ချင်းအန်းခရိုင်သည် နန်လီနိုင်ငံတော်၏ အနောက်တောင်ဘက်ဒေသတွင် တည်ရှိပြီး လူဦးရေ သောင်းဂဏန်းမျှသာ ရှိသော ခရိုင်ငယ်လေးတစ်ခု ဖြစ်ပေသည်။ သို့ရာတွင် စစ်မီးစစ်လျှံများနှင့် သဘာဝဘေးအန္တရာယ်များမှ ဝေးကွာလှသည်ဖြစ်ရာ မကြာသေးမီနှစ်များအတွင်းက ပြည်သူတို့၏ လူနေမှုဘဝမှာ အတော်ပင် အေးချမ်းသာယာခဲ့ချေသည်။
ယင်းသို့ အေးချမ်းလှသော ခရိုင်မြို့လေး၏ တည်ငြိမ်မှုကို ဝမ်ယွင်မျှော်စင်၌ ဖြစ်ပွားခဲ့သော လူသတ်ပွဲကြီးက ရုတ်ခြည်းပင် ရိုက်ခတ်ဖျက်ဆီးလိုက်ပြီး လှုပ်ခတ်မှုအရှိန်အဟုန်မှာ မုန်တိုင်းပမာ ပြင်းထန်လှပေသည်။
ချင်းအန်းခရိုင်မှ အမှုလိုက်အရာရှိ ဆွန်ဟွိုင်အန်းသည် အစောင့်အရှောက်အချို့နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသောအခါ အဆောင်ခန်းအတွင်း မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် လောကအတွေ့အကြုံရင့်ကျက်လှသော ဤလူကြီးပင်လျှင် မယုံကြည်နိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ဗဟုသုတကြွယ်ဝပြီး လောကအကြောင်း နားလည်သူဖြစ်ရာ စိတ်ဝိညာဉ်၌ ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရသော်ငြားလည်း တည်ငြိမ်မှုကိုမူ လက်မလွှတ်ခဲ့ပေ။
အမှုလိုက်အရာရှိသည် တစ်ဖက်မှ အစိုးရရုံးတော်သို့ လူလွှတ်၍ အစီရင်ခံစေပြီး အခြားတစ်ဖက်မှလည်း မည်သူတစ်ဦးတစ်ယောက်မျှ အဝင်အထွက် မပြုနိုင်စေရန် ဝမ်ယွင်မျှော်စင်ကို ပိတ်ဆို့ထားလိုက်လေသည်။
သို့သော်ငြားလည်း ဆွန်ဟွိုင်အန်း မရောက်ရှိမီကပင် လူအများအပြားမှာ အခင်းဖြစ်ပွားရာနေရာကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ သတင်းကို ဖုံးဖိထားရန်မှာ မဖြစ်တန်ရာချေ။
အထူးသဖြင့် ချောင်ကျင်အန်း၏ အမှတ်အသားကို မည်သို့မျှ ဖုံးကွယ်၍ မရနိုင်ခြင်းပင် ဖြစ်သည်။
ထိုကြောင့်ပင် ဤသတင်းသည် မြို့တစ်မြို့လုံးသို့ အတောင်ပံများ ပါလာသည့်အလား အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
ချန်းရွှေဂိုဏ်း ခေါင်းဆောင် ချောင်ရှုံသည် လူအင်အားအပြည့်ဖြင့် ဝမ်ယွင်မျှော်စင်သို့ ဒေါသတကြီး ရောက်ရှိလာချိန်တွင် ချင်းအန်းခရိုင်၏ မြို့ဝန်မင်း ယုဟဲချန်နှင့် ခရိုင်အရာရှိ ယဲ့ရှန့်မင်းတို့သည်လည်း ထိုနေရာသို့ ရောက်နှင့်နေပြီ ဖြစ်သည်။
ချောင်ရှုံသည် ရင်ထဲ၌ မီးဟုန်းဟုန်းတောက်မတတ် နာကျင်ခံခက် ဖြစ်နေသော်လည်း ချင်းအန်းခရိုင်၏ အာဏာပိုင် ပုဂ္ဂိုလ်ကြီးနှစ်ဦး၏ ရှေ့မှောက်တွင်မူ မိုက်ရူးရဲဆန်စွာ မပြုမူရဲပေ။
သူသည် ဝက်ဝံမျက်လုံးနှင့်တူသော သူ၏မျက်လုံးအစုံမှ မျက်ရည်များ ဝဲလျက် ဦးညွတ်ကာ "ငါရဲ့ သားငယ်မှာ အခုလို ဘေးဆိုးနှင့် ကြုံတွေ့ရပြီ... အကြီးအကဲတို့ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ တောင်းပန်ပါတယ်" ဟု ဆိုလေသည်။
မြေပြင်ပေါ်တွင် မျက်လုံးပြူးလျက် ဒေါသတကြီး သေဆုံးနေသော ချောင်ကျင်အန်း၏ ရုပ်အလောင်းကို မြင်တွေ့လိုက်ရသောအခါ ချောင်ရှုံသည် မသိလိုက်မသိဘာသာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
ချောင်ကျင်အန်းသည် ချောင်ရှုံ၏ တစ်ဦးတည်းသောသား မဟုတ်သော်လည်း အချစ်ဆုံးနှင့် အမျှော်လင့်ထားရဆုံးသော သားဖြစ်ပေရာ ယခုမူ ဤနေရာ၌ပင် သက်ပျောက်ခဲ့ရလေပြီ။
ချင်းအန်းခရိုင် မြို့ဝန်မင်း ယုဟဲချန်သည်လည်း တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ "ဂိုဏ်းချုပ်ချောင်... ဝမ်းနည်းမှုကို ထိန်းချုပ်ပါ၊ မင်းသားအတွက် တရားမျှတမှု ပြန်လည်ရရှိစေရန်နှင့် လူသတ်သမားကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ရုံးတော်အစောင့်အရှောက်များကို အမိန့်ပေးထားပြီးပြီ" ဟု ပြန်လည် မိန့်ကြားလေသည်။
ယုဟဲချန်သည် ချင်းအန်းခရိုင်၌ မြို့ဝန်အဖြစ် ခုနစ်နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပေသည်။ သူ၏ ရာထူးတည်မြဲရေးမှာ ချောင်ရှုံ၏ ထောက်ပံ့မှုအပေါ် များစွာ မှီခိုနေရသည်ဖြစ်ရာ ဤကတိစကားမှာ ဟန်ပြပြောဆိုခြင်း မဟုတ်ပေ။
ချောင်ရှုံသည်လည်း ငိုရှုံ့လျက် "ကျေးဇူးတင်ပါတယ်" ဟု ဆိုလေသည်။
ထိုအချိန်တွင် အခင်းဖြစ်ပွားရာနေရာ၌ စစ်ဆေးမှုပြုလုပ်နေသောသမားတော်မှာ ပဏာမ စစ်ဆေးမှုကို အဆုံးသတ်ပြီးနောက် " မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်နှင့် စစ်ဆေးမှုများအရ သေဆုံးသူ တစ်ဆယ့်သုံးဦးစလုံးတွင် ပြင်ပဒဏ်ရာ မရှိဘဲ တိုက်ရိုက် အသတ်ခံထားရတာပဲ" ဟု အစီရင်ခံလေသည်။
"သူတို့အားလုံးမှာ ကိုးပေါက်မှ သွေးထွက်ပြီး ပါးစပ်မှ အမြှုပ်များ ထွက်နေပေမယ့် အဆိပ်ကို ရှာမတွေ့ရဘူး.. အဲ့တာက အလွန်မြင့်မားသော ကိုယ်ခံပညာရပ်၏ လက်ချက် ဖြစ်နိုင်သလို... မဟုတ်ရင်လည်း..." ဟု ဆိုကာ စကားကို ရပ်လိုက်လေသည်။
ယုဟဲချန်က မျက်မှောင်ကြုတ်လျက် "ဆက်ပြောစမ်း" ဟု အော်ဟစ်လိုက်၏။
သမားတော်သည် တုန်တုန်ရင်ရင်ဖြင့် "မဟုတ်ရင်လည်း... မသေမျိုး ပညာရပ် လက်ချက်ပဲ" ဟု အသံကို နှိမ့်ကာ သတိကြီးစွာဖြင့် တိုးတိုးလေး ပြောဆိုလိုက်လေသည်။
မသေမျိုး ပညာရပ်။
ယုဟဲချန်၊ ယဲ့ရှန့်မင်းနှင့် ချောင်ရှုံတို့ သုံးဦးစလုံး၏ မျက်နှာအမူအရာမှာ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားတော့သည်။
တောင်နှင့်ပင်လယ်နယ်မြေကြီးအား ကျင့်ကြံခြင်းလောကနှင့် လောကီလောကဟူ၍ နှစ်ပိုင်း ပိုင်းခြားထားပေသည်။
လောကီလောကရှိ မရေမတွက်နိုင်သော သာမန်လူသားတို့အတွက် ကျင့်ကြံသူတို့ တည်ရှိခြင်းမှာ လျှို့ဝှက်ချက် မဟုတ်သကဲ့သို့ မသေမျိုးလမ်းစဉ်ကို လိုက်စားသူများမှာလည်း မရေမတွက်နိုင်အောင် ရှိပေ၏။
လူ့လောက၏ အထက်တန်းလွှာတွင် ရှိနေသူများဖြစ်သည့်အလျောက် ၎င်းတို့သည် ကျင့်ကြံခြင်းလောကနှင့် ကျင့်ကြံသူများအကြောင်းကို သာမန်ထက် ပို၍ နားလည်ထားကြသည်။
သို့ဖြစ်ရာ လောကီနယ်ပယ်သို့ ကျင့်ကြံသူတစ်ဦး ရောက်ရှိလာခြင်းမှာ မည်သည့်အဓိပ္ပာယ်ဆောင်သည်ကို ၎င်းတို့ ကောင်းစွာ သိရှိကြပေသည်။
သို့သော်လည်း ချင်းအန်းခရိုင်ကဲ့သို့သော "ဝေးလံခေါင်ဖျားသည့် အရပ်" သို့ အဘယ်ကြောင့် ကျင့်ကြံသူတစ်ဦးက လာရောက် သတ်ဖြတ်ရသနည်းဟူသည်မှာ တွေးတောဖွယ်ရာ ဖြစ်ပေသည်။
ယုဟဲချန်နှင့် ယဲ့ရှန့်မင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မြို့ဝန်မင်းသည် ခေတ္တမျှ စဉ်းစားကာ "ဆက်လက် စုံစမ်းစစ်ဆေးကြ... သေဆုံးရသည့် အကြောင်းရင်းကို အတိအကျ သိရှိစေရမယ်၊ အမှားအယွင်း မရှိစေနဲ့" ဟု အသံနက်ကြီးဖြင့် မိန့်ဆိုလိုက်သည်။
သို့သော်လည်း မြို့ဝန်မင်း ကိုယ်တိုင်ပင်လျှင် ချောင်ရှုံအား ယခင်က ပေးခဲ့သော ကတိစကားများအတွက် နောင်တရနေမိသည်။
အကယ်၍ တရားခံမှာ အမှန်တကယ်ပင် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့ပါက တရားမျှတမှုကို ဖော်ဆောင်ရန်မှာ မဖြစ်နိုင်တော့ပေ။ ခရိုင်မြို့ဝန်တစ်ဦးအနေဖြင့် ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ပင် လွယ်ကူလှပေသည်။
"အမိန့်တော်အတိုင်းပါ"
သမားတော်သည်လည်း အခြေအနေ၏ လေးနက်မှုကို သိရှိနားလည်သည့်အလျောက် ဦးညွှတ်ကာ "အခုလောလောဆယ် အလောင်းများကို ရုံးတော်သို့ ပြန်လည်သယ်ယူရပါမယ်၊ သင်္ဂြိုဟ်ခြင်း မပြုနိုင်သေးဘူး" ဟု လျှောက်ထားလေသည်။
ယုဟဲချန်သည် ဆိုလိုရင်းကို နားလည်သဖြင့် ချောင်ရှုံဘက်သို့ လှည့်ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သေဆုံးသူမှာ သူ၏ သားအရင်း ဖြစ်နေသောကြောင့်ပင်။
ချောင်ရှုံ၏ မျက်နှာမှာ ပျက်ယွင်းနေသော်လည်း " ဆုံးဖြတ်တဲ့အတိုင်းပါပဲ" ဟု ခက်ခက်ခဲခဲပင် ပြောဆိုလိုက်ရသည်။
သူ၏ ပြင်းထန်လှသော ဒေါသမီးမှာ ယခုအခါ အတော်ပင် ငြိမ်ကျသွားပြီး စိတ်ခံစားမှုထက် ဆင်ခြင်တုံတရားက ပို၍ ကြီးစိုးလာခဲ့သည်။
လူသတ်သမားသည် ဤမျှ နက်နဲဆန်းကြယ်သော သတ်ဖြတ်မှုမျိုးကို ပြုလုပ်နိုင်သည်ဖြစ်ရာ ကိုယ်ခံပညာ ကျွမ်းကျင်သူဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ ချောင်ရှုံကဲ့သို့သော ခရိုင်ဂိုဏ်းခေါင်းဆောင်တစ်ဦး ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။
အကယ်၍ စုံစမ်းစစ်ဆေးနေစဉ်အတွင်း လူသတ်သမားကို ဒေါသထွက်စေမိ၍ ၎င်းက ချောင်ရှုံကိုသာ ပြန်လည် ပစ်မှတ်ထားခဲ့လျှင် သူ မည်သို့ ခုခံနိုင်မည်နည်း။
ချောင်ရှုံမှာ စိတ်ချလက်ချ မရှိတော့သည့်အပြင် ကြောက်ရွံ့စိတ်ပင် အနည်းငယ် ဝင်လာမိသည်။
သို့ရာတွင် ပြဿနာမှာ စုံစမ်းစစ်ဆေးမှုကို လက်လျှော့လိုက်ပါက သူ မကျေမနပ်ဖြစ်ရမည် ဖြစ်သကဲ့သို့ ချန်းရွှေဂိုဏ်း၏ သိက္ခာကိုလည်း မည်သို့ ဆယ်တင်မည်နည်း။
ချောင်ရှုံ၏ စိတ်နှလုံးမှာ အလွန်ပင် ရှုပ်ထွေးနေပြီး ယင်းခံစားချက်များမှာ သူ၏ မျက်နှာပေါ်တွင်ပင် ပေါ်လွင်နေပေသည်။
လူကဲခတ် ကျွမ်းကျင်သော ယုဟဲချန်သည် ဂိုဏ်းချုပ်ကြီး၏ စိုးရိမ်မှုကို နားလည်သဖြင့် သက်ပြင်းချကာ "အခုလောလောဆယ် ရပ်ထားကြစို့" ဟု ဆိုလိုက်သည်။
ချောင်ရှုံပင် မထိပ်တိုက်တွေ့ရဲလျှင် ခရိုင်မြို့ဝန်လေးက မည်သို့ ထိပ်တိုက်တွေ့ဝံ့မည်နည်း။
ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။
ကာယကံရှင်များ မည်သို့ပင် စိတ်ရှုပ်ထွေးနေကြပါစေ၊ ချန်းရွှေဂိုဏ်းချုပ်၏သား ချောင်ကျင်အန်းနှင့် ဂိုဏ်းသားတစ်ဒါဇင်ကျော် ဝမ်ယွင်မျှော်စင်၌ အသတ်ခံရသည့် သတင်း ပျံ့နှံ့သွားသောအခါ ချင်းအန်းခရိုင်ရှိ ဒေသခံအများအပြားမှာ တိတ်တဆိတ်ပင် ဝမ်းမြောက်နေကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ချောင်ကျင်အန်းသည် ခရိုင်အတွင်းရှိ လမ်းမများပေါ်တွင် သောင်းကျန်းနေသော ကျားဆိုးတစ်ကောင်ကဲ့သို့ တည်ရှိနေသောကြောင့်ပင်။
သူသည် ချန်းရွှေဂိုဏ်း၏ အာဏာနှင့် ရုံးတော်မှ အဆက်အသွယ်များကို အားကိုး၍ အမြဲပင် ရမ်းကားတတ်ကာ သာမန်ပြည်သူတို့အား ဒေါသထွက်သော်ငြားလည်း အသံပင် မထွက်ဝံ့အောင် နှိပ်စက်လေ့ရှိပေသည်။
ယခုအခါ ချောင်ကျင်အန်း သေဆုံးသွားခြင်းမှာ ဝဋ်လည်ခြင်းပင် ဖြစ်သည်ဟု လူအများက ပြောဆိုနေကြတော့သည်။
မတရားမှုကို မြင်တွေ့၍ ချင်းအန်းခရိုင်၏ ဘေးဆိုးသုံးပါးထဲမှ တစ်ပါးကို ကောင်းကင်ကိုယ်စား နှိမ်နင်းပေးလိုက်သော ထိုအမည်မဲ့ သူရဲကောင်းမှာ မည်သူနည်းဟုလည်း လူအများက သိလိုနေကြသည်။
အချို့ဆိုလျှင် ထိုအမည်မဲ့ သူရဲကောင်းအတွက် ဂုဏ်ပြုဆုတောင်းစာလွှာများကိုပင် တိတ်တဆိတ် ပြုလုပ်ကိုးကွယ်ကြလေသည်။
ချောင်ကျင်အန်း အသတ်ခံရမှု၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုမှာ ချင်းအန်းခရိုင်အတွင်း တစ်လ၊ နှစ်လခန့် ကြာမြင့်ခဲ့ပေသည်။
ထို့နောက်တွင်မူ လူတို့၏ မှတ်ဉာဏ်ထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
ဤကာလအတွင်း ချန်းရွှေဂိုဏ်းသားများသည် ငြိမ်သက်စွာ နေထိုင်ခဲ့ကြပြီး ဂိုဏ်းဌာနချုပ်၏ ကာကွယ်ရေးကိုသာ တင်းတင်းကျပ်ကျပ် ပြုလုပ်ထားကြရာ ခရိုင်၏ လုံခြုံရေးမှာ အတော်ပင် တိုးတက်ကောင်းမွန်လာခဲ့သည်။
စစ်မှန်သော လူသတ်သမားကိုမူ ရုံးတော်မှ သဲလွန်ရှာဖွေရန် ဆုတော်ငွေများ ထုတ်ပြန်ခဲ့သော်လည်း မည်သည့်အခါမျှ ရှာမတွေ့ခဲ့ပေ။
ထိုသူရဲကောင်းမှာလည်း လောကကြီးထဲမှ ပျောက်ကွယ်သွားသည့်အလား နောက်ထပ် မည်သည့် လှုပ်ရှားမှုမျှ မပြုတော့ပေ။
ချောင်ရှုံသည်လည်း သားဖြစ်သူ သေဆုံးမှုကို ပြင်းထန်စွာ ခံစားခဲ့ရသော်လည်း အခြေအနေကို လက်ခံလိုက်သည့်အလား နောက်ပိုင်းတွင် ချောင်ကျင်အန်းအကြောင်းကို မည်သည့်အခါမျှ ထုတ်မပြောတော့ဘဲ ဆိတ်ဆိတ်ပင် နေထိုင်သွားတော့သည်။
နှစ်သစ်ကူးကာလ နီးကပ်လာသောအခါ ခေတ္တမျှ တိတ်ဆိတ်နေသော ချင်းအန်းခရိုင်မှာ ပြန်လည်၍ စည်ကားသက်ဝင်လာပြန်သည်။
ပတ်ဝန်းကျင် ကျေးရွာများမှ လူအပေါင်းတို့သည် နှစ်သစ်ကူး အသုံးအဆောင်များ ဝယ်ယူရန် ခရိုင်မြို့သို့ ရောက်ရှိလာကြပြီး ရေလမ်း၊ ကုန်းလမ်းမှ ခရီးသွား ကုန်သည်များလည်း ရောက်ရှိလာကြရာ လမ်းမများပေါ်တွင် အရောင်းအဝယ်ပြုလုပ်သူတို့၏ အသံများဖြင့် ပြည့်နှက်နေတော့သည်။
ယင်းသို့ နှစ်သစ်ကူး မတိုင်မီတွင်ပင် ယဲ့တိုက်နှင့် လအတော်ကြာ စာပေးစာယူ ပြုလုပ်ခဲ့သော ဝမ်ချန်သည် ယဲ့မျိုးနွယ်စုမှ အမျိုးသမီးငယ်အား တရားဝင် လက်ထပ်ခွင့် တောင်းရန်အတွက် အောင်သွယ်တော်ကို စေလွှတ်လိုက်လေသည်။
၎င်းတို့နှစ်ဦး၏ အခြေအနေမှာ အတော်ပင် ဆင်တူလှပေသည်၊ ဝမ်ချန်မှာ ဆွေမျိုးသားချင်း ကင်းမဲ့သူဖြစ်ပြီး ယဲ့တိုက်တွင် ဖခင်ဖြစ်သူ ယဲ့ရှန့်မင်း ရှိသော်လည်း ခရိုင်အရာရှိ၏ ရာထူးကြောင့် တိုက်ရိုက် ပါဝင်ပတ်သက်ရန် ခက်ခဲလှသည်ဖြစ်ရာ စေ့စပ်ကြောင်းလမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို အတတ်နိုင်ဆုံး ရိုးရှင်းစွာပင် ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဖြင့် စေ့စပ်ပွဲကို တိတ်တဆိတ်ပင် ကျင်းပခဲ့ကြပြီး မင်္ဂလာရက်မြတ် ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်စားနေကြတော့သည်။
ဝမ်ချန်အတွက်မူ ဤသည်မှာ ဆန်းသစ်သော်လည်း မရှိမဖြစ်လိုအပ်သော ဘဝအတွေ့အကြုံတစ်ခုပင် ဖြစ်ပေ၏။
သူသည် သတို့သားတစ်ဦး ဖြစ်တော့မည် မဟုတ်လော။
***