ဓားချက်တို့ အကြိမ်ကြိမ် အဖန်ဖန် ကျရောက်နေသော်ငြား မြေပြင်ပေါ်တွင် မှောက်လျက်သား လဲလျောင်းနေသော ရေနတ်ဆိုးမှာမူ မလှုပ်မယှက် တည်ရှိနေချေသည်။
ယင်း၏ ကိုယ်ပေါ်တွင် ဓားရာတို့ တစ်ခုပြီးတစ်ခု ထင်ကျန်နေသော်လည်း အသက်ငင်နေသည့် ပုံပန်းသာ ရှိတော့၏။
သို့ရာတွင် ဝမ်ချန်သည်ကား ထိုမိစ္ဆာကောင် သေအံ့မူးမူး ဖြစ်နေသည်ကို သတိမမူမိလေဟန်ဖြင့် စိတ်ရှည်လက်ရှည်ပင် ဆက်လက် တိုက်ခိုက်နေလေသည်။
အပိုင်းပိုင်း အပြတ်ပြတ် မဖြစ်မချင်း ရပ်တန့်မည့်ပုံ မရှိချေ။ ရေနတ်ဆိုး၏ ခန္ဓာကိုယ်သည် မည်မျှပင် မာကျောပါစေဦးတော့၊ သားမွေးတို့သည် မည်မျှပင် သိပ်သည်းပါစေဦးတော့၊ ထိုမျှလောက်သော အဆက်မပြတ် နှိပ်စက်မှုကိုမူ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။
ရုတ်ချည်းဆိုသလိုပင် တင်းတင်းစေ့ထားသော မျက်လုံးတို့ ပွင့်လန်းလာကာ လက်ဖဝါးအတွင်း ဝှက်ဖုံးထားသော လက်သည်းတို့သည်လည်း ပြန်လည် ထွက်ပေါ်လာတော့သည်။
ယင်းသည် ကောင်းကင်ထက်သို့ မြင့်မားစွာ ခုန်တက်လိုက်ပြီးလျှင် သွေးအလိမ်းလိမ်းပေကျံနေသော ပါးစပ်ကြီးကို ဟကာ မြေကမ္ဘာ တစ်ခွင်လုံး တုန်ဟည်းသွားစေမည့် ဟိန်းသံကြီးကို လွှတ်လိုက်လေတော့၏။
ဝူး...
ဝမ်းနည်းကြေကွဲမှုနှင့် အားကိုးရာမဲ့မှုတို့ ရောယှက်နေသော ထိုဟိန်းသံကြီးနှင့်အတူ ဘေးဒုက္ခဖြစ်စေသော ထိုမိစ္ဆာကြီး၏ ခန္ဓာကိုယ်သည် အရှိန်အဟုန်ဖြင့် ကြီးထွားလာလေသည်။
ကိုယ်ပေါ်ရှိ အမွေးအမျှင်တို့သည် ထောင်မတ်လာကာ ပတ်ဝန်းကျင် အပူချိန်သည်လည်း လေထုကြီးပင် မီးလောင်ကျွမ်းတော့မတတ် ပြင်းထန်စွာ မြင့်တက်လာချေပြီ။
ဤမြင်ကွင်းကို မြင်လျှင်ပင် ဝမ်ချန်၏ ထက်မြက်လှသော အသိစိတ်က အန္တရာယ် အငွေ့အသက်ကို ကြိုတင် ခံစားမိလိုက်သည်။
သူသည် မဆိုင်းမတွပင် ဓားကို ပြန်ရုတ်သိမ်းကာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်လေတော့၏။
ဒိန်း...
ဝမ်ချန် ဆုတ်ခွာလိုက်သည့် အချိန်၌ပင် ရေနတ်ဆိုး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ရုတ်ချည်း ပေါက်ကွဲထွက်သွားလေသည်။
မရေမတွက်နိုင်သော အသားစများနှင့် အရိုးစတို့သည် တောက်လောင်နေသော မီးလျှံများနှင့်အတူ ဘေးပတ်ပတ်လည်သို့ လွင့်စင်ထွက်ကုန်၏။ ကောင်းကင်ထက်သို့လည်း မီးခိုးလုံးကြီးများ မြင့်တက်သွားလေသည်။
ဝမ်ချန်သည် ပေါင်တစ်သောင်းလေးသော တူကြီးဖြင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်ခန္ဓာသည်လည်း ထိန်းမနိုင် သိမ်းမရ အနောက်သို့ လွင့်ထွက်သွားတော့သည်။
ရင်ဘတ်ဆီမှလည်း အရိုးကျိုးသံ 'ကလောက်' ဟူ၍ ထွက်ပေါ်လာ၏။ မျက်စိရှေ့တွင် အမှောင်အတိ ကျသွားကာ သွေးတို့ အန်ထုတ်လိုက်ရချေပြီ။
သူသည် အကွာအဝေး အတောင် နှစ်ဆယ်၊ သုံးဆယ်ခန့်အထိ လွင့်ထွက်သွားပြီးမှ မြေပြင်ပေါ်သို့ သနားစဖွယ် ကျရောက်သွားလေသည်။ ထိုအခါ မြေမှုန့်တို့သည် တထောင်းထောင်း ထသွားတော့၏။
ယခုမူ ဝမ်ချန်၏ လက်ထဲရှိ ဓားသည်လည်း အပိုင်းပိုင်း ကျိုးပြတ်နေချေပြီ။ ဓားရိုးတိုလေးကိုသာ လက်တွင် ဆုပ်ကိုင်ထားနိုင်တော့ပြီး လက်မောင်းနှစ်ဖက်လုံးတွင်လည်း ပြင်းထန်သော မီးလျှံတို့ကြောင့် လောင်ကျွမ်းရာများ ထင်ကျန်နေခဲ့သည်။
ဝမ်ချန်သည် သွေးတစ်ချက် ထပ်မံ အန်ထုတ်လိုက်ပြီးနောက် မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်၏။ သူ၏ ရှေ့မှောက်တွင်မူ ကမ္ဘာပျက်သကဲ့သို့ ပျက်စီးယိုယွင်းနေသော မြင်ကွင်းကိုသာ မြင်တွေ့ရတော့သည်။
ရေနတ်ဆိုး ရှိခဲ့သည့် နေရာပတ်လည် ခြေလှမ်း တစ်ရာခန့်အတွင်း မြေသားများပင် လွင့်စင်သွားခဲ့ရာ ပြင်းအားကောင်းသော လောင်စာဆီဗုံး ပေါက်ကွဲသွားသည့်နှယ် ရှိချေသည်။
ဝမ်ချန် အနေဖြင့် ဤမျှ ပြင်းထန်လှသော ပေါက်ကွဲမှုအတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းမှာ သူ၏ စွမ်းရည်ကြောင့်သာမက ကံတရားကြောင့်လည်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ရေနတ်ဆိုး၏ အချက်အချာကျသော နေရာကို ဓားဖြင့် ထိုးနှက်ထားခြင်း မရှိခဲ့ပါက ထိုမိစ္ဆာ၏ ကိုယ်တိုင် ဖျက်ဆီးမှု အစွမ်းသည် ယခုထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်မည် ဖြစ်ပေရာသည်။
ဘေးဒုက္ခဖြစ်စေသော မိစ္ဆာတို့၏ အစွမ်းသည် လူသားတို့ ယှဉ်နိုင်သော အရာ မဟုတ်ပေ။
ဝမ်ချန်သည် အသက်ကို ဝဝရှူလိုက်ပြီး ကိုယ်တွင်းရှိ မွေးရာပါအတွင်းအား ကို အသုံးပြုကာ အထိခိုက်ခံရသော ကလီစာများကို ကုသလိုက်လေသည်။
ရေနတ်ဆိုး ပေါက်ကွဲမှု အရှိန်ကြောင့် သူ၏ ကလီစာများ နေရာလွဲသွားကာ ကိုယ်တွင်းဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခြင်း ဖြစ်၏။ ခန္ဓာကိုယ်အတွင်းသို့ မီးဆိပ်များပင် ဝင်ရောက်နေချေပြီ။
ကံကောင်းသည်မှာ မွေးရာပါအတွင်းအား၏ ကုသနိုင်စွမ်းမှာ မြင့်မားလှသဖြင့် ဒဏ်ရာများကို လျင်မြန်စွာ သက်သာစေပြီး ကျူးကျော်ဝင်ရောက်လာသော မီးဆိပ်များကိုလည်း ဖယ်ရှားပေးနိုင်ခဲ့ခြင်းပင်။
ရုတ်တရက် ဝမ်ချန်သည် တစ်စုံတစ်ခုကို အလိုလို ခံစားမိလိုက်သဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ကြည်လင်နေသော မိုးကောင်ကင်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းလာကာ ပူပြင်းလှသော နေရောင်ခြည်ကို ကာဆီးလိုက်ချေပြီ။
လွင်ပြင်ထက်တွင်လည်း လေပြည်တို့ စတင် တိုက်ခတ်လာတော့သည်။
မကြာမီမှာပင် ဝမ်ချန်ကို ဝန်းရံလျက် ကောင်းကင်ထက်မှ မိုးစက်မိုးပေါက်တို့ ဖြည်းညှင်းစွာ ကျဆင်းလာလေသည်။
ပတ်ဝန်းကျင်ရှိ အပူရှိန်တို့သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
မိုးရွာချေပြီ တကား။
ဝမ်ချန်၏ မျက်နှာထက်တွင် ပြုံးယောင်သန်းသွားကာ သက်ရှိတို့၏ ရင်ခုန်သံကို တစ်ဖန် ပြန်လည် ခံစားမိလိုက်ပြန်သည်။
မိုးသည် ပိုမို သည်းထန်လာကာ ပဲစေ့ခန့်ရှိသော မိုးပေါက်တို့သည် မြေပြင်ပေါ်သို့ တဖြဖြ ကျဆင်းလာလျက် ရေငတ်မွတ်နေသော မြေဆီလွှာကို ချက်ချင်းပင် အေးမြစေတော့သည်။
ဝမ်ချန်၏ ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်မှ မြက်ပင်ပေါက်ကလေးများသည်လည်း တစ်စတစ်စ ထွက်ပေါ်လာကာ နုနယ်သော အရွက်ကလေးများကို ဆန့်ထုတ်လျက် လေနှင့်မိုး၏ ဆေးကြောသန့်စင်မှုကို ခံယူနေကြလေသည်။
ခဏချင်းအတွင်းမှာပင် မိုးရေသည် ကမ္ဘာလောကကြီးကို ပြန်လည် လန်းဆန်းလာစေကာ သက်ရှိတို့၏ ရှင်သန်ခြင်းကို သယ်ဆောင်လာခဲ့ချေပြီ။
ဝမ်ချန် လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် မနီးမဝေး မြေပြင်ပေါ်မှ နီရဲသော အလင်းတန်းလေးက သူ၏ အာရုံကို ဖမ်းစားလိုက်သည်။
သူသည် လျှောက်သွားကာ ငုံ့ကြည့်လိုက်ရာ ကျောက်ခဲပုံများ ကြားထဲမှ လက်ချောင်း သုံးချောင်းခန့် ထူသော အရိုးစ တစ်ခုကို တွေ့ရှိလိုက်ရ၏။
ထိုအရိုးစမှာ တစ်ခုလုံး နီမြန်းနေပြီး မီးကျောက်နှယ် အသွင်ရှိကာ ကိုင်တွယ်လိုက်လျှင် ပူနွေးသော်လည်း အသားကို လောင်ကျွမ်းစေခြင်း မရှိဘဲ ထူးခြားလှပေသည်။
ဝမ်ချန်သည် ထိုအရိုးစအတွင်း၌ ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေသည်ကို ခံစားမိလေ၏။
သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထိုအရိုးကို သူနှင့်အတူ ပါလာသော အိတ်အတွင်းသို့ ထည့်လိုက်လေသည်။
ဤအရာသည် ရေနတ်ဆိုး၏ ကြွင်းကျန်ရစ်သော အစိတ်အပိုင်း ဖြစ်ရပေမည်။ မိစ္ဆာ၏ အနှစ်သာရ စွမ်းအားများ ပါဝင်နေနိုင်ပြီး ပြင်းထန်သော ပေါက်ကွဲမှုအတွင်းမှ ကြွင်းကျန်ရစ်ခြင်းမှာ အမှန်တကယ်ပင် ထူးခြားလှချေသည်။
ယင်း၏ တန်ဖိုးမှာလည်း မေးခွန်းထုတ်ဖွယ် မရှိသော်ငြား ဝမ်ချန် အနေဖြင့် ၎င်းကို မည်သို့ အသုံးချရမည်ကိုမူ မသိသေးချေ။
စစ်နိုင်သူ၏ ဆုလာဘ် တစ်ခုအဖြစ်သာ မှတ်ယူရပေတော့မည်။
ဝမ်ချန်သည် ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည် ကြည့်ရှုသော်လည်း သူ၏ မြင်းကိုမူ မတွေ့ရတော့ပေ။
ထို့ကြောင့် သူသည် အိမ်အပြန်လမ်းသို့ ခြေကျင်ပင် ခရီးဆက်ခဲ့လေသည်။
သည်းထန်သော မိုးသည် သုံးရက်၊ သုံးညတိုင်တိုင် ရွာသွန်းခဲ့သည်။ မိုးစဲသွားသော အခါမှသာ ဝမ်ချန်သည် ချင်းအန်းခရိုင်၏ မြို့ရိုးများကို တစ်ဖန် ပြန်လည် မြင်တွေ့ရတော့သည်။
မြို့ပြင်ပတ်ဝန်းကျင်မှာ ရွှံ့နွံများဖြင့် ပြည့်နှက်နေပြီး အနီးအနားရှိ ချင်းရွှေမြစ်၏ ရေမျက်နှာပြင်သည်လည်း မြင့်တက်နေချေပြီ။ မိုးခေါင်ရေရှား ဘေးဒုက္ခမှသည် ရေကြီးမည့် ဘေးဒုက္ခသို့ ကူးပြောင်းမည့် အခြေအနေ ဖြစ်နေ၏။
မြို့ပြင်တွင် စုဝေးနေသော ဒုက္ခသည်တို့မှာလည်း အခြေအနေ မကောင်းလှချေ။ ယိုင်နဲ့နဲ့ မြက်တဲလေးများနှင့် သစ်သားစင်များအောက်တွင် ကပ်လျက် ခိုက်ခိုက်တုန်အောင် ချမ်းနေကြပြီး ဖြူလွလွ ကမ္ဘာကြီးကို ငေးမောကြည့်နေကြလေသည်။
ဤသည်းထန်သော မိုးကြောင့် လူအများအပြားပင် အသက်ဆုံးရှုံးရပေဦးမည်။
ဝမ်ချန် ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာသည်ကို မြင်လျှင်ပင် ရုံးတော်အတွင်း အလုပ်ရှုပ်နေသော ယဲ့ရှန့်မင်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားကာ လက်ထဲရှိ စုတ်တံကို ချ၍ အပြေးအလွှား လာရောက် ကြိုဆိုလေတော့သည်။
"သမက်တော်... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"
ဝမ်ချန် ရေနတ်ဆိုးကို နှိမ်နင်းရန် ထွက်ခွာသွားကတည်းက ဤခရိုင်ဝန်ကြီးမှာ နေ့မအိပ် ညမစား ပူပန်နေခဲ့ရခြင်း ဖြစ်သည်။
တစ်ဖက်ကလည်း ဝမ်ချန် အနေဖြင့် ချင်းအန်းခရိုင်၏ ဤကြီးမားသော ဘေးဒုက္ခကို ဖြေရှင်းနိုင်ပါစေဟု ဆုတောင်းနေမိသော်လည်း အခြားတစ်ဖက်တွင်မူ ဝမ်ချန် တစ်စုံတစ်ရာ ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ရခြင်း ဖြစ်၏။
ယခုအခါ ဝမ်ချန်ကို တွေ့လိုက်ရသဖြင့် သူ၏ ဝမ်းမြောက်မှုကို ဖော်ပြရန်ပင် စကားလုံး မရှိတော့ပေ။ "မိုးရွာပြီကွ... သုံးရက်တိုင်တိုင် ရွာတာ"
ချင်းအန်းခရိုင်သည် ဤမိုးကို မျှော်လင့်နေခဲ့သည်မှာ တစ်နှစ်ကျော်ပင် ရှိခဲ့ချေပြီ။ လူအများအပြားမှာလည်း လုံးဝ စိတ်ပျက်အားငယ်နေခဲ့ကြရခြင်း ဖြစ်သည်။
"ဟုတ်ကဲ့..."
ဝမ်ချန်သည် ခေါင်းငြိမ့်ပြကာ "ကျွန်တော် ရေနတ်ဆိုးကို သတ်ပစ်လိုက်ပြီ" ဟု ဆိုလိုက်သည်။
"ဘာ..."
ယဲ့ရှန့်မင်းသည် အံ့အားသင့်သွားကာ မိမိနားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ "မင်းက ရေနတ်ဆိုးကို မောင်းထုတ်ရုံတင် မဟုတ်ဘဲ သတ်ပစ်လိုက်တယ် ဟုတ်လား"
သူ၏ အမြင်တွင် ဝမ်ချန် အနေဖြင့် ရေနတ်ဆိုးကို ချင်းအန်းခရိုင် နယ်နိမိတ် ပြင်ပသို့ ရောက်အောင် မောင်းထုတ်နိုင်လျှင်ပင် အလွန် ထူးခြားလှပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ရေနတ်ဆိုးကို သတ်ဖြတ်ရန် ဆိုသည်မှာကား ဤခရိုင်ဝန်ကြီး အနေဖြင့် အိပ်မက်ပင် မမက်ရဲသော အရာ ဖြစ်ပေသည်။
ဤရေနတ်ဆိုးကို နှိမ်နင်းရန်အတွက် နန်းတော်နှင့် စီရင်စု မြို့တော်တို့မှ ပညာရှင် အမြောက်အမြား စေလွှတ်ခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ကာ အကျအဆုံးများသာ ရှိခဲ့သည်။
သို့သော် ဝမ်ချန်က တစ်ဦးတည်းဖြင့် ထိုမိစ္ဆာကို သတ်ဖြတ်နိုင်ခဲ့သည်က ယဲ့ရှန့်မင်း မယုံကြည်နိုင် ဖြစ်နေရချေပြီ။
ဝမ်ချန်သည် ပြုံးလိုက်ပြီး အိတ်အတွင်းမှ အရိုးစကို ထုတ်ပေးလိုက်ကာ "ဟုတ်ကဲ့" ဟုသာ တိုတိုတုတ်တုတ် ဖြေလိုက်လေသည်။
ယဲ့ရှန့်မင်းသည် ထိုအရိုးစကို လှမ်းယူလိုက်သော်လည်း ယင်း၏ အပူရှိန်ကြောင့် လွှတ်ချလုနီးပါး ဖြစ်သွားရ၏။
ထိုထူးခြားလှသော အရိုးစနှင့်အတူ မိုးအဆက်မပြတ် ရွာသွန်းလာခြင်းကို ကြည့်ခြင်းအားဖြင့် ချန်ယိစီရင်စုကို အချိန်ကြာမြင့်စွာ ဒုက္ခပေးခဲ့သော ရေနတ်ဆိုးကို ဝမ်ချန် အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဤခရိုင်ဝန်ကြီး အတည်ပြုနိုင်ခဲ့လေတော့သည်။
"ဒါဟာ တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ... တကယ့်ကို ကောင်းတာပဲ"
သူသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။ "ငါ ချက်ချင်းပဲ နန်းတော်ကို သတင်းပို့ပြီး မင်းအတွက် ဘွဲ့ထူး ဂုဏ်ထူးတွေ တောင်းပေးရမယ်... ဒါဟာ တကယ့်ကို ကြီးကျယ်တဲ့ အောင်မြင်မှုပဲ"
သမိုင်းတစ်လျှောက်တွင် သဘာဝဘေးအန္တရာယ် ဖြစ်စေသော ရေနတ်ဆိုးတို့အား သတ်ဖြတ်နိုင်ခြင်းမှာ အလွန် ရှားပါးလှပြီး အောင်ပွဲရသည်ဟု မှတ်တမ်းတင်ထားခြင်းများမှာလည်း ချဲ့ကားထားခြင်းများသာ ဖြစ်ပေလိမ့်မည်။
အကယ်၍ ဝမ်ချန်၏ အောင်မြင်မှုကို အတည်ပြုနိုင်ခဲ့လျှင် သူ၏ ဂုဏ်သတင်း ကျော်ဇောမှုမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့မည် မလွဲပေ။
သို့ရာတွင် စိတ်လှုပ်ရှားနေသော ယောက္ခမကြီးကို ကြည့်ကာ ဝမ်ချန်က ခေါင်းခါပြလိုက်ပြီး "မလိုပါဘူး" ဟုသာ ဆိုလိုက်လေတော့သည်။
အမှန်တကယ်ပင် မလိုအပ်သကဲ့သို့ မလိုလည်း မလိုပေ။
***