လီကျစ်သည် တပ်မှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက် ဖန့်ကျားရွာရှိ စစ်သည်အရေအတွက်မှာလည်း တိုးပွားလာခဲ့သည်။ ယခင်က ဖန့်ကျားရွာတွင် စောင့်ရှောက်ရေးတပ်သား ၅၇ ဦးသာ ရှိခဲ့သော်လည်း ယခုအခါ ၁၂၀ အထိ ရှိလာပြီဖြစ်သည်။
ယုတ္တိဗေဒအရဆိုလျှင် ဤမျှများပြားသော စစ်သည်အရေအတွက်အတွက် သင့်လျော်သော လစဉ်လစာငွေရရှိရမည်ဖြစ်သည်။ သို့ရာတွင် မင်မင်းဆက်နှောင်းပိုင်းကာလ၌ တိုင်းပြည်၏ ဘဏ္ဍာရေးမှာကျပ်တည်းနေသဖြင့် နန်းတွင်းမှ စစ်သည်များအတွက် လစာငွေကို ပုံမှန်ပေးချေနိုင်ခြင်း မရှိပေ။ ထို့ပြင် မင်မင်းဆက်အမတ်လောကအတွင်း အကျင့်ပျက်ခြစားမှုများကြောင့် အသုံးစရိတ်များကို အဆင့်ဆင့်ဖြတ်တောက်ကြရာ နောက်ဆုံးအောက်ခြေသို့ ရောက်ရှိလာသော ငွေကြေးမှာအလွန်နည်းပါးလှသည်။ ဖန့်ကျားရွာမှ လူ ၁၂၀ အတွက် ထန်းကျင်းတပ်နယ်၏ သတ်မှတ်ချက်အရ တစ်လလျှင် ငွေသျှူး ၂၄၀ ရသင့်သော်လည်း ၂ လပိုင်း လလယ်တွင် ပထမဆုံးအကြိမ် လစာထုတ်ပေးသောအခါ လီကျစ်သည် တပ်မှူးကြီးရုံးမှ ငွေသျှူး ၇၂ သျှူးသာ ရရှိခဲ့သည်။ ၎င်းမှာ စစ်သည်တစ်ဦးလျှင် ငွေသျှူး ၇ ပြား (၇ ကျန်း) ပင် မပြည့်ချင်ပေ။
ထိုကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသော အသုံးစရိတ်ကို မြင်သောအခါ လီကျစ်က…
"မင်မင်းဆက်ရဲ့ အောက်ခြေစစ်ဘက်အမတ်ရှိတွေတောင် ငွေသိပ်အလွဲသုံးစား မလုပ်နိုင်ကြပါလား" ဟု တွေးမိလိုက်သည်။
အကယ်၍ သူတို့သည် စာရင်းလိမ်ကာငွေထုတ်ယူခဲ့လျှင်ပင် ထိုပမာဏမှာ သိပ်ပြီးများပြားမည်မဟုတ်ပေ။
လစဉ်လစာ အပြည့်အဝမရရှိသော စစ်သည်များသည် ပြင်းထန်သောစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စိတ်ဓာတ်ခွန်အားမရှိကြသဖြင့် ရလဒ်အနေဖြင့် အားနည်းသောတပ်ဖွဲ့များသာ ထွက်ပေါ်လာတတ်သည်။ ဖန့်ကျားရွာတွင် မူလက အသက်ကြီးပြီးအားနည်းသော စောင့်ရှောက်ရေးတပ်သား ၂၃ ဦးရှိရာ ၎င်းတို့အနက် ၄ ဦးမှာ အမှုထမ်းရန်စာရင်းသွင်းပြီး လီကျစ်၏ ရှေ့ပြေးတပ်ဖွဲ့သို့ ပြောင်းရွှေ့သွားသဖြင့် ၂၃ ဦးသာ ကျန်ရှိတော့သည်။ ရရှိသောအသုံးစရိတ်မှာ အလွန်နည်းပါးသဖြင့် လီကျစ်သည် လူ ၁၂၀ အထိ မစုဆောင်းနိုင်ဘဲ နောက်ထပ် ၁၃ ဦးကိုသာ ထပ်မံခေါ်ယူနိုင်ခဲ့သည်။
လီကျစ်သည် ထိုစောင့်ရှောက်ရေးတပ်သား ၃၁ ဦးအား တစ်ဦးလျှင် လစဉ်လစာ ငွေသျှူး ၂ သျှူးစီ ပေးချေလိုက်ရာ အထက်မှထုတ်ပေးသော လစာငွေအားလုံး ကုန်သွားတော့သည်။ ပုံမှန်အားဖြင့် လီကျစ်သည် ၎င်းတို့အား မြို့ရိုးကာကွယ်ရေးအတွက် နေ့စဉ်လေ့ကျင့်ပေးထားရာ လိုအပ်လာပါက ရှေ့ပြေးတပ်ဖွဲ့နှင့်အတူ မြို့ကိုကာကွယ်ရန်အကူအညီပေးနိုင်သည်။ အခြားအချိန်များတွင်မူ ဤတပ်ဖွဲ့သည် မြို့အတွင်း၌ ကင်းလှည့်ပေးရပြီး လက်နက်ကိုင်ရဲတပ်ဖွဲ့ကဲ့သို့သောတာဝန်ကို ထမ်းဆောင်ကြသည်။
အသုံးစရိတ် နည်းပါးလှသဖြင့် လုံလောက်သော တပ်သားအရေအတွက် မရှိသည့်ပြဿနာကို လီကျစ်လည်း မဖြေရှင်းနိုင်ပေ။ အကယ်၍ အထက်အရာရှိတစ်ဦးဦးက လာရောက်စစ်ဆေးမည်ဆိုပါက လီကျစ်သည် ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည်တစ်ရာကျော်ကိုခေါ်ယူကာ အရေအတွက်ပြည့်အောင် ဟန်ပြလုပ်လိုက်ရုံသာရှိသည်။
ဟယ်ရှီရှို့က ဧကရာဇ်မင်းမြတ်ထံတင်ပြခဲ့သော အစီရင်ခံစာမှာလည်း လျင်မြန်စွာ အကြောင်းပြန်ချက်ရရှိခဲ့သည်။ ဟယ်ရှီရှို့သည် လီကျစ်အတွက် စစ်သည်အင်အား ပိုမိုတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ပြီး လီကျစ်၏ သစ္စာရှိမှုကို ကောင်းကင်ယံအထိတင်စားကာ ချီးမွမ်းရေးသားခဲ့သည်။ ဟယ်ရှီရှို့၏ ထိုသို့သောမြှောက်ပင့်မှုများကြောင့် ဧကရာဇ်သည် လီကျစ်အား စောင့်ရှောက်ရေးတပ်သား အရေအတွက် တိုးမြှင့်ခန့်ထားရန် စဉ်းစားရုံပင် မလိုဘဲ သဘောတူခွင့်ပြုခဲ့သည်။
ထို့နောက် လီကျစ်သည် ထန်းကျင်းနယ်နှင့် ဖန့်ကျားရွာတို့မှ လူငယ်များကို စုဆောင်းကာ ရှေ့ပြေးတပ်ဖွဲ့ကို အင်အား ၂,၀၀၀ အထိ တိုးချဲ့ရန် စတင်ခေါ်ယူတော့သည်။ တစ်ကြိမ်တည်းနှင့် စစ်သည်အသစ်အများအပြား ခေါ်ယူရသဖြင့် လီကျစ်မှာ အတော်လေးအလုပ်များသွားခဲ့ပြီး သင့်လျော်သော လူ ၂,၀၀၀ စလုံးကို အောင်မြင်စွာစုဆောင်းနိုင်ရန်အတွက် သူ၏ လူအင်အားနှင့် အရင်းအမြစ်အားလုံးကို အသုံးချခဲ့ရသည်။
ထိုကိစ္စများ အခြေကျသွားပြီးနောက် လီကျစ်သည် ဆားတောင်တန်း (ဓားပြစခန်း) မှ ဖမ်းဆီးရမိခဲ့သော အမြောက်သွန်းလုပ်သူ ၅ ဦး၏ အခြေအနေကို သွားရောက်စစ်ဆေးခဲ့သည်။
သူတို့ မြို့ထဲသို့ပြန်ရောက်လာခဲ့သည်မှာ တစ်လခန့်ရှိပြီဖြစ်ကာ လီကျစ်က ထိုအမြောက်သွန်းလုပ်သူ ၅ ဦးအား မြို့အရှေ့ပိုင်းတွင် အမြောက်လုပ်ငန်းခွင်တစ်ခု တည်ဆောက်ရန် ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ငန်းများ မည်မျှအထိတိုးတက်နေပြီလဲဆိုသည်ကို သိချင်နေမိသည်။
မြို့အရှေ့ဘက်ရှိ အမြောက်လုပ်ငန်းခွင်သို့ ရောက်ရှိသွားသောအခါ သံရည်ကျိုဖိုမှာ ပြီးစီးနေပြီဖြစ်ကာ ပန်းပဲဆရာ ၅ ဦးမှာ အမြောက်သွန်းလုပ်ရန်အတွက် ရွှံ့ပုံစံခွက်များပြုလုပ်ရန် အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရသည်။
လီကျစ် လာသည်ကိုမြင်လျှင် အမြောက်သွန်းလုပ်သူ ၅ ဦးမှာ အလျင်အမြန် ဒူးထောက်ကာ…
"တပ်မှူးကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ"
"ထကြပါ… အလုပ်တွေ ဘယ်လောက်အထိ ပြီးပြီလဲ"
အမြောက်သွန်းလုပ်သူများက ….
"ကိရိယာတွေနဲ့ သံရည်ကျိုဖိုကတော့ အဆင်သင့်ဖြစ်ပါပြီ။ အခု ပထမဆုံး ကြေးအမြောက်ကို သွန်းလုပ်ဖို့ ရွှံ့ပုံစံခွက်တွေ လုပ်နေကြတာပါ။ ကျွန်တော်တို့ အမြောက်မသွန်းဖြစ်တာ ကြာပြီဆိုတော့ အရင်ဆုံး အမြောက်အငယ်စားလေးတစ်ခုကို အစမ်းသွန်းကြည့်ဖို့ စီစဉ်ထားပါတယ်"
လီကျစ်က ခေတ္တမျှစဉ်းစားလိုက်ပြီး…
"မင်းတို့က အမြောက်သွန်းဖို့ ရွှံ့ပုံစံခွက်တွေကိုသုံးတာပဲ။ ဒါပေမဲ့ ရွှံ့ထဲမှာရှိတဲ့ စိုထိုင်းဆကိုကော ဘယ်လိုလုပ်မလဲ။ အပူချိန်မြင့်မားတဲ့ ကြေးရည်တွေကို လောင်းထည့်လိုက်တဲ့အခါ ရွှံ့ပုံစံခွက်ထဲမှာရှိတဲ့ ရေငွေ့တွေက ချက်ချင်းအငွေ့ပျံသွားပြီး ကြေးအမြောက်အတွင်းမှာ လေပူဖောင်းတွေဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီလေပူဖောင်းတွေက အမြောက်အတွက် အန္တရာယ်ရှိတယ်… အမြောက်နံရံကိုကြွပ်ဆတ်စေပြီး ပစ်ခတ်တဲ့အခါ ပြောင်းကွဲထွက်တာမျိုး ဖြစ်စေနိုင်တယ်လေ"
လီကျစ်က ထိုကဲ့သို့ ကျွမ်းကျင်မှုဆိုင်ရာ ပြဿနာကို သိရှိနေလိမ့်မည်ဟု အမြောက်သွန်းလုပ်သူ ၅ ဦးမှာ ထင်မှတ်မထားကြပေ။ သူတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ပန်းပဲဆရာကြီး ချောင်းယွီက…
"သခင်ကြီးက တကယ်ကိုဉာဏ်အမြော်အမြင် ကြီးမားတာပဲ။ ရွှံ့ပုံစံခွက်တွေက တကယ်ပဲ ရေငွေ့ကို ထိန်းထားတတ်ပါတယ်။ ဒါကြောင့် ရွှံ့ပုံစံခွက်တွေလုပ်ပြီးရင် အသုံးမပြုခင် တစ်လလောက် အခြောက်ခံထားရပါတယ်။ ဒါတောင်မှ အနည်းငယ်သောစိုထိုင်းဆကြောင့် ကြေးအမြောက်ထဲမှာ ပျားအုံလို အပေါက်ငယ်လေးတွေ စ်တာကို မရှောင်လွှဲနိုင်ပါဘူး။ ပျမ်းမျှအားဖြင့် အမြောက် ၁၀ လက် သွန်းရင် တစ်လက်ပဲ အသုံးတည့်တာပါ"
"အမြောက် ၁၀ လက်မှာ တစ်လက်ပဲရတယ် ဟုတ်လား။ ဒါဆို အားထုတ်မှုတွေအများကြီး ဖြုန်းတီးရာရောက်နေတာပေါ့"
လီကျစ်ကပြုံးလိုက်ပြီး နောက်ပိုင်းခေတ်များတွင် သူလေ့လာခဲ့ဖူးသော အမြောက်သွန်းနည်းများကို ပြန်လည်အမှတ်ရကာ…
"အကယ်၍ ငါတို့က ရွှံ့ပုံစံခွက်တွေကို မသုံးဘဲ သံရည်ကျိုထားတဲ့ သံပုံစံခွက်တွေကို သုံးရင်ကောဘယ်လိုလဲ။ သံပုံစံခွက်ထဲမှာ ရေငွေ့မရှိတဲ့အတွက် လေပူဖောင်းတွေ ဖြစ်လာမှာမဟုတ်ဘူး၊ အမြောက်အောင်မြင်နှုန်းလည်း အများကြီးတိုးလာလိမ့်မယ်။ ဒါတင်မကသေးဘူး… သံပုံစံခွက်နဲ့ သွန်းတဲ့ ကြေးအမြောက်တွေရဲ့ အတွင်းနံရံနဲ့ အပြင်နံရံတွေက ပိုပြီးချောမွေ့နေမှာဆိုတော့ အမြောက်ပြောင်းအတွင်းပိုင်းကို ပြန်ပြီးချောစာတိုက်ရတဲ့ အလုပ်ကိုလည်း လျှော့ချပေးနိုင်လိမ့်မယ်"
လီကျစ်၏ စကားကိုကြားသောအခါ အမြောက်သွန်းလုပ်သူ ၅ ဦးစလုံး ကြောင်အသွားကြသည်။ သူတို့သည် အမြောက်သွန်းလုပ်ရန် ရွှံ့ပုံစံခွက်ကိုသာ ဆယ်စုနှစ်တစ်ခုကြာ အသုံးပြုခဲ့ကြသော်လည်း သံကို ပုံစံခွက်အဖြစ် အသုံးပြုရန် တစ်ခါမျှ မစဉ်းစားဖူးကြပေ။
သို့သော် သူတို့သည် အတွေ့အကြုံရှိသောပန်းပဲဆရာများ ဖြစ်ကြသဖြင့် လီကျစ်၏ လမ်းညွှန်မှုနှင့်အတူ သံကိုပုံစံခွက်အဖြစ် အသုံးပြုခြင်းမှာ များစွာသောအားသာချက်များ ရှိသည်ကို ချက်ချင်းနားလည်သွားကြသည်။
လေပူဖောင်းတွေမရှိတော့ဘူးဆိုရင် သွန်းသမျှအမြောက်တိုင်းက အသုံးတည့်နေမှာ မဟုတ်လား။ အလေအလွင့်တွေလည်း ရှိတော့မှာ မဟုတ်ဘူး။
ဒီတပ်မှူးက အကုန်လုံးကို ဘယ်လိုများ သိနေရတာလဲ။
ချောင်းယွီသည် သူ၏ဦးခေါင်း နောက်စေ့ကိုပွတ်ကာ ပြုံးလျက်…
"တပ်မှူးကြီး… အကယ်၍ ကျွန်တော်တို့က သံပုံစံခွက်ကိုသုံးမယ်ဆိုရင် သွန်းပြီးတဲ့အခါ ပုံစံခွက်နဲ့ ကြေးအမြောက်ကို ဘယ်လို ခွဲထုတ်ရမလဲခင်ဗျာ"
အမြောက်သွန်းလုပ်သူများ ဤမေးခွန်းကို မေးလိမ့်မည်ဟု လီကျစ် ကြိုသိထားပြီးဖြစ်သည်။ သူ သိထားသော ဗဟုသုတများကို ပြန်လည်စဉ်းစားကာ…
"သံပုံစံခွက်နဲ့ အမြောက်သွန်းတဲ့အခါ အရင်ဆုံး ပုံစံခွက်ရဲ့ အတွင်းမျက်နှာပြင်ကို ဖွဲပြာအနုစားနဲ့ သဲနုကို ရေနဲ့ဖျော်ပြီး တစ်လွှာသုတ်ရမယ်။ ပြီးရင် ကျောက်မီးသွေးမှုန့် အနုစားနဲ့ ဒုတိယတစ်လွှာ ထပ်သုတ်ရမယ်။ အဲဒီနောက် သံပုံစံခွက်ကို မြဲမြံအောင်ညှပ်ထားပြီး အပူပေးကာ ကြေးရည်ကို လောင်းထည့်လိုက်ရုံပဲ။ ကြေးရည်ခဲသွားတာနဲ့ သံပုံစံခွက်ကို ချက်ချင်းပြန်ဖြုတ်လိုက်… အမြောက်ကိုယ်ထည်က နီရဲနေတုန်းမှာပဲ ပိုနေတဲ့ အဖုအထစ်တွေကို ဖယ်ရှားလိုက်ရင် အချောထည် အမြောက်ကို ရပြီ"
လီကျစ်၏ စကားကိုကြားသောအခါ အမြောက်သွန်းလုပ်သူ ၅ ဦးမှာ ငြိမ်သက်သွားပြီး သူပြောသမျှကို သေသေချာချာ ပြန်လည်စဉ်းစားနေကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တုပုံစံခွက်ကို အစောဆုံးအသုံးပြုခဲ့သော နိုင်ငံဖြစ်ကာ စစ်ပြိုင်ခေတ်ကတည်းက သံပုံစံခွက်များဖြင့် လယ်ယာသုံးကိရိယာများကို အများအပြား ထုတ်လုပ်ခဲ့ကြသည်။ သံပုံစံခွက်ကို အလွှာနှစ်လွှာသုတ်ကာ အသုံးပြုခြင်းမှာလည်း ရှေးဟောင်း သွန်းလုပ်ရေးနည်းပညာတစ်ခုသာဖြစ်သဖြင့် အမြောက်သွန်းလုပ်သူ ၅ ဦးမှာ ထိုအကြောင်းကို ကြားဖူးနားဝရှိကြသည်။ ယခု လီကျစ်၏ လမ်းညွှန်မှုကြောင့် သူတို့ ချက်ချင်းပင် နားလည်သွားကြတော့သည်။
မိနစ်ဝက်ခန့် စဉ်းစားပြီးနောက် ချောင်းယွီက နားလည်သွားကာ…
"သခင်ကြီးက တကယ်ကို ထူးချွန်တာပဲ… ဒီသွန်းလုပ်နည်းက တကယ့်ကို ကောင်းမွန်လွန်းပါတယ်"
လီကျစ်က ပြုံးကာ အမြောက်သွန်းလုပ်သူများ၏ ချီးမွမ်းစကားကို လက်ခံလိုက်ပြီးနောက် သူတို့အား ပိုမိုအသေးစိတ်ကျသော နည်းလမ်းများကို ထပ်မံရှင်းပြခဲ့သည်။
"အရင်ဆုံး ကြေးအမြောက်ရဲ့ အရွယ်အစားအတိုင်း ရွှံ့အမြောက်ပုံစံကို ၅ ပိုင်းခွဲလုပ်ပါ။ ပြီးရင် အဲဒီအပိုင်းတွေအတိုင်း သံပုံစံခွက် သွန်းဖို့အတွက် ရွှံ့ပုံစံခွက်တွေကိုထပ်လုပ် အပိုင်းတစ်ပိုင်းစီကို နှစ်ခြမ်းခွဲထားရမယ်။ ပုံစံခွက်ရဲ့ အတွင်းမျက်နှာပြင်ချောမွေ့အောင် လက်လှည့်စက်နဲ့ ချောအောင်တိုက်ပြီး အခြောက်ခံထားပါ။ သံပုံစံခွက် သွန်းတဲ့အခါမှာလည်း ကိုင်တွယ်ဖို့ လက်ကိုင်တွေကို တစ်ခါတည်း ထည့်သွန်းလိုက်ရမယ်"
"ရွှံ့ပုံစံခွက်ကနေ သံပုံစံခွက် သွန်းတဲ့အခါမှာ အမြောက်ပြောင်းဝအပိုင်းကို ရွှံ့ပြားပေါ်မှာ ပြောင်းပြန်တင် တစ်ခြမ်းကို ရွှံ့နဲ့ဖြည့်ပြီး ခြောက်သွားရင် နောက်ထပ် ရွှံ့ပြားတစ်ချပ်နဲ့ အုပ် ပုံစံခွက်ကို မြဲအောင်ညှပ်ပြီးမှ သံရည်လောင်းထည့်။ အဲဒီအခါမှာ သံပုံစံခွက်ရဲ့ ပထမဆုံးအပိုင်း တစ်ခြမ်းကို ရလိမ့်မယ်။ အဲဒီနောက် ရွှံ့တွေကို ဖယ်ထုတ်ပြီး ကျန်တဲ့တစ်ခြမ်းကိုလည်း ဒီနည်းအတိုင်း သွန်းလိုက်ရုံပဲ။ အဲဒီလို အဆင့်ဆင့် သွန်းသွားမယ်ဆိုရင် အထပ်ထပ်ချိတ်ဆက်လို့ရတဲ့ သံပုံစံခွက် အစုံလိုက်ကို ရရှိလာမှာဖြစ်တယ်"
လီကျစ်၏ ရှင်းပြချက်ကိုကြားပြီးနောက် ကျန်ရှိသော ပန်းပဲဆရာ ၄ ဦးပင်လျှင် နားလည်သွားကြတော့သည်။ သူတို့သည် လီကျစ်၏ နည်းလမ်းကို နတ်ဘုရားတစ်ပါး၏ ဖန်တီးမှုကဲ့သို့ အံ့သြသွားကြကာ လီကျစ်ကို ကြည့်သောသူတို့၏ အကြည့်များတွင် ကြောက်ရွံ့ရိုသေမှုသာမက ကြည်ညိုလေးစားမှုများပါ ပြည့်နှက်နေတော့သည်။
ငါတို့ မင်မင်းဆက်မှာ ဒီလို ထူးချွန်တဲ့ စစ်ဘက်အရာရှိမျိုး တကယ်ပဲ ရှိနေတာလား။
ထို့နောက် လီကျစ်က…
"အရင်ဆုံး ငါပြောတဲ့နည်းအတိုင်း ကြေးအမြောက်တွေကိုအရင်သွန်းပါ။ အဲဒါ အောင်မြင်သွားပြီဆိုရင် 'အတွင်းသံ - အပြင်ကြေး' အမြောက်တွေကို ငါတို့ ထပ်သွန်းကြမယ်။ အဲဒီအမြောက်တွေက ပိုပြီး ခိုင်ခံ့သလို အလေးချိန်လည်း ပိုပေါ့ပါးတယ်" ဟု ပြောလိုက်သည်။
ဒီထက်ကောင်းတဲ့ နည်းပညာတွေ ရှိသေးတာလား။
ဒီတပ်မှူးက ယခင်က ဆွန်ယွမ်ဟွား လက်အောက်မှာရှိတဲ့ ဖရန်ကစ် (ဥရောပ) အမြောက်သွန်းဆရာတွေထက်တောင် ပိုပြီး သိနေပါလား။
ချောင်းယွီသည် ထိုစကားကိုကြားသောအခါ နည်းပညာအပေါ် အလွန်တရာ မြတ်နိုးသူတစ်ဦးပီပီ သူ၏မျက်လုံးများမှာ ဝင်းလက်တောက်ပသွားတော့သည်။
***