ပေ။