ဒုတိယလ၏ လလယ်တွင် ဓားပြများက ဖုန်းရန်ရှိ ဧကရာဇ်မင်းမြတ်၏ ဂူဗိမာန်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သတင်းကို လီကျစ် ကြားလိုက်ရသည်။
တရုတ်ပြက္ခဒိန်အရ ပထမလ၏ ဆယ့်ငါးရက်မြောက်နေ့တွင် ချွမ်းဝမ်၊ လီဇီချန်နှင့် ကျန်းရှန်းကျုံးတို့ ဦးဆောင်သော ဓားပြများသည် အောင်ပွဲရထားသဖြင့်အတင့်ရဲကာ မင်မင်းဆက်၏ ဗဟိုမြို့တော်ဖြစ်သော ဖုန်းရန်ကို သိမ်းပိုက်လိုက်ကြသည်။ ဖုန်းရန်မြို့မှာ မင်မင်းဆက်ကို တည်ထောင်ခဲ့သော ဟုန်ဝူဧကရာဇ်၏ ဇာတိမြေဖြစ်သည်။ ဓားပြများသည် ဖုန်းရန်မြို့ကို သိမ်းပိုက်ပြီးနောက် ဧကရာဇ်မင်းမြတ်၏ ဂူဗိမာန်အဆောက်အအုံများကို ဖျက်ဆီးကာ လုံရှင်းကျောင်းတော်ကို မီးရှို့ပြီး မိန်းမစိုး ခြောက်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် ဗဟိုမြို့တော်၏ အုပ်ချုပ်ရေးမှူးချုပ် ကျူကော်ရှန်နှင့်တကွ ဘုရင့်စစ်သည် ထောင်ပေါင်းများစွာကိုလည်း ကွပ်မျက်ခဲ့ကြသည်။ ဓားပြများသည် "ရှေးဟောင်း စစ်မှန်သော နဂါးဧကရာဇ်" ဟူသော အလံကိုလွှင့်ထူကာ ဂီတများ၊ ပွဲလမ်းသဘင်များဖြင့် သူတို့၏ အောင်ပွဲကို အောင်ပွဲခံခဲ့ကြသည်။
ဓားပြများ၏ ကြီးထွားလာသောအင်အားမှာ အံ့မခန်းဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဖန့်ကျားရွာသည် မြို့တော်နယ်နိမိတ်အတွင်းတွင် တည်ရှိနေသောကြောင့် လတ်တလောတွင် သူတို့၏ ခြိမ်းခြောက်မှုအန္တရာယ်နှင့် မရင်ဆိုင်ရသေးပေ။
စက်ရုံပြောင်းရွှေ့ခြင်းကိစ္စများ ပြီးစီးသွားပြီးနောက် လီကျစ်သည် သူ၏ကွပ်ကဲမှုအောက်ရှိ တပ်မှူးငယ်နှစ်ဦးကို ဆင့်ခေါ်လိုက်သည်။
လီကျစ်က တောင်ပေါ်ဓားပြများကို နှိမ်နင်းလိုက်ပြီးနောက် ပြည်နယ်ဘုရင်ခံ ဟယ်ရှီရှို့က လီကျစ်အား ဖန့်ကျားရွာ၏ ကာကွယ်ရေးအမတ်၊ ဒုတိယတပ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ ဖန့်ကျားရွာ၏ အကြီးအကဲရာထူးမှာ တပ်မှူးငယ်အဆင့်မှ ကာကွယ်ရေးအမတ်အဆင့်သို့ တိုးမြှင့်သွားခြင်းဖြစ်သည်။ တရားဝင်ရာထူး ပြောင်းလဲသွားသည်နှင့်အမျှ လက်အောက်ငယ်သား ဆက်ဆံရေးများကလည်း ပြောင်းလဲသွားကာ မူလက အခြားကာကွယ်ရေးအမတ်များ၏ ကွပ်ကဲမှုအောက်တွင်ရှိသော အနီးအနားရှိ ခံတပ်ရွာနှစ်ခုမှာ ဖန့်ကျားရွာ၏ ကွပ်ကဲမှုအောက်သို့ ရောက်ရှိလာခဲ့သည်။ ထိုခံတပ်ရွာနှစ်ခု၏ အကြီးအကဲများမှာ တပ်မှူးငယ်အဖြစ် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြပြီး ယခုအခါ လီကျစ်၏ လက်အောက်ငယ်သားများ ဖြစ်လာကြသည်။
အမှန်တကယ်တော့ လီကျစ် ရာထူးတိုးသွားသည်နှင့် တစ်ပြိုင်နက် ထိုတပ်မှူးငယ်နှစ်ဦးက သူနှင့် လာရောက်တွေ့ဆုံရန် ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ပထမအချက်အနေဖြင့် ထိုအချိန်က လီကျစ်သည် စက်ရုံပြောင်းရွှေ့ရေးကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် သူတို့ကိုတွေ့ရန် အချိန်မရှိခဲ့ပေ။ ဒုတိယအချက်အနေဖြင့် လီကျစ်က ထိုတပ်မှူးငယ်နှစ်ဦးကို မည်သို့ကိုင်တွယ်ရမည်ကို မဆုံးဖြတ်ရသေးပေ။ ထို့ကြောင့် လီကျစ်သည် သူတို့ကို လုံးဝ လက်မခံဘဲ နေခဲ့ခြင်းဖြစ်သည်။
မင်မင်းဆက်နှောင်းပိုင်းကာလ၏ အမတ်လောကတွင် ချွင်းချက်ဆိုသည်မှာ မရှိကြောင်း လီကျစ် သိထားသည်။ ခံတပ်ရွာများကို အုပ်ချုပ်နေသော ဤတပ်မှူးငယ်နှစ်ဦးမှာလည်း သာမန်စစ်သည်များကို ရက်ရက်စက်စက် ခေါင်းပုံဖြတ်အမြတ်ထုတ်နေကြသည့် အကျင့်ပျက်ခြစားနေသော အမတ်များဖြစ်သည်မှာ သေချာလှသည်။ သို့သော် ထိုအချက်ကို သိထားသော်လည်း လီကျစ်သည် ဤတပ်မှူးငယ်နှစ်ဦးကို လွယ်လွယ်ကူကူအရေးယူခြင်း သို့မဟုတ် သူတို့စီမံအုပ်ချုပ်နေသော ခံတပ်ရွာများကို ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန် ဆန္ဒမရှိပေ။
မင်မင်းဆက်နှောင်းပိုင်းကာလ၏ အမတ်လောကတွင် လုပ်ရပ်တစ်ခုက တစ်ခုလုံးကို ရိုက်ခတ်သွားစေနိုင်သည်။ အမတ်တိုင်းတွင် ၎င်းတို့၏အထက်အမတ်များနှင့် အရှုပ်အထွေးများစွာရှိသော အကျိုးစီးပွားလွှဲပြောင်းမှု ကွန်ရက်များရှိကြသည်။ လီကျစ်လို ဒုတိယတပ်မှူးကြီးငယ်လေးတစ်ဦးအနေဖြင့် ဤခေတ်ကာလ၏ စည်းမျဉ်းများကို မချိုးဖောက်နိုင်ပေ။ လီကျစ်၏ ရာထူးကြီးလာသည်နှင့်အမျှ သူ၏ လက်အောက်ငယ်သားများ၏ ရာထူးများကလည်း ပိုမိုကြီးမားလာသောကြောင့် သူ၏ နယ်မြေကို အုပ်ချုပ်ရာတွင် ရင်ဆိုင်ရသော အခက်အခဲများကလည်း များလာသည်။ လီကျစ်တွင် ပြည်နယ်ဘုရင်ခံနှင့် အဆက်အသွယ်ရှိသည် ဆိုသော်ငြားလည်း ထိုအရာက ငွေကြေးပါဝင်သော အပေးအယူဆက်ဆံရေးတစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ သေရေးရှင်ရေး တိုက်ပွဲဝင်မည့် ရန်သူတစ်ဦးနှင့်ရင်ဆိုင်ရပါက လီကျစ်အနေဖြင့် အကျိုးဆက်များကိုချိန်ဆရမည် ဖြစ်သည်။
ဤခေတ်ကာလသို့ ရောက်ရှိလာကတည်းက လီကျစ်သည် စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး လူများစွာ၏ ကံကြမ္မာကိုပြောင်းလဲပေးခဲ့သည်။ လီကျစ်၏ တီထွင်မှုများက လူအများ၏ဘဝများကို တိုးတက်ကောင်းမွန်စေခဲ့သော်လည်း ဤအရာအားလုံးမှာ လီကျစ်ကိုယ်တိုင်လည်း အကျိုးအမြတ်ရရှိသည်ဟူသော အခြေခံအချက်အပေါ်တွင်သာ တည်မှီနေခြင်း ဖြစ်သည်။ အမည်မသိ စစ်သည်များနှင့် စစ်မှုထမ်းမိသားစုများ၏ အကျိုးအတွက် ရန်သူများဖန်တီးကာ သေရေးရှင်ရေး တိုက်ပွဲဝင်ရခြင်းမှာ လီကျစ်၏ စတိုင်မဟုတ်ပေ။
ဖန့်ကျားရွာ၏အပြင်ဘက်ရှိ အမှောင်ထုကြီးကိုပြောင်းလဲပစ်ရန် လီကျစ် အဆင်သင့် မဖြစ်သေးပေ။
ထို့ကြောင့် ဤလက်အောက်ငယ်သားနှစ်ဦးကို မဆင့်ခေါ်မီ လီကျစ်သည် သူတို့၏ နောက်ခံများကို စုံစမ်းရန် လူလွှတ်ခဲ့သည်။
သတင်းအချက်အလက်များက လျင်မြန်စွာပင်ရောက်ရှိလာခဲ့သည်။ ရွှီကျားရွာ၏ တပ်မှူးငယ်ဖြစ်သူ ဖန်းပိုင်နျန်သည် ထန်းကျင်းစစ်ရေးပြင်ဆင်မှုဌာန၏ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးနှင့် အဆက်အသွယ်ရှိသည်။ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးသည် စစ်ရေးကိစ္စများကိုစီမံခန့်ခွဲခြင်း ဘုရင့်စစ်သည်များကိုကြီးကြပ်ခြင်း တပ်စခန်းများနှင့် ဘုရင့်လယ်ယာများကိုအုပ်ချုပ်ခြင်း ဓားပြများနှင့် သူခိုးများကို နှိမ်နင်းခြင်းစသည့် လုပ်ပိုင်ခွင့်များရှိသည်။ စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးသည် ယေဘုယျအားဖြင့် တပ်မှူးချုပ်တစ်ဦးနှင့် အဆင့်တူသော်လည်း လက်တွေ့တွင်မူ တပ်မှူးချုပ်တစ်ဦးကိုပင် ထိန်းချုပ်ထားနိုင်စွမ်းရှိပြီး ထန်းကျင်းတပ်စခန်းတွင် အရေးပါသော နယ်ဘက်အမတ်တစ်ဦးဖြစ်သည်။
ကျန်းပေ့ပေါက်၏ တပ်မှူးငယ်ဖြစ်သူ လော့ထျန်ချန်မှာမူ ကျန်းဟိုင်တပ်ဖွဲ့၏ တပ်မှူးချုပ် လော့ကျန်းတင်၏ တူအရင်းဖြစ်သည်။ ကျန်းဟိုင်တပ်ရင်းသည် ထန်းကျင်းပြည်နယ်ဘုရင်ခံ၏ ကွပ်ကဲမှုအောက်တွင်ရှိသော အကြီးဆုံးတပ်ဖွဲ့ဖြစ်ပြီး လူအင်အား သုံးထောင်ကျော်ဖြင့် မာထုံရင်တွင် တပ်စွဲထားသည်။ ကျန်းဟိုင်တပ်ဖွဲ့မှာ အင်အားကြီးမားသောကြောင့် ဤတပ်မှူးချုပ်သည်လည်း ထန်းကျင်းတွင် ဩဇာတိက္ကမ ကြီးမားသူတစ်ဦးဖြစ်သည်။
အကယ်၍ လီကျစ်သာ ဤလူနှစ်ဦး၏ အကျိုးစီးပွားကိုဝင်ရောက်စွက်ဖက်ပါက စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးနှင့် ကျန်းဟိုင်တပ်ရင်း၏ တပ်မှူးချုပ်တို့ကို သေချာပေါက် စော်ကားမိသလို ဖြစ်သွားမည်ဖြစ်သည်။
လီကျစ်သည် ရက်အနည်းငယ်ကြာစဉ်းစားပြီးနောက် ဤခံတပ်ရွာနှစ်ခုကို လတ်တလောတွင် ပြုပြင်ပြောင်းလဲမှု မလုပ်ရန်ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေလက်ရှိအချိန်တွင် လီကျစ်မှာ ကာကွယ်ရေးအမတ် တာဝန်ယူထားသော ဒုတိယတပ်မှူးကြီးတစ်ဦးမျှသာဖြစ်သဖြင့် စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးနှင့် တပ်မှူးချုပ်တို့ကို ရန်စခြင်းက ပညာမဲ့ရာကျပေလိမ့်မည်။
ဖန့်ကျားရွာ၏အပြင်ဘက်ရှိ အခြားနယ်မြေများကိုမူ သူ၏ ကိုယ်ပိုင်အင်အား ကြီးထွားလာသောအခါမှသာ ကိုင်တွယ်ဖြေရှင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဆုံးဖြတ်ချက်ချပြီးနောက် ၂လပိုင်း လလယ်တွင် လီကျစ်သည် ထိုတပ်မှူးငယ်နှစ်ဦးကို ဆင့်ခေါ်လိုက်သည်။
လီကျစ်၏ ဆင့်ခေါ်မှုကိုကြားသည်နှင့် ထိုတပ်မှူးငယ်နှစ်ဦးစလုံး ဖန့်ကျားရွာသို့ ချက်ချင်း ပြေးလာကြသည်။ သူတို့သည် ဖန့်ကျားရွာရုံးတော်၏ ဒုတိယမြောက်ခန်းမဆောင်တွင် လီကျစ်နှင့် တွေ့ဆုံခဲ့ကြသည်။
သူတို့နှစ်ဦးစလုံးမှာ အမတ်ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း လီကျစ်၏ရှေ့တွင် မည်သည့် မောက်မာမှုမျှမပြရဲကြပေ။ လီကျစ်ကို မြင်သည်နှင့် တပ်မှူးငယ်နှစ်ဦးသည် ဒူးထောက်ကာ ဦးညွှတ်ခစားလိုက်ကြပြီး ဒူးထောက်လျက်သာ ဆက်နေကြသည်။
"ရွှီကျားရွာရဲ့ တပ်မှူးငယ် ဖန်းပိုင်နျန် ကာကွယ်ရေးအမတ်ကို ဂါရဝပြုပါတယ်"
"ကျန်းပေ့ပေါက်ရဲ့ တပ်မှူးငယ် လော့ထျန်ချန် ကာကွယ်ရေးအမတ်ကို ဂါရဝပြုပါတယ်"
ဖန်းပိုင်နျန်၏ စကားတွင် သူသည် တပ်မှူးငယ်တစ်ဦးဖြစ်ကြောင်း အလေးအနက်ထား ပြောဆိုသွားပြီး ကာကွယ်ရေးအမတ် လီကျစ်၏ စကားနားထောင်သော လက်အောက်ငယ်သားတစ်ဦး ဖြစ်ကြောင်း အရိပ်အမြွက်ပြလိုက်သဖြင့် လီကျစ် သဘောကျသွားသည်။ သို့သော် လော့ထျန်ချန်မှာမူ သူသည် တပ်မှူးငယ်တစ်ဦးဖြစ်ကြောင်းကို အလေးအနက်ထားပြောဆိုရာတွင် အဓိပ္ပာယ် အနည်းငယ် ကွဲလွဲနေပြီး... လီကျစ်မှာ ဒုတိယတပ်မှူးကြီးတစ်ဦးသာဖြစ်ကာ လော့ထျန်ချန်ထက် ရာထူးတစ်ဝက်ခန့်သာကြီးကြောင်း အရိပ်အမြွက် ပြောဆိုနေသကဲ့သို့ ဖြစ်နေသည်။
တပ်မှူးချုပ်၏ တူဖြစ်သူက တကယ်ပဲ ပိုပြီးမောက်မာနေတာပဲ။
ထိုစကားကိုကြားသောအခါ လီကျစ်က လော့ထျန်ချန်ကို အနည်းငယ်ကြာကြာ ဒူးထောက်ခိုင်းထားရန် ဆုံးဖြတ်လိုက်သည်။ သူက ဖန်းပိုင်နျန်ကို ဆွဲထူလိုက်ပြီး…
"ရွှီကျားရွာရဲ့ တပ်မှူးငယ်... ခင်ဗျားကတော်တော်ခန့်ညားတာပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့တင် ငါတို့ မင်အင်ပါယာကြီးရဲ့ စစ်ဘက်အမတ်တစ်ယောက်ဆိုတာ သိသာတယ်"
လီကျစ်က ဖန်းပိုင်နျန်ကိုသာ ဆွဲထူလိုက်ပြီး သူ့ကို ဒူးထောက်လျက်ချန်ထားခဲ့သည်ကို မြင်သောအခါ လော့ထျန်ချန်မှာ ကြက်သေသေသွားသည်။ သူက မြေကြီးပေါ်တွင် ဒူးထောက်လျက် မတ်တတ်ရပ်နေသော ဖန်းပိုင်နျန်ကို ဘေးတိုက်လှမ်းကြည့်လိုက်သည်။
ဖန်းပိုင်နျန်က လီကျစ်၏ ချီးကျူးစကားကိုကြားလျှင် မတ်တတ်ရပ်ကာ... "ကျွန်တော်မျိုးက သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး တုတ်သိုင်းကိုကျင့်ကြံထားပါတယ်"
ထိုသို့ပြောပြီးနောက် သူက လက်ဆောင်စာရင်းတစ်ခုကို လျင်မြန်စွာဆွဲထုတ်ကာ လီကျစ်ထံ ကမ်းပေးလိုက်သည်။
"ဒါက ကျွန်တော်မျိုးရဲ့ စေတနာအနည်းငယ်ပါ။ ကာကွယ်ရေးအမတ် ပြုံးပြီးလက်ခံပေးဖို့ မျှော်လင့်ပါတယ်"
လီကျစ်က လက်ဆောင်စာရင်းကိုကြည့်လိုက်ရာ ငွေသျှူး ၂၀ ခန့် တန်ကြေးရှိသော လက်ဆောင်များပါဝင်သည်ကို တွေ့လိုက်ရသည်။ တပ်မှူးငယ်တစ်ဦးအတွက် ဤသည်မှာ စေတနာထားရာရောက်သည်ကို သူ သိထားသဖြင့် ခေါင်းညိတ်ကာလက်ဆောင်စာရင်းကို လက်ခံလိုက်သည်။
လီကျစ်က လက်ဆောင်စာရင်းကို လက်ခံလိုက်သည်ကိုမြင်သောအခါ ဖန်းပိုင်နျန်၏ မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားပြီး သူ အောင်မြင်စွာကျော်ဖြတ်နိုင်ပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် အတော်လေးပွင့်လင်းသူဖြစ်ပြီး သူ၏ ပျော်ရွှင်မှုက မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။
လီကျစ်က ခေတ္တမျှ စဉ်းစားပြီးနောက်…
"တပ်မှူးငယ်လော့... ထပါဦး"
လော့ထျန်ချန်က မြေကြီးပေါ်မှ မကျေမချမ်းဖြင့်ထလာပြီး မျက်နှာပေါ်တွင် ပို၍ရိုသေလေးစားသော အမူအရာကိုပြသကာ လက်ဆောင်စာရင်းတစ်ခုကို ဆွဲထုတ်၍ လီကျစ်ထံ ကမ်းပေးလိုက်သည်။
"ကျွန်တော်မျိုးလည်း လက်ဆောင်စာရင်းတစ်ခု ပြင်ဆင်လာပါတယ်။ အမတ်မင်း လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
လီကျစ်က လက်ဆောင်စာရင်းကို ယူကြည့်လိုက်ရာ ၎င်းတွင်လည်း ငွေသျှူး ၂၀ ကျော် တန်ကြေးရှိသောလက်ဆောင်များ ပါဝင်သည်ကိုတွေ့လိုက်ရသည်။ လီကျစ်က ခေတ္တမျှ ကြည့်ပြီးနောက် အပြစ်ရှာကာ ဖြည်းညင်းစွာဖြင့်...
"တပ်မှူးငယ်လော့က ငါ့ဆီကို ကောင်းကင်ရနံ့ပိုးထည် ပို့လိုက်တာလား။ ဒါက ငါ့ကို မိန်းမတစ်ယောက်လို့ သရော်လိုက်တာလား" ။
လော့ထျန်ချန်သည်လည်း လီကျစ်၏နောက်ခံကို သိထားပြီးဖြစ်သည်။ လီကျစ်မှာ ပြည်နယ်ဘုရင်ခံ၏ဆွေမျိုးဖြစ်သည်ဟု ကောလာဟလများထွက်ပေါ်နေရာ ထိုကဲ့သို့သော နောက်ခံမျိုးရှိသူကို မည်သူက စော်ကားဝံ့မည်နည်း။ လီကျစ်၏ မေးခွန်းကိုကြားသောအခါ သူ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး တကယ်ကိုပျာယာခတ်သွားတော့သည်။ သူက မြေကြီးပေါ်သို့ ထပ်မံ၍ ဒူးထောက်ချလိုက်ပြီး စိုးရိမ်တကြီးဖြင့်...
"ကာကွယ်ရေးအမတ်... သေချာစဉ်းစားကြည့်ပါဦး။ ကျွန်တော်မျိုးက ကိုယ့်အထက်က အမတ်ကို ဘယ်လိုလုပ်သရော်ရဲမှာလဲ။ ကျွန်တော်မျိုးက ကာကွယ်ရေးအမတ်ရဲ့ အိမ်က အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီးပေးတာပါ"
လီကျစ်က အေးစက်စက်နှာမှုတ်လိုက်ပြီးပြုံးလျက်…
"ဪ... ဒီလိုကိုး။ ထပါ... တပ်မှူးငယ်လော့"
လော့ထျန်ချန်က မြေကြီးပေါ်မှ ကပျာကယာထလာပြီး သူ၏ မျက်နှာပေါ်မှ မောက်မာမှု အရိပ်အယောင်များအားလုံး ပျောက်ကွယ်သွားတော့သည်။
"ထိုင်ကြ"
လီကျစ်၏ အမိန့်ကိုရပြီးမှသာ တပ်မှူးငယ်နှစ်ဦးက ထိုင်ဝံ့ကြတော့သည်။ သို့ရာတွင် စောစောက လော့ထျန်ချန်အား လီကျစ်က အခက်တွေ့အောင် လုပ်ခဲ့သည်ကို မြင်ထားသဖြင့် ဤအထက်အမတ်မှာ ကိုင်တွယ်ရန်မလွယ်ကူမှန်း သူတို့သိထားကြသည်။ ထို့ကြောင့်သူတို့သည် ထိုင်ခုံ၏ အစွန်းလေးတွင်သာ ထိုင်ဝံ့ကြပြီး အလွန်ရိုသေလေးစားသော ဟန်ပန်ကို ပြသနေကြသည်။
လီကျစ်က အမတ်ထိုင်ခုံပေါ်တွင်ထိုင်ကာ တည်ငြိမ်စွာဖြင့်...
"ငါ့ရဲ့ မူဝါဒတွေကို ရှင်းပြဖို့ မင်းတို့နှစ်ယောက်ကို ငါ ခေါ်လိုက်တာပဲ"
"ဖန့်ကျားရွာမှာ ငါ အုပ်ချုပ်နေတဲ့ပုံစံကို မင်းတို့ကြားဖူးပြီးသား ဖြစ်မှာပါ။ ဘက်လိုက်မှုမရှိဘူး... အကျင့်ပျက်ခြစားမှုကိုလည်း လုံးဝ လက်မခံဘူး။ အဲဒါကြောင့်လည်း ဖန့်ကျားရွာက နှစ်ဝက်လောက်အတွင်းမှာတင် အခုလို တိုးတက်စည်ပင်လာတာပဲ"
"မင်းတို့ရဲ့ ခံတပ်ရွာတွေမှာ မင်းတို့ ဘာတွေလုပ်နေလဲဆိုတာကို ငါ အကုန်သိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါသာ စုံစမ်းစစ်ဆေးလိုက်မယ်ဆိုရင် မင်းတို့နှစ်ယောက်စလုံး ရာထူးတည်မြဲမှာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ တပ်မှူးငယ်နှစ်ဦးစလုံး ချွေးပြန်လာပြီး စိုးရိမ်ထိတ်လန့်သွားကြသည်။ ဖန့်ကျားရွာတွင် လီကျစ် အုပ်ချုပ်နေပုံကို လူတိုင်းမြင်တွေ့ခဲ့ပြီးဖြစ်ရာ ပြည်နယ်ဘုရင်ခံ၏ ဂုဏ်သတင်းကိုအားကိုးပြီး လူတွေလုပ်စားနေသည့် လမ်းကြောင်းများကို ဖြတ်တောက်နေသောသူ့ကို မည်သူက ဆန့်ကျင်ဝံ့မည်နည်း။ အကယ်၍သူသာ ဒေါသထွက်ပြီး တပ်မှူးငယ်နှစ်ဦးကို အပြစ်ရှာလာပါက စစ်ဘက်ကြီးကြပ်ရေးအမတ်ကြီးနှင့် တပ်မှူးချုပ်တို့ပင် သူတို့ကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။
"ဒါပေမဲ့... ရေကြည်လွန်းရင် ငါးမနေဘူးတဲ့။ မင်းတို့နှစ်ယောက်ကို အခက်တွေ့အောင်လုပ်ဖို့ ငါ ရည်ရွယ်မထားပါဘူး။ မင်းတို့နှစ်ယောက်ဆီကနေ ငါ တောင်းဆိုစရာ နှစ်ချက်ပဲရှိတယ်"
"ပထမအချက်က... ဒီနေ့ကစပြီး မင်းတို့လုပ်ရပ်တွေကို ပိုပြီးသိုသိုသိပ်သိပ် လုပ်ကြ။ မင်းတို့ နယ်မြေမှာ ဘာပြဿနာမှ မရှိဘူးဆိုရင် ငါ မျက်စိမှိတ်ထားပေးမယ်။ ဒါပေမဲ့ မင်းတို့ရဲ့ လုပ်ရပ်တွေက လွန်ကျူးလွန်းပြီး စစ်သည်တွေ ပုန်ကန်တာမျိုးဖြစ်ဖြစ်… ပြည်သူတွေ အုံကြွတာမျိုးဖြစ်ဖြစ် ဖြစ်လာခဲ့ရင်တော့ မိုးကြိုးပစ်သလို ပြတ်သားတဲ့ လုပ်ရပ်တွေ ဆိုတာ ဘာလဲဆိုတာကို ငါ သေချာပေါက် ပြသပေးမယ်"
"ဒုတိယအချက်က... ဒီနေ့ကစပြီး ဘုရင့်လယ်ယာတွေကနေရတဲ့ နှစ်စဉ်စပါးတွေက တိုးလာဖို့ပဲရှိရမယ် လျော့သွားလို့ မရဘူး"
"နားလည်လား"
ဘုရင့်လယ်ယာများမှ စပါးဆိုသည်မှာ အမှုထမ်းမိသားစုများ စိုက်ပျိုးထားသော လယ်ယာမြေများမှကောက်ခံသော အခွန်ဖြစ်သည်။ မင်မင်းဆက် နှောင်းပိုင်းကာလတွင် တပ်စခန်းများရှိ စစ်သည်များသည် တိုက်ခိုက်ရေးစွမ်းရည်များ ကျဆင်းလာခဲ့ပြီး ဘုရင့်လယ်ယာများမှ နှစ်စဉ်စပါး ကောက်ခံခြင်းမှာ တပ်စခန်းအရာရှိများအတွက်အရေးကြီးသော အကဲဖြတ်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဖန့်ကျားရွာ၏ ဘုရင့်လယ်ယာစပါး သတ်မှတ်ချက်မှာ အလွန်နည်းပါးလှသည်။ ယခုနှစ်တွင် အနည်းငယ်လျော့နည်းနေလျှင်ပင် လီကျစ်အနေဖြင့် ငွေသျှူး အနည်းငယ် အသုံးပြု၍ ဆန်အနည်းငယ်ဝယ်ကာ ဖြည့်တင်းပေးလိုက်နိုင်သည်။ သို့သော် ဤတပ်မှူးငယ်နှစ်ဦး၏ သတ်မှတ်ချက်များအတွက်မူ ထိုကွာဟချက်ကိုဖြည့်တင်းရန် လီကျစ်အနေဖြင့် သူ၏ ကိုယ်ပိုင်ငွေကို မသုံးချင်ပေ။
မင်မင်းဆက်နှောင်းပိုင်းကာလတွင် အမှုထမ်းမိသားစုများ အမြောက်အမြား ထွက်ပြေးတိမ်းရှောင်နေကြပြီး တပ်စခန်းလယ်ယာအများအပြားမှာ စွန့်ပစ်ခံထားရသည်။ လီကျစ်က တပ်မှူးငယ်နှစ်ဦးအား အပြည့်အဝပေးဆောင်ရန် မတောင်းဆိုဘဲ ယခင်ကထက် မလျော့နည်းစေရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
လီကျစ်၏ စကားကိုကြားသောအခါ တပ်မှူးငယ်နှစ်ဦးစလုံး အံ့ဩသွားသလို ဝမ်းလည်းဝမ်းသာသွားကြသည်။ လီကျစ်မှာ လှည့်စားရန်မလွယ်ကူဘဲ သူတို့၏ ကိစ္စများအားလုံးကို သိနေပုံရသဖြင့် အံ့ဩသွားခြင်းဖြစ်သည်။ သူတို့ ဝမ်းသာသွားရခြင်းမှာ လီကျစ်က သူတို့၏ ဝင်ငွေရလမ်းများကို ဖြတ်တောက်ရန်မရည်ရွယ်ထားဘဲ... သူတို့အနေဖြင့် ပြဿနာမရှာဘဲ ဘုရင့်လယ်ယာများမှ စပါးအလုံအလောက်ပေးဆောင်နိုင်သရွေ့ သူတို့၏ ခံတပ်ရွာများကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း သိလိုက်ရသောကြောင့်ပင်။ ဤသည်မှာ တကယ့်ကို သတင်းကောင်းတစ်ခုဖြစ်သည်။
ထိုစကားကိုကြားသည်နှင့် သူတို့နှစ်ဦးမှာ မြေကြီးပေါ်သို့ထပ်မံ၍ ဒူးထောက်ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် …
"အမတ်မင်းက ပညာရှိလှပါတယ်… ကျွန်တော်မျိုး အမတ်မင်းအတွက် ဘာပြဿနာမှ မဖြစ်စေရပါဘူး"
"ကျွန်တော်မျိုးအားလုံးကို သေသေချာချာစီမံခန့်ခွဲပြီး ဘုရင့်စပါးအလုံအလောက် ပေးဆောင်ပါ့မယ်။ ခံတပ်ရွာမှာ ဘာပြဿနာမှမဖြစ်စေရပါဘူး"
သူတို့၏ စကားကိုကြားလျှင် လီကျစ်က ခေါင်းညိတ်ကာ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
"သိရင် ပြီးတာပါပဲ"
လီကျစ်၏ ဟန်ပန်ကိုမြင်သောအခါ တပ်မှူးငယ်နှစ်ဦးက ထွက်သွားရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်သည်။ လီကျစ်က သူတို့ကို ဆင့်ခေါ်ရန် တစ်လတိတိစောင့်ခဲ့ရပြီး လက်ဖက်ရည်တစ်ခွက်သောက်ချိန်ပင် မပြည့်သေးမီ သူတို့ကိုပြန်လွှတ်လိုက်ပြီဖြစ်သည်။ ဤကာကွယ်ရေးအမတ်သစ်မှာ တကယ်ကိုကိုင်တွယ်ရခက်သူဖြစ်သည်။ သို့သော် ရာထူးပိုကြီးသူက အခြားသူများကို ဖိနှိပ်နိုင်စွမ်းရှိရာ သူတို့က ဘယ်လိုလုပ်ဆန့်ကျင်ဝံ့မည်နည်း။ သူတို့နှစ်ဦးက ကပျာကယာ ထလာပြီး ဦးညွှတ်ကာ နှုတ်ဆက်ထွက်ခွာလာကြသည်။
"ကျွန်တော်မျိုး အမတ်မင်းကို ထပ်ပြီးအနှောင့်အယှက် မပေးဝံ့တော့ပါဘူး။ အခုပဲ ပြန်ခွင့်ပြုပါဦး"
"ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး"
လီကျစ်က ခေါင်းညိတ်ကာ လက်ယမ်းပြပြီး မင်အင်ပါယာကြီး၏ ကပ်ပါးကောင်နှစ်ကောင်ကို ထွက်သွားခွင့် ပြုလိုက်တော့သည်။
***