မျှော်စင်ထက်၏ အထက်ဆုံးအလွှာ။
ကျင့်ဆောင်အတွင်း၌ ရိုနန်သည် အနက်ရှိုင်းဆုံးသော အခြေအနေမှ နိုးထလာခဲ့ချေပြီ။
သူသည် မျက်မှန်းတို့ကို ဖွင့်ဟလိုက်ရာ နက်မှောင်သော သူငယ်အိမ်အစုံ၌ နက်နဲသော နတ်ဘုရားအလင်းတန်းတို့ ဝင်းလက်သွားကြ၏။
ထိန်းချုပ်ကန့်သတ်ထားသော သူ၏ စိတ်အာရုံတို့သည်လည်း ချက်ချင်းပင် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ဒေသ တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ရိုနန်၏ စွမ်းအင်သည် အဆင့်၇၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အဆင့်၈သို့ စတင်တက်လှမ်းနိုင်ခဲ့၏။ သို့သော် ထိုတစ်နှစ်တာအတွင်း၌ သူ၏ စွမ်းအားတိုးတက်မှုမှာ အလွန်ပင် နည်းပါးလှပေသည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်၈သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ရိုနန်သည် ဤလောကကြီး၏ ငြင်းပယ်မှုနှင့် ဖိနှိပ်မှုတို့ကို စတင်ခံစားလိုက်ရသောကြောင့် ဖြစ်ချေသည်။
ယခုမူ ဤအရပ်မှ ထွက်ခွာရမည့်အချိန်သို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်၏။
သွေးလနက္ခတ်ဘုံတွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များနှင့် အဆုံးမရှိသော အရင်းအမြစ်များက စောင့်ကြိုနေသော်လည်း ယင်းတို့သည် ရိုနန်အတွက်မူ အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် အရာများ မဟုတ်တော့ပေ။
သူသည် ထိုင်နေရာမှ ထရပ်လိုက်ပြီး ဓာတ်လှေကားစင်သို့ လျှောက်လှမ်းကာ ယင်းထက်တွင် မြှုပ်နှံထားသော အင်းကွက်သင်္ကေတကို ဖိနှိပ်လိုက်သည်။
ထိုအခါ စင်မြင့်သည် မျှော်စင်၏ မြေအောက်ခန်းဆီသို့ ချက်ချင်းပင် စတင်သက်ဆင်းသွားလေတော့သည်။
ဤဓာတ်လှေကားသည် အဂ္ဂိရတ်ဆိုင်ရာ ဖော်စပ်ရည်ကို အသုံးပြုထားသဖြင့် များစွာသော ပြုပြင်ထိန်းသိမ်းမှု လိုအပ်သည့် ရေနွေးငွေ့အင်ဂျင်များကို အသုံးပြုရန် မလိုတော့ဘဲ ဖြူစင်သောမျှော်စင်၏ အဆင့်မြင့်ဆုံးသော ကိရိယာတစ်ခု ဖြစ်ပေသည်။
ယင်းက မျှော်စင်အထက်အောက် သွားလာရေးကို များစွာ အဆင်ပြေချောမွေ့စေခဲ့၏။
မျှော်စင်၏ မြေအောက်ခန်း၌ ရိုနန်သည် ရွှေဒင်္ဂါးပေါင်း သိန်းနှင့်ချီ၍ အကုန်အကျခံကာ ဓာတ်ခွဲခန်းတစ်ခုကို တည်ဆောက်ထားခဲ့သည်။
ထိုနေရာသို့ သူတစ်ဦးတည်းသာ ဝင်ရောက်နိုင်ပြီး ဒယ်လိုရက်စ်နှင့် ဂျန်းနစ်တို့ပင်လျှင် ဝင်ရောက်ခွင့် မရှိကြချေ။ ယင်းမှာ သူတို့၏ ဘေးကင်းလုံခြုံရေးအတွက်ပင် ဖြစ်ပေသည်။
မျှော်စင်ကို တည်ဆောက်ပြီးချိန်မှစ၍ ရိုနန်သည် အချိန်အတော်များများကို ဤဓာတ်ခွဲခန်းအတွင်း၌သာ ကုန်ဆုံးစေခဲ့ပြီး အံ့မခန်းဖွယ်ရာ အဂ္ဂိရတ်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့၏။
ယခုအခါ ရိုနန်သည် ကျင့်ကြံသူများအကြားတွင် ‘ဒဏ္ဍာရီလာ အဂ္ဂိရတ်ပညာရှင်’ ဟူသော ဘွဲ့ထူးကိုပင် ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။ သူသည် ထိုအဂ္ဂိရတ်ပစ္စည်းများကို ရောင်းချခြင်းဖြင့် ရရှိလာသော ရွှေဒင်္ဂါးများကို ဖြူစင်သောမျှော်စင်အတွက်ပင် ပြန်လည်ရင်းနှီးမြှုပ်နှံခဲ့၏။
ဓာတ်ခွဲခန်းမှာ အလွန်ကျယ်ဝန်းပြီး အပိုင်း ၅ ပိုင်း ခွဲခြားထားသည်။ ဗဟိုချက်မ၌ ၃ မီတာခန့် မြင့်မားသော ဖန်ပုလင်းကြီးတစ်လုံး ရှိနေပြီး ထိုအတွင်း၌ အရည်များဖြင့် ပြည့်နှက်လျက် လူတစ်ဦးမှာ ကွေးကွေးလေး အိပ်မောကျနေ၏။
သေချာစွာ ကြည့်ရှုမည်ဆိုလျှင် ထိုသူ၏ ရုပ်သွင်မှာ ရိုနန်နှင့် တစ်ပုံစံတည်း တူညီနေသည်ကို တွေ့ရမည် ဖြစ်သည်။ ယင်းမှာ ရိုနန် ဖန်တီးထားသော သူ၏ ကိုယ်ပွားပင် ဖြစ်ချေသည်။
ဤကိုယ်ပွားကို ကိုယ်ပိုင်ကိုယ်ပွားအဖြစ် ပြုစုပျိုးထောင်ရန် ရိုနန်သည် သာမန်လူတို့ စိတ်ကူးပင် မယဉ်နိုင်သော အရင်းအမြစ်များကို အသုံးပြုခဲ့ရသည်။
နဂါးနီကြီး ဂရီဂိုရီထံမှ ရရှိခဲ့သော နဂါးသွေး၊ နဂါးအကြေးခွံ၊ နဂါးသွား စသည့် အဖိုးတန်ပစ္စည်း အမြောက်အမြားအပြင် ရွှေဒင်္ဂါး သန်းချီတန်သော ပစ္စည်းများကိုပါ ထည့်သွင်းအသုံးပြုခဲ့ရ၏။
ယခုမူ ရိုနန်၏ အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ အမြင့်မြတ်ဆုံးသော လက်ရာမွန်ကြီးမှာ ပြီးမြောက်အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ဤကိုယ်ပွားသည် နဂါးသွေးမျိုးဆက် ပါဝင်နေသဖြင့် မွေးဖွားလာကတည်းကပင် ပြိုင်ဘက်ကင်းသော ပါရမီကို ပိုင်ဆိုင်ထား၏။ ယင်းက ရိုနန်၏ အဆင့်၈ ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်နိုင်ရုံသာမက စစ်မှန်သော မန္တန်ဆရာတစ်ဦး ဖြစ်လာနိုင်ပြီး နဂါးတို့နှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်း ရရှိစေမည် ဖြစ်သည်။
သို့သော် ဤကိုယ်ပွား၌ ဝိညာဉ်နှင့် စိတ်အာရုံမှာ မရှိသေးပေ။ ရိုနန်သည် နောက်ဆုံးအဆင့်ကို လုပ်ဆောင်ရန် လိုအပ်နေသေး၏။
အချိန်တန်ပြီဖြစ်ရာ ရိုနန်သည် သူ၏ နတ်ဘုရားဝိညာဉ်ကို စတင်ခွဲထုတ်လေတော့သည်။ ဤသို့ ပြုလုပ်ခြင်းမှာ တတိယအကြိမ်မြောက် ဖြစ်သော်လည်း ခံစားရသော နာကျင်မှုမှာမူ လျော့ပါးသွားခြင်း မရှိဘဲ ပိုမိုပြင်းထန်လာခဲ့၏။
ထိုသို့သော ဝေဒနာများအကြားတွင် ရိုနန်သည် သူ၏ စိတ်အာရုံကို လုံးဝကြည်လင်နေအောင် ထိန်းထားရပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်မှာ ခွဲထုတ်နိုင်သည့် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အမှားအယွင်း အနည်းငယ်မျှ ရှိခဲ့ပါက နောင်အနာဂတ်ရှိတော့မည် မဟုတ်သောကြောင့် ဖြစ်၏။
အချိန်အတော်ကြာပြီးနောက် ရိုနန်သည် ဝိညာဉ်အစအနတစ်ခုကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ချေပြီ။ သူသည် ဖန်ပုလင်းအတွင်းမှ ကိုယ်ပွားကို နောက်ဆုံးအကြိမ် ကြည့်ရှုပြီးနောက် ဘယ်ဘက်လက်မှ သွေးလနက္ခတ်လက်စွပ်ကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် ကမ္ဘာဦးစွမ်းအင်တို့က ရိုနန်ကို လွှမ်းခြုံသွားပြီး သူ၏ မူလဝိညာဉ်မှာ ခန္ဓာကိုယ်မှ ကွာထွက်သွားကာ အထက်ရှိ ဟင်းလင်းပြင် ဝဲကတော့အတွင်းသို့
ဝင်ရောက်သွားလေတော့သည်။
ထိုခဏ၌ ရိုနန်၏ မူလခန္ဓာကိုယ်မှာ တိတ်ဆိတ်စွာ ပျက်စီးသွားပြီး တောက်ပသော အလင်းလုံးအဖြစ် ပြောင်းလဲကာ ကိုယ်ပွား၏ ဦးနှောက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။
ထိုအခါ ကိုယ်ပွားသည် မျက်လုံးများကို ရုတ်တရက် ပွင့်ဟလာခဲ့ချေပြီ။
ပြန်လည်မွေးဖွားလာသော ရိုနန်သည် ရှေ့ရှိ ဖန်သားကို လက်သီးဖြင့် ခွဲလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူသည် အသက်ကို ပြင်းထန်စွာ ရှုသွင်းလိုက်ရင်း အသာအယာ ပြုံးလိုက်မိ၏။ သူ၏ ဘယ်ဘက်လက်သူကြွယ်ထက်တွင် အနီရောင်မှိန်မှိန် လင်းလက်နေသော လက်စွပ်အသစ်တစ်ခုမှာ အလိုအလျောက် ပေါ်ပေါက်လာခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် မူလကိုယ်ဖြစ်သော ဝမ်ချန်မှာမူ ဟောက်ထျန်းဘုံသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ကိုးပြည်ထောင် မသေမျိုးမြို့ရှိ မသေမျိုးမဟာမိတ် ဂူသင်္ဘောအတွင်း၌ ဝမ်ချန်၏ စိတ်အာရုံတို့ တဖြည်းဖြည်း နိုးထလာခဲ့သည်။
သူ၏ ဦးခေါင်းအတွင်း၌ မီးလျှံအပ်များဖြင့် အထိုးခံရသကဲ့သို့ နာကျင်မှုကို ခံစားရသော်လည်း သူသည် စိတ်အေးအေးထားကာ ဝိညာဉ်သန္ဓေသားကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။
ဤနေရာ၏ ရင်းနှီးပြီးသားဖြစ်သော ဝိညာဉ်စွမ်းအင်များက ဝမ်ချန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာရာ ရေပူစမ်း၌ စိမ်ထားရသကဲ့သို့ နွေးထွေးမှုကို ပေးစွမ်းပြီး ဝိညာဉ်နာကျင်မှုကို လျော့ပါးစေခဲ့သည်။
ဝမ်ချန်သည် ဝိညာဉ်သန္ဓေသားကို ပြန်လည်တည်ငြိမ်စေရန် မသေမျိုးမဟာမိတ်ဂူ၌ လဝက်ခန့် အချိန်ယူခဲ့ရ၏။ ထို့နောက် သူသည် သွေးလနက္ခတ်ဘုံမှ ရရှိလာသော စွမ်းအင်များကို အသုံးပြုကာ ဝိညာဉ်သန္ဓေသားအဆင့် (၉) ၏ အထွတ်အထိပ်သို့ တစ်ဟုန်ထိုး တက်လှမ်းလိုက်လေတော့သည်။
ယခုအခါ သူသည် ဝိညာဉ်သန္ဓေသားမှ
ကူးပြောင်းရန်ပင် ကြိုးစားနိုင်ပြီ ဖြစ်သော်လည်း ဝမ်ချန်မှာ စိတ်စောခြင်း မရှိပေ။ ထိုအဆင့်မှာ အလွန်ပင် ခက်ခဲနက်နဲလှသဖြင့် ပြင်ဆင်မှု အပြည့်အစုံ မရှိဘဲ မလုပ်ဆောင်လိုခြင်း ဖြစ်၏။
ထို့နောက် သူသည် နံရံရှိ နတ်ဘုရားခေါင်းလောင်းကို တီးလိုက်ရာ ဂူသင်္ဘော၏ တံခါးများ အလိုအလျောက် ပွင့်ဟသွားလေသည်။ ဝမ်ချန် အပြင်သို့ ထွက်လာသည်နှင့် ရှုံမိသားစု၏ ဘိုးဘေး ရှုံလျန်ဖုန်မှာ သူ၏ရှေ့သို့ အပြေးအလွှား ရောက်ရှိလာခဲ့၏။
ဝမ်ချန် ဘေးကင်းစွာ ထွက်လာသည်ကို မြင်သောအခါ ရှုံလျန်ဖုန်က ဝမ်းသာအားရဖြင့် "မိတ်ဆွေ... အဆင်ပြေရဲ့လား" ဟု မေးမြန်းလေသည်။
ဝမ်ချန်က အသာအယာ ပြုံးလိုက်ရင်း—
"တာဝန် ပြီးမြောက်ခဲ့ပါပြီ" ဟု ပြန်လည်ဖြေကြားလိုက်ရာ ရှုံလျန်ဖုန်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတော့သတည်း။
***