၂လပိုင် လလယ်တွင် အထည်စက်ရုံမှနောက်ဆုံးကျန်ရှိနေသော အလုပ်သမား သုံးရာသည်လည်း ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာကြသည်။
ဤအလုပ်သမားအုပ်စုတွင် ထန်းကျင်းမြို့၌ အလုပ်အကိုင်ရှိသော အိမ်ထောင်ဖက်များ ရှိကြသည်။ သူတို့ ဖန့်ကျားရွာသို့ ချောချောမွေ့မွေ့ ပြောင်းရွှေ့နိုင်ခဲ့ခြင်းမှာ စည်ကားသိုက်မြိုက်လာသော ဖန့်ကျားရွာ၏ ကြီးမားလှသော လိုအပ်ချက်များကြောင့်ပင် ဖြစ်သည်။
လက်ရှိတွင် ဖန့်ကျားရွာရှိ ဒေသခံများသည် ကြီးမားသော ဝယ်ယူသုံးစွဲနိုင်စွမ်းရှိနေကြသည်။ ပန်းရံသမားနှစ်ထောင်ကျော်မှာ နေ့စဉ် စားသောက်ရန်လိုအပ်ပြီး ယခင်ကတည်းက ပြောင်းရွှေ့လာခဲ့သော အလုပ်သမားမိသားစု တစ်ထောင့်သုံးရာ၏ နေ့စဉ်အသုံးစရိတ်များလည်း ရှိသေးသည်။ မြို့ရိုးတည်ဆောက်နေသော အလုပ်သမားများနှင့် ကုန်ထမ်းသမားများမှာလည်း စားသောက်ရန် လိုအပ်သည့်အပြင် တစ်လလျှင် ငွေ ၃ သျှူး ရရှိသော ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည် သုံးရာမှာလည်း ရံဖန်ရံခါ တပ်စခန်းမှထွက်၍ ငွေသုံးတတ်ကြသည်။
ဤလူထောင်ပေါင်းများစွာ၏ သုံးစွဲမှုက လုပ်ငန်းနယ်ပယ်အသီးသီးအတွက် ဝယ်လိုအားကို လှုံ့ဆော်ပေးခဲ့ပြီး ဖန့်ကျားရွာကို စည်ကားသော ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ ဆန်၊ ဟင်းသီးဟင်းရွက်၊ ဆီ၊ အသား၊ အထည်အလိပ်နှင့် ပိုးထည် ရောင်းချသူများ၊ အပ်ချုပ်သမားများ၊ မြေအိုး၊ သံဒယ်အိုးနှင့် ကြွေထည် ရောင်းချသူများ၊ ပန်းပဲဆရာများ၊ ဘူးသီးခြောက်၊ တူနှင့် သေတ္တာ ရောင်းချသူများ၊ ထင်း၊ ပရိဘောဂနှင့် တံခါးသော့ ရောင်းချသူများ၊ ခေါင်းပေါင်းနှင့် ဦးထုပ် ရောင်းချသူများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဖျော်ဖြေရေးရုံ ပိုင်ရှင်များ၊ ပုံပြင်ပြောသူများ၊ ဇာတ်သမားများနှင့် ကိုယ်ပိုင်ကျောင်းဆရာများ စသည်ဖြင့် အစုံအလင်ရှိလာသည်။ ထန်းကျင်းမြို့မှ ကုန်သည်များနှင့် သူဌေးများက ဦးစီးဖွင့်လှစ်သော ဆိုင်အမျိုးအစားပေါင်းစုံမှာလည်း တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။
သို့ရာတွင် ဖန့်ကျားရွာသည် ထန်းကျင်းမြို့နှင့် လီလေးဆယ်ကွာဝေးသောကြောင့် ဆိုင်ပိုင်ရှင်များသည် ထန်းကျင်းမြို့မှ လူများကို အလုပ်ခန့်၍မရပေ။ အကယ်၍ အလုပ်သမားများသာ ထန်းကျင်းမြို့မှ ဖန့်ကျားရွာသို့ နေ့စဉ် အသွားအပြန်လုပ်ရပါက အိပ်ချိန်ပင်ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် ဤဆိုင်များနှင့် လုပ်ငန်းများအတွက် ဒေသခံအလုပ်သမားများကိုသာ ငှားရမ်းရန် လိုအပ်လာပြီး ဖန့်ကျားရွာတွင် ကြီးမားသော လုပ်သားလိုအပ်ချက်ကို ဖန်တီးပေးလိုက်သည်။
သို့သော် ဖန့်ကျားရွာရှိဒေသခံများမှာ လက်မှုပညာရှင်များနှင့် စက်ရုံအလုပ်သမားများသာ ဖြစ်ကြပြီး ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အလုပ်လက်မဲ့လူပိုများ အလွန်နည်းပါးလှသည်။ ထို့ကြောင့် ဖန့်ကျားရွာရှိ ကုန်သည်များမှာ အမြဲလိုလိုအလုပ်သမား လိုအပ်နေကြသည်။
လီကျစ်က အထည်စက်ရုံနှင့် ဆပ်ပြာအလုပ်ရုံတို့မှ နောက်ဆုံးကျန်ရှိနေသော အလုပ်သမား မိသားစု သုံးရာကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့ပေးလိုက်သောအခါမှသာ လုပ်သားရှားပါးမှု ပြဿနာ အနည်းငယ်ပြေလည်သွားတော့သည်။ အလုပ်သမားများ၏ အိမ်ထောင်ဖက် သုံးရာကျော်မှာ အလုပ်သမားဈေးကွက်သို့ ဝင်ရောက်လာပြီး လူလိုနေသော လုပ်ငန်းအသီးသီးက ချက်ချင်းပင် ခေါ်ယူခန့်ထားလိုက်ကြသည်။
ဥပမာအားဖြင့် အထည်စက်ရုံအလုပ်သမား အမျိုးသမီးယန်၏ ခင်ပွန်းဖြစ်သူ အလုပ်ကြမ်းသမား ဟွမ်ကွေ့သည် ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာပြီးနောက် စားသောက်ဆိုင် တစ်ဆိုင်တွင် ကျပန်းအလုပ်တစ်ခုကို လျင်မြန်စွာရရှိသွားခဲ့သည်။ ထိုအလုပ်မှာ နေ့စဉ် ညစာတစ်နပ် အလကားစားခွင့်ရှိပြီး လစာအနေဖြင့် တစ်လလျှင် ငွေ ၁ သျှူးနှင့် လေးမူး ရရှိရာ ထန်းကျင်းမြို့ရှိ သူ၏ ယခင်လစာထက်ပင် ပို၍များပြားနေသေးသည်။
အလုပ်သစ်ရသွားသဖြင့် ဟွမ်ကွေ့မှာ ဇာတိမြေကိုစွန့်ခွာလာရသည့် ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး ဖန့်ကျားရွာ၏ ဘဝနေထိုင်မှုထဲသို့ လျင်မြန်စွာပင်အံဝင်ခွင်ကျ ဖြစ်သွားတော့သည်။
ထိုနေ့ညနေပိုင်း စားသောက်ဆိုင်ပိတ်ပြီးနောက် ဟွမ်ကွေ့သည် လက်ဆေးကြောကာ ချုံဝူလမ်းရှိ သူ၏ အိမ်လေးဆီသို့ လျှောက်လာခဲ့သည်။
ဟွမ်ကွေ့တို့ မိသားစုသည် ချုံဝူလမ်းတွင် အိမ်တစ်လုံးလုံးကို ငှားရမ်းနေထိုင်ကြခြင်းဖြစ်သည်။
ဟွမ်ကွေ့၏ ဇနီးဖြစ်သူ အမျိုးသမီးယန်မှာ အထည်စက်ရုံတွင် အလုပ်လုပ်ပြီး နေ့လယ်စာအပြင် တစ်လလျှင် ငွေ ၂ သျှူး ရရှိသည်။ သူမ၏ ဝင်ငွေနှင့် ဟွမ်ကွေ့၏ လစာငွေ ၁ သျှူး နှင့် လေးမူးတို့ကို ပေါင်းလိုက်ပါက မိသားစုဝင်ငွေမှာ တစ်လလျှင် ငွေ ၃ သျှူး နှင့် လေးမူးရှိရာ လူလေးယောက်ရှိသော သူတို့မိသားစုအတွက် လုံလောက်မှုရှိပေသည်။ အမျိုးသမီးယန်သည် ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာချိန်တွင် သီးသန့်အိမ်လေး၏တိတ်ဆိတ်မှုကို သဘောကျသည်ဟုဆိုကာ အိမ်တစ်လုံးလုံးကိုငှားရမ်းရန် အတင်းအကြပ် တောင်းဆိုခဲ့သဖြင့် ဟွမ်ကွေ့မှာ သူမနှင့် မငြင်းခုံနိုင်ခဲ့ပေ။
သို့ရာတွင် တစ်လလျှင် အိမ်လခ ငွေ နှစ်မူးနှင့် ခုနစ်ပဲ ဆိုသည်မှာ သိပ်မများလှသဖြင့် ဟွမ်မိသားစုအနေဖြင့် ကောင်းစွာတတ်နိုင်နေပြီဖြစ်သည်။
ဟွမ်ကွေ့ အိမ်သို့ရောက်သောအခါ သမီးဖြစ်သူ တာ့ယာနှင့် သားဖြစ်သူ ရှီထိုတို့မှာ လရောင်အောက်တွင် အခြားကလေးများနှင့်အတူ အိမ်ရှေ့၌ တူတူပုန်းတမ်းကစားနေကြသည်ကို မြင်လိုက်ရသည်။ ကလေးနှစ်ယောက်သည် ဖခင်ဖြစ်သူ အိမ်ပြန်လာသည်ကိုမြင်လျှင် ကစားနေခြင်းကို ရပ်ကာ ဟွမ်ကွေ့အနားသို့ ပြေးလာကြသည်။
"အဖေ ပြန်လာပြီဟေ့..."
ဟွမ်ကွေ့က ရှီထို၏ ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ပြီး တာ့ယာကို ပြုံးလျက်...
"ညစာ စားပြီးကြပြီလား"
တာ့ယာက …
"အိုးထဲက ထမင်းနဲ့ ဟင်းတွေကို ကိုယ့်ဘာသာ ခူးစားပြီး ဗိုက်ဝနေပြီ။ သားနဲ့ သမီးနဲ့ အိုးထဲက အသားမုန့်တွေကို တစ်ယောက်တစ်ဝက် စားလိုက်တယ်"
ရှီထိုလေးမှာ တစ်ခုခုပြောရန်ပြင်လိုက်သော်လည်း တာ့ယာက ဖြတ်ပြောလိုက်သဖြင့် ဟွမ်ကွေ့ကို မျက်လုံးဝိုင်းလေးများဖြင့်သာ စိုက်ကြည့်နေတော့သည်။
"မင်းတို့အမေ ပြန်ရောက်ပြီလား"
တာ့ယာက ထက်သန်စွာဖြင့်…
"အမေ ပြန်ရောက်နေပြီ။ အပေါ်ထပ်အခန်းထဲမှာ မီးခွက်ထွန်းပြီး တစ်ခုခုကို ကြည့်နေတယ်"
ဟွမ်ကွေ့က …
"မင်းအမေ ဘာကြည့်နေတာလဲ"
"သမီး မသိဘူးလေ"
ဟွမ်ကွေ့က ခေါင်းညိတ်လိုက်ပြီး ကလေးနှစ်ယောက်ကို ဆက်ကစားရန်ပြောကာ တံခါးကိုတွန်းဖွင့်၍ အိမ်ထဲသို့ဝင်လာခဲ့သည်။ အိမ်ထဲရောက်သည်နှင့် အပေါ်ထပ်တွင် မီးလင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ အပေါ်သို့ တက်လာခဲ့သည်။
သီးသန့်အိမ်ငယ်လေးတွင် အခန်းလေးခန်းပါရှိသည်။ အောက်ထပ်ရှိ အခန်းတစ်ခန်းတွင် ဟွမ်ကွေ့နှင့် အမျိုးသမီးယန်တို့ နေထိုင်ကြပြီး အပေါ်ထပ်တွင် ကလေးနှစ်ယောက်အတွက် တစ်ယောက်တစ်ခန်းစီပေးထားကာ ကျန်အခန်းတစ်ခန်းကိုမူ ပစ္စည်းများသိမ်းဆည်းရန် အလွတ်ထားထားသည်။ ယခု မီးလင်းနေသော အခန်းမှာ ထိုပစ္စည်းသိမ်းသည့် အခန်းပင်ဖြစ်သည်။
ဟွမ်ကွေ့သည် အခန်းဝသို့ရောက်သောအခါ ဝမ်းသာပီတိဖြစ်နေသောမျက်နှာဖြင့် မည်သည့်နေရာမှန်းမသိသော စက္ကူတစ်ရွက်ကို သဘောတကျကြည့်နေသည့် အမျိုးသမီးယန်ကို တွေ့လိုက်ရသည်။ ဆီမီးခွက်ရှေ့တွင် အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ အမျိုးသမီးယန်၏ မျက်နှာပေါ်သို့ ရွှေဝါရောင် မီးရောင်လေးကျရောက်နေသဖြင့် အတော်လေးလှပနေကာ ဟွမ်ကွေ့တစ်ယောက် ငေးမောသွားမိသည်။
ငါ့မိန်းမက ငါတို့ မလက်ထပ်ခင်ကတည်းက အလှလေးတစ်ယောက်ပါပဲ။ ဒီနှစ်တွေထဲ ငါနဲ့အတူတူ ဒုက္ခတွေအများကြီး ခံခဲ့ရတာပဲဟု ဟွမ်ကွေ့က စိတ်ထဲမှတွေးလိုက်မိသည်။
အမျိုးသမီးယန်က တံခါးဝရှိ ဟွမ်ကွေ့ကို ရုတ်တရက်သတိထားမိသွားပြီး စက္ကူကို သူမ၏ ကျောဘက်တွင် ကပျာကယာ ဝှက်ထားလိုက်သည်။
ဟွမ်ကွေ့က အခန်းထဲသို့ ဝင်လာပြီး ပြုံးလျက်…
"အလုပ်ဆင်းပြီလား"
အမျိုးသမီးယန်က ခေါင်းယမ်းလိုက်ပြီး… "အင်း... အလုပ်ဆင်းပြီလေ" ဟု ကမန်းကတန်း ပြန်ဖြေလိုက်သည်။
ဟွမ်ကွေ့က ထပ်မေးလိုက်သည်။
"ဒီနေ့ အလုပ်ထဲက လူတွေနဲ့ အဆင်ပြေရဲ့လား။ ထူးခြားတာတွေကော ရှိလား"
အမျိုးသမီးယန်က ခေါင်းစောင်းလိုက်ပြီး…
"ဘာမှ မထူးခြားပါဘူး။ နေ့တိုင်း အထည်ရက်လိုက်… စားလိုက်… အထည်ရက်လိုက်… စားလိုက်နဲ့ပါပဲ"
"နေ့တိုင်း ဒီအလုပ်ကိုပဲ ထပ်ခါတလဲလဲ လုပ်နေရတော့ တော်တော်လေး ပျင်းစရာကောင်းမှာပဲ"
အမျိုးသမီးယန်က ဟွမ်ကွေ့ကို မျက်စောင်းထိုးလိုက်ပြီး…
"အထည်ရက်တာပဲလေ။ လစာဒီလောက်ကောင်းတဲ့အလုပ်မျိုးကို မီးခွက်ထွန်းရှာတောင် တွေ့ဖို့ခက်တယ်။ ငွေရှိမှ မိသားစုကို လုပ်ကျွေးနိုင်မှာပေါ့"
"အဲဒါလည်း ဟုတ်တာပါပဲ။ မင်း လီမိသားစု အထည်စက်ရုံမှာ အလုပ်စလုပ်ကတည်းက ငါတို့မိသားစုရဲ့ ဘဝက အများကြီး ပိုကောင်းလာတာပဲ"
အမျိုးသမီးယန်က ပြုံးလိုက်သည်။ အထည်စက်ရုံတွင် သူမ အလုပ်စလုပ်ကတည်းက အိမ်တွင် သူမ၏ အဆင့်အတန်းမှာ အတော်လေးမြင့်တက်လာခဲ့သည်။ ယခုဆိုလျှင် ခင်ပွန်းဖြစ်သူက သူမနှင့် အမြဲသဘောတူပြီး ဘယ်တော့မှ မငြင်းခုံတော့ပေ။
ခေတ္တမျှစဉ်းစားပြီးနောက် အမျိုးသမီးယန်သည် ကျောနောက်တွင် ဝှက်ထားသော စက္ကူကို ရုတ်တရက် ထုတ်ယူလိုက်ကာ စားပွဲပေါ်တွင် ညင်သာစွာ ချထားလိုက်ပြီး ဟွမ်ကွေ့ကို ပြုံးပြလျက်…
"ဒီမှာ ကြည့်လိုက်ဦး"
ဇနီးဖြစ်သူ ဝှက်ထားသောအရာကို ထုတ်ပြသည်ကို ဟွမ်ကွေ့ မြင်လိုက်ရသည်။ သူက စပ်စုလိုစိတ်ဖြင့် မီးရောင်အောက်သို့ တိုးကပ်ကာကြည့်လိုက်ရာ စက္ကူပေါ်တွင် စာလုံးသေးသေးလေးများ အပြည့်ရေးထားပြီး အောက်ခြေတွင် လက်ဗွေရာ နှစ်ခုနှိပ်ထားသည်ကို တွေ့လိုက်ရသည်။ သို့ရာတွင် ဟွမ်ကွေ့မှာ စာတစ်လုံးမှ နားမလည်ပေ။
"ရှီထိုရဲ့အမေ... ဒါက ဘာလဲ"
အမျိုးသမီးယန်က စက္ကူ၏ အောက်ခြေဆုံးရှိ အမည်နှစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာ လက်ညှိုးထိုးပြပြီး…
"ဒီနာမည်နှစ်ခုကိုတော့ ရှင် မှတ်မိတယ်မလား။ ဒါက ရှင့်နာမည် ဟွမ်ကွေ့ ဒါကတော့ ကျွန်မနာမည် ယန်ရှို့နန်း လေ"
ဟွမ်ကွေ့က ခေါင်းညိတ်ကာ…
"ဒီနာမည်နှစ်ခုကိုတော့ ငါ မှတ်မိပါတယ်"
အမျိုးသမီးယန်က ရင်ကိုကော့ကာ အသံကျယ်ကျယ်ဖြင့်…
"ဒါက အိမ်ဂရန်စာချုပ်လေ။ ငါတို့မိသားစု နေအိမ်ရဲ့ ဂရန်စာချုပ်ပဲ"
ဟွမ်ကွေ့မှာ ကြက်သေသေသွားပြီး အခြေအနေကိုနားလည်သွားသည်။ သူက အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် တံတွေးမျိုချကာ...
"မင်း ငါပြောတာ နားမထောင်ဘဲ ဒီအိမ်ကိုဝယ်လိုက်ပြန်ပြီပေါ့"
အမျိုးသမီးယန်၏ အောင်ပွဲခံနေသောအမူအရာမှာ ချက်ချင်းပင်ပျောက်ကွယ်သွားပြီး ခင်ပွန်းဖြစ်သူကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့်ကြည့်ကာ...
"ကျွန်မက ရှင့်စကားနားမထောင်ဘဲ အိမ်ဝယ်လိုက်လို့ ရှင်က ကျွန်မကို မလိုချင်တော့ဘူးလား" ဟု ထစ်အလျက် မေးလိုက်သည်။
ဟွမ်ကွေ့က သက်ပြင်းချကာ …
"ငါက မင်းကို ဘယ်လိုလုပ် မလိုချင်ဘဲနေပါ့မလဲ"
ထိုစကားကို ကြားသောအခါ အမျိုးသမီးယန်က ပြန်လည်ပြုံးရွှင်လာပြီး အသံကျယ်ကျယ်ဖြင့်...
"ဒါဆိုလည်း ပြီးတာပဲလေ။ ကြည့်ပါဦး... အခုဆိုရင် ငါတို့မိသားစု ကိုယ်ပိုင်အိမ်လေး ရှိနေပြီ။ ဒီလှပတဲ့အိမ်လေးက ငါတို့ပိုင်တာလေ... ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်လဲ"
ဟွမ်ကွေ့က ထစ်အလျက်…
"မဝယ်ဖို့ ငါ မင်းကို ပြောထားတယ်မဟုတ်လား။ ဝယ်တာထက် ငှားတာက ပိုကောင်းပါတယ်ဆို"
သို့ရာတွင် အမျိုးသမီးယန်က နားမထောင်ဘဲ ခေါင်းယမ်းကာဆက်ပြောသည်။
"ဒီအိမ်ကို ငှားမယ်ဆိုရင် တစ်လကို အိမ်လခ ငွေ နှစ်မူးနဲ့ ခုနစ်ပဲ ပေးရမယ်။ ဆယ့်ငါးနှစ်လောက် ငှားပြီးသွားရင် အိမ်ရှင်က အိမ်ဆောက်စရိတ် ပြန်ရသွားပြီ။ ဒါပေမဲ့ ငါတို့က လစဉ်လတိုင်း အိမ်လခ ပေးနေရဦးမှာပဲလေ။ အိမ်ဝယ်လိုက်တာကကျတော့ မတူဘူး။ ဒီအိမ်ကို ဝယ်ဖို့အတွက် အိမ်ရှင်ဆီကနေ ငွေသျှူး ၅၀ ချေးပြီး... အိမ်ရှင်ဆီက ပရိဘောဂတွေပါ ဝယ်ဖို့အတွက် နောက်ထပ် ငွေ ၅ သျှူး ထပ်ချေးမယ်ဆိုပါစို့။ အတိုးနှုန်း လေးရာခိုင်နှုန်းနဲ့ဆိုရင် အိမ်ရှင်က ကျွန်မရဲ့ လစာထဲကနေ လစဉ် ငွေသျှူး လေးမူးနဲ့ သုံးပဲ နှုတ်သွားလိမ့်မယ်။ ဆယ့်ငါးနှစ်ပြည့်သွားရင် အကြွေးလည်းကျေပြီ၊ ဒီအိမ်ကလည်း လုံးဝ ငါတို့ပိုင်ဖြစ်သွားပြီပေါ့။ အဲဒီကျရင် ငါတို့ အိမ်လခပေးစရာမလိုဘဲ နေလို့ရပြီလေ"
"ဟွမ်ကွေ့... ရှင် စဉ်းစားကြည့်လေ။ လစဉ် ငွေသျှူး တစ်မူးနဲ့ ခြောက်ပဲလောက် ပိုသုံးလိုက်ရုံနဲ့ ငါတို့ ကိုယ်ပိုင်အိမ်တစ်လုံးရနိုင်ပြီလေ။ လောကကြီးမှာ ဒီလောက်တန်တဲ့ အပေးအယူမျိုး ဘယ်မှာရှိမှာလဲ။ ဒီလိုမျိုး ကောင်းတဲ့အရာကို မဝယ်ရင် ငါတို့က အရူးတွေ ဖြစ်မနေဘူးလား"
ဟွမ်ကွေ့မှာ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ဘာမှမပြောတော့ပေ။
အမျိုးသမီးယန်က စိတ်မရှည်စွာဖြင့်…
"ဟွမ်ကွေ့... ကျွန်မပြောတာ မှန်တယ်မလား"
ဟွမ်ကွေ့က အနည်းငယ်ဒေါသထွက်နေသည့်လေသံဖြင့်…
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိမ်တစ်လုံးလုံးကို ငှားမယ်လို့ မင်း အတင်းပြောကတည်းက ဒီအိမ်ကိုဝယ်ဖို့ မင်း ဆုံးဖြတ်ပြီးသား မဟုတ်လား"
အမျိုးသမီးယန်မှာ အနည်းငယ်ပျာယာခတ်သွားပြီး ခင်ပွန်းဖြစ်သူ၏ မျက်နှာကို ကြည့်ကာ ဘာမှ ပြန်မပြောတော့ပေ။
ခေတ္တမျှစဉ်းစားပြီးနောက် ဟွမ်ကွေ့က မကျေမနပ်ဖြင့်…
"ဒီအတွက် တစ်လကို ငွေသျှူး လေးမူးတောင်ကုန်မှာလေ။ အကယ်လို့ ငါတို့ ကလေးနောက်တစ်ယောက်ထပ်ရလာရင် မိသားစုမှာ ပိုက်ဆံမလောက်ငှဘဲ ဖြစ်နေမှာပေါ့"
ခင်ပွန်းဖြစ်သူ၏ စကားကို ကြားသောအခါမှသာ အမျိုးသမီးယန်မှာ သက်ပြင်းချနိုင်သွားပြီး အသံကျယ်ကျယ်ဖြင့်ပြန်ပြောသည်။
"ရှင်ရာ... လောက်ပါတယ်။ ပိုက်ဆံကလောက်ပါတယ်။ အိမ်ရှင်ကို လစဉ်ပေးရမယ့်ငွေ နှုတ်ပြီးရင်တောင် ငါတို့မိသားစုမှာ တစ်လကို ငွေ ၂ သျှူး ကိုးမူးနဲ့ ခုနစ်ပဲ ကျန်သေးတာပဲ။ လူတစ်ယောက် တိုးလာရင်တောင် လောက်ငှပါတယ်။ အဆိုးဆုံး အခြေအနေဆိုရင်တောင် နည်းနည်း ချွေတာသုံးပြီး အဝတ်အစားသစ်တွေသိပ်မချုပ်ဘဲ နေလို့ရတာပဲ။ အကယ်လို့ ငွေကြေးကြပ်တည်းလာရင် ဒီအလွတ်ထားထားတဲ့ အခန်းကိုငှားလိုက်လို့ရသေးတာပဲ။ အဲဒါဆို တစ်လကို နောက်ထပ် ငွေသျှူး ခုနစ်ပဲ ထပ်ရဦးမယ်"
"ဒါ့အပြင် ဒီအိမ်ကြီးက တော်တော်ကျယ်တယ်လေ။ နောက်ကျရင် ရှီထိုလေး အိမ်ထောင်ကျတဲ့အခါ သူ့အတွက် အိမ်အသစ် ထပ်ဝယ်ပေးစရာ မလိုတော့ဘူးပေါ့"
အမျိုးသမီးယန်က ကလေးနောက်တစ်ယောက် ထပ်ယူပေးရန် ဆန္ဒရှိသည်ကို ကြားသောအခါမှသာ ဟွမ်ကွေ့၏ မျက်နှာအမူအရာမှာ ပိုကောင်းလာတော့သည်။ ရှီထိုလေး နောင်တစ်ချိန် အိမ်ထောင်ကျမည့်အကြောင်းကို အမျိုးသမီးယန် ပြောသည်ကိုကြားသောအခါ ဟွမ်ကွေ့မှာ တဖြည်းဖြည်းနားလည်လာပြီး သူ၏ ဒေါသထွက်နေသော မျက်နှာထားကိုပြင်လိုက်သည်။
"မင်း ကလေးနောက်တစ်ယောက် ထပ်ယူချင်တယ်ဆိုရင်တော့ မင်းဆန္ဒကို ငါ သဘောတူပါတယ်"
အမျိုးသမီးယန်က ဟွမ်ကွေ့ကို မျက်စောင်းထိုးကာ…
"ကိုယ်ပိုင်အိမ်ရှိလာပြီဆိုမှ ကလေးနောက်တစ်ယောက် ထပ်ယူပေးမှာပေါ့။ အိမ်ငှားနေရတယ်ဆိုရင်တော့ ထပ်မယူနိုင်ပါဘူး"
ရင်ထဲမှ အထုံးအဖွဲ့ပြေလည်သွားသဖြင့် ဟွမ်ကွေ့မှာ အပြုံးလေးများပေါ်လာပြီး ဆီမီးခွက်အနီးသို့ တိုးကပ်ကာ ဇနီးဖြစ်သူနှင့်အတူ အိမ်ဂရန်စာချုပ်ကို ကြည့်လိုက်သည်။
"ဒီဂရန်စာချုပ်ရှိရင် ဒီအိမ်က ငါတို့ပိုင် ဖြစ်သွားပြီပေါ့"
အမျိုးသမီးယန်က "သေချာတာပေါ့။
ဒီစာလုံးနှစ်လုံးကို ကြည့်လိုက်... ဒီစာလုံးနှစ်လုံးက ‘ဂရန်စာချုပ်’ လို့ ရေးထားတာ။ ပြီးတော့ ဒီနာမည်ကိုကြည့်လိုက်ဦး... ‘လီကျစ်’ တဲ့။ ဒါက ဒုတိယတပ်မှူးကြီးရဲ့ နာမည်လေ။ ဒီဂရန်စာချုပ်က ဒုတိယတပ်မှူးကြီးက ဒီအိမ်ကို ငါတို့ဆီ ရောင်းချလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
ဟွမ်ကွေ့က တီးတိုးရေရွတ်လိုက်သည်။
"ငါတို့မိသားစုမှာ ဒီလိုကောင်းမွန်တဲ့ အိမ်မျိုး ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
ထိုစကားကို ကြားလျှင် အမျိုးသမီးယန်က မျက်နှာလေးဝင်းလက်သွားကာ ပြုံးရွှင်စွာဖြင့် ပြန်ပြောသည်။
"အင်းလေ... အခုတော့ ငါတို့မိသားစုမှာ ဒီလိုကောင်းမွန်တဲ့ အိမ်မျိုးရှိနေပြီပေါ့။ ဒီနံရံတွေကို ကြည့်ပါဦး... ခေါင်မိုးကိုလည်းကြည့်ဦး... ဘယ်လောက်ကောင်းတဲ့ အိမ်လေးလဲ။ လီမိသားစု အထည်စက်ရုံမှာ အလုပ်မလုပ်ခင်ကဆိုရင် ဒီလိုကောင်းမွန်တဲ့ အိမ်မျိုးမှာနေရဖို့ အိပ်မက်တောင် မမက်ရဲခဲ့ဘူး"
***