ဆဲလက်စ်မြို့၊ အရှေ့ပိုင်းရပ်ကွက်။
ထိုနေရာ၌ မိုးထိမျှော်စင်ကြီးတစ်ဆောင်ကို တည်ဆောက်နေခြင်းက လူအများအပြား၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရချေသည်။
အရှေ့ပိုင်းရပ်ကွက်ဟူသည်မှာ နိုင်ငံ၏ မြို့တော်အတွင်း စည်ကားဝပြောဆုံးသော အရပ်ဒေသဖြစ်ပေရာ ကြွယ်ဝချမ်းသာသူများနှင့် မှူးမတ်မျိုးနွယ်များ၊ အထက်တန်းလွှာ ပုဂ္ဂိုလ်ထူးများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုပင် ဖြစ်တော့သည်။
စည်ကားလှသော လမ်းမထက်ဝယ် အဖြူရောင်အခိုးအငွေ့များ ထုတ်လွှတ်လျက် ပိတ်ဆို့နေတတ်သော မော်တော်ကားများကို တွေ့ရခြင်းမှာလည်း ဤအရပ်၌ ထူးဆန်းသောအရာ မဟုတ်ပေ။
လမ်းဘေးတစ်လျှောက်၌လည်း တန်ဖိုးကြီး အဆောင်အယောင် အရောင်းဆိုင်များက မှိုလိုပေါများလှချေသည်။
သို့ဖြစ်ပေရာ အရှေ့ပိုင်းရပ်ကွက်ရှိ မြေတစ်လက်မမှာ ရွှေတစ်လက်မမျှ တန်ဖိုးရှိသည်ဟု ဆိုထိုက်ပေသည်။
ဤနေရာရှိ အိမ်ခြံမြေဈေးနှုန်းများမှာ တိုင်းပြည်အတွင်း အမြင့်မားဆုံး စာရင်းဝင်နေသည့်အပြင် အသစ်တည်ဆောက်ရန် မြေလွတ်ဟူ၍လည်း ခပ်ရှားရှားသာ ရှိတော့ရာ ဈေးနှုန်းမှာ နဂိုထက်ပင် ပိုမိုကြီးမြင့်နေတော့သည်။
ဤသို့သော အခြေအနေမျိုးတွင် အရှေ့ပိုင်းရပ်ကွက်အတွင်း အဆောက်အဦးအသစ် တစ်ခုခုပေါ်ပေါက်လာတိုင်း လူအများက အာရုံစိုက်ကြစမြဲဖြစ်ရာ ယခုကဲ့သို့ ခန့်ညားထည်ဝါလှသော မျှော်စင်ကြီးတစ်ဆောင် တည်ဆောက်နေခြင်းမှာ ပို၍ပင် ပြောစမှတ်ပြုစရာ ဖြစ်နေပေတော့သည်။
ပြင်းထန်လှသော စပ်စုလိုစိတ်နှင့် အခြားသောအကြောင်းရင်းများကြောင့် ဒေသခံဩဇာတိက္ကမရှိသူ အများအပြားမှာ ၎င်းတို့၏ အဆက်အသွယ်များကို အသုံးပြုလျက် ဤမျှော်စင်ကြီး၏ ပိုင်ရှင်မှာ မည်သူနည်းဟု စုံစမ်းထောက်လှမ်းကြပေသည်။
သို့သော်လည်း အတွင်းသတင်း အချို့ကို သိရှိသွားကြသောအခါတွင်မူ ယင်းတို့အားလုံးသည် နှုတ်ဆိတ်သွားကြပြီးလျှင် ပွဲလမ်းသဘင်များ၌ပင် ထိုအကြောင်းကို ထုတ်ဖော်ပြောကြားရန် မဝံ့မရဲ ဖြစ်ကုန်ကြတော့သည်။
ယင်းမှာ လူအများ မပြောဝံ့သော တားမြစ်ချက်တစ်ခုသဖွယ် ဖြစ်သွားခဲ့ရပေပြီ။
တစ်နေ့ထက်တစ်နေ့ အဖြူရောင်မျှော်စင်ကြီးမှာ တစ်ထပ်ပြီးတစ်ထပ် မြင့်တက်လာခဲ့ရာ ဆယ့်ခုနစ်ထပ်သို့ ရောက်ရှိသွားသောအခါမှသာ တည်ဆောက်မှု ပြီးမြောက်သွားတော့သည်။
ဤလုပ်ငန်းစဉ် တစ်ခုလုံးအတွက် တစ်နှစ်နီးပါးမျှ အချိန်ယူခဲ့ရချေသည်။ အင်ဗီယာနိုင်ငံ၏ မြို့တော်ဖြစ်သော ဆဲလက်စ်မြို့တွင် ဝိဇ္ဇာမျှော်စင်များ၊ အဂ္ဂိရတ်မျှော်စင်များနှင့် ဗိသုကာလက်ရာမြောက်သော အဆောက်အဦးများစွာ ရှိနေပေရာ ဆယ့်ခုနစ်ထပ်မျှသာရှိသော ဤအဖြူရောင်မျှော်စင်မှာ အထူးတလည် ထင်ပေါ်နေခြင်းမျိုး မရှိလှပေ။
သို့သော်လည်း အရှေ့ပိုင်းရပ်ကွက်အတွင်း၌မူ ယင်းမှာ အလွန်တရာ တောက်ပလွန်းလှသော တည်ရှိမှုတစ်ခုပင် ဖြစ်တော့သည်။
လူအများက မျှော်စင်ပိုင်ရှင်နှင့် ပတ်သက်၍ အမျိုးမျိုး ထင်ကြေးပေးနေကြသော်လည်း အမှန်တကယ် သိရှိသူများကမူ နှုတ်ကို လုံအောင် ပိတ်ထားကြပေသည်။
စက်တင်ဘာလကုန်၏ မွန်းလွဲပိုင်း အချိန်တစ်ခုဝယ် ရိုနန်သည် အသစ်တည်ဆောက်ပြီးစီးသွားသော ဤအဂ္ဂိရတ်မျှော်စင်အတွင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။
နောင်အခါတွင်မူ ဤအဖြူရောင်မျှော်စင်သည် သွေးလနက္ခတ်နယ်မြေအတွင်း သူ၏ အရေးအကြီးဆုံးသော အခြေစိုက်စခန်းတစ်ခု ဖြစ်လာပေတော့မည်။
မူလက တော်ဝင်မိသားစုနှင့် အစိုးရအဖွဲ့တို့ချုပ်ဆိုထားသော သဘောတူညီချက်အရ ဆယ်ထပ်ထက်မနည်းသော မျှော်စင်တစ်ဆောင်သာ တည်ဆောက်ပေးရန် လိုအပ်ခြင်းဖြစ်သည်။
သို့သော်လည်း တော်ဝင်မိသားစု၏ လျှို့ဝှက်ရတနာတိုက်နှင့် ပတ်သက်သော ပြဿနာများကြောင့်သော်လည်းကောင်း၊ တစ်စုံတစ်ရာ မရိုးသားမှုများကြောင့် စိတ်မလုံ၍သော်လည်းကောင်း တော်ဝင်မိသားစုသည် ဤအဂ္ဂိရတ်မျှော်စင်ကို ဆယ့်ခုနစ်ထပ်အထိ တိုးမြှင့်တည်ဆောက်ပေးရန် မိမိတို့အစီအစဉ်ဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပေသည်။
အပိုဆောင်း ခုနစ်ထပ်မျှသာဖြစ်သည်ဟု မထင်မှတ်အပ်ပေ။ အမှန်တကယ် တည်ဆောက်စရိတ်မှာ သုံးဆ၊ လေးဆခန့် ပိုမိုကုန်ကျခဲ့ရခြင်း ဖြစ်ချေသည်။
နောက်ပိုင်းရက်များတွင် ရိုနန်သည် အဂ္ဂိရတ်မျှော်စင်၏ အတွင်းပိုင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီးလျှင် ငွေကြေးအမြောက်အမြား အကုန်အကျခံလျက် ကိုယ်တိုင်ပြုလုပ်သော အဂ္ဂိရတ်ပစ္စည်းကိရိယာများကို တပ်ဆင်ကာ ဓာတ်ခွဲခန်းအကြီးစားတစ်ခုကို တည်ဆောက်ခဲ့လေသည်။
ဤအဂ္ဂိရတ်ဓာတ်ခွဲခန်း၏ အဆင့်အတန်းမှာ ဤလောကတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်မှာ သေချာလှပေသည်။
အဆောက်အဦးနှင့် ပတ်သက်သော လိုအပ်ချက်များ ပြည့်စုံသွားသောအခါ ရိုနန်သည် အဂ္ဂိရတ်ပညာရပ်အပေါ် ပိုမိုနက်ရှိုင်းသော သုတေသနနှင့် စူးစမ်းရှာဖွေမှုများကို စတင်ခဲ့တော့သည်။
သူ၏ သုတေသနမှာ အထူးလက်နက် ကိရိယာများအပေါ်၌သာ ကန့်သတ်မထားတော့ဘဲ ဆေးရည်ပညာရပ်ဘက်သို့ပါ နယ်ပယ်ချဲ့ထွင်လာခဲ့ချေသည်။
ဤအရာအားလုံးမှာ ရိုနန်အနေဖြင့် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပေသည်။
သူ၏ သွေးလနက္ခတ်နယ်မြေအတွင်းရှိ တာဝန်မှာ အမှန်စင်စစ် ပြီးမြောက်နေခဲ့ပြီဖြစ်ပြီး ရရှိသော ဆုလာဘ်များမှာလည်း မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်ရာ လိုအပ်ပါက ဟောက်ထျန်းနယ်မြေသို့ အချိန်မရွေး ပြန်နိုင်ပြီ ဖြစ်သည်။
သို့သော်ငြားလည်း ဤအခြေအနေထိ ရောက်ရှိလာခဲ့ပြီးမှ ဤမျှ ကြီးမားလှသော အကျိုးအမြတ်ကို ရိုနန်အနေဖြင့် မည်သို့ လက်လွှတ်နိုင်ပါမည်နည်း။
သွေးလနက္ခတ်နယ်မြေသည် ကမ္ဘာငယ်လေးတစ်ခုမျှသာ ဖြစ်သော်လည်း ကြီးမားသော အလားအလာများ ရှိနေပေရာ အဆုံးမရှိသော သိုးမွှေးများကို ရယူနိုင်သည့် ဝဖြိုးလှသော သိုးအုပ်ကြီးသဖွယ် ဖြစ်နေတော့သည်။
ထို့ကြောင့် ရိုနန်သည် ဤလောကတွင်လည်း သူ၏ ကိုယ်ပွားတစ်ခုကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့လေသည်။
အမှန်စင်စစ် ရိုနန်အတွက်မူ ကိုယ်ပွားတည်ဆောက်ရန်မှာ ခက်ခဲသောကိစ္စ မဟုတ်တော့ဘဲ အရင်းအမြစ် မည်မျှ ရင်းနှီးမြှုပ်နှံမည်ဟူသော အချက်အပေါ်၌သာ မူတည်တော့သည်။
ကိုယ်ပွားတည်ဆောက်မှု အောင်မြင်ပြီးသောအခါမှသာ စိတ်ဝိညာဉ်အမှတ်အသားကို ထည့်သွင်းရန် လိုအပ်မည်ဖြစ်ရာ ယင်းမှာ အကြီးမားဆုံးသော အခက်အခဲပင် ဖြစ်တော့သည်။
စန်းချင်းနယ်မြေနှင့် နက္ခတ်တာရာ ပင်လယ်ပြင်တို့တွင် ရိုနန်၌ ကိုယ်ပွားနှစ်ခု ရှိနှင့်နေပြီးဖြစ်ရာ သူ၏ စိတ်ဝိညာဉ်အသိဉာဏ်ကို အကန့်အသတ်မရှိ ခွဲထုတ်နိုင်စွမ်း မရှိချေ။
ဤတစ်ကြိမ်မှာ နောက်ဆုံးအကြိမ် ဖြစ်တန်ရာ၏။ နောက်ဆုံးအကြိမ် ဖြစ်သည့်အားလျော်စွာ မိမိ၏ မူလဝိညာဉ်ကို ထိခိုက်ပျက်စီးစေပြီး တာအိုလမ်းစဉ်၏ အခြေခံကို မထိခိုက်စေရန် အလွန်တရာ သတိကြီးစွာ ထားရပေမည်။
သို့မဟုတ်ပါက အကျိုးထက် အပြစ်က ပိုမိုကြီးမားသွားပေလိမ့်မည်။
အချိန်သည် မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ ခဏချင်းအတွင်းမှာပင် ရိုနန် သွေးလနက္ခတ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်မှာ ငါးနှစ်ပင် ပြည့်ခဲ့ပြီ ဖြစ်သည်။
ယနေ့တွင် ရိုနန်သည် ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့ကို ခေါ်ယူခဲ့လေသည်။ ဂျန်းနစ် တိုရန်မှာ ယခုအခါ ဆယ်နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပြည့်စုံကောင်းမွန်လှသော အာဟာရများကြောင့် ရိုနန်နှင့် စတင်တွေ့ဆုံချိန်နှင့်စာလျှင် သူမသည် သိသိသာသာ ထွားကျိုင်းလာခဲ့ပြီးလျှင် လှပသော မိန်းကလေးတစ်ဦး၏ အသွင်အပြင်များ ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။
ဒယ်လိုရက်စ်မှာမူ ပိုမိုရင်ကျက်လျက် ဆွဲဆောင်မှုရှိသော အလှတရားများ ပိုင်ဆိုင်နေခဲ့ပြီဖြစ်သည်။ ယင်းတို့နှစ်ဦးစလုံးမှာ ရိုနန်နှင့် အမြဲတစေ အတူရှိနေခဲ့ကြရာ မိသားစုဝင်များကဲ့သို့ပင် ဖြစ်နေကြချေပြီ။
"ဒါကို သောက်လိုက်ကြ"
ရိုနန်သည် ၎င်းတို့နှစ်ဦးအား ဆေးရည်တစ်ပုဒ်စီ ပေးလိုက်လေသည်။ ဆေးရည်မှာ ဖန်ပုလင်းငယ်အတွင်း၌ ရှိနေပြီးလျှင် အလွန်တရာ လှပဆန်းကြယ်သော နှင်းဆီရွှေရောင် အဆင်းရှိပေသည်။
ယင်းတို့ ရရှိသော ဆေးရည်များမှာ တူညီသော်လည်း ပမာဏမှာမူ တစ်ဝက်ခန့် ကွာခြားပေသည်။
ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့သည် တစ်ချက်မျှပင် တွန့်ဆုတ်မနေဘဲ ဖန်ပုလင်းငယ်အတွင်းရှိ ဆေးရည်များကို တစ်ကျိုက်တည်း သောက်ချလိုက်ကြလေသည်။
၎င်းတို့သည် ရိုနန်အပေါ် အဆုံးမရှိ ယုံကြည်ကြသူများ ဖြစ်ပေရာ ယင်းမှာ အဆိပ်ပင် ဖြစ်နေပါစေဦးတော့၊ လက်ကျန်မရှိအောင် သောက်ကြမည့်သူများ ဖြစ်ကြပေသည်။
ဆေးရည်ကို သောက်လိုက်သည့် ခဏမှာပင် ၎င်းတို့၏ မျက်နှာများမှာ လျင်မြန်စွာ နီမြန်းလာခဲ့ပြီးလျှင် နဖူးထက်၌ ချွေးစက်များ စိမ့်ထွက်လာခဲ့ချေသည်။
တစ်ပြိုင်နက်တည်းမှာပင် နာကျင်လှသော အမူအရာများလည်း ပေါ်ပေါက်လာခဲ့လေသည်။
ရိုနန်က အသံခပ်နက်နက်ဖြင့် "ဒါက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ နဂါးနီဆေးရည်ပဲ။ ဒါက မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ အထူးစွမ်းအားတွေကိုပါ နိုးထလာစေမှာ ဖြစ်လို့ မင်းတို့ အောင့်ထားကြရမယ်" ဟု ဆိုလေသည်။
နဂါးနီဆေးရည်မှာ ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့အတွက် ရိုနန် အထူးတလည် ဖော်စပ်ထားသော ဆေးရည်ဖြစ်ပေသည်။
ယင်းကို နဂါးနီကြီး ဂရီဂိုရီ၏ သွေးကို အဓိက အခြေခံပစ္စည်းအဖြစ် အသုံးပြုထားပြီးလျှင် ရိုနန်၏ မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် ပြင်ဆင်မှုများ ပြုလုပ်ပြီးမှသာ ယခုအခါ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့မှာ အထူးစွမ်းအား ပါရမီမရှိသော သာမန်လူများသာ ဖြစ်ကြပေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရိုနန်က ပြင်ဆင်ပြီးလျှင် သင်ကြားပေးခဲ့သော ကိုယ်ခံပညာနှင့် အသက်ရှူခြင်း ပညာရပ်များမှာလည်း ၎င်းတို့၏ စွမ်းအားများကို နိုးထလာစေရန် မတတ်နိုင်ခဲ့ချေ။
ထို့ကြောင့် သူသည် အဂ္ဂိရတ်ဆေးရည်များအပေါ်၌သာ မျှော်လင့်ချက် ထားခဲ့ခြင်း ဖြစ်ပေသည်။ ရိုနန်၏ စကားကို ကြားသောအခါ ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့သည် ပြိုင်တူ ခေါင်းညိတ်ပြကြပြီးလျှင် ဆေးရည်၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို စိတ်ဓာတ်ခွန်အားဖြင့် အံတုရင်ဆိုင်ကြလေသည်။
"အာ..."
ဤသို့ ခံနိုင်ရည်ကို စမ်းသပ်နေခြင်းမှာ မိနစ်အနည်းငယ်မျှ ကြာမြင့်ခဲ့ပြီးနောက် ဆယ်နှစ်အရွယ် ဂျန်းနစ်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မီးလျှံအသက်ရှူသံတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။
ထိုနောက်တွင်မူ အဝတ်အစားများ စုတ်ပြဲသွားသော အသံတစ်သံသည် စူးရှစွာ ထွက်ပေါ်လာခဲ့ပြီးလျှင် ဒယ်လိုရက်စ်၏ လက်မောင်းများ၊ ခါး၊ ဝမ်းဗိုက်နှင့် ခြေထောက်များတွင် ကြွက်သားများ ဖောင်းတက်လာကာ အရေပြားမျက်နှာပြင်ထက်၌ နက်မှောင်သော အနီရောင် နဂါးအကြေးခွံများ ပေါ်ထွက်လာခဲ့ပြီးလျှင် နဂါးအသွင် ပြောင်းလဲလာသော လက္ခဏာများ ပြသလာချေသည်။
ဤမြင်ကွင်းကို မြင်ရသောအခါ ရိုနန်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
အောင်မြင်လေပြီ။ မည်သို့မျှ သံသယဖြစ်ဖွယ် မရှိချေ။
ရိုနန် အကြိမ်ပေါင်း ထောင်ချီ၍ ပြုပြင်ဖော်စပ်ထားသော နဂါးနီဆေးရည်သည် ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့၏ ပုန်းကွယ်နေသော စွမ်းရည်များကို အောင်မြင်စွာ နှိုးဆွပေးနိုင်ခဲ့ပြီးလျှင် ၎င်းတို့အား သာမန်လူသားဘဝမှ အထူးစွမ်းအားရှင်များအဖြစ်သို့ ကူးပြောင်းနိုင်စေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း လက်ရှိ လက္ခဏာများအရ ဒယ်လိုရက်စ်မှာ အထူးစွမ်းအားရှင် စစ်သည်တော်တစ်ဦးအဖြစ် နိုးထလာဟန်ရှိပြီး ဂျန်းနစ်မှာမူ မန္တန်အသုံးပြုသူ တစ်ဦးအဖြစ် နိုးထလာခဲ့ခြင်း ဖြစ်ပေသည်။
နောက်ထပ် မိနစ်အနည်းငယ် ကြာသောအခါတွင်မူ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ ထူးခြားသော ဖြစ်စဉ်များမှာ တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီးလျှင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ရိုနန်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ပင်ပန်းနွမ်းနယ်နေသော ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့ကို ရင်ခွင်ထဲသို့ ထည့်သွင်းကာ ဖက်ထားလိုက်ပြီးလျှင် "ဂုဏ်ယူပါတယ်" ဟု ရယ်မောလျက် ပြောလိုက်လေသည်။
ဤလောကတွင် အစွမ်းထက်သူများကိုသာ အလေးထားကြပေသည်။ ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့တွင် ရိုနန်၏ အကာအကွယ် ရှိနေသည်မှာ မှန်သော်ငြားလည်း ယင်းတို့မှာ သူ၏ အတောင်ပံအောက်၌သာ အမြဲတစေ ပုန်းအောင်းနေ၍ မဖြစ်နိုင်ချေ။
မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိခြင်းမှာ အလွန်တရာ အရေးကြီးလှပေသည်။ တစ်ဖက်တွင်လည်း ရိုနန်သည် တော်ဝင်မိသားစုနှင့် အစိုးရအဖွဲ့တို့ကို ရန်စမိထားသူလည်း ဖြစ်နေပေရာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နှစ်ဖက်စလုံး ငြိမ်သက်နေခဲ့ကြသော်လည်း ရိုနန်အနေဖြင့် တစ်စုံတစ်ရာ ပြဿနာကြုံတွေ့ရသည်နှင့် တော်ဝင်မိသားစုနှင့် အစိုးရအဖွဲ့တို့မှာ အသာနေကြလိမ့်မည် မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အေးချမ်းနေချိန်ဝယ် ဘေးရန်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းမှာ ပညာရှိတို့၏ လုပ်ရပ်ပင် ဖြစ်တော့သည်။
***