ဤကား ‘ချင်းအန်း’ ခရိုင်မြို့တော်၏ မြို့ရိုးထက်ဝယ် ပဲ့တင်ထပ်လျက်ရှိသော တိုက်ပွဲဆီမှ ဟိန်းဟောက်သံများ၊ အော်ဟစ်ငိုကြွေးသံများနှင့် လက်နက်ချင်း ထိခတ်မိသံများ ဖြစ်ပေတော့သည်။
လူသားတို့၏ အသားစိုင်ကို ဓားသွားတို့က ခုတ်ဖြတ်လိုက်သည့် တဖျပ်ဖျပ်အသံတို့မှာ လူတိုင်း၏ နားစည်ကို တုန်ခါစေလျက် ရှိချေသည်။
မြို့ရိုးကို အတင်းအဓမ္မ စီးနင်းရန် ကြိုးပမ်းနေကြသော လူဆိုးသောင်းကျန်းသူများဖြစ်စေ၊ မြို့ကို ကာကွယ်နေကြသည့် စစ်သည်တော်များဖြစ်စေ အားလုံးမှာ သွေးရူးသွေးတန်း တိုက်ခိုက်နေကြသည့် သတ်ဖြတ်ကွင်းအတွင်းဝယ် နစ်မြုပ်နေကြရရှာသည်။
ထိုစဉ် . . . ‘ဗုန်း . . . ဗုန်း’ ဟူသော တုံးအအမြည်သံများနှင့်အတူ ဓားပြအချို့မှာ လေဟုန်စီးနေသည့် စွန်ပြတ်များပမာ လွင့်စင်ထွက်သွားကြပြီး ပါးစပ်မှလည်း သွေးများ ပန်းထွက်လာကြလေသည်။
ယင်းတို့ကို ရိုက်နှက်လွှင့်ထုတ်လိုက်သူမှာကား ‘ချင်းအန်း’ ခရိုင်ဝန် ‘ယဲ့ရှန့်မင်း’ ပင် ဖြစ်ပေသည်။ သူသည် ကလေးငယ်တစ်ဦး၏ လက်မောင်းခန့် တုတ်ခိုင်သော ‘ခန်လုံ’ တုတ်ကောက်ရှည်ကို ကိုင်စွဲထားပြီး ကိုယ်ပေါ်တွင်လည်း ရန်သူ့သွေး၊ မိမိသွေး ခွဲခြားမရနိုင်လောက်အောင် နီရဲနေချေပြီ။
ထိုခိုက် လျင်မြန်သော အရိပ်တစ်ခုသည် ‘ယဲ့ရှန့်မင်း’ ၏ နောက်ကျောဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး လက်ထဲရှိ မြှောင်ဓားဖြင့် သူ၏ အားနည်းချက်ဖြစ်သော ခါးအောက်ပိုင်းကို လျှပ်စစ်ပမာ ထိုးစိုက်ရန် ပြင်လိုက်လေသည်။
ရက်ရှည်တိုက်ပွဲကြောင့် ‘ယဲ့ရှန့်မင်း’ မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အစွမ်းကုန် နွမ်းလျနေရကား သူ၏ တုံ့ပြန်မှုများမှာလည်း နှေးကွေးနေခဲ့ရပေရာ အန္တရာယ်ကို သိရှိချိန်တွင် ရှောင်တိမ်းရန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။
အရေးကြီးသော အချိန်တွင်ကား မြားတစ်စင်းသည် လေထုကို ဖြတ်သန်းလာပြီး တိုက်ခိုက်သူ၏ ညာဘက်မျက်လုံးကို ဖောက်ထွက်သွားလေသည်။
ယင်းမြားက ဦးခေါင်းခွံကိုပါ တပါတည်း ထိုးဖောက်သွားခြင်းပင်။
သေဘေးမှ သီသီလေး လွတ်မြောက်သွားသော ‘ယဲ့ရှန့်မင်း’ မှာ လှည့်ကြည့်လိုက်ရာ မိမိကို ကယ်တင်လိုက်သူမှာ ‘ဝမ်ချန်’ ဖြစ်ကြောင်း မြင်သဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
သူသည် ကျေးဇူးတင်စကားပင် မဆိုနိုင်တော့ဘဲ ထိုမြင်ကွင်းတို့အပေါ် ထုံထိုင်းနေခဲ့ချေပြီ။
သောင်းကျန်းသူတပ်မတော်၏ ‘ချင်းအန်း’ ခရိုင်ကို ဝိုင်းရံတိုက်ခိုက်မှုမှာ ငါးရက်တိုင်တိုင် ရှိခဲ့လေပြီ။
ဓားပြများမှာ လှိုင်းတံပိုးများပမာ မြို့ရိုးကို မနားတမ်း တိုက်ခိုက်နေကြသည်မှာ ကုန်ဆုံးနိုင်ဖွယ် မရှိတော့သကဲ့သို့ပင်။
မြို့ရိုးအောက်တွင်ကား အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေချေပြီ။
ပြင်းထန်လှသော အပူရှိန်ကြောင့် အလောင်းများ ပုပ်ပွလာခြင်း၊ မြို့စောင့်တပ်က မစင်ရည်ပူများကို လောင်းချခြင်းတို့ကြောင့် ရရှိလာသော အနံ့အသက်မှာ အလွန်ပင် ဆိုးဝါးလှပေသည်။
နေပူကျဲကျဲအောက်တွင် မြို့ကို ချဉ်းကပ်လာသော ဓားပြအများအပြားမှာ ထိုအနံအသက်ကြောင့် အော့အန်လျက် ရှိကြကုန်၏။
ယင်းမှာ ‘ချင်းအန်း’ ခရိုင်၏ ခုခံစစ်ကို ဓားပြတို့၏ အလောင်းများကပင် ပိုမိုခိုင်မာစေသကဲ့သို့ ဖြစ်နေရကား ငရဲဘုံမှ ပြက်လုံးတစ်ခုနှယ်ပင် ရှိချေတော့သည်။
သို့သော်ငြားလည်း မြို့သူမြို့သားတို့မှာ ကြီးမားသော ပေးဆပ်မှုများကို ပြုခဲ့ရပြီး စစ်သည်တော် နှစ်ထောင်နီးပါး အသက်ဆုံးရှုံးခဲ့ရချေပြီ။
သောင်းကျန်းသူတို့၏ နည်းဗျူဟာမှာ ရိုးရှင်းလှပေသည်။ ဦးစွာ အောက်ခြေတပ်သားများကို အသုံးချကာ မြို့စောင့်တပ်၏ မြား၊ ကျောက်တုံး၊ သစ်တုံးနှင့် မစင်ရည်ပူ စသည့် ခုခံရေးပစ္စည်းများကို ကုန်ခမ်းစေသည်။
ထို့နောက် တပ်သားများကို ဆက်တိုက် စေလွှတ်ကာ မြို့စောင့်တပ်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို ချည့်နဲ့စေသည်။
အချိန်အခါ သင့်ပြီဆိုပါက သူတို့၏ အထူးတပ်ဖွဲ့ကို စေလွှတ်ကာ အဆုံးအဖြတ် တိုက်ကွက်ကို ဖော်ဆောင်မည် ဖြစ်တန်ရာသည်။
ဤနည်းဗျူဟာဖြင့်ပင် သောင်းကျန်းသူတို့သည် ခရိုင်မြို့တော် သုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပေသည်။
ရက်အနည်းငယ်အတွင်းဝယ် ‘ချင်းအန်း’ ခရိုင်၏ ခုခံအားမှာ သိသိသာသာ လျော့နည်းလာပြီး ခုခံရေးပစ္စည်းများမှာလည်း ပြတ်လပ်လုနီးပါး ဖြစ်နေချေပြီ။ မြို့သူမြို့သားများမှာလည်း ထိတ်လန့်တုန်လှုပ်လျက် ရှိကြကုန်၏။
သို့သော်လည်း စီရင်စုမင်း ‘ယုဟဲချန်’ မှာ မြို့အတွင်းရှိ ပစ္စည်းများနှင့် လူအင်အားကို စနစ်တကျ စီမံခန့်ခွဲကာ အခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သလို၊ ခရိုင်ဝန် ‘ယဲ့ရှန့်မင်း’ ကလည်း မြို့ရိုးထက်၌ သတ္တိရှိရှိ ရပ်တည်ကာ ဓားပြတို့၏ တိုက်ခိုက်မှုများကို လှိုင်းတံပိုးတစ်ခုပြီး တစ်ခု တွန်းလှန်နိုင်ခဲ့ပေသည်။
သောင်းကျန်းသူတပ်မတော်၏ ထပ်တလဲလဲ ကျရှုံးမှုများကြောင့် နှစ်ဖက်စလုံးမှာ အခြေအနေ တင်းမာနေခဲ့ရပေသည်။
‘ဝူး . . .’
ခရုသင်းသံ ထွက်ပေါ်လာပြီးနောက် ရှုံးနိမ့်သွားသော ဓားပြများမှာ အလျင်အမြန်ပင် ဆုတ်ခွာသွားကြလေသည်။
လူတိုင်း အံ့အားသင့်စေသည်မှာကား နောက်ဆက်တွဲ ဓားပြတပ်များက ဆက်လက် တိုက်ခိုက်ခြင်း မပြုတော့ဘဲ သူတို့၏ စခန်းကိုပင် တစ်မိုင်ခန့် နောက်ဆုတ်လိုက်ခြင်းပင်။
ယင်းမှာ တိုက်ပွဲ ခေတ္တရပ်နားမည့် သဘောပင် ဖြစ်တန်ရာသည်။
သို့သော်ငြား ‘ယဲ့ရှန့်မင်း’ ကား သတိမမူဘဲ မနေပေ။
သူသည် ဤရခဲလှသော အခွင့်အရေးကို အသုံးချကာ မြို့ရိုးကို ပြုပြင်ခြင်း၊ ဒဏ်ရာရသူများကို ကုသခြင်းနှင့် ရိက္ခာများကို ပြန်လည် ခွဲဝေခြင်းတို့ကို လုပ်ဆောင်စေလျက် ရန်သူကို အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။
နောက်တစ်နေ့ဝယ် အလံဖြူကို ကိုင်စွဲထားသော ဓားပြတစ်ဦးမှာ သူတို့စခန်းမှ မြို့ရိုးခြေရင်းအထိ လျှောက်လှမ်းလာလေသည်။
‘ယဲ့ရှန့်မင်း’ မှာ ရန်သူ့အကြံအစည်ကို သိရှိလိုသဖြင့် မြားဖြင့် မပစ်ရန် အမိန့်ပေးလိုက်သည်။
ထိုဓားပြက “ငါတို့သခင်က စီရင်စုမင်း ယု ထံကို ပေးစာ ပါးလိုက်တယ်” ဟု သုံးကြိမ်တိုင်တိုင် ကျယ်လောင်စွာ ဟစ်အော်လိုက်ရာ မြို့တွင်းမြို့ပြင်ရှိ လူတိုင်းပင် ရှင်းလင်းစွာ ကြားကြရပေသည်။
‘ယဲ့ရှန့်မင်း’ မှာ ခေတ္တစဉ်းစားပြီးနောက် စစ်သည်တစ်ဦးကို ခြင်းတောင်းဖြင့် ထိုစာကို ယူရန် စေလွှတ်လိုက်လေသည်။
စာကို ရရှိသော်လည်း ‘ယဲ့ရှန့်မင်း’ သည် ကိုယ်တိုင် မဖတ်ဘဲ “စီရင်စုမင်းကို အမြန်ဖိတ်ပါ၊ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်” ဟု အမိန့်ပေးလိုက်သည်။
ရန်သူမှာ ‘ချင်းအန်း’ ကို အင်အားသုံး၍ မရနိုင်သဖြင့် စေ့စပ်ညှိနှိုင်းလိုသည်ဟု သူက ယူဆထားပေသည်။
ထိုသတင်းကို ကြားရလျှင် စီရင်စုမင်း ‘ယုဟဲချန်’ သည် အပြေးအလွှား ရောက်ရှိလာပြီး စာကို လူအများရှေ့တွင်ပင် ဖတ်လိုက်လေသည်။
စာကို ဖတ်ပြီးနောက်တွင်ကား စီရင်စုမင်းမှာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ‘ယဲ့ရှန့်မင်း’ ထံသို့ ပြန်ပေးလိုက်သည်။
စာကို ဖတ်ပြီးသော ‘ယဲ့ရှန့်မင်း’ မှာလည်း ဆွံ့အသွားရကာ ယင်းစာကို ‘ဝမ်ချန်’ ထံသို့ ထပ်ဆင့် ကမ်းပေးလိုက်လေတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုစာထဲ၌ ‘ဝမ်ချန်’ နှင့် ပတ်သက်သည်များ ပါဝင်နေသောကြောင့် ဖြစ်ပေရာသည်။
ဤသောင်းကျန်းသူတပ်မှာ မိမိကိုယ်မိမိ ‘ဖျန့်ထျန်း’ တပ်မတော်ဟု ခေါ်ဆိုပြီး ‘ဖျန့်ထျန်း’ သခင် ‘လီကျိလီ’ က ဦးဆောင်ခြင်း ဖြစ်သည်။ သူက စေ့စပ်ရန် ကမ်းလှမ်းချက်အဖြစ် ‘ချင်းအန်း’ ခရိုင်က ‘ဝမ်ချန်’ ၏ ဦးခေါင်းကိုသာ အပ်နှံမည်ဆိုပါက သူတို့တပ်များ ချက်ချင်း ဆုတ်ခွာမည်ဖြစ်ကြောင်းနှင့် နောင်တွင်လည်း မနှောင့်ယှက်ပါကြောင်း ဖော်ပြထားချေသည်။
‘ဝမ်ချန်’ ၏ ဦးခေါင်းမှာ ဆုတ်ခွာရန်အတွက် အပေးအယူ ဖြစ်နေပေပြီ။
စီရင်စုမင်း ‘ယုဟဲချန်’ က “ဒီလို ကလေးကလားဆန်တဲ့ ရန်တိုက်ပေးတဲ့ အကြံမျိုးကို သုံးနှစ်သားတောင် ယုံမှာ မဟုတ်ဘူး၊ အဲ့ဒီ လီကျိလီ ဆိုတဲ့ကောင်က ငါ့ကို လူအထင်နေတာပဲ” ဟု ကဲ့ရဲ့လိုက်လေသည်။
ငါးရက်တိုင်တိုင် ပြင်းထန်သော တိုက်ပွဲအတွင်းဝယ် သောင်းကျန်းသူတို့ မြို့ရိုးကို မကျော်နိုင်ခြင်းမှာ ‘ဝမ်ချန်’ ၏ အခန်းကဏ္ဍက အဓိက ကျနေသည်မှာ လူတိုင်းအသိပင်။
သူ၏ အစွမ်းထက်သော လေးမြားဖြင့် ဓားပြအထူးတပ်သား ရာနှင့်ချီကို ပစ်သတ်နိုင်ခဲ့သလို၊ ရန်သူ့ခေါင်းဆောင်များကိုလည်း ပစ်မှတ်ထားကာ ထူးချွန်သော ရလဒ်များကို ရရှိခဲ့ပေသည်။
‘ဝမ်ချန်’ နှင့် ‘ယဲ့ရှန့်မင်း’ တို့ မြို့ရိုးထက်တွင် ရှိနေသရွေ့ မည်မျှပင် များပြားသော ဓားပြတို့ ရောက်ရှိလာပါစေ၊ အောင်မြင်စွာ တွန်းလှန်နိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့်ပင် ‘လီကျိလီ’ သည် ‘ဝမ်ချန်’ အပေါ် နာကျည်းမှု အလွန်ကြီးမားနေကာ ဤကဲ့သို့ ရန်တိုက်ပေးသည့် အကြံကို ကြံစည်ရခြင်း ဖြစ်ပေမည်။
‘ယုဟဲချန်’ က ‘ဝမ်ချန်’ ကို “ဆရာဝမ် . . . စိတ်မပူပါနဲ့၊ ဓားပြတွေရဲ့ လှည့်ကွက်တွေက အောင်မြင်မှာ မဟုတ်ပါဘူး၊ ငါတို့ ‘ချင်းအန်း’ ခရိုင်ကို ကာကွယ်နိုင်သရွေ့ မင်းဟာ အကြီးမားဆုံး ဂုဏ်ပြုခံရမယ့်သူ ဖြစ်လာမှာပါ”
ဟု လေးစားသမှုဖြင့် ဆိုလိုက်လေသည်။
‘ဝမ်ချန်’ ကလည်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ထိုစဉ် ‘ယဲ့ရှန့်မင်း’ မှာ ဘာစကားမျှ မဆိုဘဲ အနီးရှိ စစ်သည်တစ်ဦးထံမှ လေးကို ယူကာ မြားဖြင့် တေ့ပြီး မြို့ရိုးအောက်တွင် စောင့်ဆိုင်းနေသော ဓားပြကို ချိန်ရွယ်ကာ ချက်ချင်းပင် လွှတ်လိုက်လေသည်။
“အား . . .”
ရုတ်တရက် အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုဓားပြမှာ မိမိ၏ နားကို ကိုင်လျက် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးသွားလေတော့သည်။
သူ၏ ဘယ်ဘက်နားမှာ ‘ယဲ့ရှန့်မင်း’ ၏ မြားဖြင့် ဖောက်ထွက်ခြင်း ခံလိုက်ရချေပြီ။
ယင်းကား အကောင်းဆုံးနှင့် အတိုက်ရိုက်ဆုံး တုံ့ပြန်မှုပင် ဖြစ်ပေတော့သည်။
နောက်တစ်နေ့ နံနက်တွင် ဒေါသအမျက် ချောင်းချောင်းထွက်နေသော သောင်းကျန်းသူတို့မှာ မကြုံစဖူး ပြင်းထန်သော ထိုးစစ်ကို ဆင်နွှဲလာကြပြန်သည်။
‘ယဲ့ရှန့်မင်း’ နှင့် ‘ဝမ်ချန်’ တို့မှာလည်း မြို့ရိုးတလျှောက် အပြေးအလွှား ကူညီရင်း အသက်လုကာ ခုခံခဲ့ကြရပေသည်။
ထိုနေ့တွင် ‘ချင်းအန်း’ ခရိုင်ဘက်မှ အကျအဆုံးမှာ တစ်ထောင်ကျော်သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ပိုမိုပြင်းထန်စွာ ထိုးနှက်ခံထားရသော ‘ဖျန့်ထျန်း’ တပ်မတော်မှာ ဆုတ်ခွာမည့် အရိပ်အယောင် မရှိသည့်အပြင် သူတို့၏ စခန်းကိုပါ မြို့နှင့် နှစ်မိုင်ခန့်အထိ တိုးချဲ့လာကြရာ မြို့ကို မရရအောင် သိမ်းပိုက်မည့် ဆုံးဖြတ်ချက်ကို ပြသနေကြပေသည်။
အကြီးမားဆုံးသော ပြဿနာမှာကား မြို့စောင့်တပ်တွင် ခုခံရေးပစ္စည်းများ၊ အထူးသဖြင့် မြားများ ပြတ်လပ်လုနီးပါး ဖြစ်နေခြင်းပင်။
အစိုးရ လက်နက်လုပ်ငန်းရုံမှ လက်မှုပညာသည်များမှာ အချိန်ပို ဆင်းကာ လုပ်ကိုင်နေကြသော်လည်း အသုံးပြုသည့် နှုန်းကို မမှီနိုင်တော့ပေ။
မြို့တွင် လူဦးရေ သောင်းဂဏန်းမျှသာ ရှိရာ ယခုအခါ စစ်သည်တော်များနှင့် လူငယ်လူရွယ် သုံးထောင်ကျော် အသက်ဆုံးရှုံးခဲ့ရချေပြီ။
အိမ်တိုင်းတွင် ငိုကြွေးသံများ မထွက်ပေါ်သေးသော်လည်း မြို့အတွင်းရှိ လေထုမှာကား ပိုမိုလေးလံလျက် ရှိနေပေသည်။
လူတို့၏ စိတ်နှလုံးများမှာလည်း ပိုမိုပူပန် ထိတ်လန့်လျက် ရှိကြကုန်ပေတော့သတည်း။
***