ချင်းအန်းခရိုင်၊ ထုံလော်လမ်းကြား၏ နံနက်ခင်း။
အရုဏ်ဦးအလင်းတန်းတို့သည် အိမ်ခေါင်မိုးတန်းများပေါ်သို့ ဖြာကျလျက်ရှိပြီး စည်တီးသံနှင့်အတူ မြို့တံခါးများ ပွင့်ဟလာချေပြီ။
လမ်းကြား၏ အတွင်းအကျဆုံးအပိုင်း၌ တည်ရှိသော ဝမ်မိသားစု ကိုယ်ပိုင်ကျောင်းတော်လေးအတွင်းမှ စာဖတ်သံတို့သည် တစ်ဖန်ပြန်လည် ပဲ့တင်ထပ်လာပြန်သည်။
ထိုလမ်းကြား၌ နေထိုင်ကြသော မိသားစုများအဖို့မူ ဤအသံမှာ နားယဉ်နေခဲ့ပြီ ဖြစ်ပေသည်။ ဆော့ကစားလိုသော ကလေးငယ်အချို့မှာ အိမ်ထဲမှ ဝုန်းကနဲ ပြေးထွက်လာကြပြီး ကျောင်းတံခါးဝသို့ သုတ်ခြေတင်ကာ အတွင်းသို့ စပ်စုကြည့်ရှုကြလေသည်။
အချို့သော ကလေးငယ်များမှာမူ အတန်းထဲသို့ ပြတင်းပေါက်မှတစ်ဆင့် ချောင်းကြည့်ရန် ခြေဖျားထောက်လျက် ခိုးကြောင်ခိုးဝှက် ကြိုးစားကြပြီး မကြာမီပင် ဆရာဖြစ်သူ၏ သင်ကြားပြသမှု၌ စိတ်ပါဝင်စားကာ နစ်မျောသွားကြတော့သည်။
ယင်းသို့ဖြင့် သူတို့သည် အချိန်ကုန်မှန်းပင် မသိတော့ချေ။
စာသင်စင်မြင့်ပေါ်တွင် ဝမ်ချန်သည် စုတ်တံကို ကောက်ကိုင်ကာ ထုံးရေဖြင့် ကိုယ်တိုင်လုပ် ကျောက်သင်ပုန်းပေါ်၌ ‘တောင်’ဟူသော စာလုံးကို ရေးသားလိုက်လေသည်။
“ဒီစာလုံးကို ‘ရှန်း’ လို့ အသံထွက်တယ်၊ အဓိပ္ပာယ်ကတော့ တောင်တန်းနဲ့ မြစ်ရေတွေမှာပါတဲ့ တောင်ကို ဆိုလိုတာပဲ”
ထိုမျှမကသေးဘဲ သူသည် စုတ်တံကို အသုံးပြု၍ တောင်ထိပ်ပုံတစ်ခုကိုပါ ရေးဆွဲပြလိုက်ရာ အောက်တွင် ထိုင်နေသော ကျောင်းသားငယ်များအဖို့ စာလုံး၏ အဓိပ္ပာယ်ကို ပိုမို ထင်ထင်ရှားရှား နားလည်သွားကြတော့သည်။
ဤသည်မှာ ဝမ်ချန်၏ ဆန်းသစ်သော သင်ကြားနည်းတစ်ခုဖြစ်ပြီး အခြားသော ဆရာများ၌ ရှိနိုင်မည်မဟုတ်သော စွမ်းရည်တစ်ခု ဖြစ်တန်ရာသည်။
တောင်ကို ရေးသားကာ တောင်ကို ပုံဖော်ခြင်း၊ စာအုပ်ထဲ၌ ပင်လယ်ပြင်ကို ပုံဖော်ပြခြင်းစသည့် ပုံနှင့်စာ တွဲဖက်သင်ကြားမှုမှာ အလွန်ပင် ကွက်ကွက်ကွင်းကွင်းရှိလှပြီး စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
ထိုသင်ကြားမှု၏ ရလဒ်မှာလည်း အထူးပင် ကောင်းမွန်လှသည်မှာ ပြောဖွယ်ရာ မရှိချေ။
ကလေးငယ်တစ်စုမှာ ဆရာနောက်မှ လိုက်၍ ရွတ်ဆိုကြသည်မှာ “တောင်... တောင်ကြီး... တောင်တန်းနဲ့ မြစ်ရေတွေထဲက တောင်” ဟူ၍ ဖြစ်ပေသည်။
ကလေးငယ်တို့၏ ရွတ်ဆိုသံနှင့် နံနက်ခင်း အလင်းတန်းတို့မှာ အေးချမ်းလှသော မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
ထို့နောက် ဝမ်ချန်သည် နောက်ထပ် စာလုံးနှစ်လုံးကို သင်ကြားပေးပြီး ကျောင်းသားများအား ‘စာလုံးတစ်ထောင်ကျမ်း’ ကို ဖတ်ရှုရွတ်ဆိုစေလေသည်။
ယင်းနောက်တွင်မူ သူသည် စာအုပ်ကို ကိုင်ဆောင်ကာ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။
ပြတင်းပေါက်အောက်၌ ချောင်းကြည့်နေသော ကလေးငယ်များမှာ ရုတ်တရက် လန့်ဖြန့်သွားကြပြီး လန့်ဖျပ်သွားသော ယုန်ငယ်များအလား အရပ်ရပ်သို့ ပြေးလွှားသွားကြတော့သည်။
သို့သော် ဆယ်နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးမှာမူ မပြေးဘဲ ကျန်ရစ်နေခဲ့ပြီး ဝမ်ချန်၏ ရှေ့မှောက်၌ ဒူးထောက်ကာ “ဆရာ... ကျွန်တော် စာသင်ချင်ပါတယ်၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ” ဟု တောင်းဆိုလေသည်။
ထိုကလေးငယ်မှာ ပိန်လှီညိုမည်းနေပြီး စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဖရိုဖရဲ ဖြစ်နေသော ဆံပင်များမှာ သူသည် စားဝတ်နေရေး ခက်ခဲသော မိသားစုမှ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ချင်းအန်းခရိုင်မှာ ချမ်းသာကြွယ်ဝသော အရပ်မဟုတ်ပေရာ လမ်းမပေါ်၌ ထိုကဲ့သို့သော ကလေးများကို တွေ့ရသည်မှာ ဆန်းကြယ်သော ကိစ္စမဟုတ်ချေ။
ဝမ်ချန်သည် မည်သည့် ခံစားချက်ကိုမျှ ဖော်ပြခြင်းမရှိဘဲ “မင်းနာမည်က ဘယ်သူလဲ” ဟု မေးမြန်းလိုက်သည်။
ပိန်လှီသော ကလေးငယ်မှာ သတ္တိကို မွေးလျက် “ကျွန်တော့်နာမည်က အာကော်ပါ၊ မျိုးရိုးက ချန်ပါ” ဟု ပြန်လည် ဖြေကြားလေသည်။
ဆင်းရဲနွမ်းပါးသူများအဖို့ နိမ့်ကျသော အမည်များကို မှည့်ခေါ်လေ့ရှိကြပေရာ ဝမ်ချန်သည် အထူးတလည် ဂရုမပြုမိချေ။
သူသည် ဆက်လက်၍ “ကျောင်းလခ ပေးနိုင်လား” ဟု မေးလိုက်ပြန်သည်။
ချန်အာကော်မှာ ကျောင်းလခဆိုသည်ကို နားလည်ပုံရပြီး သူ၏ အိတ်ကပ်ထဲမှ ကြေးပြားသုံးပြားကို ချက်ချင်းပင် ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ဝမ်ချန်အား ကမ်းလှမ်းလိုက်သည်။
“ဒါက ကျွန်တော့်မှာ ရှိသမျှ အကုန်ပါပဲ၊ ကျန်တာကိုတော့ အကြွေးအဖြစ် ထားပေးလို့ ရမလား”
“နောက်မှ ကျွန်တော် ကျိန်းသေ ပြန်ဆပ်ပါ့မယ်”
သူ၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသော်လည်း ပညာသင်ကြားလိုသော ဆန္ဒတို့ဖြင့်လည်း တောက်ပနေပေသည်။
ဝမ်ချန်သည် ဖုန်မှုန့်များ ပေကျံနေသော ကြေးပြားသုံးပြားကို ယူလိုက်ပြီး “ဒါနဲ့တင် လုံလောက်ပါပြီ၊ မနက်ဖြန်ကစပြီး ကျောင်းလာတက်နိုင်တယ်” ဟု ဆိုလိုက်သည်။
“ဒါပေမဲ့ မင်းကိုယ်မင်း နည်းနည်းတော့ သန့်ရှင်းအောင် လုပ်ရမယ်၊ ဒီပုံစံနဲ့တော့ စာသင်ခန်းထဲ ဝင်လို့ မရဘူး”
ချန်အာကော်မှာ အတိုင်းမသိ ဝမ်းသာသွားပြီး ဝမ်ချန်အား ကျေးဇူးတင်စွာဖြင့် အလျင်အမြန် ဦးချလေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် ကျိန်းသေ လုပ်ပါ့မယ်”
“ချန်အာကော်ဆိုတဲ့ နာမည်က နားဝင်မချိုလှဘူး”
ဝမ်ချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် “ငါ့ရဲ့ တပည့်ဖြစ်သူမှာ သင့်တော်တဲ့ နာမည်တစ်ခုတော့ ရှိရမယ်၊ ဒီနေ့ကစပြီး မင်းကို ‘ချန်ယိကျန်း’ လို့ ခေါ်မယ်” ဟု ဆိုလိုက်သည်။
“ဆင်းရဲနွမ်းပါးပေမဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်တွေနောက်ကို မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ လိုက်တော့”
ချန်အာကော်မှာ ခေတ္တမျှ မိန်းမောသွားလေသည်။
သူသည် ပညာမသင်ကြားဖူးသဖြင့် ထိုနာမည်၏ အနက်အဓိပ္ပာယ်ကို အလုံးစုံ နားမလည်နိုင်သော်လည်း ရုတ်တရက်ဆိုသလို ရင်ထဲ၌ စိတ်လှုပ်ရှားမှုတို့ဖြင့် နွေးထွေးလာခဲ့ပေသည်။
“ယိကျန်း... ကျွန်တော့်နာမည်က ချန်ယိကျန်း”
သူသည် နာမည်အသစ်ကို တိုးတိုးလေး ရွတ်ဆိုနေမိပြီး ပိန်လှီညိုမည်းသော မျက်နှာထက်၌ သွေးရောင်တို့ လွှမ်းသွားတော့သည်။
သူသည် ဝမ်ချန်အား သုံးကြိမ်တိုင်တိုင် ဦးချလိုက်ပြီး “ဒီနာမည်ကို ပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအထူး တင်ပါတယ်၊ ချန်ယိကျန်းဟာ ဒီတစ်သက်မှာ ဆရာ့ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး” ဟု ကတိပြုလေသည်။
ဝမ်ချန်မှာမူ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ရုံသာ ရှိချေသည်။
ချန်အာကော်အား တပည့်အဖြစ် လက်ခံကာ နာမည်ပေးလိုက်ခြင်းမှာ ရုတ်တရက် ပေါ်ပေါက်လာသော သနားကရုဏာစိတ်ကြောင့် မဟုတ်ပေ။
သူ၏ ကြီးမားလှသော ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ထားသော်လည်း ဝမ်ချန်၏ စိတ်ဝိညာဉ်အမှတ်အသား မှာမူ အလွန်ပင် စွမ်းအားကြီးမားဆဲ ဖြစ်ပေသည်။
သူ၏ အမြော်အမြင်မှာ သာမန်လူတို့ထက် များစွာ သာလွန်လှပေရာ ထိုချန်အာကော်၏ ကိုယ်ပေါ်တွင် နဂါးတစ်ပိုင်းမြွေတစ်ပိုင်း အရှိန်အဝါရှိနေကြောင်း မြင်တွေ့ခဲ့ရသည်။
ယင်းမှာ တိုင်းပြည်မငြိမ်မသက် ဖြစ်နေချိန်၌ ပေါ်ထွက်လာမည့် သူရဲကောင်းတစ်ဦး၏ ကံကြမ္မာပင် ဖြစ်ချေသည်။
မှန်ပေသည်၊ ကံကြမ္မာပါရှိရုံမျှဖြင့် ထူးကဲသော အောင်မြင်မှုများ ရရှိမည်ဟု မဆိုနိုင်ပေ။
ပါရမီရှင် အများအပြားမှာ အချိန်မတိုင်မီ ပျက်စီးသွားကြသည်မှာလည်း ရှိပေသည်။
သို့သော်လည်း ဆုံတွေ့ခဲ့ရပြီဖြစ်ရာ ဝမ်ချန်အနေဖြင့် သူ၏အပေါ်၌ အနည်းငယ် ရင်းနှီးမြှုပ်နှံရန် ဝန်မလေးခဲ့ပေ။
နောင်အနာဂတ်၌ အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိမည်၊ မရရှိမည်မှာ သူ့အဖို့ ပဓာန မဟုတ်ချေ။
ယင်းသို့ဖြင့် ချန်မိသားစုမှ ချန်အာကော်သည် ဝမ်မိသားစု ကိုယ်ပိုင်ကျောင်းတော်သို့ ကျောင်းသားအဖြစ် ဝင်ရောက်သွားသည့် သတင်းမှာ ထုံလော်လမ်းကြား၏ လူပြောအများဆုံး သတင်းဖြစ်လာခဲ့သည်။
ယခုအခါ ချန်ယိကျန်းဟု ခေါ်တွင်သော ချန်အာကော်သည် ထုံလော်လမ်းကြား၏ အရှေ့ဘက်အစွန်တွင် နေထိုင်သူဖြစ်သည်။
ဖခင်ဖြစ်သူမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူမှာ သူနှင့် သူ၏ ညီငယ်လေးကို ကျွေးမွေးစောင့်ရှောက်ရန်အတွက် ရက်ကန်းရက်ကာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်ခဲ့ရပေရာ ထိုမိသားစုမှာ ဆင်းရဲနွမ်းပါးလှသည်မှာ ပြောဖွယ်ရာ မရှိချေ။
သို့သော်လည်း ကံဆိုးမှုတို့မှာ တစ်ခုတည်း မလာတတ်ပေ။ လွန်ခဲ့သော တစ်နှစ်က ချန်ယိကျန်း၏ မိခင်မှာ အလုပ်ကြိုးစားလွန်းသဖြင့် မျက်စိကွယ်သွားခဲ့ရာ ခက်ခဲလှသော ထိုမိသားစုဘဝမှာ ပိုမို ဆိုးရွားသွားခဲ့ရသည်။
ထို့ကြောင့် ငယ်ရွယ်သော ချန်ယိကျန်းမှာ မိသားစု ဝမ်းရေးအတွက် တာဝန်ယူကာ ငွေရနိုင်မည့် နည်းလမ်းမှန်သမျှကို ရှာဖွေလုပ်ကိုင်ခဲ့ရသည်။ ထိုသို့ ခက်ခဲနေသည့်ကြားမှပင် သူ၏ရင်ထဲ၌ ပညာသင်ကြားလိုသော ဆန္ဒမှာ တောက်လောင်နေဆဲ ဖြစ်ပေသည်။
ချန်ယိကျန်း ကျောင်းဝင်ခွင့်ရသည့် သတင်း ပျံ့နှံ့သွားပြီးနောက် ထုံလော်လမ်းကြားနှင့် အနီးတစ်ဝိုက်မှ မိသားစုများမှာ ဆင်းရဲသားကလေးများကို လက်ခံပေးသော ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ရှိနေကြောင်း သိရှိသွားကြတော့သည်။
ယင်းကြောင့် လူအများအပြားမှာ လာရောက် စုံစမ်းကြလေသည်။
ဝမ်ချန်သည်လည်း လာသမျှသူတိုင်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့ပေသည်။
ထိုမိသားစုများမှာ ကျောင်းလခကို များစွာ မပေးနိုင်ကြသော်လည်း အများဆုံး ကြေးပြား ဆယ်ဂဏန်းခန့်၊ သို့မဟုတ် ဆန်တစ်အိတ်၊ အသားခြောက်တစ်တုံး၊ သို့မဟုတ် တောယုန်တစ်ကောင် စသည်ဖြင့် တတ်နိုင်သရွေ့ ပေးကြလေသည်။
ဝမ်ချန်သည် ထိုအရာများကို မကွဲပြားစေဘဲ ကျောင်းသားအားလုံးကို တန်းတူညီမျှ ဆက်ဆံခဲ့ပေသည်။
ယင်းကြောင့် ဝမ်မိသားစု ကိုယ်ပိုင်ကျောင်းတော်လေးမှာ မကြာမီပင် ကျောင်းသားများဖြင့် ပြည့်နှက်သွားခဲ့ပြီး နောက်ကျမှ ရောက်လာသူများမှာ အပြင်ဘက်မှ ရပ်၍ စာနားထောင်ရသည်အထိ ဖြစ်လာခဲ့သည်။
သို့သော် မကြာမီပင် ပြဿနာတို့ ပေါ်ပေါက်လာတော့သည်။
တစ်နေ့တွင် ဝမ်ချန် စာသင်ကြားနေစဉ် မမျှော်လင့်ထားသော ဧည့်သည်နှစ်ဦးမှာ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
တစ်ဦးက ခက်ထန်စွာ အော်ဟစ်လိုက်သည်မှာ “စာသင်နေတာ ရပ်လိုက်စမ်း၊ အပြင်ထွက်ပြီး စကားပြောရအောင်” ဟူ၍ ဖြစ်ပေသည်။ ထိုအော်ဟစ်သံကြောင့် စာသင်ခန်းထဲမှ ကလေးငယ်အချို့မှာ ထိတ်လန့်ကာ ငိုယိုကြလေတော့သည်။
ဝမ်ချန်မှာ မျက်မှောင်ကြုတ်သွားပြီး ကျောင်းသားများအား နှစ်သိမ့်စကား အနည်းငယ် ပြောကြားကာ အပြင်သို့ ထွက်လာခဲ့သည်။ သူသည် တင်းမာစွာဖြင့် “ဘာကိစ္စရှိလို့လဲ” ဟု မေးမြန်းလိုက်သည်။
“ငါက ချင်းအန်းခရိုင် အစိုးရရုံးက အခွန်အရာရှိပဲ၊ မင်း ဒီမှာ တရားမဝင် ကိုယ်ပိုင်ကျောင်း ဖွင့်ထားတယ်လို့ တစ်ယောက်ယောက်က လာတိုင်ထားတယ်”
ထိုခက်ထန်သော အမျိုးသားက မောက်မာစွာဖြင့် “မင်း အခွန်ပေးပြီးပြီလား” ဟု မေးလိုက်သည်။
ဝမ်ချန်က ခေါင်းခါလျက် “ကိုယ်ပိုင်ကျောင်း ဖွင့်တာ အခွန်ပေးရမယ်လို့ တစ်ခါမှ မကြားဖူးဘူး” ဟု ပြန်ပြောလေသည်။
“ဒါက ချင်းအန်းခရိုင်ရဲ့ စည်းမျက်ပဲ”
အခွန်အရာရှိက ယုံကြည်မှုအပြည့်ဖြင့် “မင်းမှာ ပညာတတ် ဘွဲ့တစ်ခုခု မရှိရင် အခွန်ပေးရမယ်” ဟု ဆိုသည်။
“ငါ့မှာ ပညာတတ်ဘွဲ့ ရှိတယ်”
ဝမ်ချန်သည် သူ၏ ဘွဲ့လက်မှတ်ကို တည်ငြိမ်စွာ ထုတ်ပြလိုက်သည်။ ထိုလက်မှတ်မှာ ပညာတတ်ဖြစ်ကြောင်း သက်သေပင် ဖြစ်ပေသည်။
ဝမ်ချန်သည် အစိုးရ စာမေးပွဲများကို မဖြေဆိုဖူးသော်လည်း ငွေအလုံအလောက်ရှိကာ အကျိုးဆောင်တစ်ဦးကို ရှာနိုင်လျှင် ထိုကဲ့သို့သော လက်မှတ်ကို ဝယ်ယူရန် မခက်ခဲလှချေ။
ဝမ်ချန်၏ လက်မှတ်မှာ အစစ်အမှန်ဖြစ်ပြီး ငွေစင် နှစ်ရာခန့် ကုန်ကျခဲ့ပေသည်။
“တခြားမြို့က ပညာတတ်လား”
အခွန်အရာရှိက လှောင်ပြောင်လျက် “ဒါက အလုပ်မဖြစ်ဘူး၊ တခြားမြို့က လူဆိုရင် အခွန်ကင်းလွတ်ခွင့်ရဖို့ အဆင့်မြင့်ဘွဲ့တစ်ခုခု ရှိမှ ရမယ်” ဟု ဆိုလေသည်။
ဤသည်မှာ တမင်သက်သက် ပြဿနာရှာခြင်းသာ ဖြစ်ပေသည်။
ဝမ်ချန်သည် ယင်းကို ကောင်းစွာ သိရှိသဖြင့် ငြင်းခုံမနေတော့ဘဲ “ဒါဆို အခွန်ငွေ ဘယ်လောက် ပေးရမလဲ” ဟု မေးလိုက်သည်။
“တစ်နှစ်ကို ငွေစင် ဆယ်ပြား”
အခွန်အရာရှိက သူ၏ လက်ဝါးကို ဖြန့်ပြကာ “တစ်ပြားမှ မလျော့ရဘူး” ဟု အမိန့်ပေးလေသည်။
“ကောင်းပါပြီ”
ဝမ်ချန်သည် ခေါင်းညိတ်ကာ သူ၏ အခန်းထဲမှ ငွေစင် ဆယ်ပြားကို ယူဆောင်လျက် အရာရှိအား ပေးလိုက်သည်။ “ဒါက ဒီနှစ်အတွက်ပဲ”
“မင်းက တော်တော်လေး အပြောရလွယ်သားပဲ”
အခွန်အရာရှိက ကျေနပ်စွာ ပြုံးလျက် သူ၏ အဖော်အား ခြေဟန်ပြကာ မောက်မာစွာ ထွက်ခွာသွားကြတော့သည်။
ဝမ်ချန်သည် ထွက်ခွာသွားသော သူတို့၏ ကျောပြင်ကို အေးစက်သော အကြည့်တို့ဖြင့် ကြည့်ရှုကျန်ရစ်ခဲ့လေသည်။
***