လီကျစ်သည် ဆွေဟယ်အား ဖန့်ကျားရွာအကြောင်း ကြွားလုံးထုတ်ပြခဲ့ပြီးနောက် သူမ၏ ကြည်ညိုလေးစားမှုကိုရရှိခဲ့သဖြင့် ချွေမိသားစုထံသို့ တရားဝင်စေ့စပ်ကြောင်းလမ်းရန် ပြင်ဆင်တော့သည်။
မင်္ဂလာရှိသော နေ့ရက်တစ်ရက်ကိုရွေးချယ်ပြီးနောက် လီကျစ်သည် ငွေသျှူး ၁၀၀ တန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများကိုယူဆောင်ကာ ချွေမိသားစု၏ အကြီးအကဲဖြစ်သူ ချွေဝမ်တင်ထံသို့ သွားရောက်လည်ပတ်ခဲ့သည်။
ချွေဝမ်တင်သည် လီကျစ်၏ ဖောက်သည်ဟောင်းတစ်ဦးဖြစ်ပြီး လီကျစ်၏ ဆပ်ပြာများမှတစ်ဆင့် ငွေကြေးအမြောက်အမြား ရရှိထားသူဖြစ်သည်။
သူသည် လီကျစ်က ထိုမျှတန်ဖိုးကြီးသော လက်ဆောင်များဖြင့်ရောက်ရှိလာသည်ကို မြင်သောအခါ လာရင်းအကြောင်းကို အတိအကျမသိသေးသော်လည်း အလွန်ပင်ဝမ်းသာသွားသည်။
သူနှင့် လီကျစ်တို့သည် ဧည့်ခန်းမဆောင်တွင် အိမ်ရှင်နှင့် ဧည့်သည်အဖြစ်ထိုင်ကာ အထွေထွေ အကြောင်းအရာများကို ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ကြသည်။
စကားစမြည်ပြောဆိုပြီးနောက် ချွေဝမ်တင်က သူ၏သားဖြစ်သူအား လီကျစ်နှင့် မိတ်ဆက်ပေးရန် အစေခံတစ်ဦးကိုလွှတ်၍ ခေါ်ခိုင်းလိုက်သည်။
"လီကျစ်... ဆွေဟယ်ရဲ့မောင် ချွေချန်းဝူက ဒီနှစ်မှာ ၁၇ နှစ် ပြည့်ပြီ။ သူက ဒီနှစ်မှာ စာဆိုလောင်းစာမေးပွဲကို အောင်မြင်ထားတာလေ"
ထိုသို့ပြောစဉ် ချွေဝမ်တင်က ခေတ္တရပ်နားလိုက်သည်။ သူ၏သားမှာ ထိုမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် စာဆိုလောင်းဖြစ်လာသည်ကို အလွန်ပင်ဂုဏ်ယူနေပုံရသည်။ ထို့နောက် သူက ဆက်၍…
"သူက မင်းနဲ့အတူဆော့ကစားပြီး ကြီးပြင်းလာတာဆိုတော့ နောင်မှာလည်းသူ့ကို နည်းနည်းလောက် စောင့်ရှောက်ပေးပါဦး"
ချွေချန်းဝူမှာ အလွန်ပင်ချောမောသပ်ရပ်ပြီး ကျော့ရှင်းလှသည်။ သူ၏ မျက်လုံးကြီးများမှာ သူ၏အစ်မဖြစ်သူ ဆွေဟယ်နှင့် အတော်လေး ဆင်တူသည်။
သူသည် ပဉ္စမအဆင့် စစ်ဘက်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော လီကျစ်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားပြီး ဝတ်ပြုဦးခိုက်ရန်ပင် ပြင်လိုက်သည်။
လီကျစ်က သူ့ကို အလျင်အမြန်ပင်ဆွဲထူလိုက်သဖြင့် သူက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
သူသည် သူ၏ဖခင်ရှေ့တွင် ရပ်ကာ လီကျစ်ကို ဦးညွှတ်ဂါရဝပြုရင်း…
"နှုတ်ခွန်းဆက်သပါတယ် လီကျစ်အစ်ကို"
လီကျစ်က ပြုံးလျက်…
"နေကောင်းလား ညီလေးဝူ... မတွေ့ရတာ ကြာပြီနော်"
ချွေချန်းဝူက ခေါင်းခါကာ လက်အုပ်ချီလျက်…
"လီကျစ်အစ်ကိုက အခုဆိုရင် ဧကရာဇ်မင်းမြတ်ကို အမှုထမ်းနေတာဆိုတော့ ကျွန်တော်တို့က အလွယ်တကူ လာမနှောင့်ယှက်ရဲတော့ဘူးလေ"
လီကျစ်က ပြုံးရုံသာ ပြုံးနေခဲ့ပြီး ချွေချန်းဝူကလည်း သူ၏ဖခင်နှင့် လီကျစ်တို့၏ စကားဝိုင်းကို ဘေးမှ နားထောင်နေတော့သည်။
ချွေဝမ်တင်သည် သူ၏သားကို ကျေနပ်စွာတစ်ချက်ကြည့်လိုက်ပြီး လီကျစ်ကို…
"လီကျစ်... အမှန်အတိုင်းပြောရရင် အခုဆိုရင် ဆပ်ပြာရဲ့ အကျိုးကျေးဇူးကို လူတွေ ပိုသိလာကြပြီး မြို့တော်နယ်မြေတစ်ခုလုံးက ခရိုင်တွေ၊ မြို့တွေမှာ ဝယ်လိုအားတွေ အရမ်းတက်နေတာ။ အဲဒီတော့ ငါက ဒီဆပ်ပြာတွေကို တခြားမြို့နယ်တွေအထိ တိုးချဲ့ရောင်းဖို့ စီစဉ်နေတယ်။ ဒါကြောင့်မို့လို့…"
ချွေဝမ်တင်က သူ၏မုတ်ဆိတ်ကို သပ်ရင်း…
"တစ်လကို ဆပ်ပြာ အခဲငါးသောင်းဆိုတာ လုံးဝ မလောက်တော့ဘူး။ လီကျစ်... ငါ့အတွက် ဆပ်ပြာလေး နည်းနည်းလောက် ထပ်တိုးပေးလို့ ရမလား"
ဆပ်ပြာ၏ ဈေးကွက်ဝယ်လိုအားမှာ အမှန်တကယ်ပင် ကြီးမားလှသည်။ တစ်ခဲလျှင် ကြေးပြား ၂၀ ခန့်သာ ရှိသဖြင့် သာမန်ပြည်သူများ ဝယ်ယူနိုင်ကြပြီး အမြဲတမ်းပစ္စည်းပြတ်လပ်နေတတ်သော ရောင်းသူ့ဈေးကွက် ဖြစ်နေသည်။
ဆပ်ပြာတင်မကဘဲ လီကျစ်၏ အထည်ချောများနှင့် ဘိလပ်မြေများမှာလည်း ဝယ်လိုအား အလွန်ကောင်းနေပြီး ထုတ်လုပ်မှုက မမီနိုင်အောင် ဖြစ်နေသည်။
လီကျစ်သည် ထုတ်လုပ်မှုပမာဏကို အဆမတန်တိုးချဲ့ခြင်း မပြုသေးပေ။ အကြောင်းမှာ ကုန်ပစ္စည်းများတစ်ပြိုင်နက်တည်း အမြောက်အမြားထွက်ပေါ်လာပါက လက်ရှိဈေးကွက် အကျိုးစီးပွားကို ထိခိုက်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ထို့ပြင် လီကျစ်အနေဖြင့် ထန်းကျင်းမြို့တွင် ကုန်ပစ္စည်းတစ်ခုတည်းကိုသာ အလွန်အကျွံ ထုတ်လုပ်ပါက ကုန်ကြမ်းပစ္စည်း ဝယ်ယူရေးတွင်လည်း အခက်အခဲရှိလာနိုင်သည်။
ယခုအခါ လီမိသားစု၏ ကုန်ပစ္စည်းများကို ရောင်းချရခြင်းမှာ ဂုဏ်ယူစရာမဟုတ်တော့ဘဲ လီကျစ်ထံမှ ကုန်ပစ္စည်းများ ဝယ်ယူခွင့်ရရှိခြင်းမှာသာ အောင်မြင်မှုတစ်ခု ဖြစ်နေတော့သည်။
လီကျစ်က ပြုံးလိုက်ပြီး…
"ဒါဆိုရင် တစ်လကို ဆပ်ပြာအခဲ ငါးသောင်း ထပ်တိုးပေးမယ်။ ဒါပေမဲ့ ခင်ဗျားကို ရောင်းတဲ့ဈေးကိုတော့ တစ်ခဲကို ကြေးပြား ၁၈ ပြားအထိ တိုးမြှင့်လိုက်ပါမယ်"
ချွေဝမ်တင်သည် ထိုစကားကို ကြားသောအခါ ဝမ်းသာလွန်းသဖြင့် သူ၏ပေါင်ကို ပုတ်ကာ…
"ကောင်းပြီလေ… ငါတို့ ကျင်းပြန်ရပ်ကွက်သားပီပီ တကယ့်ကိုပွင့်လင်းပြတ်သားတာပဲ။ ကြေးပြား ၁၈ ပြားဆိုလည်း ၁၈ ပြားပေါ့"
ချွေဝမ်တင်သည် မြို့တော်တွင် ဆပ်ပြာတစ်ခဲကို ၂၅ ပြားဖြင့် ရောင်းချခြင်းဖြစ်သည်။ အကယ်၍ လီကျစ်က သူ့ကို နောက်ထပ် ဆပ်ပြာ ငါးသောင်း ထပ်ပေးမည်ဆိုပါက သူသည် တစ်လလျှင် နောက်ထပ် ငွေသျှူး ၃၀၀ ကျော် အပိုဆောင်း ရရှိမည်ဖြစ်သည်။
မူလ ဆပ်ပြာ ငါးသောင်းအတွက် ဝယ်ဈေးမှာ ၁၇ ပြားမှ ၁၈ ပြားသို့ တိုးသွားသဖြင့် အမြတ်ငွေ ၅၀ ခန့် လျော့နည်းသွားမည်ဖြစ်သော်လည်း ချွေဝမ်တင်သည် လီကျစ်၏ ဆပ်ပြာလုပ်ငန်းမှ တစ်လလျှင် အမြတ်ငွေ ၆၀၀ ကျော် ရရှိနေပြီး တစ်နှစ်လျှင် အနည်းဆုံး ငွေသျှူး ၇,၀၀၀ ခန့် အမြတ်ရနေခြင်းဖြစ်သည်။ ၎င်းမှာ သူ၏ ဟင်းခတ်အမွှေးအကြိုင်လုပ်ငန်းထက် များစွာ ပိုမိုတွက်ခြေကိုက်နေသည်။
ဤမျှအကျိုးအမြတ်များ ရရှိနေသဖြင့် သူသည် တစ်လလျှင် ငွေ ၅၀ လျော့သွားသည်ကို ဂရုမစိုက်တော့ပေ။
နောင်တွင် ရရှိမည့် အမြတ်အစွန်းများကိုတွေးတောရင်း သူသည် လီကျစ်ကို ကြည့်ရသည်မှာ ပို၍ပင် ကျေနပ်စရာကောင်းလာတော့သည်။
ချွေဝမ်တင် စိတ်ပျော်ရွှင်နေသည်ကိုမြင်သောအခါ လီကျစ်က ခေတ္တစဉ်းစားပြီး…
"ဦးလေးချွေ… ကျွန်တော်ဒီနေ့လာတာက ကိစ္စတစ်ခုလောက်မေးချင်လို့ပါ" ဟု စကားစလိုက်သည်။
ချွေဝမ်တင်က အပြုံးရပ်လိုက်ပြီး လီကျစ် ဒီနေ့ ယူဆောင်လာသော ငွေသျှူး ၁၀၀ တန်ဖိုးရှိ လက်ဆောင်များကို သတိရသွားကာ လေးလေးနက်နက်ဖြင့်…
"ဘာကိစ္စလဲ… ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ"
လီကျစ်က လက်အုပ်ချီလျက်…
"ဆွေဟယ်မှာ စေ့စပ်ထားတဲ့သူ ရှိ၊ မရှိ သိချင်လို့ပါ"
ချွေဝမ်တင်သည် ထိုစကားကိုကြားသောအခါ မှင်တက်သွားသော်လည်း လီကျစ်၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားပြီး ခေတ္တစဉ်းစားကာ ပြုံးလိုက်သည်။
သူသည် သူ၏သားငယ်နှင့် ဂုဏ်ယူစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အင်္ကျီကော်လာကို ပြင်ကာ မုတ်ဆိတ်ကို သပ်လျက်…
"မရှိသေးပါဘူး" ဟု ဖြည်းဖြည်းချင်း ဖြေလိုက်သည်။
လီကျစ်သည် ထိုစကားကြောင့် အလွန်ပင်ဝမ်းသာသွားပြီး စကားဆက်ပြောရန် ပြင်လိုက်စဉ် ချွေဝမ်တင်က သူ၏ လက်ယာဘက်လက်ကို မြှောက်ကာ…
"နေဦး… မင်း ကိုယ်တိုင် မပြောနဲ့… အောင်သွယ်ကိုပဲ ပြောခိုင်းလိုက်ပါ"
ဧည့်ခန်းမဆောင်၏ နံရံနောက်ကွယ်မှ ချောင်းနားထောင်နေသော ဆွေဟယ်မှာ ထိုစကားကို ကြားသောအခါ တခိခိ ရယ်မောတော့သည်။
သူမသည် ရယ်မောပြီးနောက် ခန်းမဆောင်အတွင်းရှိ လူများကြားသွားမည် စိုးသဖြင့် သူမ၏ ပါးစပ်ကို အလျင်အမြန်ပိတ်ကာ ခေါင်းငုံ့လျက် နောက်ဖေးခြံထဲသို့ ပြေးဝင်သွားတော့သည်။
လီကျစ်သည် ချွေဝမ်တင်၏ စကားကိုကြားသောအခါ ချွေဝမ်တင်က ဤလက်ထပ်ပွဲကို သဘောတူလိုက်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် စိတ်ထဲတွင် ပို၍ပင် ပျော်ရွှင်သွားသည်။
သို့သော်လည်း ထိုခေတ်ကာလတွင် လက်ထပ်ခွင့်ကို တိုက်ရိုက်တောင်းဆို၍ မရပေ။ မိဘ၏ အမိန့်နှင့် အောင်သွယ်၏စကားကို နားထောင်ရသည့်ထုံးစံရှိသဖြင့် အောင်သွယ်တစ်ဦးကို ဖိတ်ခေါ်ရမည် ဖြစ်သည်။
ချွေဝမ်တင်သည် ဆွေဟယ်ကို အလွန်ပင်ချစ်မြတ်နိုးသဖြင့် သူ၏သမီး လက်ထပ်ပွဲအတွက် ထုံးတမ်းစဉ်လာနှင့်အညီ ခန့်ညားထည်ဝါသော မင်္ဂလာပွဲတစ်ခု ဖြစ်စေလိုခြင်းပင်။
ထိုအတည်ပြုချက်ကို ရရှိပြီးနောက် လီကျစ်သည် ချွေမိသားစုကို နှုတ်ဆက်ကာ အောင်သွယ် ရှာရန် ထွက်ခွာခဲ့တော့သည်။
နောက်တစ်နေ့တွင် လီကျစ်သည် ချွေဝမ်တင်၏ အိမ်သို့ သွားရောက်စေ့စပ်ကြောင်းလမ်းရန် အောင်သွယ်တစ်ဦးကို ငှားရမ်းလိုက်သည်။
ထိုအောင်သွယ်မှာ ကျင်းပြန်ရပ်ကွက်မှ မမချင်း ဖြစ်ပြီး သူမသည် လီကျစ်နှင့် ဆွေဟယ်တို့ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူဖြစ်သလို ကျင်းပြန်ရပ်ကွက် တစ်ခုလုံးတွင်လည်းစကားပြော ကောင်းသူအဖြစ် လူသိများသည်။
လီကျစ်က သူမအား ငွေ ၅ သျှူး ပေးလိုက်ရာ သူမသည် ဝမ်းသာအားရဖြင့် ကိစ္စရပ်များကို စတင် စီစဉ်ပေးတော့သည်။
မမချင်းသည် ဆွေဟယ်၏အိမ်သို့သွားရောက်ကာ လီကျစ်နှင့် ဆွေဟယ်တို့၏ လက်ထပ်ပွဲအကြောင်း ပြောဆိုသောအခါ ချွေဝမ်တင်က ချက်ချင်းပင် သဘောတူလိုက်သည်။
ထို့ပြင် သူသည် ချွေမိသားစုဘက်မှ အောင်သွယ်အဖြစ် နောက်ထပ်အောင်သွယ်တစ်ဦးကိုပါ ဖိတ်ခေါ်လိုက်ရာ လီမိသားစု၏ အောင်သွယ်နှင့်အတူ ပူးပေါင်းဆောင်ရွက်စေခဲ့သည်။ ချွေဝမ်တင်သည် ဆွေဟယ်ကို အလွန်ချစ်မြတ်နိုးသဖြင့် သူ၏သမီးကို လက်ထပ်ပေးရာတွင် အခမ်းနားဆုံးသော ထုံးတမ်းစဉ်လာများအတိုင်း ပြုလုပ်လိုခြင်းပင်။
ချွေဝမ်တင်က တရားဝင်သဘောတူလိုက်ပြီဖြစ်ကြောင်း ကြားသောအခါ လီကျစ် အလွန်ပင် ပျော်ရွှင်သွားသည်။
သူ၏ ငယ်သူငယ်ချင်းဖြစ်သလို လှပလှသော ဆွေဟယ်ကဲ့သို့သော မိန်းကလေးကို လီကျစ်က ဘာကြောင့် လက်မထပ်ဘဲ နေမည်နည်း။
သို့သော် ဤကိစ္စအတည်ဖြစ်သွားပြီးနောက် လီကျစ်သည် ဖန့်ကျားရွာတွင် နေ့စဉ် အောင်သွယ်နှစ်ဦးကို လက်ခံတွေ့ဆုံကာ မေးခွန်းအမျိုးမျိုးကို ဖြေကြားရခြင်း… ထုံးတမ်းစဉ်လာများကို ဆွေးနွေးရခြင်းတို့ဖြင့် သူ၏ နယ်မြေကို စီမံခန့်ခွဲရသည်ထက်ပင် ပို၍အလုပ်များနေတော့သည်။
မင်မင်းဆက်ကာလတွင် လက်ထပ်ပွဲများ၌ ဝတ်ဖြည့်မင်္ဂလာ သုံးပါးရှိသည်။
ပထမအဆင့်မှာ "လက်ဆောင်ပေးခြင်း" ဖြစ်ပြီး လီကျစ်က အောင်သွယ်မှတစ်ဆင့် ဆွေဟယ်ထံသို့ သစ်သားဘီးတစ်ချောင်း၊ ဆံပင်စည်းကွင်း နှစ်ခုနှင့် ဖိနပ်ချုပ်ရန် အဝတ်စများကို ပေးပို့ခဲ့သည်။ ဆွေဟယ်ကလည်း သူမကိုယ်တိုင် ချုပ်လုပ်ထားသော ဖိနပ်တစ်စုံနှင့် လက်ကိုင်ပုဝါတစ်ထည်ကို အောင်သွယ်မှတစ်ဆင့် ပြန်လည်ပေးအပ်ခဲ့သည်။
ဒုတိယအဆင့်မှာ "စေ့စပ်ကြေး ပေးအပ်ခြင်း" ဖြစ်ပြီး လီကျစ်သည် ချွေမိသားစုထံသို့ စေ့စပ်လက်ဆောင်များ ပေးပို့ရခြင်းဖြစ်သည်။
လီကျစ်သည် ဆွေဟယ်ကို အမှန်တကယ်ချစ်မြတ်နိုးသဖြင့် ချွေမိသားစုထံသို့ စေ့စပ်ကြေးအဖြစ် ငွေသျှူး တစ်ထောင်အထိ ရက်ရက်ရောရောပေးပို့ခဲ့သည်။
ထို့ပြင် မိန်းကလေးဝတ် ပိုးထည်ဝတ်စုံ ၁၂ စုံ၊ ခရမ်းရောင်နှင့် အဖြူရောင် ဝတ်စုံတစ်စုံနှင့် အနီရောင် လုံချည်ကြီးတစ်ထည်တို့လည်း ပါဝင်သည်။
နောက်ဆုံးတွင် ရွှေဆံထိုးများနှင့် နားကပ်တစ်စုံကိုလည်း လက်ဆောင်ပေးခဲ့သည်။
ချွေမိသားစုမှာ လီကျစ်၏ စေ့စပ်လက်ဆောင်များအပေါ် အလွန်ပင်ကျေနပ်ကြပြီး ချည်ထိုးပန်းထိုး ပစ္စည်းများကို တုံ့ပြန်လက်ဆောင် အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြသည်။
အထက်ပါ အဆင့်နှစ်ခုပြီးစီးပြီးနောက် လီကျစ်နှင့် ချွေဝမ်တင်တို့သည် အောင်သွယ်များမှတစ်ဆင့် မင်္ဂလာရှိသော နေ့ရက်တစ်ရက်ကို ရွေးချယ်ခဲ့ကြသည်။
နှစ်ဖက်စလုံးက ဒုတိယလ ၁၃ ရက်နေ့ကို ရွေးချယ်လိုက်ကြရာ ၎င်းမှာ အလွန်ပင် မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်သည်။
ဒုတိယလ ၁၂ ရက်နေ့၊ မင်္ဂလာဆောင်မည့်ရက်မတိုင်မီ တစ်ရက်အလိုတွင် ဆွေဟယ်၏ မိသားစုသည် ခန်းဝင်ပစ္စည်းများကို ဖန့်ကျားရွာရှိ ဒုတိယတပ်မှူးကြီးရုံးသို့ပေးပို့ကာ ခန်းဝင်ပစ္စည်း ပြသခြင်း ကို ပြုလုပ်ခဲ့ကြသည်။
လီကျစ်၏ ရှေ့မှောက်တွင် ဆွေဟယ်၏ အစေခံမလေးများက သေတ္တာအားလုံးကို ဖွင့်ပြကြရာ ၎င်းမှာ ဓနဥစ္စာများအတွက် သေတ္တာဖွင့်ခြင်း ကို ဆိုလိုခြင်းဖြစ်သည်။
ဦးလေးချွေသည် ဆွေဟယ်ကို အမြဲအလိုလိုက်ခဲ့သူဖြစ်ရာ သူပြင်ဆင်ပေးသော ခန်းဝင်ပစ္စည်းများမှာ အလွန်ပင်များပြားလှသည်။ ငွေသျှူး ရှစ်ရာ၊ ကိုးရာခန့် ကုန်ကျထားပြီး နေ့စဉ်သုံးပစ္စည်း အမျိုးမျိုးပါဝင်သည်။ ၎င်းတို့အနက် ရွှေလက်ကောက်များ၊ ရွှေဆွဲကြိုးများ၊ ဇလုံနှင့် ပုံးများ၊ အိပ်ရာခင်းများ၊ သေတ္တာများ၊ အဝတ်အစားများနှင့် အခြားသော ပစ္စည်းအစုံအလင်မှာ မျက်စိပဒေသာ ဖြစ်စရာပင်။
ထိုအထဲတွင် အနီရောင် ဆေးသုတ်ထားသော တူတစ်စုံလည်းပါဝင်ပြီး ၎င်းမှာ သားရတနာ မြန်မြန် ထွန်းကားပါစေ ဟူသော အဓိပ္ပာယ်ကို ဆောင်သည်။
ဆွေဟယ် ကိုယ်တိုင်ချုပ်ထားသော မင်္ဂလာဆောင်ဖိနပ်အသစ်ကို သတို့သား၏ ဖိနပ်အတွင်းတွင် ထည့်ထားခြင်းမှာ ဆံဖြူသွားကျိုးသည်အထိ ပေါင်းဖက်ရပါစေ ဟူသော အဓိပ္ပာယ်ပင်။
ဝတ်ဖြည့်မင်္ဂလာသုံးပါးအနက် နောက်ဆုံးတစ်ခုမှာ သတို့သမီးကိုကြိုဆိုသည့် မင်္ဂလာလှည့်လည်ပွဲ ဖြစ်သည်။
ဒုတိယလ ၁၃ ရက်နေ့တွင် လီကျစ်သည် တူရိယာဝိုင်း သုံးဝိုင်းကိုငှားရမ်းကာ သူ၏မြင်းကို စီးလျက် ဖန့်ကျားရွာမှ ထန်းကျင်းမြို့သို့ မောင်းကြေးစည်များနှင့်အတူ ချီတက်ခဲ့သည်။ ရှစ်ယောက်ထမ်း ဝေါယာဉ်ကြီးကို ကျင်းပြန်ရပ်ကွက်ရှိ ချွေမိသားစု၏ အိမ်ရှေ့သို့ ယူဆောင်လာခဲ့သည်။
လီကျစ်၏ခန့်ညားလှသော မင်္ဂလာလှည့်လည်ပွဲကိုမြင်လျှင် ကျင်းပြန်ရပ်ကွက်ရှိ အိမ်နီးချင်းအားလုံးမှာ ချွေမိသားစု၏ အိမ်ရှေ့သို့စုရုံးရောက်ရှိလာကြပြီး အားကျမခံ ကြည့်ရှုနေကြတော့သည်။
"တကယ့်ကို ခမ်းနားလိုက်တဲ့မြင်ကွင်းပဲ။ ဆွေဟယ်က နောက်ဆုံးတော့ လီကျစ်နဲ့ လက်ထပ်ရပြီပေါ့"
"ဆွေဟယ်က ငါတို့ရပ်ကွက်မှာ အလှဆုံးမိန်းကလေးလေ အခုတော့ သူ လက်ထပ်တော့မှာပေါ့"
"လီကျစ်နဲ့ မဟုတ်ရင် တခြားဘယ်သူနဲ့ လက်ထပ်မှာလဲ။ လီကျစ်က အခုဆို ဖန့်ကျားရွာရဲ့ တပ်မှူးကြီးဖြစ်နေပြီ ပဉ္စမအဆင့် အရာရှိကြီးလေ"
"ငါတို့ ကျင်းပြန်ရပ်ကွက်မှာ လီကျစ်ထက် အောင်မြင်တဲ့သား မရှိတော့ဘူး"
ချွေမိသားစု၏ ခြံဝင်းအတွင်း၌ ဆွေဟယ်၏ အဒေါ်များနှင့် ညီအစ်မဝမ်းကွဲများမှာ ဧည့်ခန်းမဆောင်ရှေ့တွင် ဝမ်းနည်းတကြီး ငိုယိုနေကြသည်။
နီမြန်းသော မျက်နှာဖုံးပုဝါကို ခြုံထားသော ဆွေဟယ်သည် အရန်သတို့သမီး၏ အကူအညီဖြင့် ခြံဝင်းအတွင်းမှ ထွက်လာပြီး ဝေါယာဉ်အတွင်းသို့ ဝင်လိုက်သည်။
ဆွေဟယ်သည်လည်း ဆွေမျိုးသားချင်းများ၏ ငိုသံကြောင့် စိတ်မကောင်းဖြစ်ကာ မျက်ရည်များ ဝိုင်းနေပြီး သူမ၏ မျက်ရည်များမှာ မျက်နှာဖုံးပုဝါအောက်မှတစ်ဆင့် မေးစေ့သို့ စီးကျနေတော့သည်။
လီကျစ်သည် ရှိုက်ငိုနေသော ဆွေဟယ်ကို ဝေါယာဉ်အတွင်းသို့ ဝင်ရန် ကူညီပေးလိုက်ပြီးနောက် မြင်းပေါ်မှနေ၍ အိမ်နီးချင်းများကို လက်အုပ်ချီလျက်…
"ချစ်ခင်ရပါသော အိမ်နီးချင်းတို့ခင်ဗျာ… ဒီနေ့မှာ ဖန့်ကျားရွာက တပ်မှူးကြီးရုံးနဲ့ ကျင်းပြန်ရပ်ကွက်က လီမိသားစုခြံဝင်း နှစ်နေရာစလုံးမှာတစ်ပြိုင်တည်း မင်္ဂလာညစာစားပွဲ ကျင်းပနေပါတယ်။
အားလပ်တဲ့သူတွေရှိရင် ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ လီမိသားစုခြံဝင်းကို လာရောက်ပြီး မင်္ဂလာညစာ သုံးဆောင်ပေးကြပါဦး။
မင်္ဂလာပွဲကိုလာတဲ့အခါ ဘာလက်ဆောင်မှ ယူလာဖို့မလိုပါဘူး။ လက်ချည်းဗလာနဲ့ လာတာကတောင် ကျွန်တော် လီကျစ်ကို မျက်နှာသာပေးတာပါပဲ"
အိမ်နီးချင်းများသည် မင်္ဂလာညစာသုံးဆောင်ရမည်ဟုကြားသောအခါ ဝမ်းသာအားရ ကြွေးကြော်ကြတော့သည်။
"ကောင်းလိုက်တာ… လီကျစ်ရဲ့ မင်္ဂလာဝိုင်ကိုတော့ သောက်ရမှာပေါ့"
"လီကျစ်… ဒါဆိုရင်တော့ ငါ လက်ချည်းဗလာနဲ့ပဲ လာသောက်မယ်နော်"
"ငါ အားတယ်… ဒီည သွားသောက်မယ်"
ထိုသို့ပြောပြီးနောက် လီကျစ်က ဝေါယာဉ်ကို ကြွစမ်း… ဟု အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
ရှစ်ယောက်ထမ်း မင်္ဂလာဝေါယာဉ်ကြီးကိုမလိုက်ကြပြီး ရှည်လျားလှသော မင်္ဂလာလှည့်လည်ပွဲကြီးသည် ဖန့်ကျားရွာသို့ ဦးတည်ကာ ချီတက်သွားတော့သည်။
ဖန့်ကျားရွာသို့ ရောက်ရှိသောအခါ တပ်မှူးကြီးရုံးရှေ့တွင် နောက်ထပ်တူရိယာဝိုင်း နှစ်ဝိုင်းက မောင်းကြေးစည်များ တီးခတ်နေကြသဖြင့် ပို၍ပင်စည်ကားနေတော့သည်။
ဝေါယာဉ်သည် တပ်မှူးကြီးရုံး၏ ခန်းမဆောင်ရှေ့တွင် ရပ်တန့်လိုက်သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။
ဧည့်ခန်းမဆောင်ရှေ့ရှိ ခြံဝင်းအတွင်း၌ လီကျစ်၏ လုပ်ငန်းခွဲများမှ စီမန်အုပ်ချုပ်သူများနှင့် ဝန်ထမ်းများ၊ ကုန်ကြမ်းပေးသွင်းသူများနှင့် ဖြန့်ချိသူများဖြင့် ပြည့်နှက်နေပြီး အားလုံးက လီမိသားစု၏ မင်္ဂလာဝိုင်ကို သောက်သုံးရင်း လီကျစ်၏ မင်္ဂလာနေ့ရက်ကို သက်သေပြုနေကြသည်။
မင်္ဂလာပွဲသို့ တက်ရောက်ခွင့်မရသော သာမန်အလုပ်သမားများနှင့် ကိုယ်ရံတောတပ်သားများမှာပင်လျှင် ယနေ့တွင် ထမင်းစားဆောင်၌ အသားနှင့် ဝိုင်များကို အပိုဆောင်း သုံးဆောင်ခွင့် ရရှိခဲ့ကြသည်။
လီကျစ်သည် သူ၏မြင်းပေါ်မှဆင်းကာ ဆွေဟယ်နှင့်အတူ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ပြီး ကန်တော့ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
အရင်ဆုံး ကောင်းကင်နှင့် မြေကြီးကို ကန်တော့ကြသည် ထို့နောက် ဘိုးဘေးဘီဘင်များ ကွယ်လွန်သူ ဖခင်၏ ဝိညာဉ်နှင့် မိခင်ဖြစ်သူကို ကန်တော့ကြပြီး နောက်ဆုံးတွင် ဇနီးမောင်နှံ အချင်းချင်း အပြန်အလှန် ဂါရဝပြုကြသည်။
သူတို့ ကန်တော့ပြီးသွားသောအခါ ဧည့်သည်များထံမှ သောင်းသောင်းဖျဖျ ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။
ထုံးတမ်းစဉ်လာများ အားလုံးပြီးစီးသွားသောအခါ လီကျစ်သည် ဆွေဟယ်ကို ခန်းမဆောင်သုံးခုမြောက်ရှိ အဆောင်သို့ ခေါ်ဆောင်လာခဲ့ရာ ၎င်းမှာ လီကျစ်တို့၏ မင်္ဂလာဦးဆောင်ပင် ဖြစ်သည်။
တစ်နေ့လုံးအလုပ်ရှုပ်ခဲ့ပြီးနောက် လီကျစ်သည် နောက်ဆုံးတွင် အလှနတ်သမီးလေးကို လက်ထပ်နိုင်ခဲ့သဖြင့် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်မိသည်။
ကုတင်ဘေးတွင် ထိုင်ရင်း လီကျစ်သည် ဆွေဟယ်၏ နီမြန်းသော မျက်နှာဖုံးပုဝါကို မလိုက်ရာ မှည့်ဝင်းနေသော ပန်းသီးနှစ်လုံးကဲ့သို့ နီမြန်းနေသည့် သူမ၏ မျက်နှာထက်တွင် ခြောက်သွေ့နေသော မျက်ရည်စ နှစ်ကြောင်းကို တွေ့လိုက်ရသည်။
"ဇနီးလေးရယ်… မင်း ရှက်နေတဲ့ မျက်နှာလေးက အရမ်းလှတာပဲ"
ဆွေဟယ်သည် ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ရယ်မောလိုက်ပြီး မျက်တောင်လေး ခတ်ကာ…
"ခင်ပွန်းသည်ရယ်… မင်းက ကျွန်မကို ထပ်ပြီး ပြောင်နေပြန်ပြီ"
လီကျစ်သည် ဆွေဟယ်က သူ့ကို… ခင်ပွန်းသည် ဟု ခေါ်လိုက်သည်ကို ကြားသောအခါ တစ်ကိုယ်လုံး ကြည်နူးမှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူသည် ဆီမီးခုံဆီသို့ လျှောက်သွားပြီး ကြေးဆီမီးခွက်ကို အသာအယာ မှုတ်လိုက်တော့သည်။
***