လီကျစ်သည် သူ၏ အလုပ်သမား နှစ်ထောင်နီးပါးအားလုံးကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်။
အထည်စက်ရုံကို ဦးစွာပြောင်းရွှေ့မည်ဖြစ်ပြီး ထို့နောက်မှ ဆပ်ပြာအလုပ်ရုံကို ပြောင်းရွှေ့မည်ဖြစ်သည်။
အထည်စက်ရုံရှိ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ဆက်စပ်နေခြင်း မရှိပေ။
တစ်ပိုင်းတစ်စပြီးစီးနေသော ကုန်ကြမ်းပစ္စည်းများ လက်ကျန်ရှိနေသရွေ့ ထုတ်လုပ်မှုကို ထိခိုက်မည်မဟုတ်ဘဲ အချို့သော လုပ်ငန်းစဉ်များကို အခြားနေရာသို့ ပြောင်းရွှေ့ခြင်းကလည်း ထိခိုက်မှု မရှိနိုင်ပေ။ သို့ရာတွင် ဆပ်ပြာအလုပ်ရုံမှာတော့ ထိုသို့မဟုတ်ပေ။ ဆပ်ပြာအလုပ်ရုံရှိ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ကွင်းဆက်လုပ်ငန်းစဉ်များဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုခုကို အခြားနေရာသို့ ပြောင်းရွှေ့လိုက်ပါက ထုတ်လုပ်မှုတစ်ခုလုံး ရပ်တန့်သွားမည်ဖြစ်သည်။ ထို့ကြောင့် လီကျစ်သည် အထည်စက်ရုံ၏ တစ်စိတ်တစ်ပိုင်းကို ဦးစွာပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပြီး ပထမဆုံး ပြောင်းရွှေ့လာသူများကြောင့် ဖန့်ကျားရွာလေး စည်ကားလာသောအခါမှ ဆပ်ပြာအလုပ်ရုံကို ပြောင်းရွှေ့မည်ဖြစ်သည်။
လူပျို၊ အပျို အလုပ်သမားများအတွက်မူ ကိုင်တွယ်ဖြေရှင်းရန်လွယ်ကူသည်။ သူတို့ကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့စေပြီး လုံးချင်းအိမ်ငယ်များကို ငှားရမ်းနေထိုင်ခိုင်းရုံသာ ဖြစ်သည်။ သို့ရာတွင် မိသားစုရှိသူများအတွက်မူ အနည်းငယ်ခက်ခဲသည်။ အကယ်၍ အလုပ်သမားတစ်ဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည် ထန်းကျင်းမြို့၌ အခြားအလုပ်တစ်ခုရှိနေပါက ထိုအလုပ်သမားများအနေဖြင့် သူတို့၏ အိမ်ထောင်ဖက်များကို အလုပ်ထွက်ခိုင်းပြီး ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာရန် ဆန္ဒရှိကြမည်မဟုတ်ပေ။ အပြင်အလုပ်များသည် တစ်လစာ ဝင်ငွေနည်းပါးသော်လည်း မိသားစုဝင်ငွေ၏ အရင်းအမြစ်တစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။
လီကျစ်သည် အထည်စက်ရုံအလုပ်သမားများ၏ အိမ်ထောင်ဖက်များ အလုပ်အကိုင် အခြေအနေများကို စာရင်းပြုစု၍တင်ပြရန် ကျန်းယွမ်ကို ညွှန်ကြားခဲ့သည်။
စာရင်းများ ပြုစုပြီးနောက် လီကျစ် တွေ့ရှိခဲ့သည်မှာ အထည်စက်ရုံရှိ အလုပ်သမား ၁,၇၇၀ ဦးအနက် လူ ၄၀၀ ခန့်မှာ အိမ်ထောင်မရှိသူ လူပျိုအပျိုများ (ပထမအုပ်စု) ဖြစ်ပြီး ၉၀၀ ကျော်မှာ အိမ်ထောင်ရှိသော်လည်း အိမ်ထောင်ဖက်များမှာ အလုပ်မရှိသူများ (ဒုတိယအုပ်စု) ဖြစ်ကာ လူ ၃၀၀ ကျော်သာ အိမ်ထောင်ဖက်များ အခြားနေရာတွင်အလုပ်ရှိသည့် (တတိယအုပ်စု)ဝင်များ ဖြစ်ကြသည်။ ဤခေတ်ကာလတွင် အမျိုးသမီးအများစုမှာ အိမ်မှာနေ၍ ဗိုင်းငင် ရက်ကန်းရက်ကာ အိမ်မှုကိစ္စများကိုသာ လုပ်ဆောင်လေ့ရှိပြီးအပြင်ထွက်၍ အလုပ်လုပ်သူနည်းပါးသောကြောင့် ဒုတိယအုပ်စုမှာ အရေအတွက်အများဆုံး ဖြစ်နေခြင်းဖြစ်သည်။
လီကျစ်အနေဖြင့် တတိယအုပ်စုဝင် လူ ၃၀၀ ကျော်၏ အိမ်ထောင်ဖက်များအတွက် အလုပ်အကိုင်သစ်များ ရှာဖွေပေးရန်သာလိုအပ်ပြီး ထို့နောက် သူ၏ စက်မှုလုပ်ငန်း အလုပ်သမားများ အားလုံးကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။
ယင်းမှာ ခက်ခဲသော ကိစ္စရပ်တစ်ခုမဟုတ်ကြောင်း လီကျစ် ခံစားရသည်။ ဖန့်ကျားရွာလေး စည်ကားလာသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းနယ်ပယ် အသီးသီးတွင် လူအင်အားလိုအပ်လာမည်ဖြစ်ရာ ထိုအလုပ်သမား ၃၀၀ ကျော်၏ အိမ်ထောင်ဖက်များလည်း ဖန့်ကျားရွာတွင် အလုပ်အကိုင်သစ်များ ရရှိနိုင်မည်ဖြစ်သည်။
လီကျစ်က လူဦးရေတိုးပွားလာစေရန်အတွက် ပထမအုပ်စုနှင့် ဒုတိယအုပ်စုဝင် အိမ်ထောင်စု စုစုပေါင်း ၁,၃၀၀ ကျော်ကို ဖန့်ကျားရွာသို့ ဦးစွာပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ အစီအစဉ်ချမှတ်ပြီးနောက် လီကျစ်သည် ဖန့်ကျားရွာတွင် အထည်စက်ရုံအတွက် စက်ရုံအဆောက်အအုံသစ်များ ဆောက်လုပ်ရန် ပန်းရန်ဆရာများကို ညွှန်ကြားခဲ့သည်။ ၁၂ လပိုင်း ၂၄ ရက်နေ့တွင် စက်ရုံအဆောက်အအုံသစ်များ ဆောက်လုပ်ပြီးစီးသွားသောအခါ ကျန်းယွမ်က အလုပ်သမားများကို ပြောင်းရွှေ့ရန်အကြောင်းကြားခဲ့သည်။ လီကျစ်က ရက်ကန်းစင်များကို သယ်ယူပို့ဆောင်ရန် လူအင်အားကို စီစဉ်ပေးခဲ့ပြီး စက်ရုံအဆောက်အအုံသစ်များသို့ ရက်ကန်းစင် ၁,၃၀၀ ကို သုံးရက်အတွင်း အပြီးသတ်ပြောင်းရွှေ့ကာ ထုတ်လုပ်မှုကိုပြန်လည်စတင်ရန် ရည်မှန်းထားသည်။
***
နှစ်သစ်ကူးအကြိုနေ့ နေ့လယ်ပိုင်းတွင် အထည်စက်ရုံကို စောစီးစွာပိတ်လိုက်သည်။ ကူလောင်အာသည် အလုပ်ဆင်းပြီးနောက် ဖန့်ကျားရွာ၏ မြောက်ဘက်တံခါး ဈေးတန်းတွင် အတန်ကြာ လမ်းလျှောက်နေပြီးနောက်… တံခါးဘေးကပ်စာ တစ်စုံ ဗြောက်အိုးတစ်ကုံး ဝက်အူချောင်း ငါးကျင် လတ်ဆတ်သော အသား ဆယ်ကျင်၊ ဂျုံမှုန့် နှစ်ဆယ်ကျင် နှင့် ဟင်းသီးဟင်းရွက် ဆယ်ကျင်တို့ကို ဝယ်ယူခဲ့သည်။
သူသည် သူ၏ သခင်ဖြစ်သူနှင့်အတူ ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပြီး ယခုအခါ တယ်ရှင်းလမ်းရှိ လုံးချင်းအိမ်ငယ်တစ်လုံးတွင် အခန်းနှစ်ခန်း ငှားရမ်းနေထိုင်လျက်ရှိသည်။ အထည်စက်ရုံမှ အလုပ်သမား ၁,၃၀၀ ဖန့်ကျားရွာတွင် အခြေချနေထိုင်ပြီးနောက် ထန်းကျင်းမြို့မှ ကုန်သည်များသည် စီးပွားရေးအခွင့်အလမ်းများကို ချက်ချင်းအနံ့ခံမိသွားကြသည်။ ဤအထည်စက်ရုံ အလုပ်သမားများသည် လစဉ်လုပ်အားခပုံမှန်ရရှိပြီး ငွေကြေးသုံးစွဲနိုင်စွမ်းကြီးမားသော စားသုံးသူအုပ်စုတစ်စုဖြစ်သည်။ ကုန်သည်များစွာသည် ထန်းကျင်းမြို့မှ ထွက်ခွာလာပြီး သူတို့၏ စီးပွားရေးလုပ်ငန်းများကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာခဲ့ကြရာ အမှန်တကယ်ပင် အားလုံး စီးပွားဖြစ်ထွန်းနေကြသည်။
လီကျစ်သည် ဖန့်ကျားရွာသစ်၏ အရပ်လေးမျက်နှာတွင် ဈေးလေးခုကို တည်ဆောက်ထားသည်။ ချုံကျန်းမင်းဆက် ခုနစ်နှစ်မြောက်၏ နောက်ဆုံးနေ့တွင် ဤဈေးလေးခု၌ ကုန်သည်အများအပြား ရှိနေပြီဖြစ်သည်။ ဆန်၊ ဂျုံ၊ အသား၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ ကြက်၊ ဘဲ နှင့် ကုန်စုံမျိုးစုံ ရောင်းချသူများရှိကြသည်။ ကုန်သည်များသည် လီမိသားစု၏ အလုပ်သမားများ၌ ဝယ်ယူနိုင်စွမ်းမြင့်မားကြောင်း သိထားကြသဖြင့် နှစ်သစ်ကူးအကြိုနေ့အတွက် ပစ္စည်းများကို အလုံအလောက် သိုလှောင်ထားကြသည်။
ကူလောင်အာသည် နှစ်သစ်ကူးပစ္စည်းများကို သယ်ဆောင်ကာ ပျော်ရွှင်ကြည်နူးစွာဖြင့် သူ၏ လုံးချင်းအိမ်ရှေ့သို့ ပြန်လာခဲ့သည်။
အိမ်ရှေ့တွင် ကူလောင်အာ၏ မိခင်အိုကြီးက တောင်ဝှေးကိုအားပြုကာ လမ်းထဲတွင် လမ်းလျှောက်နေသည်။ ယခု ကူလောင်အာတစ်ယောက် အထည်စက်ရုံတွင် အလုပ်ရနေပြီဖြစ်ရာ မိခင်အိုကြီးမှာလည်း အစားအသောက်ပြည့်စုံလာပြီး စိတ်ကြည်လင်လန်းဆန်းနေပုံရသည်။ ဖန့်ကျားရွာရှိ လုံးချင်းအိမ်ငယ်လေးသို့ ပြောင်းရွှေ့လာပြီးနောက် သူမသည် ရပ်ကွက်ထဲတွင် လမ်းလျှောက်ထွက်ရသည်ကို သဘောကျနေသည်။
ကူလောင်အာက "အမေ… သား အသားတွေဝယ်လာတယ်။ အိမ်ပြန်ပြီး ဖက်ထုပ်လုပ်စားကြရအောင်" ဟု သူ၏ မိခင်ကို လှမ်းခေါ်လိုက်သည်။
သို့ရာတွင် ကူလောင်အာ၏ မိခင်က "မင်းနဲ့ မင်းမိန်းမပဲ လုပ်ကြတော့လေ။ အမေက နောက်မှ စားမယ်" ဟု ပြန်ပြောလိုက်သည်။
ကူလောင်အာတစ်ယောက် သူမ၏ စကားကြောင့် ကြက်သေသေသွားသည်ကို မြင်သောအခါ မိခင်ဖြစ်သူက ဆက်၍…
"အမေ မင်းကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်လာရတာ အရမ်းပင်ပန်းခဲ့တာ… အခု မင်းက အမေ့ကို ဖက်ထုပ်လုပ်ကျွေးတာ ဘာမှားနေလို့လဲ"
ကူလောင်အာက မိခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ခြံတံခါးကို တွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။ အပေါ်ထပ်သို့ တက်သွားသောအခါ ဇနီးဖြစ်သူက အခန်းထဲတွင် ရက်ကန်းရက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ကူလောင်အာ လီမိသားစုအတွက် စတင်အလုပ်လုပ်ပြီးနောက် သူသည် တစ်လလျှင် ငွေ နှစ်သျှူး ရရှိသည်။ လအနည်းငယ်ခန့် ငွေစုပြီးနောက် ကူလောင်အာသည် ဇနီးဖြစ်သူ အိမ်တွင် ရက်ကန်းရက်နိုင်ရန် ရိုးရာရက်ကန်းစင် တစ်စင်ကို ဝယ်ယူပေးခဲ့သည်။ ဤရက်ကန်းစင်မျိုးသည် အထည်စက်ရုံရှိ လွန်းပျံရက်ကန်းစင်များကို မယှဉ်နိုင်သော်လည်း အမျိုးသမီးများအနေဖြင့် အိမ်တွင် ရက်ကန်းရက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင်ဝင်ငွေရှာနိုင်ဆဲဖြစ်သည်။ လုံ့လဝီရိယရှိသော အမျိုးသမီးများဆိုလျှင် တစ်လလျှင် ငွေ တစ်သျှူးကျော်အထိရှာဖွေနိုင်သည်။ ကူလောင်အာ၏ လစဉ်လုပ်အားခနှင့် ဇနီးဖြစ်သူ၏ ရက်ကန်းရက်၍ ရသောငွေများ ပေါင်းလိုက်သောအခါ ကူမိသားစုမှာ ဆင်းရဲတွင်းမှ လွတ်မြောက်သွားပြီဖြစ်ပြီး စားဝတ်နေရေး မပြည့်စုံသော မိသားစုမျိုး မဟုတ်တော့ပေ။
ကူလောင်အာသည် ဖန့်ကျားရွာရှိ သူ၏သခင်ထံမှ လုံးချင်းအိမ်ငယ်တစ်ဝက်ကို ငှားရမ်းထားပြီး အခြားမိသားစုတစ်စုနှင့် မျှဝေနေထိုင်သည်။ လစဉ်ငှားရမ်းခမှာ ကြေးပြား ၁၄၀ ဖြစ်ပြီး ယင်းမှာ လက်ရှိ ကူမိသားစုအတွက် များပြားသောပမာဏတစ်ခု မဟုတ်တော့ပေ။ ကူလောင်အာနှင့် သူ၏ဇနီးသည် အပေါ်ထပ်ရှိ အခန်းတစ်ခန်းတွင်နေထိုင်ပြီး ခြေထောက်မကောင်းသော ကူလောင်အာ၏ မိခင်ကမူ အောက်ထပ်ရှိ အခန်းတစ်ခန်းတွင် နေထိုင်သည်။
ကူလောင်အာတစ်ယောက် ဗြောက်အိုးများနှင့် တံခါးဘေးကပ်စာများကို သယ်ဆောင်လာသည်ကိုမြင်သောအခါ ကူလောင်အာ၏ ဇနီးက အခန်းထဲမှပျော်ရွှင်စွာ ပြေးထွက်လာပြီး…
"ယောကျာ်း… ရှင် နှစ်သစ်ကူးပစ္စည်းတွေ အများကြီးဝယ်လာတာပဲ"
ကူလောင်အာ အထည်စက်ရုံတွင် စတင်အလုပ်လုပ်ပြီး လစဉ်လုပ်အားခ ရရှိလာချိန်မှစ၍ ကူလောင်အာ၏ ဇနီးသည် သူ့ကို နာမည်တပ်၍ မခေါ်တော့ဘဲ 'ယောကျာ်း' ဟုသာ ခေါ်ဆိုတော့သည်။ ကူလောင်အာက ပြုံး၍…
"ဒီနှစ်တော့ ငါတို့ အိမ်သစ်ကို ပြောင်းလာပြီဆိုတော့ နှစ်သစ်ကူးပွဲတော်ကို ကောင်းကောင်းလေး ကျင်းပကြတာပေါ့"
ကူလောင်အာ၏ ဇနီးသည် သူ၏လက်ထဲရှိ နှစ်သစ်ကူးပစ္စည်းများကိုကြည့်ရင်း မျက်ရည်များ ဝဲတက်လာကာ…
"ဒီနှစ်တော့ ငါတို့မိသားစု ဝက်အူချောင်း စားရတော့မယ်။ မနှစ်က ဒီအချိန်တုန်းကဆို ငါတို့အိမ်မှာ ဂျုံမှုန့် ဆယ်ကျင်ပဲ ကျန်တော့တာ၊ နှစ်သစ်ကူးကို ဖြတ်သန်းဖို့တောင် မလောက်ဘူး"
ကူလောင်အာကပြုံး၍ ဇနီးဖြစ်သူ၏ ပခုံးကိုဖက်ကာ…
"ပြီးသွားတဲ့ ကိစ္စတွေပဲကွာ… ဘာလို့ ပြန်ပြောနေသေးလဲ။ လာ… ဖက်ထုပ်လုပ်ဖို့ မီးဖိုချောင်ထဲ သွားကြမယ်" ဟု ရယ်မော၍ ပြောလိုက်သည်။
ကူလောင်အာ၏ ဇနီးက မျက်ရည်များကို လက်ဖြင့်သုတ်လိုက်ပြီး…
"ဟယ်မိသားစုက မီးဖိုချောင်ကို သုံးနေတယ်။ ငါတို့ နောက်မှသွားကြတာပေါ့"
ဟယ်မိသားစုဆိုသည်မှာ ဤလုံးချင်းအိမ်ကို ကူမိသားစုနှင့်အတူ မျှဝေနေထိုင်သော အခြားအလုပ်သမား မိသားစုတစ်စုဖြစ်သည်။ ထိုမိသားစုတွင်လည်း ခင်ပွန်းဖြစ်သူက လီမိသားစု၏ စက်ရုံတွင်အလုပ်လုပ်ပြီး ဇနီးဖြစ်သူက အိမ်တွင်ဗိုင်းငင်ကာ မိခင်အိုကြီးတစ်ဦးနှင့် သားယောကျာ်းလေး တစ်ယောက် ရှိသည်။
ကူလောင်အာက "အိမ်ကိုမျှသုံးရတာရဲ့ တစ်ခုတည်းသောဆိုးကျိုးက မီးဖိုချောင်ကို မျှသုံးရတာပဲ" ဟု ညည်းတွားလိုက်သည်။
ကူလောင်အာ၏ ဇနီးက…
"ဘာဆိုးလို့လဲ… အရမ်းကောင်းတာပေါ့။ ဒီလောက်ကောင်းတဲ့ အိမ်မျိုးမှာနေရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒီဘိလပ်မြေနံရံတွေက ဘယ်လောက်တောင်ခိုင်ခံ့ပြီး ချောမွေ့နေလိုက်သလဲ၊ ပြီးတော့ ဒီပရိဘောဂတွေကလည်း ဘယ်လောက်တောင် သပ်ရပ်လိုက်သလဲကြည့်စမ်းပါ။ ထန်းကျင်းက ဟောက်မိသားစုခြံဝင်းမှာ ငါတို့ ငှားနေခဲ့ရတဲ့အခန်းထက် ဆယ်ဆလောက်ကို ပိုကောင်းသေးတယ်။ ကျွန်မကိုများ ဟောက်မိသားစုခြံဝင်းက အဲဒီအခန်းကိုပြန်သွားပြီး နေ့တိုင်း အမေနဲ့အတူ ကျပ်ကျပ်တည်းတည်း ပြန်နေခိုင်းမယ်ဆိုရင်တော့ ဘာဖြစ်ဖြစ် လုံးဝကို ပြန်မသွားနိုင်ဘူး"
ခေတ္တမျှစဉ်းစားပြီးနောက် ကူလောင်အာ၏ဇနီးက ဆက်၍…
"ပြီးတော့ ဒီအခန်းနှစ်ခန်းရဲ့ ငှားရမ်းခက ထန်းကျင်းမြို့က အခန်းတစ်ခန်းရဲ့ ငှားရမ်းခလောက်ပဲ ရှိတာလေ။ လီမိသားစုက ငါတို့အပေါ်အရမ်းကောင်းတာပဲ"
ကူလောင်အာက "ဒီနေရာက ဟောက်မိသားစုခြံဝင်းထက် ပိုကောင်းတာ သဘာဝပါပဲ။ ဒါပေမဲ့ ငါဆိုလိုတာက နောက်ကျလို့ ငါတို့ ကလေးရလာတဲ့အခါ တခြားသူတွေနဲ့ မျှမနေတော့ဘဲ ငါတို့ချည်းပဲ သီးသန့်နေဖို့ လုံးချင်းအိမ်ငယ်တစ်လုံး ငှားကြမယ်လို့ ပြောတာပါ။ တစ်လကို ငွေ နှစ်မတ်နဲ့ ခုနစ်ဖန်ပဲ ကျမှာလေ"
ကူလောင်အာ၏ ဇနီးက "ရှင်ကတော့လေ ပိုက်ဆံလေး နည်းနည်းရလာတာနဲ့ စည်းကမ်းမဲ့ သုံးဖို့ပဲ စဉ်းစားနေတော့တာပဲ"
"မိန်းမ… အခု ငါတို့မှာ ကလေးမွေးဖို့ ပိုက်ဆံရှိနေပြီလေ။ ဒီလပိုင်းတွေထဲမှာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေများပြနေပြီလား"
ကူလောင်အာ၏ ဇနီးက ညည်းတွားသံဖြင့်…
"ဟိုတလောက ငါတို့ ဟောက်မိသားစုခြံဝင်းမှာ နေတုန်းကဆို ရှင် အိမ်ပြန်ရောက်တာနဲ့ ရှင့်အမေက အခန်းထဲမှာ ထိုင်နေတော့တာလေ။ ငါတို့ လင်မယားနှစ်ယောက်တည်း အတူနေရတဲ့ အချိန်က ခြောက်လအတွင်းမှာမှ လက်ချိုးရေလို့ရတယ်။ အဲဒီတော့ ဘယ်လိုလုပ် ကိုယ်ဝန်ရနိုင်မှာလဲ"
ကူလောင်အာက ခေါင်းညိတ်ကာ …
"အမေက နည်းနည်းတော့ထူးဆန်းတယ်။ ငါ့မိန်းမလေးတော့ ဒုက္ခရောက်ရရှာပြီ"
ကူလောင်အာ၏ ဇနီးက "အခုတော့ ပိုကောင်းသွားပါပြီ။ ငါတို့မှာ အခန်းနှစ်ခန်း ရှိနေပြီဆိုတော့ ရှင့်အမေနဲ့ အခန်းတစ်ခန်းထဲမှာ နေ့တိုင်း အောင်းနေစရာမလိုတော့ဘူးလေ"
"ငါတို့ အခုပဲ အခန်းထဲသွားပြီး ကြိုးစားကြည့်ကြရင်ကော… ကိုယ်ဝန်ရလာနိုင်တယ်လေ"
ကူလောင်အာ၏ ဇနီးက ခေါင်းညိတ်ကာ လှည့်၍ အခန်းထဲသို့ ဝင်သွားလေသည်။ ကူလောင်အာ အခန်းထဲသို့ဝင်လာပြီးနောက် ကူလောင်အာ၏ဇနီးက တံခါးအပြင်ဘက်သို့ လှမ်းကြည့်ကာ ကူလောင်အာ၏ မိခင်အိမ်ထဲသို့ ဝင်မလာသေးကြောင်း သေချာစေပြီးမှ တံခါးကိုဂရုတစိုက် ပိတ်လိုက်လေတော့သည်။