သဘာဝဘေးအန္တရာယ်ဆိုးကြီးတစ်ခု ကုန်ဆုံးသွားခဲ့ချေပြီ။
တစ်နှစ်ကျော်တိုင်အောင် မိုးခေါင်ရေရှားမှုဒဏ်ကို အလူးအလဲခံစားခဲ့ရသော ချင်းအန်းခရိုင်သည် နောက်ဆုံးတွင်တော့ မျှော်လင့်တောင့်တခဲ့ရသည့် ရတနာမိုးစက်များဖြင့် စိုပြည်အေးမြသွားခဲ့လေသည်။
အရေးအကြီးဆုံးမှာ ရာသီဥတုသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းပင် ဖြစ်ပေ၏။
နွေဦးစိုက်ပျိုးချိန် နောက်ကျခဲ့သော်လည်း လုံ့လဝီရိယရှိသော တောင်သူလယ်သမားတို့သည် မိုးရေကြောင့် မြေဆီလွှာနူးညံ့နေသော လယ်ယာမြေများပေါ်တွင် တစ်ဖန်ပြန်၍ မျိုးစေ့ချနိုင်ခဲ့ကြသည်။
ဤသို့ဖြင့် ဆောင်းဦးပေါက်ချိန်တွင် ဝမ်းရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ရိတ်သိမ်းမှုအချို့ကို ရရှိနိုင်ပေဦးမည်။
ခရိုင်ဝန် ယဲ့ရှန့်မင်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် ချင်းအန်းခရိုင်၏ အကြပ်အတည်းများကို တဖြည်းဖြည်း ကျော်လွှားနိုင်ခဲ့ပြီး ဒုက္ခသည်အမြောက်အမြားကိုလည်း ထိရောက်စွာ နေရာချထားပေးနိုင်ခဲ့သည်။
တစ်ချိန်က အသက်မဲ့နေခဲ့သော ခရိုင်မြို့ကလေးသည်လည်း တဖန်ပြန်၍ စည်ကားသိုက်မြိုက်လာခဲ့ချေပြီ။
သို့သော်ငြားလည်း ဤသဘာဝဘေးဆိုးကြီးကြောင့် ချင်းအန်းခရိုင်သူ ခရိုင်သားတို့ ခံစားခဲ့ရသော နာကျင်မှုများမှာမူ ပြန်လည်ကုစားနိုင်ရန် အချိန်အတော်ကြာ ယူရပေဦးမည်။
သို့ရာတွင် လူ့လောကရှိ သာမန်လူသားတို့သည် မြက်ရိုင်းပင်ကဲ့သို့ပင် ခိုင်မာသော ဇွဲသတ္တိရှိကြသည်မဟုတ်လော။ မည်မျှပင် ခက်ခဲကြမ်းတမ်းသော နေ့ရက်များဖြစ်ပါစေဦးတော့၊ တစ်ကြိမ်တစ်ခါ ကျော်လွှားနိုင်ခဲ့သည်ရှိသော် အားမာန်အပြည့်ဖြင့် ပြန်လည်ရှင်သန်ကြစမြဲပင်။
အချိန်ဟူသည် မြှားတစ်စင်းကဲ့သို့ ကုန်လွန်မြန်ဆန်လှရာ သုံးနှစ်တာကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ချေပြီ။
ချင်းအန်းခရိုင်မြို့၊ ဝမ်အိမ်တော်။
အချိန်ကား နွေဦးဦးရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ ပြတင်းပေါက်အပြင်ဘက်ရှိ မက်မွန်ပွင့်ကလေးများသည် ချစ်စဖွယ် အပြုံးကိုယ်စီဖြင့် တိတ်တဆိတ် ဖူးပွင့်နေကြပြီး စာကလေးအချို့မှာလည်း တကျီကျီမြည်ကာ ဆော့ကစားနေကြလေသည်။
စာကြည့်ခန်းအတွင်း၌ ဝမ်ချန်သည် 'နွေဦးတွင် မြူးထူးနေသော မက်မွန်နှင့် စာကလေး' အမည်ရှိ ပန်းချီကားကို ရေးဆွဲပြီးစီးရုံရှိသေးစဉ် ယဲ့တိုက်သည် ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်ကာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
သူမက ပြုံးရွှင်စွာဖြင့် "မောင်... အခုလေးတင် ကြက်မည်းဂျင်ဆင်းစွပ်ပြုတ် ချက်ပြီးတာနဲ့ ပူပူနွေးနွေးလေး သောက်လိုက်ပါဦး" ဟု ဆိုလေသည်။
ဝမ်ချန်ကလည်း သူ၏ စုတ်တံကို ချလိုက်ရင်း "ကောင်းပြီလေ" ဟု ပြန်လည်ထူးလိုက်ပါ၏။
လတ်တလောတွင် ယဲ့တိုက်သည် ဟင်းချက်ခြင်း၌ ဝါသနာထုံနေပြီး စွပ်ပြုတ်အမျိုးမျိုးကို စိတ်တိုင်းကျ ပြင်ဆင်ချက်ပြုတ်ကာ သူ၏အတွက် နေ့စဉ်မပြတ် လုပ်ဆောင်ပေးနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယဲ့တိုက်သည် ဝမ်းသာအားရဖြင့် ပန်းကန်ဖုံးကို ဖွင့်လိုက်ရာ ငွေ့ရည်ဖွဲ့နေသော အငွေ့များ ချက်ချင်းပင် အူထွက်လာလေသည်။
သူမသည် ကြက်စွပ်ပြုတ်၏ မွှေးကြိုင်လှသော ရနံ့ကို ရှူရှိုက်လိုက်မိသည့်ခဏတွင် ရင်ထဲ၌ မအီမသာဖြစ်ကာ အော့အန်ချင်စိတ်များ ရုတ်ချည်းပေါ်ပေါက်လာရသော်လည်း အန်၍ကား မထွက်ချေ။
"ဟင်..."
ဝမ်ချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး ဇနီးသည်၏လက်ကို အမြန်ဆွဲကာ ဘေးရှိ ကုလားထိုင်တွင် ထိုင်စေလိုက်သည်။
"ကျွန်မ ဘာမှမဖြစ်ပါဘူး"
ယဲ့တိုက်သည် သူမ၏ရင်ဘတ်ကို အသာပုတ်ရင်း အတင်းပြုံးကာ "မသိပါဘူး မောင်ရယ်၊ ဒီရက်ပိုင်း အဆီနံ့ရရင် မခံနိုင်သလို ဖြစ်နေလို့ပါ" ဟု ပြောရှာသည်။
"ကိုယ် ကြည့်ပေးမယ်"
ဝမ်ချန်သည် မျက်မှောင်ကြုတ်လျက် သူမ၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးစမ်းကြည့်လိုက်လေသည်။
ခဏအကြာတွင် ဝမ်ချန်၏ မျက်မှောင်များ ပြေလျော့သွားပြီး ဝမ်းသာအားရ ပြုံးလိုက်မိကာ "... ကိုယ်တို့မှာ ရင်သွေးလေး ရတော့မယ်" ဟု ဆိုလိုက်ချေသည်။
"ရှင်..."
ယဲ့တိုက်သည် ချက်ချင်းပင် မှင်တက်သွားပြီး ခေတ္တမျှ ကြောင်အသွားပြီးမှ သတိပြန်ဝင်လာကာ "မောင်.. မောင် ကျွန်မကို နောက်နေတာ မဟုတ်ဘူးမလားဟင်" ဟု တုန်တုန်ယင်ယင် မေးရှာသည်။
"ဒါဟာ အမှန်တကယ် ကိုယ်ဝန်ရှိတဲ့ သွေးခုန်နှုန်းပဲ"
ဝမ်ချန်က ပြုံးလျက် "ဒီလိုကိစ္စမျိုးကို ကိုယ်က ဘယ်လိုလုပ် နောက်စရာလဲ" ဟု ဆို၏။
သူတို့နှစ်ဦး လက်ထပ်ခဲ့သည်မှာ သုံးလေးနှစ်ခန့် ရှိပြီဖြစ်ရာ ယဲ့တိုက်သည် သူ၏အတွက် ရင်သွေးရတနာ ထွန်းကားရန် အမြဲတစေ မျှော်လင့်နေခဲ့သူ ဖြစ်သည်။
ဤသည်မှာ မျိုးဆက်ပြတ်မည်စိုး၍ မဟုတ်ဘဲ နှစ်အတော်ကြာသည်အထိ ကိုယ်ဝန်မရရှိသည့်အတွက် ပြင်ပလူများ၏ အတင်းအဖျင်းစကားများက သူမအပေါ် ဖိအားများစွာ ဖြစ်စေခဲ့သောကြောင့်ပင်။
ဝမ်ချန်က ကျင့်စဉ်ကျင့်ကြံနေမှုကြောင့် အချို့သောအဆင့်သို့ ရောက်ရှိမှသာ သားသမီးရနိုင်မည်ဖြစ်ကြောင်း စောစောစီးစီး ရှင်းပြထားခဲ့သော်လည်း ယဲ့တိုက်မှာမူ အခြားသူများအား ဤအကြောင်းကို ရှင်းပြနိုင်စွမ်း မရှိခဲ့ပေ။
သို့ဖြစ်ရာ ဤကိစ္စသည် သူမ၏ရင်ထဲတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့ရသည်။
ယခုကဲ့သို့ သတင်းကောင်းကို ရုတ်တရက် ကြားလိုက်ရချိန်တွင် ယဲ့တိုက်၏ မျက်ရည်များမှာ ဝဲတက်လာပြီး "တကယ်... တကယ်ကြီးလား" ဟု မေးလိုက်မိသည်။
"တကယ်ပေါ့ မိန်းမရဲ့"
ဝမ်ချန်သည် သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို အသာအယာ သုတ်ပေးရင်း "ဒီနှစ်တွေထဲမှာ မင်း တော်တော်လေး စိတ်ဆင်းရဲခဲ့ရတာပဲ" ဟု ယုယစွာ ဆိုလေသည်။
သူသည် ဤပြဿနာကို ဖြေရှင်းနိုင်ရန် သုံးနှစ်တိုင်တိုင် အချိန်ယူခဲ့ရပြီး အထူးဓမ္မနည်းလမ်းတစ်ခုကိုပင် ဖော်ထုတ်ခဲ့ရသည်။ ယနေ့တွင်တော့ ထိုကြိုးပမ်းမှုတို့သည် အောင်မြင်သော ရလဒ်အဖြစ် ပေါ်ထွက်လာခဲ့ချေပြီ။
"ကျွန်မ စိတ်မဆင်းရဲပါဘူး"
ယဲ့တိုက်သည် ဝမ်ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင်ဖြင့် "ကျွန်မ သိပ်ဝမ်းသာလွန်းလို့ပါ" ဟု ဆိုရှာသည်။
ဝမ်ချန်သည် သူမ၏ ပိုးသားကဲ့သို့ နူးညံ့လှသော ဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးရင်း ရင်ထဲ၌ အေးချမ်းသာယာမှုကိုသာ ခံစားနေမိတော့သည်။
ယဲ့တိုက် စိတ်တည်ငြိမ်သွားပြီးနောက် သေချာစေရန်အတွက် ချင်းအန်းခရိုင်ရှိ ကျိချန်းဆေးခန်းမှ နာမည်ကျော် သမားတော်တစ်ဦးကို ပင့်ဆောင်ကာ သွေးစမ်းကြည့်စေပြန်သည်။
ရလဒ်မှာ ကိုယ်ဝန်ရှိနေသည်မှာ မြေကြီးလက်ခတ်မလွဲ အမှန်ပင်ဖြစ်ချေသည်။
ဤသတင်းကောင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားရာ ယဲ့ရှန့်မင်းသည် သတင်းကြားသည်နှင့် လက်ထဲမှ စာရွက်စာတမ်းများကို ချထားခဲ့ကာ ဝမ်ချန်၏အိမ်သို့ မြင်းဖြင့် အပြေးနှင်လာခဲ့တော့သည်။
ဝမ်ချန်၏ ယောက္ခမကြီးသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားပြီး သမီးဖြစ်သူအား ပြုစုရန်အတွက် အတွေ့အကြုံရှိသော အထိန်းတော်များကို ချက်ချင်းပင် စီစဉ်ပေးမည်ဟု ဆိုလေတော့သည်။
တစ်အိမ်တော်လုံးမှာလည်း စစ်မှန်သော ပျော်ရွှင်မှု အပြုံးများဖြင့် ပြည့်နှက်နေခဲ့ချေပြီ။
မူလက ယဲ့ရှန့်မင်းသည် ဤကိစ္စကို ကြီးကျယ်ခမ်းနားသော ဂုဏ်ပြုစားပွဲဖြင့် ဆင်နွှဲလိုသော်လည်း ဝမ်ချန်က တားမြစ်လိုက်ရသည်။
သူ၏ ယောက္ခမကြီးမှာ ပျော်လွန်း၍ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည်မှာ သိသာလှပေသည်။
အကယ်၍ အောင်ပွဲခံလိုသည်ဆိုပါက ကလေးငယ်မွေးဖွားပြီး ကင်ပွန်းတပ်သည့်အချိန်မှသာ လုပ်သင့်သည်ဟု သူက အကြံပြုခဲ့သည်။
နောက်ရက်များတွင် ဝမ်ချန်သည် ရုံးတော်၏ တာဝန်ဝတ္တရားများကို လက်အောက်ငယ်သားများထံ လွှဲအပ်လိုက်သည်။ သူသည် ကိုယ်ဝန်ဆောင် ဇနီးသည်အား အချိန်ပေးရန်အတွက် အိမ်၌သာ အနေများလာပြီး နေ့စဉ်မပြတ် သူမနှင့်အတူ စောင်းတီးခြင်း၊ ပန်းချီဆွဲခြင်း သို့မဟုတ် ကဗျာစပ်ဆိုခြင်းတို့ဖြင့် သာယာကြည်နူးဖွယ် ကုန်လွန်စေခဲ့သည်။
ဝမ်ချန်အတွက်မူ ဤသည်မှာ အလွန်ပင် ထူးခြားဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်နေပေသည်။
ဖခင်တစ်ဦး ဖြစ်လာတော့မည့် သူ၏ ခံစားချက်ပင်။
အမှန်စင်စစ် ဝမ်ချန်သည် ဖခင်ဖြစ်ရခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ပေ။
သူသည် တာ့ချန်းနယ်မြေတွင် မျိုးဆက်များ ချန်ထားခဲ့ဖူးသေးသည်။ သို့သော် ထိုစဉ်က အခြေအနေနှင့် ယခုမှာ လုံးဝကွဲပြားခြားနားလှပေသည်။
အရင်က အကျိုးစီးပွားအတွက်သာ ဖြစ်သော်လည်း ယခုမှာမူ 'လောကီစိတ်နှလုံးကို ပျိုးထောင်ခြင်း' အလို့ငှာ သာမန်လူသားတစ်ဦး၏ ခန္ဓာကိုယ်ဖြင့် လောကီလူသားတို့၏ အရာရာကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခံစားနေခြင်း ဖြစ်သောကြောင့်ပင်။
ထိုသို့ အတူတကွ ရှိနေခြင်းဖြင့် ဝမ်ချန်နှင့် ယဲ့တိုက်တို့အကြားရှိ သံယောဇဉ်နှောင်ကြိုးမှာလည်း ပိုမိုခိုင်မြဲလာခဲ့သည်။
နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ယဲ့တိုက်၏ ဝမ်းဗိုက်မှာလည်း တစ်နေ့တခြား သိသိသာသာ ကြီးထွားလာခဲ့ချေပြီ။
ဝမ်ချန်သည် သူမ၏ ဝမ်းဗိုက်ပေါ်တွင် နားကပ်ကာ သန္ဓေသားလေး၏ နှလုံးခုန်သံကို တိတ်တဆိတ် နားထောင်လေ့ရှိပြီး ထိုအချိန်တိုင်းတွင် ယဲ့တိုက်သည် မေတ္တာအပြည့်ရှိသော မျက်ဝန်းများဖြင့် သူ၏ ပါးပြင်ကို သူမ၏ လက်ဖဝါးလေးဖြင့် အသာအယာ အုပ်မိုးထားလေ့ရှိသည်။
ဆယ်လပြည့်မြောက်သောအခါ မွေးဖွားမည့်အချိန်သည် ရုတ်တရက် ရောက်ရှိလာတော့သည်။ ယဲ့တိုက် ဗိုက်နာလာချိန်တွင် ဝမ်ချန်နှင့် ယဲ့ရှန့်မင်းတို့နှစ်ဦးစလုံး မွေးခန်းအပြင်ဘက်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြရသည်။
ယဲ့ရှန့်မင်းမှာမူ ဟိုမှဒီမှ လူးလာတုံ့ခေါက် လမ်းလျှောက်ရင်း နတ်ဒေဝါအပေါင်းတို့အား ဘေးကင်းပါစေကြောင်း ဆုတောင်းနေတော့သည်။
နတ်ဘုရားတို့၏ မစမှုကြောင့်ပင် ဖြစ်တန်ရာသည်၊
ယဲ့တိုက်၏ ပထမဆုံးသော မွေးဖွားမှုဖြစ်သော်လည်း အဆင်ပြေချောမွေ့စွာပင် ပြီးမြောက်သွားခဲ့သည်။ မကြာမီမှာပင် မွေးခန်းအတွင်းမှ ကလေးငယ်၏ ငိုသံကို သူတို့နှစ်ဦးစလုံး ကြားလိုက်ရလေသည်။
ခဏအကြာတွင် ဝမ်းဆွဲသည် ထွက်လာပြီး ပြုံးရွှင်စွာဖြင့် "ဂုဏ်ယူပါတယ် သခင်ကြီး... ဂုဏ်ယူပါတယ်ရှင်၊ သခင်မလေးက ခြောက်ပေါင်လေးအောင်စရှိတဲ့ သမီးရတနာလေးကို မွေးဖွားလိုက်ပါပြီ၊ မိခင်ရော ကလေးပါ ကျန်းမာပါတယ်ရှင်" ဟု သတင်းစကား ပါးလေသည်။
"ကောင်းတယ်... သိပ်ကောင်းတာပဲ"
ယဲ့ရှန့်မင်းသည် ပါးစပ်မစိနိုင်အောင် ပြုံးပျော်သွားပြီး လက်ဆောင်အဖြစ် စာအိတ်အနီကြီးတစ်အိတ်ကို ချက်ချင်းပင် ပေးလိုက်လေတော့သည်။
ထိုအတောအတွင်း ဝမ်ချန်မှာမူ မွေးခန်းထဲသို့ တိုက်ရိုက်ဝင်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ယဲ့တိုက်နှင့် အခြားဝမ်းဆွဲတစ်ဦး ပွေ့ချီထားသော ကလေးငယ်ကို တွေ့လိုက်ရသည်။
"မောင်..."
ယဲ့တိုက်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အားအင်ချိနဲ့စွာဖြင့် "ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ... ကျွန်မ မလုပ်ပေးနိုင်ခဲ့ဘူး..." ဟု ဆိုရှာသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ "
ဝမ်ချန်သည် သူမ၏လက်ကို ဆုပ်ကိုင်ရင်း ရယ်မောကာ "ကိုယ်က သမီးလေးတွေကိုမှ ပိုချစ်တာ" ဟု ပြောလိုက်၏။
သူမသည် သမီးမိန်းကလေး မွေးဖွားသည့်အတွက် အပြစ်မကင်းသကဲ့သို့ ခံစားနေရသည်ကို သူ သိရှိပေသည်။
သို့သော် ဝမ်ချန်အတွက်မူ သားဖြစ်စေ၊ သမီးဖြစ်စေ ခြားနားမှုမရှိသည့်အပြင် တကယ်တမ်း၌ သူသည် သမီးကလေးများကိုပင် ပို၍ မြတ်နိုးသေးသည်။
ဤသည်မှာ နှစ်သိမ့်ရန်အတွက် ပြောလိုက်ခြင်း မဟုတ်ပေ။
ထို့ပြင် အကယ်၍ ယဲ့တိုက်အနေဖြင့် နောင်တရနေသည်ဆိုပါက နောက်နောင်တွင်လည်း ရင်သွေးများစွာ ထပ်မံယူနိုင်သေးသည်မဟုတ်လော။
ဇနီးသည်အား ယုယစွာ နှစ်သိမ့်ပြီးနောက် ဝမ်ချန်သည် ဝမ်းဆွဲထံမှ သမီးငယ်လေးကို ပွေ့ချီလိုက်သည်။
အနှီးထုတ်အတွင်းရှိ သေးငယ်လှသော၊ မဖွံ့ဖြိုးသေး၍ အနည်းငယ် ရုပ်ဆိုးနေသော ကလေးငယ်လေးကို ကြည့်ရင်း သူ၏ရင်ထဲ၌ ထူးခြားဆန်းပြားသော ခံစားချက်တစ်ခု ပေါ်ပေါက်လာလေသည်။
'ငါ... အခု ဖခင်တစ်ယောက် ဖြစ်ပြီပေါ့'
ထိုအခိုက်အတန့်တွင် ဝမ်ချန်နှင့် သူ၏ ရင်ခွင်ထဲမှ ကလေးငယ်လေးအကြား သွေးသားတော်စပ်မှုဆိုင်ရာ နှောင်ကြိုးတစ်ခု တည်ဆောက်မိသွားခဲ့ချေပြီ။
"သမီးလေးကို နောင်ကျရင် 'ကျန်းကျန်း' လို့ ခေါ်ကြတာပေါ့"
မက်မွန်ပင်ကလေးသည် ဝေဆာလှပသော အရွက်နုလေးများဖြင့် ဝေဖြာနေချေပြီတကား။
***