“ဆရာကြီး... မြို့ထဲမှာ ဆန်စျေးတွေ ထပ်တက်ပြန်ပြီ”
မေလနှောင်းပိုင်း၏ မွန်းလွဲပိုင်းတစ်ချိန်ဝယ် ရဲယုသည် စာကြည့်ဆောင်အတွင်းသို့ ဝင်လာပြီး စာရေးကျင့်နေသော ဝမ်ချန်ကို လာရောက်ညည်းတွားလေသည်။
“အရင်က တစ်ပိဿာကို ပြားသုံးဆယ်ပဲ ရှိတဲ့ဆန်က အခု ငါးဆယ် ဖြစ်နေပြီ။ ဆန်ဆိုင်ပိုင်ရှင် ပြောပုံအရဆိုရင် နောက်ထပ်လည်း တက်ဦးမယ့်ပုံပဲ”
“ဟေ...”
ဝမ်ချန်သည် အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် လက်ထဲမှ စုတ်တံကို ချလိုက်မိသည်။ “ဒီလောက်တောင် မြန်မြန်ဆန်ဆန် တက်သွားတာလား”
ယဲ့တိုက်နှင့် လက်ထပ်ပြီးကတည်းက အိမ်တွင်းမှုကိစ္စ အဝဝကို သူကိုယ်တိုင် စီမံခန့်ခွဲခြင်း မပြုသော်ငြား ဒေသတွင်း ကုန်စျေးနှုန်း အခြေအနေကိုမူ သူ ကောင်းစွာ သတိပြုမိပေသည်။
ပုံမှန်အားဖြင့် ဆန်စျေးနှုန်းမှာ တည်ငြိမ်လှပြီး တစ်ပိဿာလျှင် ပြားနှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်တွင်သာ လှုပ်ခတ်လေ့ရှိရာ ယခုကဲ့သို့ အဆမတန် ခုန်တက်ခြင်းမျိုးမှာ အလွန်တရာ ရှားပါးလှပေသည်။
လူထု၏ စားဝတ်နေရေး တည်ငြိမ်မှုကို ထိခိုက်နိုင်သဖြင့် အစိုးရအနေဖြင့်လည်း ကုန်စည်လှောင်ဖြတ်ခြင်းနှင့် စျေးကစားခြင်းတို့ကို အမြဲမပြတ် တင်းတင်းကျပ်ကျပ် နှိပ်ကွပ်လေ့ရှိသည်။
ယခုမူ ဆန်စျေးနှုန်းမှာ ပြားသုံးဆယ်မှ ငါးဆယ်အထိ မြင့်တက်လာခြင်းဖြစ်ရာ ယင်းမှာ အလွန် ထိတ်လန့်ဖွယ်ကောင်းသော အနေအထားပင် ဖြစ်ချေသည်။
ဆန်စျေးနှင့် အခြားနှံစားသီးနှံစျေးတို့မှာ ဆက်နွှယ်နေသဖြင့် ဆန်စျေးတက်လျှင် အခြား ကောက်ပဲသီးနှံများလည်း လိုက်ပါမြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
နေ့စဉ် စားနပ်ရိက္ခာအတွက် ဆန်နှင့် နှံစားသီးနှံကိုသာ အဓိက အမှီပြုနေရသော ခရိုင်သူ ခရိုင်သားများအဖို့မူ ယခုကဲ့သို့ စျေးနှုန်း အပြောင်းအလဲမှာ အလွန်ပင် ထိရှလွယ်လှပေသည်။
ဆန်စျေးသာ ဤအတိုင်း ဆက်လက် ထိုးတက်နေပါက လူအများအပြား ငတ်ပြတ်ဘေးနှင့် ရင်ဆိုင်ရမည်မှာ အမှန်ပင် ဖြစ်တန်ရာ၏။
“ဟုတ်ပါတယ် ဆရာကြီး”
ရဲယု၏ မျက်နှာထက်တွင် စိုးရိမ်ရိပ်များဖြင့် ပြည့်နှက်နေလေသည်။ “ကျွန်မတို့ စာသင်ကျောင်းမှာလည်း နေ့စဉ် ဆန်ပိဿာ တစ်ရာကျော် ကုန်နေတာပါ။ အခုလိုသာ ဆက်တက်နေမယ်ဆိုရင်တော့...”
လွန်ခဲ့သောနှစ်က ဝမ်ချန်သည် ထုံလော်လမ်းကြားရှိ အိမ်နီးချင်း အိမ်အချို့ကို စျေးကြီးပေး၍ ဝယ်ယူခဲ့ပြီး မိမိ၏ခြံဝန်းကို မြေညှိကာ စာသင်ကျောင်းကို နှစ်ဆ၊ သုံးဆခန့် ပိုမိုကျယ်ဝန်းအောင် တိုးချဲ့ခဲ့သည်။
စာသင်ကျောင်းသစ်ကြီး ပြီးစီးသွားသောအခါ ကျောင်းသားအားလုံးအတွက် လင်းလင်းချင်းချင်းနှင့် ကျယ်ကျယ်ဝန်းဝန်း ရှိသွားရုံသာမက သာမန်အရပ်သား မိသားစုများမှ ကလေးငယ်များကိုလည်း ပိုမိုလက်ခံ သင်ကြားပေးနိုင်ခဲ့လေသည်။
ကျောင်းသားဦးရေ များပြားလာသည်နှင့်အမျှ ဝမ်ချန်သည် ဝါရင့်ပညာရှိ နှစ်ဦးကို ဆရာအဖြစ် ခန့်အပ်ခဲ့ပြီး အလုပ်သမားနှင့် စားဖိုမှူး အချို့ကိုလည်း ထပ်မံ ငှားရမ်းခဲ့ရသည်။
ယင်းကြောင့် အသုံးစရိတ်များမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ပေသည်။
ဝမ်ကျောင်းသား၏ စာသင်ကျောင်းသည် ကျောင်းသားများအတွက် နေ့လယ်စာ တစ်နပ်ကို အမြဲတမ်း ကျွေးမွေးလေ့ရှိရာ ဆန်ရိက္ခာ ကုန်ကျမှုမှာ အများဆုံး ဖြစ်ပေသည်။
ယခုကဲ့သို့ ဆန်စျေး ထိုးတက်လာခြင်းမှာ နေ့စဉ် အသုံးစရိတ်ကို အဆမတန် မြင့်တက်စေမည် ဖြစ်ရာ စီမံခန့်ခွဲသူလေး ဖြစ်သော ရဲယုအဖို့ စိတ်ပူစရာ ဖြစ်လာရခြင်းပင်။
ရဲယု ခေါ် ရှောင်ယွီမှာ ယဲ့တိုက်၏ အစေခံမလေး ဖြစ်သော်လည်း လွန်ခဲ့သော သုံးနှစ်က ဝမ်အိမ်သို့ လိုက်ပါလာခဲ့ပြီးနောက် ယခုအခါ မယားငယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နူးညံ့သိမ်မွေ့သော ယဲ့တိုက်နှင့် မတူဘဲ ရဲယုမှာမူ ထက်မြက်ပြီး စေ့စပ်သေချာသူ ဖြစ်ရာ အိမ်တွင်းမှု ကိစ္စအဝဝကို စနစ်တကျ ရှိစေရန် ကူညီပေးလေ့ရှိသည်။
ဆန်၊ ဆီ၊ ဆား၊ အစရှိသော မီးဖိုချောင်သုံးပစ္စည်းများမှအစ အရာရာကို သူမကသာ တာဝန်ယူ စီမံပေးရသူလည်း ဖြစ်ပေသည်။
“ကိစ္စမရှိပါဘူး”
ဝမ်ချန်သည် ပြုံးလျက် ရဲယု၏ တွန့်ချိုးနေသော မျက်ခုံးတန်းလေးကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်ရင်း - “တက်ပါစေကွယ်၊ ကိုယ့်မှာ ငွေမပြတ်ပါဘူး” ဟု ဆိုလိုက်သည်။
စာသင်ကျောင်း တည်ထောင်လိုက်ခြင်းကြောင့် ဝမ်ချန်မှာ နှစ်စဉ် ငွေအမြောက်အမြား အိတ်စိုက်သုံးနေရပြီး သိသာသော ဝင်ငွေလည်း မရှိချေ။
ထို့ကြောင့် လူအများက ဝမ်ချန်ကို ကျောင်းတည်ထောင်ကာ ကုသိုလ်ယူသည့် လူတော်လူကောင်းတစ်ဦးဟု ဆိုကြသော်လည်း ကွယ်ရာတွင်မူ ထိုသို့သော အကျိုးမရှိသည့် အလုပ်ကို လုပ်နေသဖြင့် ဦးနှောက်မရှိသူဟု ကဲ့ရဲ့ကြလေသည်။
ယဲ့တိုက်နှင့် လက်ထပ်ပြီးနောက်တွင်မူ ထိုသို့သော ကဲ့ရဲ့သံများမှာ ပိုမို ကျယ်လောင်လာခဲ့သည်။ အချို့က ဝမ်ချန်သည် ယဲ့တိုက်၏ အမွေအနှစ်များကို သုံးစွဲကာ ကျောင်းကို လည်ပတ်နေခြင်းသာ ဖြစ်သည်ဟု ယူဆကြပြီး မိန်းမအပေါ် မှီခိုနေသူဟု နှိမ်ချ ပြောဆိုကြလေသည်။
ရဲယုသည် နှုတ်ခမ်းကလေးကို ဆူလိုက်ရင်း စိတ်တိုတိုဖြင့် ပြောလေသည်။ “ဒါပေမဲ့ ဆရာကြီးရယ်... ဆရာကြီးမှာ ငွေရှိတယ် ဆိုပေမဲ့လည်း ဒီလိုကြီးတော့ မဖြုန်းသင့်ဘူးလေ။ ရွှေတောင်၊ ငွေတောင်ကြီးပဲ ရှိနေပါစေဦး၊ ဒီလိုသာ ဆက်လုပ်နေရင် ကုန်သွားမှာပေါ့”
သူမ၏ အမြင်တွင်မူ သူမ၏ သခင်မနှင့် ဆရာကြီးမှာ လောကအကြောင်း၊ စားဝတ်နေရေးအကြောင်းကို လုံးဝ နားမလည်ကြသူများ ဖြစ်နေကြသည်။
အကယ်၍ တစ်ဦးတည်းသာ ဖြစ်ပါက တော်သေးသော်လည်း ယခုမူ နှစ်ဦးသား စုံတွဲလျက် ထိုသို့ ဖြစ်နေကြသည်မှာ သူမအဖို့ ရင်လေးစရာပင် ဖြစ်ပေတော့သည်။
ဝမ်ချန်သည် ခပ်တိုးတိုး ရယ်မောလိုက်ရင်း ချစ်စဖွယ်ကောင်းလှသော သူ၏ မယားငယ်လေး၏ ပါးပြင်ကို အသာအယာ ဆိတ်လိုက်မိသည်။
“တော်ပြီ ဆရာကြီးနဲ့ စကားမပြောတော့ဘူး”
ဝမ်ချန်အား စည်းရုံး၍ မရမှန်း သိသဖြင့် ရဲယုက - “ကျွန်မ သခင်မကြီးဆီ သွားပြောတော့မယ်” ဟု ဆိုကာ ထွက်သွားလေသည်။
သူမသည် ဝမ်ချန် စိတ်ဆိုးမည်ကို လုံးဝ မစိုးရိမ်ပေ။ အကြောင်းမှာ သူမ၏ ဆရာကြီးသည် အလွန်ပင် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်ပြီး အစေခံများအပေါ်တွင်ပင် ကြင်နာတတ်သူ ဖြစ်သောကြောင့်ပင်။
သခင်မကြီးအပေါ်တွင်မူ ဆိုဖွယ်ရာ မရှိအောင်ပင် ကြင်နာယုယသူ မဟုတ်လော။
မိမိအနေဖြင့် သခင်မကြီးနှင့်အတူ ဝမ်ချန်ကဲ့သို့သော လူမျိုးနှင့် လက်ထပ်ခွင့်ရခြင်းမှာ အတိတ်ဘဝက ကုသိုလ်ထူးခဲ့၍သာ ဖြစ်မည်ဟု ရဲယု အမြဲတမ်း တွေးတောမိလေ့ရှိသည်။
ထို့နောက် သူမသည် ယဲ့တိုက်ထံသို့ တိုင်တန်းရန် အပြေးကလေး ထွက်သွားလေတော့သည်။
ဝမ်ချန်သည် ပြုံးလျက် စက္ကူနှင့် စုတ်တံတို့ကို သိမ်းဆည်းလိုက်ပြီး ပြတင်းပေါက် နံဘေးသို့ လျှောက်သွားလိုက်သည်။
လတ်တလောတွင် ရာသီဥတုမှာ အလွန်ပင် ပူပြင်းလှပြီး မွန်းလွဲပိုင်းတွင် နေရှိန်က ပြင်းထန်ဆဲ ဖြစ်သည်။ အပြင်ဘက်ရှိ သစ်ပင်ကြီးပေါ်တွင် ပုစဉ်းရင်ကွဲ အချို့မှာ ရေငတ်နေဟန်ဖြင့် အားနည်းသော အသံများဖြင့် မြည်တမ်းနေကြလေသည်။
မိုးမရွာတာ ဘယ်လောက်တောင် ကြာသွားပြီလဲ...။
ဝမ်ချန်သည် မိမိ သတိမထားမိခဲ့သော ကိစ္စတစ်ခုကို ရုတ်တရက် တွေးတောမိသွားသည်။ သေချာ ပြန်စဉ်းစားကြည့်လျှင် နွေဦးပေါက်ကတည်းက မိုးအနည်းငယ်သာ ရွာသွန်းခဲ့ပြီး ယင်းမှာလည်း ဖွဲဖွဲလေးသာ ဖြစ်သဖြင့် မြေကြီးပင် မစိုခဲ့ချေ။
မြို့ထဲတွင် ဆန်စျေးနှုန်းများ အဆမတန် တက်နေခြင်းနှင့် ဆက်စပ်ကြည့်လိုက်သောအခါ ဝမ်ချန်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေသည်။
“မောင်...”
ဝမ်ချန် တွေးတောနေစဉ်မှာပင် ယဲ့တိုက်သည် စာကြည့်ဆောင်အတွင်းသို့ ဝင်လာလေသည်။ ဝမ်ချန်သည် လှည့်၍ ဇနီးသည်ကို ဖက်လိုက်ရင်း ပြုံးလျက် - “ရဲယုလေးက မင်းကို တကယ်ပဲ လာတိုင်တာလား” ဟု မေးလိုက်သည်။
လက်ထပ်ခဲ့သည်မှာ သုံးနှစ်ပင် ရှိခဲ့ပြီ ဖြစ်သော်လည်း ခင်ပွန်းသည်၏ ယခုကဲ့သို့ ရင်းနှီးသော အမူအရာကြောင့် ယဲ့တိုက်၏ ပါးပြင်လေးများမှာ နီမြန်းသွားရဆဲ ဖြစ်သည်။
သူမက ဝမ်ချန်ကို မျက်စောင်းလေး ထိုးလိုက်ရင်း - “ရဲယုက မောင်ကို စိတ်ပူလို့ပါ” ဟု ပြန်ပြောလေသည်။
ဝမ်ချန်သည် ခေါင်းငုံ့ကာ ရင်ခွင်ထဲရှိ အလှပဂေးလေးကို အသာအယာ နမ်းရှိုက်လိုက်ရင်း - “မပူပါနဲ့ကွယ်၊ အရာအားလုံးကို ကိုယ် စီစဉ်ထားပြီးသားပါ” ဟု ဆိုလိုက်သည်။
လွန်ခဲ့သော သုံးနှစ်နှင့် နှိုင်းယှဉ်လျှင် ယဲ့တိုက်မှာ အနည်းငယ် ပြည့်ဖြိုးလာပြီး ပို၍လည်း လှပလာကာ ရင့်ကျက်သည့် အလှတရားများ ကိန်းအောင်းနေပြီ ဖြစ်သည်။
ခင်ပွန်းသည်၏ ကျီစယ်မှုကြောင့် ယဲ့တိုက်မှာ သူမ၏ လက်သီးဆုပ်လေးများဖြင့် ခပ်ဖွဖွ ပြန်လည် ထုနှက်လိုက်ပြီးနောက် - “မောင်... ကျွန်မရဲ့ အမွေအနှစ်တွေကို တစ်ခါမှ မထိရသေးဘူးနော်။ အကယ်၍ မောင် လိုအပ်မယ်ဆိုရင်...”
သူမသည် ဝမ်ချန်နှင့် လက်ထပ်စဉ်က အမွေအနှစ် အမြောက်အမြား ပါလာခဲ့သည်။ မြို့အရှေ့ပိုင်းရှိ အိမ်ခြံမြေများအပြင် ဆိုင်ခန်းတစ်ခန်းနှင့် ရွှေ၊ ငွေ၊ ရတနာ အဆင်တန်ဆာ အချို့လည်း ပါဝင်ပေသည်။
ယင်းတို့အနက် အချို့မှာ သူမ၏ မိခင်ဖြစ်သူ ချန်ထားရစ်ခဲ့ခြင်း ဖြစ်ပြီး အချို့မှာမူ သူမ၏ ဖခင်ဖြစ်သူ ယဲ့ရှန့်မင်းက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဆိုင်ခန်းမှ ရရှိသော နှစ်စဉ် အခကြေးငွေမှာလည်း မနည်းလှပေ။ ထို့ကြောင့် ယဲ့တိုက်ကို သူဌေးမလေးတစ်ဦးဟုပင် ဆိုနိုင်ပေသည်။
သို့သော် ဝမ်ချန်သည် သူမထံမှ ငွေတစ်ပြားတစ်ချပ်မျှ မချေးငှားခဲ့သည့်အပြင် အိမ်အသုံးစရိတ်များကိုလည်း လစဉ် ပုံမှန် ပေးကမ်းလေ့ရှိသည်။
ယဲ့တိုက်က တစ်ခါတစ်ရံ မေးမြန်းသည့်အခါတွင်လည်း ဝမ်ချန်က မိမိတွင် ငွေကြေးအလုံအလောက် ပါလာသဖြင့် သူမ စိတ်ပူစရာ မလိုကြောင်းသာ ပြောလေ့ရှိသည်။
သို့သော်လည်း ယဲ့တိုက်အဖို့မူ မည်သို့လျှင် အေးအေးဆေးဆေး နေနိုင်ပါမည်နည်း။
“တကယ် မလိုပါဘူးကွယ်”
ဝမ်ချန်သည် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားပြီး ဇနီးသည်၏ စကားကို ဖြတ်ပြောလိုက်သည်။
“မောင်ကို ယုံလိုက်စမ်းပါ။ မင်းရဲ့ ခင်ပွန်းက တကယ်ကို စွမ်းတဲ့သူပါ”
ချင်းအန်းခရိုင်သို့ သူ စတင်ရောက်ရှိချိန်တွင် ငွေကြေး အလုံအလောက် မရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ထုံလော်လမ်းကြားရှိ အိမ်များကို ဝယ်ယူပြီးနောက်တွင်လည်း ငွေကြေး အနည်းငယ် ပြတ်လပ်ခဲ့ဖူးသည်။ သို့သော်လည်း ထိုသို့သော ပြဿနာမှာ ဝမ်ချန်အတွက် ခက်ခဲလှသည်တော့ မဟုတ်ချေ။
လွန်ခဲ့သော နှစ်နှစ်ခန့်က ချန်းရွှေဂိုဏ်း၏ ဌာနချုပ်ကြီး အတိုက်ခိုက်ခံခဲ့ရပြီး ဂိုဏ်းခေါင်းဆောင် ချောင်ရှုံနှင့် သူ၏ လက်ရုံးအချို့မှာ ချင်းလုံခန်းမဆောင်အတွင်း ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
သူတို့၏ ဂိုဏ်းအတွင်းရှိ လျှို့ဝှက်ဘဏ္ဍာတိုက်မှာလည်း ပြောင်သလင်းခါအောင် ဖောက်ထွင်းခံခဲ့ရပြီး ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော အမှုကြီး တစ်ခုဖြစ်နေဆဲ ဖြစ်သည်။
ထိုသို့သော ကြီးကျယ်လှသည့် လုယက်မှုကို ပြုလုပ်ခဲ့သူမှာ ထုံလော်လမ်းကြားတွင် စာသင်ပြနေသော ဝမ်ကျောင်းသား ဖြစ်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထိုတစ်ကြိမ်တည်းဖြင့်ပင် ဝမ်ချန်သည် အနည်းဆုံး ငွေဒင်္ဂါး တစ်သောင်းကျော် ရရှိခဲ့ရာ ငွေကြေးကိစ္စမှာ သူ့အတွက် စိုးရိမ်စရာ လုံးဝ မရှိတော့ပေ။
သို့သော်လည်း မလိုအပ်သော ပြဿနာများ မတက်စေရန် ဝမ်ချန်သည် မိမိ၏ ကြွယ်ဝမှုကို ထုတ်ဖော်ပြသလေ့ မရှိချေ။
သူသည် နောက်ပြောင်သော အပြုံးဖြင့် ယဲ့တိုက်ကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ရင်း - “ကဲ... အခု မင်းရဲ့ ခင်ပွန်းက ဘယ်လောက်တောင် စွမ်းသလဲဆိုတာ ပြရတာပေါ့” ဟု ဆိုလိုက်သည်။
ယဲ့တိုက်မှာ လန့်သွားရသလို ရှက်လည်းရှက်၊ စိုးလည်းစိုးရိမ်ဖြစ်သွားကာ - “နေခင်းကြောင်တောင်ကြီးကို ရှင်ကတော့...” ဟု ပြောလိုက်သော်လည်း သူမ၏ ကန့်ကွက်သံမှာ အရာမထင်ခဲ့ပေ။
"ဝမ်ချန်သည် ဇနီးသည်အပေါ်ထားရှိသော မေတ္တာရိပ်တို့ဖြင့် သူမကို အိပ်ခန်းအတွင်းသို့ ပွေ့ချီသွားကာ နှစ်ဦးသား ကြည်နူးချမ်းမြေ့စွာဖြင့် အချိန်ကုန်ဆုံးခဲ့ကြလေတော့သတည်း။"
***