၁ လပိုင်း လလယ်တွင် စစ်ဘက်ဆိုင်ဌာနမှ ချီးကျူးဂုဏ်ပြုကြောင်းအမိန့်တော်စာ ထွက်ပေါ်လာခဲ့သည်။
ဟယ်ရှီရှို့က လီကျစ်ထံ လူလွှတ်၍အကြောင်းကြားလိုက်သဖြင့် လီကျစ်သည် ရုံးတော်သို့သွားကာ သူ၏ ခါးချိတ်ပြား… အမိန့်တော်စာနှင့် တရားဝင်အမတ်ဝတ်စုံတို့ကို သွားရောက်ထုတ်ယူခဲ့သည်။
လီကျစ်ကိုမြင်လျှင် ဟယ်ရှီရှို့က အလွန်ဝမ်းသာသွားပြီး...
"တပ်မှူးငယ်ကနေ ဖန့်ကျားရွာရဲ့ ကာကွယ်ရေးအမတ်… ဒုတိယတပ်မှူးကြီးအဖြစ် ရာထူးတိုးသွားပြီပဲ။ မြန်မြန်အမတ်ဝတ်စုံလေးလဲဝတ်လိုက်စမ်းပါဦး... ငါ ကြည့်ပါရစေ" ဟု အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဟယ်ရှီရှို့၏ အစေခံများက အရာအားလုံးကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ လီကျစ်၏ ပစ္စည်းများအားလုံးကို လွှဲပြောင်းပေးအပ်လိုက်သည်။ လီကျစ်က ပြုံးလျက်ပစ္စည်းများကို လှမ်းယူလိုက်ပြီး ရုံးတော်၏ဘေးဘက်အခန်းငယ်တစ်ခုထဲတွင် သူ၏ အမတ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ဒုတိယတပ်မှူးကြီးဆိုသည်မှာ အဆင့်ငါးရှိ စစ်ဘက်ဆိုင်ရာအမတ်တစ်ဦးဖြစ်သည်။ အမတ်ဝတ်စုံမှာအပြာရောင်ဖြစ်ပြီး ရင်ဘတ်ရှိတံဆိပ်ပြားပေါ်တွင် မင်္ဂလာတိမ်တိုက်များနှင့် သမုဒ္ဒရာလှိုင်းတံပိုးများကို ပန်းထိုးထားကာ အလယ်တွင်ဝက်ဝံရုပ်ကို ပန်းထိုးထားသည်။ ထို့ပြင် ငွေသားကွပ်ထားသောခါးပတ်ကိုပါ ပတ်ထားရသဖြင့် ယခင် တပ်မှူးငယ်ဝတ်စုံထက် များစွာပို၍ ခန့်ညားထည်ဝါနေသည်။
ထို့နောက် လီကျစ်က ခါးပတ်ချိတ်ပြားကိုကြည့်လိုက်သည်။ ၎င်းမှာ ရွှေရည်စိမ်ထားသော ငွေပြားဖြစ်ပြီး ရိုးရှင်းသောတိမ်တိုက်ပုံစံသာပါသည့် ယခင်တပ်မှူးငယ် ခါးပတ်ချိတ်ပြားနှင့်မတူဘဲ တိမ်တိုက်နဂါးများနှင့် ဝပ်တွားနေသော ကျားရုပ်များဖြင့်တန်ဆာဆင်ထားကာ ပို၍ခမ်းနားကြီးကျယ်လှသည်။ ခါးပတ်ချိတ်ပြား၏ နောက်ကျောဘက်တွင် မင်တိုက်ကျူ (မင်မင်းဆက် တည်ထောင်သူ ဧကရာဇ်) ၏ ဆုံးမစာများကိုရေးထွင်းထားပြီး အရှေ့ဘက်တွင်မူ လီကျစ်၏ လက်ရှိရာထူးဖြစ်သော "ထန်းကျင်း လက်ဝဲတပ်ဖွဲ့၊ ကျင်းဟိုင် တပ်မှူးကြီး ကွပ်ကဲမှုအောက်ရှိ ဒုတိယ တပ်မှူးကြီး လီကျစ်" ဟူသော စာသားကို ထွင်းထုထားသည်။
ရာထူးတိုးသွားသဖြင့် လီကျစ်တစ်ယောက် စိတ်အခြေအနေအလွန်ကောင်းနေကာ ဘေးဘက်အခန်းငယ်ထဲတွင် လေချွန်နေမိသည်။
လီကျစ်သည် အဝတ်အစားလဲလှယ်ပြီးနောက် အနက်ရောင်ပိုးဇာဦးထုပ်ကိုဆောင်းကာ တတိယမြောက်ခန်းမဆောင်သို့ ပြန်ထွက်လာခဲ့သည်။ ထိုအခါ ဟယ်ရှီရှို့၏ ရယ်မောသံကို ကြားလိုက်ရသည်။
"မင်အင်ပါယာကြီးရဲ့ ခန့်ညားလှတဲ့ စစ်သူကြီးပါလား"
လီကျစ်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးသွားပြီး လက်ယှက်ကာ ပြုံးလျက် "အားလုံးက ပြည်နယ်ဘုရင်ခံမင်းကြီးရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ပါ"
ထိုသို့ပြောပြီးနောက် လီကျစ်က သူ၏ ရင်ဘက်ထဲမှ ငွေသျှူး တစ်ထောင်တန် ငွေလက်မှတ်တစ်ရွက်ကို ထုတ်၍ ဟယ်ရှီရှို့ထံ ကမ်းပေးလိုက်သည်။
လက်ရှိတွင် လီကျစ်၏ အဆက်အသွယ်များအားလုံးမှာ ဟယ်ရှီရှို့အပေါ်တွင်သာ မှီခိုနေရသဖြင့် ဟယ်ရှီရှို့အပေါ် သေချာပေါက် လက်ဖွာရမည်သာဖြစ်သည်။ ဟယ်ရှီရှို့က သူ့အား ဒုတိယတပ်မှူးကြီး ရာထူးကိုပေးအပ်ခဲ့ပြီး လီကျစ်ကလည်း ဟယ်ရှီရှို့အား စုစုပေါင်း ငွေသျှူး နှစ်ထောင် ပေးအပ်ခဲ့သဖြင့် မျှတသော အပေးအယူပင်ဖြစ်သည်။ လူမှုရေးဆက်ဆံရေးဆိုသည်မှာ အပေးအယူလုပ်ခြင်းပင် မဟုတ်ပါလော။ ဟယ်ရှီရှို့၏ ပုဂ္ဂိုလ်ရေးအကျင့်စာရိတ္တမှာ ကောင်းမွန်လှပြီး လီကျစ်ထံမှ အကျိုးအမြတ်များစွာရရှိထားသဖြင့် နောင်တွင်လည်း လီကျစ်ကို ပို၍ဂရုတစိုက် စောင့်ရှောက်ပေးမည်မှာ သေချာလှသည်။
ထန်းကျင်းမြို့တွင် ပြည်နယ်ဘုရင်ခံ၏ စောင့်ရှောက်မှုရှိနေသရွေ့ မည်သူကမျှ လီကျစ်ကို အန္တရာယ်ပြုဝံ့မည် မဟုတ်ပေ။
ဟယ်ရှီရှို့က ငွေလက်မှတ်ကိုကြည့်ကာ ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် အားရပါးရ ရယ်မောလျက်...
"ဒုတိယတပ်မှူးကြီးလီက စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ။ ကိုယ့်ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေနဲ့ ဖန့်ကျားရွာမှာ မြို့ရိုးတွေတည်ဆောက်ပြီး တိုင်းပြည်ကိုကာကွယ်ပေးနေတယ်။ တကယ့်ကို အောင်မြင်စွမ်းဆောင်နိုင်တဲ့ သူပါပဲ"
လီကျစ်က လက်ယှက်ကာ...
"ကျွန်တော်မျိုးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ဖန့်ကျားရွာမှာပဲစုစည်းပြီး တစ်စုတစ်စည်းတည်း စီမံခန့်ခွဲချင်လို့ပါ"
"ကျွတ် ကျွတ်... ဒုတိယတပ်မှူးကြီးလီက ရည်မှန်းချက်ကြီးမားလှပါလား။ လူငယ်တွေ ရည်မှန်းချက်ကြီးတာ ကောင်းပါတယ်။ မင်း မြို့ရိုးတွေ တည်ဆောက်တာက တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက်ချည်းပါပဲ။ အကယ်လို့ အထက်အမတ်တစ်ယောက်ယောက်ကများ မင်းကို အခက်အခဲပေးလာရင် ငါ့ဆီသာ လာခဲ့လိုက်"
လီကျစ်က ပြုံးလျက်…
"ဘုရင်ခံမင်းကြီးလည်း ရှိနေသလို... အခု ကျွန်တော်မျိုးက ဒုတိယတပ်မှူးကြီး ရာထူးကိုလည်း ရထားပြီဆိုတော့ ကိုယ်ပိုင်ကိုယ်ရံတော်တပ်ဖွဲ့ အင်အားကိုတိုးချဲ့ချင်ပါတယ်။ ဘုရင်ခံမင်းကြီးများ ခွင့်ပြုနိုင်မလားဆိုတာ သိချင်ပါတယ်"
ဟယ်ရှီရှို့က "အို..." ဟု ရေရွတ်လိုက်ပြီး…
"မင်းရဲ့တပ်ဖွဲ့ကို လူဘယ်လောက်အထိ တိုးချဲ့ချင်လို့လဲ"
"လူနှစ်ထောင်အထိ တိုးချဲ့ချင်ပါတယ်"
ဟယ်ရှီရှို့က ခေါင်းညိတ်ကာ စားပွဲကိုလက်ချောင်းများဖြင့် အနည်းငယ်ခေါက်လိုက်ပြီး ဘေးနားရှိ ငွေသျှူးတစ်ထောင်တန် ငွေလက်မှတ်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။
"ဒုတိယတပ်မှူးကြီးလီက တကယ့်ကိုထူးခြားတဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ။ ကိုယ့်ကိုယ်ပိုင် ငွေကြေးနဲ့ တိုင်းပြည်အတွက်စစ်သည်တွေ မွေးမြူတယ်ဆိုတာ ဒီမင်းဆက်မှာ တစ်ခါမှမကြုံဖူးသေးတဲ့ ကိစ္စပဲ။ အရင်က လူခြောက်ရာကိုထောက်ပံ့ခဲ့ပြီး အခုနှစ်ထောင်တဲ့လား..."
ဟယ်ရှီရှို့က ခေါင်းစောင်းကာ စဉ်းစားလိုက်ပြီးနောက်...
"ဒီကိစ္စကို ဧကရာဇ်မင်းမြတ်ဆီ ငါ တင်ပြပေးပါ့မယ်။ ဖြစ်နိုင်ချေရှိပါတယ်"
ဟယ်ရှီရှို့၏ လေသံကိုကြားလိုက်ရသဖြင့် တပ်ဖွဲ့အင်အားတိုးချဲ့ရေးကိစ္စ အဆင်ပြေသွားပြီဖြစ်ကြောင်း လီကျစ် သိလိုက်သည်။
သူသည် ဟယ်ရှီရှို့နှင့် စကားအနည်းငယ် ဆက်ပြောပြီးနောက် မတ်တတ်ရပ်ကာ နှုတ်ဆက်၍ ရုံးတော်မှ ထွက်ခွာလာခဲ့သည်။
လီကျစ်သည် အမတ်ဝတ်စုံသစ်ကြီးဖြင့် ဖန့်ကျားရွာသို့ပြန်ရောက်လာသည်။ သူ ရုံးတော်အတွင်းသို့ပင် မဝင်ရသေးခင် အစေခံတစ်ဦးကပြေးလာပြီး...
"သခင်လေး... ယွန်ဖန်လီက ကာကွယ်ရေးအမတ် ယိုဟွာချောင်း လာလည်ပါတယ်"
ယခုအခါ လီကျစ်သည် ဖန့်ကျားရွာ၏ ကာကွယ်ရေးအမတ်အဖြစ် ရာထူးတိုးသွားပြီဖြစ်သည်။ ထို့ကြောင့် ယိုဟွာချောင်းသည် သူ၏ အထက်အမတ်မဟုတ်တော့ဘဲ သူတို့နှစ်ဦးမှာ အဆင့်အတန်းတူများ ဖြစ်သွားကြပြီဖြစ်သည်။ လီကျစ်သည် ယိုဟွာချောင်းအား ပုံမှန် အကျင့်ပျက်ခြစားနေသော အရာရှိတစ်ဦးမှန်း သိထားသဖြင့် သူနှင့် ပတ်သက်ရန် ရည်ရွယ်မထားပေ။ သို့ဆိုလျှင် သူက ဘာကိစ္စအတွက် ရောက်လာရသနည်း။
လီကျစ်က မြင်းပေါ်မှဆင်းကာ မြင်းဇက်ကြိုးကို အစေခံတစ်ဦးထံကမ်းပေးလိုက်ပြီး ရုံးတော်အတွင်းသို့ဝင်ရန် ပြင်လိုက်စဉ် ယိုဟွာချောင်းက သူ၏ အစေခံများနှင့်အတူ အပြင်သို့ ထွက်လာသည်ကို မြင်လိုက်ရသည်။ အမတ်ဝတ်စုံသစ်ကြီး ဝတ်ဆင်ထားသော လီကျစ်ကို မြင်လျှင် ယိုဟွာချောင်းက အသံကျယ်ကျယ်ဖြင့်...
"ဒုတိယတပ်မှူးကြီးနဲ့ ကာကွယ်ရေးအမတ်အဖြစ် ရာထူးတိုးသွားတဲ့ ညီငယ်လီ... ဂုဏ်ယူပါတယ်ကွာ။ ဒီနေ့က တကယ့်ကို မင်္ဂလာရှိတဲ့နေ့ပဲ"
"တပ်မှူးကြီးယို... ခင်ဗျား သတင်းရတာ တော်တော်မြန်တာပဲ"
ယိုဟွာချောင်းက ပြုံးလျက်...
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညီငယ် ဓားပြတွေကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ခဲ့ကတည်းက ညီငယ် ရာထူးတိုးတော့မယ်ဆိုတာ အစ်ကို သိပြီးသားပါ။ နောက်တော့ အစ်ကိုနဲ့ အဆင့်တူဖြစ်တဲ့ ဖန့်ကျားရွာရဲ့ ကာကွယ်ရေးအမတ်အဖြစ် ညီငယ် ရာထူးတိုးတော့မယ်လို့ ကြားလိုက်ရတယ်။ ဒီနေ့ ညီငယ် ရုံးတော်ကိုသွားတယ်ဆိုတာကြားလိုက်လို့ ရာထူးတိုးတဲ့ကိစ္စ အတည်ဖြစ်သွားပြီမှန်းသိလိုက်တာနဲ့ အစ်ကို တကူးတကလာဂုဏ်ပြုတာပါ"
ထို့နောက် သူက ခေတ္တရပ်ကာ ဆက်ပြောသည်။
"မနေ့ကတောင် ညီငယ်က အစ်ကို့ရဲ့ လက်အောက်ငယ်သား ဖြစ်နေသေးပေမယ့် ဒီနေ့တော့ ညီငယ်က အစ်ကိုနဲ့ တန်းတူဖြစ်နေပြီပဲ။ ညီငယ်ရဲ့ ရာထူးတိုးနှုန်းကတော့ အရင်က တစ်ခါမှ မရှိခဲ့ဖူးလောက်အောင် မြန်ဆန်လွန်းပါတယ်ကွာ"
ယိုဟွာချောင်းက သူ၏ အစေခံထံမှ သေတ္တာတစ်လုံးကို ယူလိုက်ပြီး ပြုံးလျက်...
"ဒါက ညီငယ့်ကို ဂုဏ်ပြုချင်တဲ့ ဒီအစ်ကိုရဲ့ စေတနာအနည်းငယ်ပါ"
သူ ရာထူးတိုးသွားခြင်းကြောင့် ယိုဟွာချောင်းက သူ့အပေါ် အထင်ကြီးသွားပြီး မျက်နှာလာလုပ်ခြင်းဖြစ်ကြောင်း လီကျစ် သိလိုက်သည်။ လီကျစ်က စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ 'ငါ မင်းရဲ့ လက်အောက်ငယ်သား ဖြစ်နေတုန်းကတော့ တစ်ချက်လေးတောင် ဂရုမစိုက်ခဲ့ဘဲ အခု အဆင့်တူဖြစ်လာမှ လာဖားနေတာ နောက်ကျသွားပြီ'
သို့သော် ပြုံးရွှင်စွာဖြင့် လာရောက်ဂုဏ်ပြုသူကို နှင်ထုတ်၍မကောင်းပေ။ လီကျစ်က လက်ဆောင်သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ငွေသျှူး နှစ်ဆယ်၊ သုံးဆယ်ခန့် တန်ကြေးရှိသော ရှေးဟောင်း ဂျင်ဆင်းမြစ်တစ်မြစ်ကို တွေ့လိုက်ရသည်။ သူက ပြုံးလျက်...
"တပ်မှူးကြီးယို... အလုပ်ရှုပ်သွားပြီ ထင်ပါတယ်"
"ညီငယ်ရာ... ဘာတွေပြောနေတာလဲ။ ဒါက အစ်ကို့ရဲ့ စေတနာ သေးသေးမွှားမွှားလေးပါ"
ယိုဟွာချောင်း၏ ထက်သန်မှုကြောင့်ရော လက်ဆောင်ကိုပါ လက်ခံရရှိထားခြင်းကြောင့်ပါ သူ့ကို ပြန်လွှတ်လိုက်ရန်မသင့်လျော်ဟု လီကျစ် ခံစားလိုက်ရသည်။ ထို့ကြောင့် သူနှင့် ယိုဟွာချောင်းတို့သည် ရုံးတော်အတွင်းသို့ အတူတကွဝင်ရောက်လာကြပြီး ဒုတိယမြောက် ခန်းမဆောင်တွင် အိမ်ရှင်နှင့် ဧည့်သည်အဖြစ် နေရာယူလိုက်ကြသည်။
ယိုဟွာချောင်းက မေးလိုက်သည်။
"ညီငယ်... အခု ညီငယ်က ကာကွယ်ရေးအမတ်အဖြစ် ရာထူးတိုးသွားပြီဆိုတော့ ညီငယ့်ရဲ့ အထက်လူကြီးက ထန်းကျင်းမြို့က ထန်းကျင်း လက်ဝဲတပ်ဖွဲ့ရဲ့ တပ်မှူးကြီးဖြစ်သွားပြီ။ တပ်မှူးကြီး ဘာတွေဝါသနာပါလဲဆိုတာ ညီငယ် သိရဲ့လား"
ထိုကိစ္စနှင့် ပတ်သက်၍ လီကျစ် သေသေချာချာမသိသဖြင့်… "ကျွန်တော် မသိဘူးဗျ" ဟု ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
ယိုဟွာချောင်းက လက်ခုပ်တီးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့်...
"ညီငယ်... အဲဒါကြောင့် ညီငယ့်ကို ဒီအစ်ကိုက သင်ပြပေးရမှာပေါ့။ တပ်မှူးကြီးက စာပေအနုပညာကို အလွန်မြတ်နိုးပြီး နာမည်ကြီး စာရေးဆရာတွေရဲ့ လက်ရေးမူတွေကို စုဆောင်းရတာ ဝါသနာပါတယ်။ ညီငယ်သာ လက်ရေးမူကောင်းကောင်း တစ်ခုလောက်ရှာပြီး သူ့ဆီ ပို့ပေးလိုက်ရင် သူက ညီငယ့်ကို သေချာပေါက် မျက်နှာသာပေးမှာပဲ"
လီကျစ်မှာ ကြက်သေသေသွားပြီး …
"နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ လက်ရေးမူကို ငါက ဘယ်ကသွားရှာရမှာလဲ" ဟု စိတ်ထဲမှ တွေးလိုက်မိကာ ခဏတာမျှ စိုးရိမ်သွားမိသည်။ သို့သော်လည်း ပြည်နယ်ဘုရင်ခံနှင့် အဆက်အသွယ်ရှိနေသည့်အတွက် တပ်မှူးကြီးကို သိပ်ပြီးမျက်နှာလုပ်နေစရာမလိုဘဲ ရိုးရိုးသာမန် လက်ဆောင်အချို့ ပေးပို့လိုက်လျှင် လုံလောက်ပြီဟု လီကျစ် ပြန်တွေးမိလိုက်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် လီကျစ်သည် ယိုဟွာချောင်းအပေါ် သိပ်ပြီးစိတ်မဝင်စားတော့ပေ။ စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် မျက်နှာလာလုပ်သော ယိုဟွာချောင်းအား လီကျစ် ပြန်လွှတ်လိုက်တော့သည်။
နောက်တစ်နေ့တွင် လီကျစ်သည် ငွေသျှူး တစ်ရာတန်ကြေးရှိသော ရိုးရိုးသာမန် လက်ဆောင်တစ်ခုကိုပြင်ဆင်ပြီး သူ၏ အထက်အမတ်ဖြစ်သူ တပ်မှူးကြီးနှင့်တွေ့ဆုံရန် ထန်းကျင်း မြို့သို့ ထွက်လာခဲ့သည်။
ထန်းကျင်းမြို့ရှိ တပ်မှူးကြီး၏ရုံးတော်မှာ မြို့တောင်ဘက်ရှိ ထန်းကျင်းလက်ဝဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနအတွင်းတွင်တည်ရှိပြီး သိပ်ပြီးထင်ရှားခြင်းမရှိပေ။ သို့ရာတွင် ထိုတပ်မှူးကြီးမှာ ထန်းကျင်း လက်ဝဲတပ်ဖွဲ့ရှိ စစ်သည်အားလုံးကိုကွပ်ကဲရသော စစ်အမတ်တစ်ဦးဖြစ်ကာ များပြားလှသော လုပ်ပိုင်ခွင့်အာဏာများကို ပိုင်ဆိုင်ထားသူဖြစ်သည်။
လီကျစ်က အဝင်ဝတွင် သူ၏ အမည်ကတ်ပြားကိုပေးအပ်လိုက်ရာ မကြာမီ စစ်သည်တစ်ဦးရောက်လာပြီး ရုံးတော်၏ ဒုတိယမြောက်ခန်းမဆောင်သို့ သူ့ကို ခေါ်ဆောင်သွားလေသည်။ ဒုတိယခန်းမဆောင်အတွင်းတွင် အဆင့်သုံးစစ်အမတ်ဝတ်စုံကို ဝတ်ဆင်ထားသော တပ်မှူးကြီးက လီကျစ်ကို စောင့်ဆိုင်းနေနှင့်ပြီးဖြစ်သည်။
လီကျစ်က မော့ကြည့်လိုက်ရာ တပ်မှူးကြီးမှာ အသက်လေးဆယ်၊ ငါးဆယ်ခန့်အရွယ်ရှိပြီး ချွန်မြသော မျက်နှာပေါ်တွင် မုတ်ဆိတ်မွေးရှည်ကြီးများရှိကာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာရှိကြောင်းတွေ့လိုက်ရသည်။ သူက စစ်အမတ်တစ်ဦးနှင့်မတူဘဲ ပညာတတ် စာပေသမားတစ်ဦးနှင့် ပိုတူနေသည်။
သူ၏ အထက်လူကြီးကို မြင်သည်နှင့် လီကျစ်က အလျင်အမြန် ရှေ့သို့တိုးကာ...
"ကျွန်တော်မျိုး လီကျစ် တပ်မှူးကြီးကို ဂါရဝပြုပါတယ်" ဟု အရိုအသေပေးလိုက်သည်။
လီကျစ်မှာ အဆင့်ငါး ကာကွယ်ရေးအမတ်လေးတစ်ဦးသာဖြစ်ပြီး အဆင့်သုံး တပ်မှူးကြီး၏ ရှေ့တွင်တော့ အမတ်ငယ်လေးတစ်ဦးမျှသာဖြစ်သည်။ သို့ရာတွင် တပ်မှူးကြီးသည် လီကျစ်၏ နောက်ခံကိုသိထားပုံရပြီး လီကျစ်ရှေ့တွင် မောက်မာသောဟန်မပြပေ။ သူက ပြုံးလျက် မတ်တတ်ရပ်ကာ လီကျစ်ကို ဆွဲထူလိုက်ပြီး...
"ဒုတိယတပ်မှူးကြီးလီ... ထပါဦး။ ဘာလို့ ဒီလောက်တောင် အားနာစရာကောင်းအောင် လုပ်နေရတာလဲ" ဟု ပြောလိုက်သည်။
လီကျစ်က မတ်တတ်ရပ်ကာ လက်ဆောင်စာရင်းကို တပ်မှူးကြီးထံ ကမ်းပေးလိုက်ပြီး...
"ဒါက ကျွန်တော်မျိုးရဲ့ စေတနာ အနည်းငယ်ပါ"
တပ်မှူးကြီးက လက်ဆောင်စာရင်းကိုကြည့်ကာ လက်ခံလိုက်ပြီး ပြုံးလျက်...
"ဒုတိယ တပ်မှူးကြီးလီ အကုန်အကျများသွားပြီပဲ။ ထိုင်ပါဦး"
လီကျစ်ကလည်း စကားနားထောင်ကာ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။
တပ်မှူးကြီးလည်း ဝင်ထိုင်လိုက်ပြီးနောက် ခေတ္တမျှစဉ်းစားကာ စကားစမြည်ပြောရန် အကြောင်းအရာတစ်ခုကို ရှာဖွေလိုက်ပြီး...
"ဒုတိယတပ်မှူးကြီးလီက ဖန့်ကျားရွာမှာ မြို့သစ်တစ်ခုတည်ဆောက်နေပြီး လူတိုင်း အံ့ဩလောက်အောင် လုပ်ပြနေတယ်လို့ ကြားတယ်။ တပ်မှူးကြီးလီ တည်ဆောက်နေတဲ့ မြို့ရိုးတွေက ဘယ်လောက်တောင် ရှည်လျားသလဲ။ အခု လက်ရှိ အခြေအနေကရော ဘယ်လိုရှိနေပြီလဲ"
လီကျစ်က ရိုးရိုးသားသားပင်...
"ကျွန်တော်မျိုးက လီခြောက်ဆယ် ပတ်လည်ရှိတဲ့ မြို့ရိုးတွေကို တည်ဆောက်နေတာပါ။ အခုဆိုရင် မြေသားတံတိုင်းတွေက ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ပြီး အုတ်စီတဲ့လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်"
တပ်မှူးကြီးက သူ၏ မုတ်ဆိတ်ကိုသပ်ကာ...
"ဒုတိယ တပ်မှူးကြီးလီက ကိုယ်ပိုင်ငွေကြေးသုံးပြီး အများပြည်သူအတွက်မြို့ရိုးတွေ တည်ဆောက်ပေးတာက တကယ့်ကို အရင်ကမရှိခဲ့ဖူးတဲ့ လုပ်ရပ်ပါပဲ။ ငါတောင် မင်းကို လေးစားမိတယ်"
"အမတ်မင်းက မြှောက်ပြောနေပါပြီ။ ကျွန်တော်မျိုးရှက်မိပါတယ်။ ကျွန်တော်မျိုးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ဖန့်ကျားရွာက မြို့သစ်ထဲ ရွှေ့ပြောင်းထားပြီး မြို့ရိုးတည်ဆောက်တာကလည်း ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက်ပါပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် မြို့တည်ဆောက်ပြီး နယ်မြေကို ကာကွယ်ပေးတာမို့ ချီးကျူးထိုက်ပါတယ်"
"လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ဒုတိယတပ်မှူးကြီးလီရဲ့ စွမ်းဆောင်ရည် အစီရင်ခံစာကို တင်ပြထားတယ်လို့ ဘုရင်ခံရုံးတော်မှာ ငါ ကြားခဲ့တယ်။ အခုလောက် မြန်မြန်ဆန်ဆန် ကျလာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါက ပြည်နယ်ဘုရင်ခံမင်းကြီးက ဒုတိယတပ်မှူးကြီးလီကို ဘယ်လောက်တောင် အလေးထားသလဲဆိုတာ ပြသနေတာပဲ"
ထိုသို့ပြောပြီးနောက် တပ်မှူးကြီးကပြုံးလျက် လီကျစ်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အလွန်တရာ ကြင်နာယုယမှု အပြည့်ရှိနေသည်။
တပ်မှူးကြီးသည် လီကျစ်ရှေ့တွင် အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သော်လည်း ပြည်နယ်ဘုရင်ခံ၏ ရှေ့တွင်မူ အသေးအမွှားလေးသာဖြစ်သည်။ ပြည်နယ်ဘုရင်ခံဆိုသည်မှာ အုပ်ချုပ်ရေးမှူးများ၊ စစ်ဆေးရေးမှူးများ၊ စစ်တပ်မှူးကြီးများနှင့် ဒုတိယတပ်မှူးကြီးများကဲ့သို့သော အရာရှိများကို စီမံအုပ်ချုပ်ရသူဖြစ်သည်။ တိတိကျကျပြောရလျှင် တပ်မှူးကြီးတစ်ယောက်အနေဖြင့် ဘုရင်ခံရုံးတော်သို့ ဝင်ခွင့်ရရန်ပင်ခက်ခဲလှသည်။ တပ်မှူးကြီးက ရုံးတော်မှသတင်းကို ကြားခဲ့ရသည်ဟု ရုတ်တရက်ထုတ်ပြောလိုက်ခြင်းမှာ သူ့အနေဖြင့် ပြည်နယ်ဘုရင်ခံနှင့် ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိကြောင်း အရိပ်အမြွက်ပြလိုက်ခြင်းပင်။ ပြည်နယ်ဘုရင်ခံနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်မှုရှိနေခြင်းက သူသည် လီကျစ်နှင့် တစ်ဘက်တည်းဖြစ်ကြောင်း ဆိုလိုနေသည်။
လီကျစ်သည် တုံးအသူ မဟုတ်ပေ။ တပ်မှူးကြီး၏ ကွယ်ဝှက်ထားသောအဓိပ္ပာယ်ကို သူ နားလည်လိုက်ပြီး ခေါင်းညိတ်ကာ...
"ဒါဆို တပ်ကြီးကလည်း ရုံးတော်ကို မကြာခဏ သွားလေ့ရှိတာပေါ့"
တပ်မှူးကြီးက အားရပါးရရယ်မောလိုက်ရာ ပြည်နယ်ဘုရင်ခံနှင့် သူ၏ ဆက်ဆံရေးအတွက် အလွန်ဂုဏ်ယူနေပုံရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် တပ်မှူးကြီးက…
"ဒုတိယတပ်မှူးကြီးလီက ပြည်နယ်ဘုရင်ခံမင်းကြီးရဲ့ ဆွေမျိုးလို့ ငါ ကြားထားတယ်"
ထိုစကားကိုကြားလျှင် လီကျစ်က တခစ်ခစ် ရယ်မောလိုက်ပြီး ဘာမှပြန်မဖြေပေ။
လီကျစ်က ဘာမှပြန်မဖြေသည်ကို မြင်သောအခါ တပ်မှူးကြီးမှာ လီကျစ်၏ နောက်ခံကို သေသေချာချာ မသိနိုင်သော်လည်း ပြည်နယ်ဘုရင်ခံက လီကျစ်ကို အစဉ်တစိုက် ထောက်ခံအားပေးနေသည်ကို လူတိုင်းသိထားကြသဖြင့် လီကျစ်အား ပြည်နယ်ဘုရင်ခံ၏ ဆွေမျိုးတစ်ဦးအဖြစ်သာ သတ်မှတ်ထားလိုက်သည်။
သိမ်မွေ့ဟန်ဆောင်ရသည်ကို နှစ်သက်သောတပ်မှူးကြီးက လီကျစ်နှင့် ခေတ္တမျှ စကားပြောပြီးနောက် စာပေအနုပညာ၊ လက်ရေးလှနှင့် ပန်းချီအကြောင်းများဆီသို့ စကားရာ လှည့်သွားလေသည်။ လီကျစ်မှာမူ ထိုအရာများနှင့်ပတ်သက်၍ ဘာဗဟုသုတမှမရှိသဖြင့် တပ်ကြီးနှင့် စကားပြောရာတွင် အဆင်မပြေဘဲ သူတို့၏ဆွေးနွေးမှုမှာ အနည်းငယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။
စာပေအနုပညာ၊ လက်ရေးလှနှင့် ပန်းချီကို ဝါသနာပါသော စစ်အမတ်တစ်ဦးက... တာတာတွေ ကျူးကျော်လာချိန်တွင် သူတို့ကိုခုခံရန် ဘာကိုအသုံးပြုမည်နည်း။ ထိုကဲ့သို့ သိမ်မွေ့သော ဝါသနာများကို နားမလည်သော လီကျစ်တစ်ယောက် အနည်းငယ် ဝေဖန်ချင်စိတ် ပေါ်လာမိသည်။
လီကျစ်က ဆက်၍ မနေတော့ပေ။ ယဉ်ကျေးသော စကားအနည်းငယ် ပြောဆိုပြီးနောက် သူက နှုတ်ဆက်ထွက်ခွာလာခဲ့သည်။ သို့သော် တပ်မှူးကြီးကမူ အလွန်တရာ ထက်သန်ပျူငှာစွာဖြင့် လီကျစ်ကို ရုံးတော်အဝင်ဝအထိ လိုက်ပါပို့ဆောင်ပေးခဲ့လေသည်။
***