"အောက်တန်းစား ရိုင်းစိုင်းတဲ့ လူပြိန်းတွေ"
ဝမ်ချန်က ဒုတိယမြောက် လူမိုက်ခေါင်းကို ဖြတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်တစ်စုသည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
ယင်းတို့သည် ယဲ့တိုက်တို့အဖွဲ့ကို ဝိုင်းရံထားသော ဒုက္ခသည်များကို စတင်သတ်ဖြတ်ကြရာ ခဏချင်းအတွင်းမှာပင် လူတစ်ဒါဇင်ကျော်မျှ အသက်ပျောက်သွားကြရလေသည်။
ယဲ့တိုက်ဟူသည်မှာ ယဲ့ရှန့်မင်း၏ သမီးတော် ဖြစ်ပေသည်။ မယားငယ်မှ မွေးဖွားလာသူ ဖြစ်လင့်ကစား ခရိုင်ဝန်မင်းက သူမအပေါ် မည်မျှအလိုလိုက် အချစ်ပိုသည်ကို ချင်းအန်းမြို့ရှိ လူအပေါင်းက အသိပင် ဖြစ်ကြ၏။
ထို့ပြင် မြို့ပြင်တွင် စနစ်တကျ ကင်းလှည့်စောင့်ကြပ်နေသော စစ်သည်အားလုံးသည်လည်း ယဲ့ရှန့်မင်း၏ လက်အောက်ခံများသာ ဖြစ်ပေရာ ဒုက္ခသည်များ ဝိုင်းအုံလာသည်နှင့် ယင်းစစ်သည်တို့မှာ နိုးနိုးကြားကြားရှိလှပြီး ချက်ချင်းပင် တုံ့ပြန်ဆောင်ရွက်ကြခြင်း ဖြစ်သည်။
၎င်းတို့သည် ဝမ်ချန်ထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်ကြသေး၏။ ဒူးထောက်အသနားခံနေသူများကိုပင် မညှာမတာ သတ်ဖြတ်ကာ ပြတ်ကျနေသော ဦးခေါင်းများနှင့် စီးဆင်းနေသော သွေးစက်များဖြင့် ကျန်ရှိသည့် ဒုက္ခသည်များကို သတိပေးလိုက်ခြင်းပင် ဖြစ်ချေသည်။
စစ်သည်တို့သည် လူသတ်ရသည်ကို ဝါသနာပါလှသည်တော့ မဟုတ်ပေ။ သို့သော်လည်း ဤသို့သော ရက်စက်သည့် နည်းလမ်းဖြင့် 'ကြက်ကိုသတ်၍ မျောက်ကို ပြ' မလုပ်ခဲ့ပါက သောင်းနှင့်ချီသော ဒုက္ခသည်များကို ထိန်းချုပ်နိုင်မည် မဟုတ်ဘဲ ပုန်ကန်မှုတစ်ရပ် ဖြစ်ပွားခဲ့လျှင် အကျိုးဆက်မှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
ဤသို့ဖြင့် သေးငယ်သော ရုန်းရင်းဆန်ခတ်မှုလေးမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။
"ပြန်ကြစို့"
ဝမ်ချန်သည် သူ၏ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ရင်း ဇနီးသည်များဘက်သို့ လှည့်၍ "နောက်နောင် ဒုက္ခသည်တွေကို ကူညီတဲ့ကိစ္စတွေကို တခြားသူတွေကိုပဲ လွှဲပေးလိုက်တော့" ဟု အသံတိုးတိုးဖြင့် ဆိုလိုက်လေသည်။
ယဲ့တိုက်မှာ မျက်နှာလေး ဖြူလျော်လျက် ခေါင်းညိတ်ရှာသည်။ သူမသည် နန်းတွင်းသူလေးကဲ့သို့ အေးချမ်းစွာ နေထိုင်လာခဲ့သူ ဖြစ်ရာ လောကကြီး၏ ရက်စက်မှုကို မသိနားမလည်ခဲ့ပေ။
ယနေ့တွင်မူ သူမအတွက် အလွန်ခါးသီးသော သင်ခန်းစာတစ်ခုကို ရရှိသွားခဲ့ပြီ ဖြစ်ပေရာ သူမ၏ လောကအမြင်မှာလည်း ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရလေသည်။
ဝမ်ချန်နှင့် ဇနီးသည်များ အိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ယောက္ခမကြီး ဖြစ်သူ ယဲ့ရှန့်မင်း ရောက်ရှိလာတော့သည်။
ခရိုင်ဝန်မင်းသည် သတင်းကြားသည်နှင့် အခြေအနေကို လာရောက်မေးမြန်းပြီးနောက် ယဲ့တိုက်ကို ပြင်းပြင်းထန်ထန်ပင် ကြိမ်းမောင်းလေတော့သည်။
ယဲ့တိုက်မှာ ငိုရှာသည်အထိ အဆူခံလိုက်ရ၏။
ယဲ့ရှန့်မင်းသည် ဝမ်ချန်ကိုလည်း "မင်းကလည်း သူ့ကို အလိုလိုက်လွန်းတယ်၊ ဖြစ်ချင်တာ အကုန်လုပ်ခွင့် ပေးထားတယ်" ဟု အပြစ်တင်စကား ဆိုလေသည်။
ဝမ်ချန်ကလည်း "ကျွန်တော်မျိုး နားလည်ပါပြီ " ဟု ကူကယ်ရာမဲ့စွာ ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဒါ ကျွန်မအမျိုးသား အပြစ်မဟုတ်ပါဘူး၊ ကျွန်မအမှားတွေပါ" ဟု ယဲ့တိုက်က မျက်ရည်များကို အလျင်အမြန် သုတ်ရင်း ဝမ်ချန်ဘက်မှ ကာကွယ်ပြောဆိုရှာသည်။
"နင်... နင်ကတော့လေ"
အမှန်စင်စစ်တွင် ယဲ့ရှန့်မင်းသည် သမီးဖြစ်သူကို အလွန်ပင် ချစ်မြတ်နိုးသူ ဖြစ်ပေသည်။ သူသည် လက်ကို ကူကယ်ရာမဲ့စွာ ဝှေ့ယမ်းလိုက်ပြီး "သွား... ကိုယ့်အမှားကိုယ် ပြန်ဆင်ခြင်နေတော့။ ငါ ဝမ်ချန်နဲ့ ဆွေးနွေးစရာ ရှိတယ်။ ဒီည ဒီမှာပဲ ညစာ စားခဲ့မယ်" ဟု ဆိုလိုက်လေသည်။
ယဲ့တိုက် ထွက်သွားပြီးနောက် ယဲ့ရှန့်မင်းသည် ဝမ်ချန်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် "အခု အခြေအနေက တော်တော်လေး ဆိုးနေပြီ..." ဟု စတင်ပြောဆိုတော့သည်။
ပထမအချက်မှာ ချင်းအန်းခရိုင်သည် အထက် စီရင်စုမြို့တော်ထံ အကူအညီ တောင်းခံခဲ့သော်လည်း စီရင်စုမြို့တော်က သူတို့ကိုယ်တိုင် မတတ်နိုင်ကြောင်း ပြောဆိုလာခြင်းပင် ဖြစ်သည်။
ကူညီကယ်ဆယ်ရေး ဆန်စပါး တစ်စေ့တစ်ဆံမျှ မပေးနိုင်ရုံသာမက စီရင်စုမြို့တော်အတွက် အထောက်အပံ့ပေးရန် အစိုးရ ကျီထဲမှ ဆန်များကိုပင် ပို့ပေးရန် တောင်းဆိုလာခဲ့သေးသည်။
အကြောင်းမှာ ချန်ယိစီရင်စုရှိ ခရိုင် (၇) ခုလုံးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်နေပြီး အချို့ခရိုင်များတွင် မိုးခေါင်ရေရှားမှုမှာ အလွန်ပင် ပြင်းထန်နေသောကြောင့် ဖြစ်ပေရာ ချင်းအန်းခရိုင်၏ အခြေအနေမှာ ယင်းတို့နှင့် ယှဉ်လျှင် တော်သေးသည်ဟု ဆိုရမည် ဖြစ်သည်။
လက်ရှိတွင် စီရင်စုမြို့တော်၏ ပြင်ပ၌ သောင်းနှင့်ချီသော ဒုက္ခသည်များ စုဝေးနေကြပြီး အရေအတွက်မှာလည်း တရိပ်ရိပ် တိုးပွားနေလေသည်။ မြို့တွင်း၌ ဆန်စျေးနှုန်းမှာ တစ်ပေါင်လျှင် ကြေးနီပြား နှစ်ဆယ်အထိ မြင့်တက်နေပြီး ဆန်ဆိုင်များ လုယက်ခံရမှုများပင် ရှိနေ၏။
အစိုးရ ကျီထဲရှိ ရိက္ခာမှာလည်း အလွန်ဆုံး နှစ်လ၊ သုံးလစာမျှသာ ရှိတော့သည်။ အကယ်၍ ထိုအချိန်အတွင်း ဆန်အသစ်များ ရောက်မလာပါက အကျိုးဆက်မှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
ထိုသို့သော ဘေးဒုက္ခများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဆိုက်ရောက်လာတော့သည်။ မိုးခေါင်မှု အဆိုးရွားဆုံး ခံစားနေရသော စန်းထိုက်ခရိုင်ရှိ ဒုက္ခသည်များမှာ ခရိုင်မြို့တော်ကိုပင် သိမ်းပိုက်လုနီးပါး ဖြစ်နေချေပြီ။
"စန်းထိုက်မှာ မိုးခေါင်နတ်ဆိုး ပေါ်နေပြီ ထင်တယ်"
ယဲ့ရှန့်မင်း၏ မျက်နှာမှာ အလွန်ပင် အိုစာသွား၏။ "မိုးခေါင်နတ်ဆိုး ပေါ်လာပြီဆိုရင် မိုင်ပေါင်း တစ်ထောင်အတွင်းက မြေအားလုံးဟာ ဖုန်တသောသော ဖြစ်သွားတော့တာပဲ။ ငါတို့ ချင်းအန်းခရိုင်လည်း ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ဘူး"
လောကီလောကတွင် မိုးခေါင်နတ်ဆိုးဟူသည်မှာ အကြောက်ရဆုံးသော ဘေးအန္တရာယ်များထဲမှ တစ်ခုပင် ဖြစ်သည်။
မိုးခေါင်နတ်ဆိုးသည် သဘာဝဘေးအန္တရာယ်များနှင့်အတူ ပေါ်ထွက်လာလေ့ရှိပြီး မြစ်ချောင်းများကို ခန်းခြောက်စေကာ မြက်တစ်ပင်ပင် မပေါက်နိုင်အောင် မြေဆီလွှာများကို ပျက်စီးစေပြီး တောမီးများကိုလည်း ဖြစ်ပေါ်စေတတ်၏။
အစွမ်းထက်သော မိုးခေါင်နတ်ဆိုးတစ်ကောင်သည် စီရင်စုတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။
ထိုနတ်ဆိုးကို နှိမ်နင်းရန်အတွက် ချန်ယိစီရင်စုသည် ကိုယ်ခံပညာရှင်များနှင့် ထူးချွန်သော စစ်သည်များကို စုစည်းထားပြီး ဖြစ်သည့်အပြင် ဗဟိုတောင်ဘုရားကျောင်းမှ မှော်ဆရာကိုလည်း အကူအညီ တောင်းခံထားပြီး ဖြစ်လေသည်။
သို့သော်လည်း ဤသို့သော ဘေးဆိုးကို နှိမ်နင်းရန်မှာ မလွယ်ကူလှပေ။ ယင်းကို ဖြေရှင်းနိုင်ရန်အတွက် လူပေါင်းမည်မျှ သေကြေပျက်စီးရဦးမည်ကို မည်သူမျှ မသိနိုင်ချေ။
သို့သော် ယင်းက အဆိုးဆုံး ပြဿနာ မဟုတ်သေးပေ။ အကြီးမားဆုံး ပြဿနာမှာ နန်လီနိုင်ငံတော်၏ နန်းတွင်းရေးပင် ဖြစ်သည်။
လွန်ခဲ့သော ခြောက်လခန့်က နန်လီဘုရင်ကြီး ပြင်းထန်စွာ နာမကျန်းဖြစ်ချိန်မှစ၍ သားတော်များအကြား အာဏာလုပွဲများမှာ ပိုမိုပြင်းထန်လာခဲ့ရာ နိုင်ငံ၏ အင်အားကို များစွာ ယုတ်လျော့စေခဲ့လေသည်။
ဤအကြောင်းအရာအားလုံး ပေါင်းစပ်လိုက်သောအခါ တိုင်းပြည် ပျက်စီးတော့မည့် လက္ခဏာများ၊ ဖရိုဖရဲ ဖြစ်တော့မည့် အချိန်များ ရောက်ရှိလာပြီဟု ခံစားရစေသည်။
အကယ်၍ ကောင်းကင်ကြီးသာ ပြိုကျလာခဲ့လျှင် ချင်းအန်းခရိုင်တွင် အမြဲတစေ ဩဇာကြီးမားခဲ့သော ယဲ့ရှန့်မင်းပင်လျှင် သူ၏ မိသားစု ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်မည် မဟုတ်ပေ။
"ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပဲ။ ငါတို့ နှစ်ယောက်စလုံး နောက်ဆုတ်ဖို့ လမ်းတစ်ခုကို ကြိုရှာထားရမယ်" ဟု ခရိုင်ဝန်မင်းက ဝမ်ချန်ကို နောက်ဆုံးအနေဖြင့် မှာကြားလိုက်လေသည်။
ယဲ့ရှန့်မင်း၏ စိုးရိမ်ပူပန်မှုများမှာ အလကား မဟုတ်ခဲ့ပေ။ တစ်လမပြည့်မီမှာပင် ချန်ယိစီရင်စု၏ အခြေအနေမှာ အလွန်အမင်း ဆိုးရွားသွားတော့သည်။
စန်းထိုက်ခရိုင်ရှိ မျှော်လင့်ချက်မဲ့နေသော ဒုက္ခသည်များသည် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ကြရာ နောက်ဆုံးတွင် ခရိုင်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
၎င်းတို့သည် မြို့တွင်းရှိ သူဌေးသူကြွယ်များကို လုယက်ကြပြီး မှူးမတ်မျိုးနွယ်များကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြကာ မြို့သူမြို့သားများကို စည်းရုံး၍ 'ဓားပြစစ်တပ်' တစ်ခုကို ဖွဲ့စည်းလိုက်ကြတော့သည်။
ထိုသတင်းသည် ချန်ယိစီရင်စု တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေ၏။ ဓားပြတပ်ဖွဲ့မှာ နှင်းလုံးလိမ့်သကဲ့သို့ တဟုန်ထိုး ကြီးထွားလာပြီး ကျိုင်းကောင်များကဲ့သို့ စီရင်စုတစ်ခုလုံးကို ဝါးမြိုဖျက်ဆီးလာရာ အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိလာခဲ့သည်။
ဤကြီးမားသော ဓားပြစစ်တပ်သည် ခိုင်ခံ့သော စီရင်စုမြို့တော်ကို မတိုက်ခိုက်ဘဲ မြစ်ကြောင်းအတိုင်း ဆင်းလာပြီး ဒုက္ခသည်များကို စုစည်းကာ ဒေသတွင်း ခရိုင်မြို့များကို တိုက်ခိုက်လာခဲ့လေသည်။
တစ်လကျော်အတွင်းမှာပင် ချင်းရွှေမြစ် အထက်ပိုင်းရှိ ယုံဖိန်ခရိုင်မြို့တော်မှာ ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ယုံဖိန်ခရိုင်သည် ချင်းအန်းခရိုင်နှင့် ကပ်လျက် ရှိနေသည် ဖြစ်ရာ ၎င်းကျဆုံးသွားခြင်းမှာ ချင်းအန်းခရိုင်သည် ဓားပြစစ်တပ်၏ တိုက်စစ်ကို တိုက်ရိုက် ရင်ဆိုင်ရတော့မည်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။
ထိုသတင်းကြောင့် မြို့တွင်းရှိ သူဌေးသူကြွယ်များနှင့် ကုန်သည်များမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ အများစုမှာ မိသားစုလိုက် မြို့ကိုစွန့်ခွာ၍ ဘေးအန္တရာယ် ကင်းဝေးရာ တောင်ဘက်သို့ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်ကြတော့သည်။
တစ်ချိန်တည်းမှာပင် ကျေးလက်တောရွာများမှ လူအများအပြား မြို့တွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြရာ မြို့၏ လုံခြုံရေးမှာလည်း ဆိုးရွားလာခဲ့လေသည်။
ယဲ့ရှန့်မင်းသည် စစ်သည်များနှင့်အတူ နေ့စဉ် လမ်းမများပေါ်တွင် ကင်းလှည့်နေရပြီး ပြဿနာရှာသူများကိုလည်း အစုလိုက်အပြုံလိုက် ကွပ်မျက်နေရသည်။
ဇူလိုင်လ အစောပိုင်းတွင် မြို့တွင်း၌ လူဦးရေ ပြည့်နှက်လွန်းလှသဖြင့် မြို့တံခါးများကို လုံးဝ ပိတ်လိုက်ရတော့သည်။ အကြောင်းမှာ ဓားပြစစ်တပ် ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။
ဝူးးးး...
တောရိုင်းမြေပြင်ထက်တွင် ခရုသင်းမှုတ်သံကဲ့သို့သော ဟိန်းသံကြီး ထွက်ပေါ်လာပြီးနောက် ဓားပြအုပ်ကြီးသည် ချင်းအန်းမြို့ဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ ချဉ်းကပ်လာတော့သည်။
သောင်းနှင့်ချီသော ဓားပြများမှာ အဆုံးမရှိသယောင်ပင်။ အနည်းဆုံး ငါးသောင်း၊ ခြောက်သောင်းခန့် ရှိမည့် ထိုလူအုပ်ကြီးမှာ ချင်းအန်းမြို့ကို ဝိုင်းရံထားကြရာ ကြည့်လိုက်လျှင်ပင် ဦးရေပြားများ ထုံကျင်သွားလောက်အောင်ပင် ဆိုးရွားလှပေသည်။
ချင်းအန်းမြို့တွင်းရှိ လူဦးရေမှာ ယင်းတို့၏ တစ်ဝက်မျှပင် မရှိဘဲ ယဲ့ရှန့်မင်းတွင်ရှိသော စစ်သည်အရေအတွက်မှာလည်း သုံးရာခန့်သာ ရှိပေသည်။
အစိုးရ လက်အောက်ခံ မင်းချင်းများနှင့် အစေခံများကို ပေါင်းလျှင်ပင် လက်နက်ကိုင် အင်အားမှာ ငါးရာထက် မပိုချေ။ ယခုမူ ၎င်းတို့သည် မိမိတို့ထက် အဆတစ်ရာမက များပြားသော ရန်သူကို ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။
ဤသို့သော အခြေအနေတွင် မြို့ဝန်မင်း ယူဟဲချန်းနှင့် ခရိုင်ဝန်မင်း ယဲ့ရှန့်မင်းတို့သည် အရင်ကနှင့်မတူဘဲ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြတော့သည်။
၎င်းတို့သည် မြို့တွင်းရှိ သူဌေးကြီးများ၏ အစေခံများကို စစ်ထဲဝင်ရန် အတင်းအဓမ္မ စုဆောင်းကြသည့်အပြင် ဒေသတွင်း ဂိုဏ်းဝင်များကိုလည်း စုစည်းကာ လက်နက်များ ထုတ်ပေး၍ စစ်သည်များအဖြစ် အသုံးပြုကြသည်။
ထို့ပြင် သန်မာသော အမျိုးသားများကိုလည်း ယာယီ စုဆောင်းခဲ့ရာ နောက်ဆုံးတွင် ခုခံရေးအင်အား သုံးထောင်ငါးရာခန့် ရရှိခဲ့လေသည်။
အမှန်စင်စစ်တွင် အခြေအနေ အမှန်တကယ် ဆိုးရွားလာပါက မြို့တွင်းရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များပင်လျှင် မြို့ရိုးပေါ်သို့ တက်၍ အသက်လု တိုက်ခိုက်ကြရပေမည်။
သို့မဟုတ်ပါက ၎င်းတို့အားလုံးသည် ပျက်စီးခြင်းနှင့် သတ်ဖြတ်ခြင်းကိုသာ ရင်ဆိုင်ကြရမည် ဖြစ်ပေသည်။ ဤဓားပြများ၏ ရက်စက်ကြမ်းကြုတ်မှုမှာ သာမန်လူတို့ စိတ်ကူးကြည့်နိုင်သည်ထက်ပင် ပိုမိုဆိုးရွားလှပေတော့သည်။
***