"ဝမ်သခင်လေး... ဂုဏ်ယူပါတယ်။"
မိမိရှေ့မှောက်တွင် ရောက်ရှိနေသော လည်ပတ်ဖျတ်လတ်လှသည့် အဖွားအိုကို ကြည့်ရင်း သူမ၏ အပိုအလုပ်လုပ်လွန်းသော လေသံကြောင့် ဝမ်ချန်၏ မျက်ဝန်းအစုံ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားချေသည်။
ဤမဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်မှာ ချင်းအန်းခရိုင်၌ နှစ်စဉ်အောင်သွယ်မှု အများဆုံးဟု ဆိုသူ အောင်သွယ်တော်ကြီး ဖြစ်ပေသည်။ မိမိအိမ်သို့ အောင်သွယ်တော် ရောက်လာလိမ့်မည်ဟု ဝမ်ချန် တစ်ခါမျှ မတွေးခဲ့မိပေရာ။
ဝမ်ချန်သည် အနှီအောင်သွယ်တော်၏ ချိုသာသော စကားများကြားတွင် မလှုပ်မယှက် တည်ငြိမ်နေသည်ကို မြင်သောအခါ ဝမ်အမည်ရှိသော အောင်သွယ်တော်ကြီးမှာ အနည်းငယ် အနေရခက်သွားသည်။
သို့သော်လည်း သူမသည် ဝါရင့်သူပီပီ မျက်နှာအထူကြီးဖြင့် ဆက်လက်၍ "သိရဲ့လား... မြို့အနောက်ဘက်က သူဌေးကြီး ချန်က မောင်ရင်ကို သဘောကျလို့ သမက်တော်ချင်နေတာ။ နောင်တစ်ချိန်မှာ မကုန်နိုင်တဲ့ စည်းစိမ်တွေကို ခံစားရတော့မှာနော်" ဟု ဆိုလေသည်။
ဝမ်ချန်၏ မျက်နှာရိပ်မျက်နှာကဲမှာ ပို၍ပင် ထူးဆန်းလာပြီး "ဆိုလိုတာက... ကျွန်တော့်ကို အိမ်ဝင်သမက် လုပ်ခိုင်းတာလား" ဟု မေးလိုက်မိသည်။
"အတိအကျပေါ့ကွယ်။"
ဝမ်ကတော်သည် ဝမ်းသာအားရ ပြုံးပြရင်း "သူဌေးကြီး ချန်မှာ သမီးတစ်ယောက်တည်း ရှိတာ။ ငယ်ငယ်ကတည်းက ရင်အုပ်မကွာ ချစ်ရတာဆိုတော့ အဝေးကို အိမ်ထောင်မချပေးနိုင်ဘူးလေ။ အိမ်ဝင်သမက် လုပ်ရတာကိုလည်း မကောင်းဘူးလို့ မထင်ပါနဲ့ဦး..." ဟု မြှောက်ပင့်ပြောဆိုတော့သည်။
သူမက လျှာအရိုးမရှိ တဖျတ်ဖျတ် စည်းရုံးလျက် "သူဌေးကြီးက ပြောတယ်... မောင်ရင်သာ သဘောတူရင် ဆိုင်နှစ်ဆိုင်နဲ့ ဆန်စက်တစ်ခု ပေးမယ့်အပြင် လူပေါင်း ဒါဇင်နဲ့ချီ ဆံ့တဲ့ အိမ်ကြီးအိမ်ကောင်းမှာ နေရမှာ။ နောင်တစ်ချိန် သားသမီးရလာရင်လည်း တစ်ဝက်လောက်ပဲ မျိုးရိုးနာမည် ပြောင်းပေးရင် ရပြီတဲ့။"
"တစ်ဝက်တောင်နော်"
"ဒီလို အခြေအနေမျိုးနဲ့ဆို ခရိုင်မြို့ထဲက လူတွေ အလုအယက် ဖြစ်နေကြတာ။ ဒါပေမဲ့ သူဌေးကြီး ချန်က မောင်ရင့်ကိုပဲ မျက်စိကျနေတာလေ" ဟု ဝမ်ကတော်က ဝမ်ချန်ကို ကံထူးရှင်ကြီးအလား ပြောဆိုနေခြင်းက ဝမ်ချန်ကို ရယ်မောမိစေသည်။
"ဒီလောက် ကောင်းမွန်တဲ့ အခွင့်အရေးကို ကျွန်တော်မျိုး ခံစားနိုင်လောက်တဲ့အထိ ကံမပါဘူး ထင်ပါတယ်။ သူဌေးကြီး ချန်ကို ကျေးဇူးတင်ကြောင်းနဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်တယ်လို့ ပြန်ပြောပေးပါဗျာ။"
သူမ၏ စည်းရုံးစွမ်းအား အပြည့်ဖြင့် နားဝင်ချိုအောင် ပြောဆိုနေပါသော်လည်း ဝမ်ချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိ ငြင်းပယ်လိမ့်မည်ဟု ဝမ်ကတော် မမျှော်လင့်ထားပေ။
"ဝမ်သခင်လေး... ဒါကတော့..."
"ပြန်နိုင်ပါပြီ။"
ဝမ်ချန်သည် လက်ဖက်ရည်ခွက်ကို မြှောက်၍ ဧည့်သည်ကို နှုတ်ဆက်လိုက်ရာ စကားဆက်ရန် ဆန္ဒမရှိတော့ကြောင်း ပြလိုက်ခြင်း ဖြစ်ပေသည်။ ဝမ်ကတော်သည်လည်း အငြင်းခံရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် တတွတ်တွတ် ရေရွတ်ရင်း အိမ်တံခါးပြင်သို့ ထွက်ခွာသွားတော့သည်။
အောင်သွယ်တော် ထွက်သွားပြီးနောက် ဝမ်ချန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ "ဝင်ခဲ့လေ... အပြင်မှာ ဘာကို ချောင်းနေတာလဲ" ဟု တည်ငြိမ်စွာ ဆိုလိုက်သည်။
စကားဆုံးသည်နှင့် ချန်ယိကျန်းသည် ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် ဝင်လာပြီး "ဆရာ" ဟု ခေါင်းညွှတ် အလေးပြုလေသည်။ ဝမ်ချန်သည် မိမိ၏ ပထမဆုံးသော တပည့်ကို ကြည့်ကာ ပြုံးလျက် "ဘာပြောချင်လို့လဲ" ဟု မေးလိုက်သည်။
အနှီလူငယ်မှာ ပြောစရာတစ်ခုခု ရှိနေပုံရသော်လည်း အောင့်ထားရဟန် ရှိသည်။ ချန်ယိကျန်းသည် တံတွေးတစ်ချက် မြိုချလိုက်ပြီး "ဆရာ... ဟို ဝမ်ကတော်ရဲ့ စကားတွေကို လုံးဝ မယုံပါနဲ့ဦး။ မြို့အနောက်ဘက်က သူဌေးကြီး ချန်အကြောင်း ဘယ်သူမသိဘဲ နေမှာလဲ။ သူ့သမီးက အရပ် ရှစ်ပေ၊ ခါးကလည်း ရှစ်ပေလောက် ရှိတာ။ လက်နက်ကိုင်ရတာကိုလည်း ဝါသနာပါလို့ လမ်းမပေါ်မှာ 'ချန်ရှစ်ပေ' လို့တောင် နာမည်ကြီးနေတာ" ဟု မြန်မြန်ဆန်ဆန် ပြောချလိုက်တော့သည်။
ချန်ရှစ်ပေ။
ဝမ်ချန် ထိုနာမည်ကို မကြားဖူးခဲ့ပေ။ "အဲ့ဒီလောက်တောင် ဟုတ်လား။"
"ဟုတ်ပါတယ် ဆရာ။" ချန်ယိကျန်းက အားတက်သရော ခေါင်းညိတ်ပြလျက် "ချန်ရှစ်ပေက အခု အသက် နှစ်ဆယ့်ငါး ရှိပြီ၊ အခုထိ အိမ်ထောင်မကျသေးဘူး" ဟု ဆိုလေသည်။
ဧကန်စင်စစ် ထောင်ချောက်တစ်ခု ဖြစ်ပေရာ၏။
ဝမ်ချန်က ရယ်မောရင်း "သိပါပြီ... ငါ အလိမ်မခံရပါဘူး။ သွား... မင်း အလုပ် မင်း ဆက်လုပ်တော့" ဟု အမိန့်ပေးလိုက်သည်။
ယခုအခါ ကိုယ်ပိုင်ကျောင်းလေး၌ ကျောင်းသားများအတွက် နေ့စဉ် နေ့လယ်စာ ကျွေးမွေးလျက် ရှိသည်။ ဆန်၊ ဆီ၊ ဆား တို့ကို ဝမ်ချန်က စိုက်ထုတ်ဝယ်ယူပေးပြီး ကျောင်းသားများက မိမိတို့အိမ်မှ အသီးအရွက်နှင့် အသားခြောက်များကို ယူဆောင်လာကာ ကိုယ်တိုင်ချက်ပြုတ်ကြရသည်။ ဝမ်ချန်သည် ချန်ယိကျန်းကို ဤကိစ္စအတွက် တာဝန်ပေးထားပြီး ဝယ်ယူမှုများကို စီမံခိုင်းထားသည်။
ချန်ယိကျန်းသည်လည်း သူ့ဆရာကို စိတ်မပျက်စေခဲ့ပေ။ မြွေနဂါး စွမ်းအင်များ ထွက်ပေါ်နေသော ဤဆင်းရဲသားကောင်လေးသည် တပည့်ငယ်များကို စနစ်တကျ အုပ်ချုပ်ရင်း သူ၏ အရည်အချင်းကို ပြသနိုင်ခဲ့သည်။
နေ့စဉ် ထမင်းဝဝလင်လင် စားရပြီး တစ်ခါတစ်ရံ အသားပါ စားရသဖြင့် လွန်ခဲ့သော ခြောက်လအတွင်း ဤလူငယ်မှာ သိသိသာသာ ထွားကျိုင်းလာပြီး ယခင်ကကဲ့သို့ ပိန်ချောင်ခြင်း မရှိတော့ပေ။
ဆင်းရဲဆဲ ဖြစ်သော်လည်း သူ၏ ကြမ်းတမ်းသော အဝတ်အစားများအောက်၌ အမျိုးသားပီသသော ဂုဏ်ယူဝင့်ကြွားသည့် အရှိန်အဝါတစ်ခု ကိန်းအောင်းနေချေသည်။
"ဟုတ်ကဲ့ ဆရာ။" ချန်ယိကျန်းသည် ရိုသေစွာ အလေးပြုပြီး အပြင်သို့ ထွက်သွားလေသည်။
ဝမ်ချန်သည် သူ့တပည့်၏ ကျောပြင်ကို ကြည့်ရင်း မေးစေ့ကို ပွတ်ကာ စဉ်းစားခန်း ဝင်နေမိသည်။ ဝမ်မျိုးနွယ် ကိုယ်ပိုင်ကျောင်း၌ လက်ခံထားသော ကျောင်းသား ငါးဆယ်အနက် ချန်ယိကျန်းမှာ အထူးချွန်ဆုံး ဖြစ်သည်မှာ ငြင်းဖွယ်မရှိပေ။
သူ၏ သင်ယူနိုင်စွမ်းမှာ အံ့မခန်း ဖြစ်ပြီး စာလုံးတစ်ထောင်ကျမ်းကို ပထမဆုံး အပြီးသင်နိုင်ခဲ့သလို ဝမ်ချန် သင်ကြားပေးသော အခြေခံ ကိုယ်ခံပညာကိုလည်း ပထမဆုံး တတ်မြောက်ခဲ့သူ ဖြစ်သည်။
ခိုင်မာသော စိတ်ဓာတ်နှင့် တည်ကြည်သော စရိုက်ရှိသဖြင့် ကျောင်းသားအားလုံးထဲတွင် အကြိုးစားဆုံး ဖြစ်ပေသည်။
အခြားသော ကျောင်းသားအချို့မှာ နောက်ကောက်ကျန်ရစ်သော်လည်း ထင်ရှားလာသူ အနည်းငယ်လည်း ရှိနေသေးသည်။ ထိုကျောင်းသားအနည်းငယ်မှာ ဝမ်ချန်ပြီးလျှင် ချန်ယိကျန်းကို အယုံကြည်ဆုံး ဖြစ်နေကြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
ဝမ်ချန်သည် ထိုကိစ္စများ၌ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ သို့သော် ဝမ်ကတော်ကို ငြင်းပယ်ပြီးနောက် ကျန်းကတော်နှင့် ဆွန်ကတော်တို့ကလည်း အစဉ်လိုက် အောင်သွယ်ရန် ရောက်ရှိလာကြသည်။
ဝမ်ချန်မှာ အံ့သြမိရ၏။ သူသည် ထုံလော်လမ်းကြား၌ အေးအေးဆေးဆေး စာသင်ကြားနေသူသာ ဖြစ်ပါလျက် အဘယ်ကြောင့် ရုတ်တရက် အိမ်ထောင်ရေးဈေးကွက်၌ နာမည်ကြီးလာရသနည်း။
မိမိနှင့် ရင်းနှီးသော တည်းခိုခန်းပိုင်ရှင် ရောက်လာမှသာ ဝမ်ချန် အကြောင်းရင်းကို သိလိုက်ရသည်။
လွန်ခဲ့သော လဝက်ခန့်က ချင်းအန်းခရိုင်မှ ခရိုင်ဝန်မင်း ယုဟဲချန်သည် ဝမ်ချန်အကြောင်းကို တစ်နည်းနည်းဖြင့် ကြားသိသွားပြီး သူ့ကို "ပညာတတ်တို့၏ စံပြပုဂ္ဂိုလ်" ဟု ချီးကျူးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လူအများက ဝမ်ချန်သည် ခရိုင်ဝန်မင်း၏ မျက်စိကျခြင်း ခံရသဖြင့် အရာရှိ ဖြစ်လာနိုင်သည်ဟု ယုံကြည်နေကြပြီး အလားအလာရှိသူအဖြစ် သတ်မှတ်လာကြသည်။
ထို့ပြင် ယနေ့တိုင် အိမ်ထောင်မပြုသေးသော ဝမ်ချန်သည် ဆွေမျိုးကင်းစင်ပြီး မြို့ထဲ၌ ကိုယ်ပိုင်ကျောင်း ဖွင့်နိုင်သည်မှာ အတော်အတန် ချမ်းသာကြွယ်ဝသူဟု သက်သေပြနေသကဲ့သို့ ရှိသည်။
ဤကဲ့သို့သော အခြေအနေများကြောင့် သူသည် ခရိုင်အတွင်းရှိ အခြားသော လူငယ်များထက် သာလွန်နေချေပြီ။ အောင်သွယ်တော်များ တဖွဲဖွဲ ရောက်လာခြင်းမှာလည်း သဘာဝကျလှပေသည်။
"ဝမ်သခင်လေး... မောင်ရင်သာ စိတ်မရှိရင် သင့်တော်တဲ့ မိသားစုတစ်ခု ရှာပေးပါရစေ" ဟု တည်းခိုခန်းပိုင်ရှင်က အလေးအနက် အကြံပြုသည်။ "မောင်ရင် ချင်းအန်းခရိုင်ကို ရောက်တာ တစ်နှစ်ကျော်ပြီဆိုတော့ အခြေချပြီး မိသားစုထောင်ဖို့ အချိန်တန်ပါပြီ။"
အကယ်၍ ဝမ်ချန်ကသာ အောင်သွယ်တော်မှန်သမျှကို အမြဲတစေ ငြင်းပယ်နေပါက ကောလာဟလများ သို့မဟုတ် မဟုတ်မမှန် သတင်းများ ထွက်လာမည်ကို သူက စိုးရိမ်နေခြင်း ဖြစ်သည်။
ဝမ်ချန်သည် ခေတ္တမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်ကာ "ဒါဆိုရင် တာဝန်ခံကြီးကိုပဲ အားကိုးပါရစေ" ဟု ဆိုလိုက်သည်။
တည်းခိုခန်းပိုင်ရှင်က ဝမ်းသာအားရ ပြုံးလျက် "ဘာမှ အားမနာပါနဲ့။ ဒါနဲ့ မောင်ရင့်မှာ သတ်မှတ်ထားတဲ့ စံနှုန်းမျိုး ရှိလား" ဟု မေးသည်။
ဝမ်ချန်က "သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းရင် လုံလောက်ပါပြီ" ဟု အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ လောကီစိတ်နှလုံးကို ပျိုးထောင်ခြင်းတွင် ရိုးရှင်းသော ဘဝဖြင့် နေထိုင်ရန် လိုအပ်ပြီး အိမ်ထောင်မပြုဘဲ သားသမီးမရှိပါက ဤကျင့်စဉ်မှာ ပြည့်စုံလိမ့်မည် မဟုတ်ပေ။
တည်းခိုခန်းပိုင်ရှင် ထွက်သွားပြီးနောက် ဝမ်ချန်သည် ငါးမျှားတံနှင့် ကွန်ကို ယူကာ မြည်းနက်ကြီးကို စီးလျက် မြို့ပြင်ရှိ ဖျံယွင်းမြစ်သို့ ငါးမျှားထွက်ခဲ့သည်။
လွန်ခဲ့သော တစ်နှစ်လုံးလုံး မိုးရွာရွာ နေပူပူ သူသည် နေ့စဉ် မွန်းလွဲပိုင်းတိုင်း ငါးမျှားထွက်လေ့ရှိသည်။ ရလာသော ငါးများကို စည်ပိုင်းကြီးထဲတွင် ထည့်ထားကာ နောက်တစ်နေ့၌ ကျောင်းသားများအတွက် အာဟာရအဖြစ် ကျွေးမွေးလေ့ရှိသည်။
မြစ်ငါးများသည် ဝက်သား၊ အမဲသားတို့နှင့် မယှဉ်နိုင်သော်လည်း ကျောင်းသားများအတွက် ကောင်းမွန်သော အသားဓာတ်ကို ပေးစွမ်းနိုင်ပေသည်။
မြည်းခွာသံများက ကျောက်ပြားလမ်းပေါ်တွင် တဖြောင်းဖြောင်း မြည်လျက် မြို့တံခါးမှ ထွက်ခွာလာပြီး လမ်းမကြီးအတိုင်း ဆင်းလာကာ မြစ်ကမ်းဘေးသို့ ရောက်ရှိလာသည်။
လေနုအေးလေးများ တိုက်ခတ်နေပြီး မိုးမခပင်များ ယိမ်းနွဲ့နေသော သာယာလှသည့် ဆောင်းဦးရာသီ ဖြစ်ပေသည်။ ဝမ်ချန်သည် နေရာကောင်းတစ်ခု၌ ထိုင်ကာ ငါးမျှားချိတ်၌ အစာတပ်ပြီး မြစ်အတွင်းသို့ ပစ်ချလိုက်တော့သည်။
သူသည် ငါးတစ်ကောင် အစာလာဟပ်မည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေတော့သည်။
***