ကိုယ်ရံတောတပ်သား လေးဦးမှာ လပေါင်းများစွာ စစ်ရေးလေ့ကျင့်ထားသူများ ဖြစ်ကြသဖြင့် အလွန်ပင် သန်မာတောင့်တင်းကြသည်။ သူတို့သည် ကလေးကစားသကဲ့သို့ပင် ရှောင်ကွမ်ဝေ့ကို အလွယ်တကူဖမ်းချုပ်ကာ မြေကြီးပေါ်သို့ မှောက်ခုံဖိထားလိုက်ပြီးနောက် သူ၏ ဘောင်းဘီကို ဆွဲချလိုက်ရာ ဖြူဖွေးနေသော သူ၏ တင်ပါးနှစ်ဖက်မှာ ပေါ်ထွက်လာတော့သည်။
ရှောင်ကွမ်ဝေ့မှာ အလွန်အမင်းကြောက်လန့်သွားပြီး မြေကြီးပေါ်တွင် ရုန်းကန်ရင်း…
"လီကျစ်… မင်း ငါ့ကို ထိရဲထိကြည့်စမ်း… ချင်းစစ်ဘက်ရေးရာရုံးက အဘိုးကြီးချန်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
လီကျစ်သည် ပြီးခဲ့သည့်အကြိမ်ကပင် ချင်းစစ်ဘက်ရေးရာရုံး၊ ရာဇဝတ်မှုဌာနမှ စာရေးတော်ကြီး ချန်ချိရှို့ (အဘိုးကြီးချန်) နှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်က လီကျစ်မှာ သာမန်ပြည်သူတစ်ဦးသာ ဖြစ်သော်လည်း ပြည်နယ်ဘုရင်ခံ၏ အရှိန်အဝါကြောင့် ချန်ချိရှို့က လီကျစ်ကို ရိုရိုသေသေ ဆက်ဆံခဲ့ရသည်။ ယခုအခါ လီကျစ်မှာ ရာထူးတိုးသွားပြီဖြစ်ရာ ချန်ချိရှို့ကို ပို၍ပင် ဂရုစိုက်စရာမလိုတော့ပေ။ သူက ပြုံးလိုက်ပြီး…
"အဘိုးကြီးချန်က ငါ့ကို အလွတ်မပေးဘူးဆိုရင်လည်း မင်း သွားတိုင်ကြည့်လိုက်ပေါ့"
ခြံဝင်းတံခါးကို စောင့်နေသော တပ်သားနှစ်ဦးက သူတို့၏တုတ်များကို လှမ်းပေးလိုက်သည်။ ကိုယ်ရံတော်တပ်သား လေးဦးအနက် နှစ်ဦးက ရုန်းကန်နေသော ရှောင်ကွမ်ဝေ့ကိုဖိထားပြီး ကျန်နှစ်ဦးက တစ်ယောက်တစ်လှည့်စီ ရှောင်ကွမ်ဝေ့၏ တင်ပါးကိုတုတ်ဖြင့် စတင်ရိုက်နှက်တော့သည်။
သူတို့သည် တစ်ချက်ပြီးတစ်ချက် အားရပါးရရိုက်နှက်ကြရာ ရှောင်ကွမ်ဝေ့မှာ အသတ်ခံနေရသော ဝက်တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်တော့သည်။ သူ၏ အော်သံများမှာ ကျင်းပြန်ရပ်ကွက်တစ်ခုလုံး ဟိန်းထွက်သွားပြီး ရပ်ကြည့်နေကြသော အိမ်နီးချင်းများမှာလည်း အံ့သြတုန်လှုပ်သွားကြသည်။
"လီကျစ်က ဘယ်လိုတောင်ရက်စက်တာလဲ… အရာရှိဖြစ်သွားတာနဲ့ အာဏာပြပြီး ရှောင်ကွမ်ဝေ့ကို ရိုက်နေပြီ"
"လီကျစ် ငယ်ငယ်တုန်းကတော့ ရှောင်ကွမ်ဝေ့က အမြဲအနိုင်ကျင့်ခဲ့တာလေ။ အခု သူတို့ကြီးလာတော့ ပြောင်းပြန်ဖြစ်သွားပြီ… လီကျစ်က ပြန်ရိုက်နေတာ"
"ဒီ ရှောင်ကွမ်ဝေ့ကလည်း ဆွေဟယ်နောက်ကို အမြဲလိုက်ပြီး မိန်းကလေးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာလေ… အခုလို အရိုက်ခံရတာ ထိုက်တန်ပါတယ်"
"သူ့သား အရိုက်ခံရတာ… အဲဒါတောင် အရာရှိတစ်ယောက်က ရိုက်တာဆိုတော့ ဘာမှပြန်လုပ်လို့ ရမှာမဟုတ်ဘူး။ သူ့အဖေ ရှောင်ရှိုယီတော့ မျက်နှာပျက်ရတော့မှာပဲ"
ကိုယ်ရံတော်တပ်သား လေးဦးမှာ အချက် ၂၀ ပြည့်အောင် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ရာ ရှောင်ကွမ်ဝေ့မှာ အော်ဟစ်ရန်ပင်အားမရှိတော့ဘဲ မြေကြီးပေါ်တွင် ဝပ်လျက် ညည်းတွားနေတော့သည်။
ရိုက်နှက်ခံရပြီးနောက် ရှောင်ကွမ်ဝေ့မှာ မြေကြီးပေါ်တွင် အတော်ကြာအောင်ဝပ်နေပြီးမှ သွားကိုတင်းတင်းစိကာ သူ၏ဘောင်းဘီကိုပြန်ဆွဲတင်လိုက်သည်။ သို့သော် သူ ထရပ်ရန် ကြိုးစားလိုက်တိုင်း တင်ပါးမှနာကျင်မှုကြောင့် မြေကြီးပေါ်သို့ပြန်လည်လဲကျသွားသည်။ ရှောင်ကွမ်ဝေ့သည် သူ၏ဘဝတွင် ဤမျှကြီးမားသော အရှက်ကွဲမှုကို တစ်ခါမျှမကြုံဖူးသဖြင့် မခံမရပ်နိုင်ဖြစ်ကာ မြေကြီးပေါ်တွင်ပင် ကလေးတစ်ယောက်လို ထိုင်ငိုတော့သည်။
သူငယ်စဉ်ကတည်းက အနိုင်ကျင့်ခဲ့သောသူမှာ ယခုအခါ အလွန်ဩဇာအာဏာရှိသူ ဖြစ်နေခြင်းက ရှောင်ကွမ်ဝေ့ကို အားကိုးရာမဲ့သလို ခံစားရစေပြီး ပို၍ပင် နာကျင်စေသည်။ သူ၏ ငိုသံမှာ ပိုမိုကျယ်လောင်လာပြီး နောက်ဆုံးတွင် အော်ဟစ်ငိုယိုတော့သည်။
လီကျစ်သည် ဤမျှအသုံးမကျသော လူလေလူလွင့်လေးကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။ သူ စတင်ရောက်ရှိလာစဉ်က ဤလူငယ်လေးမှာ လီကျစ်အပေါ် ဗိုလ်ကျစိုးမိုးနေခဲ့သော်လည်း ယခုအခါ သူတို့နှစ်ဦးကြားမှ ကွာဟချက်မှာ သာမန်ကာလျှံကာ မဟုတ်တော့ပေ။
လီကျစ်က ဆွေဟယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဆွေဟယ်မှာ ရှောင်ကွမ်ဝေ့ ဆုံးမခံရသည်ကို ကြည့်ပြီး ဝမ်းသာအားရ လက်သီးလေးဆုပ်ကာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။
"ငါတည်ထားတဲ့ မြို့သစ်ကို ကြည့်ဖို့ ဖန့်ကျားရွာကို လိုက်ခဲ့မလား"
ဆွေဟယ်၏ မျက်နှာမှာ ထပ်မံနီမြန်းသွားပြီး…
"နင် ငါ့အိမ်ကိုလာပြီး စေ့စပ်ခွင့်တောင်းရမှာ မဟုတ်ဘူးလား"
"အဲဒါအတွက် လက်ဆောင်တွေ ပြင်ရဦးမယ်လေ။ ဒီနေ့လိုမျိုး လက်ချည်းဗလာနဲ့ အလျင်စလို သွားရင်တော့ မင်းအဖေက ငါ့ကို မောင်းထုတ်မှာပေါ့"
ဆွေဟယ်က ခေတ္တစဉ်းစားလိုက်ပြီးနောက်…
"ကောင်းပြီလေ… ဒါဆိုရင်တော့ မင်းရဲ့ မြို့သစ်ကို လိုက်ကြည့်မယ်"
လီကျစ်သည် ဆွေဟယ်နှင့် သူမ၏ အစေခံမလေးကို ရထားလုံးပေါ်သို့ တက်စေပြီးနောက် သူတို့နှစ်ဦးကို ဖန့်ကျားရွာသို့ ခေါ်ဆောင်လာခဲ့သည်။
သူတို့အဖွဲ့ ဖန့်ကျားရွာ၏ အရှေ့တံခါးသို့ရောက်ရှိသောအခါ ဆွေဟယ်နှင့် အစေခံမလေးမှာ ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ ဆွေဟယ်သည် ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် မြို့တံခါးပေါ်ရှိ ခန့်ညားထည်ဝါလှသော နှစ်ထပ် တံခါးမျှော်စင်ကြီးကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ လက်ခုပ်တီးကာ…
"လီကျစ်… ဒါက နင့်ရဲ့မြို့လား။ တံခါးမျှော်စင်ကြီးက အရမ်းကိုခန့်ညားတာပဲ"
လီကျစ်က ပြုံးလိုက်ပြီး…
"မဆိုးဘူး မဟုတ်လား"
ဆွေဟယ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြရင်း…
"တခြားလူတွေက အလွန်ဆုံးရှိမှ ခြံဝင်းကြီးတစ်ခုပဲရှိတာ… နင့်မှာကျတော့ မြို့တစ်မြို့လုံး ရှိတာပဲ"
မြို့တံခါးဝတွင် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်နေကြသော လူအုပ်ကြီးကို ကြည့်ကာ သူမက…
"နင့်ရဲ့မြို့က တော်တော်စည်ကားတာပဲ ဘာလို့လူတွေ အဲဒီလောက်အဝင်အထွက် များနေရတာလဲ"
"မြို့ထဲက အဆောက်အဦးတွေ ဆောက်နေတုန်းမို့လို့လေ။ ကဲ… မြို့ထဲဝင်ပြီး ကြည့်ရအောင်"
တပ်မှူးကြီးက လူများကိုဦးဆောင်ကာ မြို့ထဲသို့ဝင်လာသည်ကိုမြင်လျှင် မြို့တံခါးစောင့် စစ်သည်များမှာ လီကျစ်တို့အဖွဲ့ကို အရိုအသေပေးကြရာ ဆွေဟယ်မှာ ဂုဏ်ယူစွာဖြင့် တခိခိ ရယ်မောနေတော့သည်။
မြို့ထဲသို့ရောက်သည်နှင့် ဆွေဟယ်သည် မြို့အတွင်းရှိသန့်ရှင်းသပ်ရပ်မှုကြောင့် အံ့သြသွားတော့သည်။ သူမက ပတ်ဝန်းကျင်ကိုဝေ့ကြည့်ကာ…
"လီကျစ်… နင့်ရဲ့ ဖန့်ကျားရွာမှာ ဘာလို့ အမှိုက်တွေ မရှိတာလဲ။ တော်တော်ကို သန့်ရှင်းတာပဲ။ မြို့ငယ်လေးနဲ့တောင် မတူဘူး"
သူမက ခေတ္တစဉ်းစားလိုက်ပြီး…
"တခြား ညစ်ပတ်တဲ့အရာတွေလည်း မရှိဘူး… အနံ့အသက်လည်း ကောင်းတယ်"
"ဒီမှာ အမှိုက်ကို စည်းကမ်းမဲ့ပစ်ရင် တုတ်နဲ့ အရိုက်ခံရမယ်လေ။ အိမ်ခြေ ၅ အိမ်တိုင်းအတွက် အိမ်ရှေ့မှာ အမှိုက်ပုံးကြီးတစ်လုံးစီ ထားပေးထားတယ်။ ပြီးရင် အဲဒီအမှိုက်တွေကို မြို့ပြင်က လူသူမရှိတဲ့ နေရာမှာ သွားမြှုပ်ဖို့ လူသီးသန့် ငှားထားတယ်။ ဒါတင်မကသေးဘူး… အိမ်ဟောင်းတွေရဲ့ ဘေးမှာ အများသုံးအိမ်သာတွေ ဆောက်ပေးထားသလို အိမ်သစ်တွေမှာလည်း မိလ္လာကန်တွေနဲ့ ချိတ်ဆက်ထားတဲ့ အိမ်သာတွေပါပြီးသားဆိုတော့ အညစ်အကြေးတွေ စုပုံနေတာမျိုးမရှိဘူး၊ အနံ့အသက်လည်း ကောင်းတာပေါ့"
ဆွေဟယ်က ခေါင်းညိတ်ကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး…
"လမ်းမတွေပေါ်မှာလည်း ဘာလို့ ရေပုပ်ရေစပ်တွေ မရှိတာလဲ"
"ဒီမြို့ကို တည်ကတည်းက စနစ်တကျ စီမံထားတာလေ။ အလယ်ကမြင့်ပြီး ဘေးလေးဘက်က နိမ့်တယ်။ လမ်းဘေး တစ်ဖက်တစ်ချက်စီမှာ နက်ရှိုင်းတဲ့ ရေနုတ်မြောင်းတွေကို တူးထားပြီး အပေါ်ကနေ ကျောက်ပြားတွေ အုပ်ထားတာဆိုတော့ မြောင်းတွေကို အပြင်ကနေ မမြင်ရဘူး။ အိမ်တွေကထွက်တဲ့ အညစ်အကြေးရေတွေက အဲဒီမြောင်းတွေကတစ်ဆင့် မြို့ပြင်က မြစ်ထဲကို စီးဆင်းသွားတာလေ"
"တကယ်ကို အံ့သြဖို့ကောင်းတာပဲ"
ဆွေဟယ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ…
"နင့်ရဲ့မြို့က လူတွေက ထန်းကျင်းမြို့က လူတွေထက်ပိုပြီး ဝတ်ကောင်းစားလှ ဝတ်နိုင်ကြသလိုပဲ။ သူတို့အဝတ်အစားတွေမှာ ဖာရာထေးရာတွေနည်းတယ်… မျက်နှာတွေကလည်း ကြည်လင်နေကြတယ်။ ဖျော့တော့နေတဲ့ ဆင်းရဲသားတွေကိုလည်းမတွေ့မိဘူး။ မင်းရဲ့ မြို့ထဲက လူတွေအားလုံးက ချမ်းသာကြတာလား"
လီကျစ်က ပြုံးကာ…
"မြို့ထဲက နေထိုင်သူ အများစုက ငါ့ရဲ့ အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေလေ။ သူတို့က တစ်နေ့ သုံးနပ်စလုံး အသားနဲ့ ထမင်းစားရသလို လစဉ်လစာ ငွေ ၂ သျှူးစီလည်း ရကြတယ်ဆိုတော့ ထန်းကျင်းမြို့က သာမန်ပြည်သူတွေထက် ပိုပြီးချမ်းသာကြတာပေါ့"
ဆွေဟယ်က ခေတ္တစဉ်းစားကာ…
"နင်က အဲဒီလောက် လစာအများကြီးပေးတာလား။ မင်းက တကယ်ကို ကြင်နာတတ်တဲ့ အလုပ်ရှင်ပဲ"
လီကျစ်က ဆွေဟယ်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ဆွေဟယ်သည် လီကျစ်၏ အမူအရာကိုမြင်သောအခါ ပြီးခဲ့သည့်အကြိမ်က အထည်စက်ရုံတွင် သူမကို ပြောင်ချော်ချော် လုပ်ခဲ့သည်ကို သတိရသွားပြီး နှာခေါင်းရှုံ့ကာ သူ့ကို ဂရုမစိုက်ဟန် ဆောင်လိုက်သည်။
သို့သော်လည်း ဆွေဟယ်မှာ စိတ်ထဲတွင်ပျော်ရွှင်နေပြီး မြို့ထဲရှိမြင်ကွင်းများကို ဆက်လက်ကြည့်ရှုနေတော့သည်။
လီကျစ်သည် ဆွေဟယ်ကို မြောက်ဘက်သို့ ဦးဆောင်ခေါ်လာခဲ့ပြီး စည်ကားနေသော ဗီလာအိမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဖြတ်ကာ မြောက်ဘက်လမ်းအနီးရှိ မြောက်တံခါးဈေးသို့ ရောက်ရှိလာခဲ့သည်။ မြောက်တံခါးအနီးရှိ ဧရိယာမှာ ပထမဆုံးအသုတ် ဗီလာအိမ်များပြီးစီးသည့် နေရာဖြစ်ပြီး အလုပ်သမားမိသားစု နှစ်ထောင်ခန့် နေထိုင်နေကြပြီဖြစ်သည်။ ထိုအလုပ်သမား မိသားစုများမှာ ငွေသုံးနိုင်စွမ်းရှိကြသဖြင့် မြောက်တံခါးဈေးမှာ အလွန်စည်ကားနေပြီး လူသုံးကုန်ပစ္စည်း စုံလင်လှသည်။ ဈေးအတွင်း နေရာမရသော ဈေးသည်များမှာပင် ဈေးပြင်ပ လမ်းဘေးတွင် ဆိုင်ခန်းများ ဖွင့်ထားကြသည်။
ဆွေဟယ်က စည်ကားနေသော ဈေးကိုကြည့်ကာ…
"လီကျစ်… နင့်မြို့က လူတွေကတကယ်ပဲချမ်းသာကြတာပဲ။ ဈေးသည်တွေလည်း အများကြီးဆိုတော့ ပစ္စည်းဝယ်ရတာ အရမ်းအဆင်ပြေမှာပဲနော်"
"ဟုတ်တယ်၊ ဒီဈေးသည်တွေက ညဦးပိုင်အထိ ဆိုင်ဖွင့်ထားကြတာ… အလုပ်သမားတွေ အလုပ်ဆင်းချိန်ကို စောင့်ကြတာလေ"
"အဲဒီ ဈေးသည်တွေကကော ဘယ်မှာ နေကြတာလဲ"
"သူတို့ကိုလည်း ဗီလာအိမ်တွေ ငှားပေးထားပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ဗီလာတွေက အလုပ်သမားတွေအတွက် အဓိကဆိုတော့ အလုပ်သမားမဟုတ်တဲ့ မိသားစုတွေအတွက်တော့ အိမ်ငှားခ ပိုကြီးတာပေါ့။ လာ… ဗီလာအိမ်တန်းတွေကို သွားကြည့်ရအောင်"
"ကောင်းပြီလေ"
လီကျစ်သည် ဆွေဟယ်ကို ဈေးအတွင်းမှခေါ်ထုတ်လာပြီး မြောက်ဘက်လမ်းအနီးရှိ တည်ဆောက်ပြီးသား ဗီလာအိမ်တစ်ထောင်ကို လိုက်ပြခဲ့သည်။ နံရံဖြူဖြူနှင့် အုတ်ကြွပ်အမည်းရောင် မိုးထားသော နှစ်ထပ်ဗီလာအိမ်များကိုကြည့်ကာ ဆွေဟယ်မှာ အံ့သြတကြီးဖြင့်…
"လီကျစ်… နင့်မြို့ကအိမ်တွေက အရမ်းလှတာပဲ။ ဒါတွေအားလုံးက နင့်ရဲ့ အလုပ်သမားတွေအတွက်ပဲလား"
"ဟုတ်တယ်။ ဒါပေမဲ့ မင်း ငါ့ကို လက်ထပ်ရင်တော့ ဒုတိယတပ်မှူးကြီးရုံးမှာ နေရမှာဆိုတော့ ဒီအိမ်တွေထက်တောင် ပိုလှဦးမှာ"
ဆွေဟယ်၏ မျက်နှာမှာနီမြန်းသွားပြီး ခေါင်းလေးစောင်းကာ…
"ငါ့အဖေက သဘောမတူသေးပါဘူး… သူက သဘောတူချင်မှတူမှာ" ဟု မူနွဲ့စွာ ပြောလိုက်သည်။
လီကျစ်က ပြုံးလျက်…
"မင်းကို ငါ့ရဲ့ စစ်သည်တွေကို လိုက်ပြမယ်"
လီကျစ်သည် ဆွေဟယ်ကို တောင်ဘက်မြို့တံခါးပေါ်ရှိ တံခါးမျှော်စင်၏ ဒုတိယထပ်သို့ ခေါ်ဆောင်လာခဲ့ရာ ဖန့်ကျားရွာ တောင်ဘက်တံခါးပြင်ပတွင် စစ်ရေးလေ့ကျင့်နေသော ကိုယ်ရံတော်ရေးတပ်သား နှစ်ထောင်ကို မြင်လိုက်ရသည်။
ကိုယ်ရံတော်တပ်သားအများစုမှာ လေ့ကျင့်ရေးကွင်းအတွင်း သပ်ရပ်သောညီညာသော အတန်းများဖြင့် စနစ်တကျချီတက်လေ့ကျင့်နေကြသည်။ လူပေါင်းထောင်ချီ၏ ခြေလှမ်းများမှာ တစ်ညီတစ်ညွတ်တည်းဖြစ်နေပြီး လှုပ်ရှားမှုများမှာလည်း ဟန်ချက်ညီလှသဖြင့် ကြည့်ရသူကို အလွန်ပင် ခန့်ညားစေသည်။
ဆွေဟယ်သည် ထိုမျှများပြားလှသော စစ်သည်များကို မြင်သောအခါ "ဝါး…" ဟု အာမေဍိတ်သံ ထွက်သွားတော့သည်။
"လီကျစ်… နင်က ဘယ်လောက်တောင် ရာထူးကြီးတာလဲ။ ဘာလို့ စစ်သည်တွေ ဒီလောက်အများကြီး ရှိနေရတာလဲ။ မင်း ရှောင်ကွမ်ဝေ့ကို ဆုံးမရဲတာ မဆန်းတော့ပါဘူး"
"ဒါတွေအားလုံးက ငါ့ရဲ့ ကိုယ်ရံတော်တပ်သားတွေလေ။ သူတို့က ဖန့်ကျားရွာကို ကာကွယ်ပေးကြတာ။ ဒီစစ်သည်တွေ ရှိနေသရွေ့ ဖန့်ကျားရွာက ခိုင်မာနေမှာဖြစ်သလို တာတာ တွေ လာရင်တောင် ငါတို့ မကြောက်ဘူး"
"ဟိုအဝေးကြီးက တဖြောင်းဖြောင်း မြည်နေတဲ့ နေရာမှာကော သူတို့ ဘာလုပ်နေကြတာလဲ"
"အဲဒါက သေနတ်အသစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်နေကြတာလေ။ မင်း ငှက်ပစ်သေနတ်အကြောင်း သိလား"
"သိတာပေါ့၊ သေနတ်က လူတွေကို အဝေးကြီးကနေပစ်လို့ရတယ် မဟုတ်လား"
ဆွေဟယ်က ခေတ္တစဉ်းစားလိုက်ပြီး …
"ဒီလောက် စစ်သားတွေ အများကြီးရှိနေတော့ နင့်ရဲ့မြို့က ထန်းကျင်းမြို့ထက်တောင် ပိုပြီး လုံခြုံနေဦးမယ်"
လီကျစ်က ဂုဏ်ယူစွာဖြင့်…
"ထန်းကျင်းထက် ပိုလုံခြုံတာကတော့ အမှန်ပဲပေါ့"
***