ပြင်ပလောက၌ ကောင်းကင်ယံတစ်ခုလုံး မှောင်အတိကျလျက်ရှိချေပြီ။ မုန်တိုင်းက ပိုမိုပြင်းထန်လာသလို မိုးခြိမ်းသံများကလည်း တဖြဖြ မြည်ဟည်းနေတော့သည်။
ဝမ်ချန်သည် နှစ်ချို့အရက်တစ်အိုးကို သောက်သုံး၍ အဆုံးသတ်လိုက်ချိန်တွင် အရက်ဆိုင်ခန်းမအတွင်းရှိ စားပွဲဝိုင်းအားလုံး၌ လူအပြည့်ဖြစ်နေလေပြီ။
သူ၏နောက်တွင်လည်း ဧည့်သည်အုပ်စုအချို့ ထပ်မံရောက်ရှိလာကြသဖြင့် ဆိုင်အကူများမှာ မနားတမ်း အလုပ်ရှုပ်နေကြရသည်။ သို့သော် ယင်းက အစပျိုးရုံသာ ရှိသေး၏။
ဂျိမ်း...
မိုးခြိမ်းသံနှင့်အတူ ဆိုင်တံခါးမှာ ဝုန်းခနဲ ပွင့်ထွက်သွားပြီး မိုးရေထဲမှ ဇာတ်လိုက်ကျော် တစ်စု ပြေးဝင်လာကြလေသည်။
ထိုအုပ်စုတွင် လူတစ်ဒါဇင်ကျော်ပါဝင်ပြီး အများစုမှာ ဝတ်စုံကျပ်များကို ဝတ်ဆင်ထားကာ ဓားရှည်၊ ဓားလတ်များကိုယ်စီ ချိတ်ဆွဲထားကြသော်လည်း အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးမှာမူ အထူးတလည် ထင်ရှားနေပေသည်။
ထိုလူငယ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်နှင့် လူလတ်ပိုင်းတစ်ဦးနှင့် ဆံပင်မုတ်ဆိတ်ဖြူဖွေးနေသော အဖိုးအိုတစ်ဦးတို့က ရံခါလျက်ရှိသည်။
၎င်းတို့၏ ရုတ်တရက်ဝင်ရောက်လာမှုကြောင့် ဆူညံနေသော ဆိုင်ခန်းမကြီးမှာ ရုတ်ချည်း ငြိမ်သက်သွားရ၏။
ထိုနေရာတွင် ထိုင်နေသူတို့မှာ အတွေ့အကြုံနည်းပါးသူများ မဟုတ်ကြချေ။ ဤလူအုပ်စု၏ ထူးခြားသော အရှိန်အဝါကို အားလုံးက ချက်ချင်းပင် ရိပ်မိကြလေသည်။
၎င်းတို့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသကဲ့သို့ အချို့မှာ ဒဏ်ရာရထားဟန်တူပြီး ဆေးနံ့များပင် နံဟောင်နေတော့သည်။
ကြည့်ရသည်မှာ ထိုချောမောသောလူငယ်သည် အုပ်စု၏ ဗဟိုချက်ဖြစ်ပုံရ၏။ ခက်ထန်သောမျက်နှာထားနှင့် လူလတ်ပိုင်းက ကောင်တာနောက်ရှိ ဆိုင်ရှင်အား "ဆိုင်ရှင်... အားတဲ့အခန်းရှိသေးလား" ဟု မေးလိုက်သည်။
ဆိုင်ရှင်ကလည်း အားနာဟန်အပြည့်နှင့် "ဧည့်သည်တော်တို့ခင်ဗျာ... တကယ်ပဲ စိတ်မကောင်းပါဘူး၊ အခန်းအားလုံး ပြည့်သွားပါပြီ" ဟု ပြန်လည်ဖြေကြားလေသည်။
လူလတ်ပိုင်းက မျက်မှောင်ကြုတ်လျက် "တစ်ခန်းမှတောင် မကျန်ဘူးလား" ဟု ထပ်မေးရာ ဆိုင်ရှင်က "တကယ်ကို မရှိတော့တာပါ" ဟု အနေခက်စွာ ပြန်ပြောရှာသည်။
ထိုအခါ လူလတ်ပိုင်းက ငွေတုံးအကြီးကြီးတစ်ခုကို စားပွဲပေါ်သို့ ဝုန်းခနဲ ချလိုက်ပြီး "သေချာပြန်စဉ်းစားကြည့်ဦး" ဟု ဆိုလေတော့သည်။
၎င်းတို့ ဆိုင်ရှင်နှင့် စျေးစကားပြောနေစဉ် အဖြူရောင်ဝတ်စုံနှင့် လူငယ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရာ သူ၏အကြည့်မှာ ဝမ်ချန်ထံသို့ အရင်ရောက်သွားပြီးနောက် ကျန်းကျန်း ထံ၌ စွဲမြဲသွားလေသည်။
ထိုအခါ လူငယ်၏ မျက်လုံးများမှာ သိသိသာသာ တောက်ပလာတော့၏။
လူငယ်သည် ချောင်းတစ်ချက်ဟန့်ကာ ဝတ်စုံကို ပြင်ဝတ်လိုက်ပြီးနောက် ဝမ်ချန်ထံသို့ လျှောက်လာပြီး လက်ယှက်၍ ရိုသေသမှုပြုကာ "လေးစားအပ်ပါသော လူကြီးမင်း ကျွန်တော်မျိုးက ချင်းဖုန်းတောင် မှ ကျောက်ဟိုင်မင်ပါ၊ လူကြီးမင်းတို့ရဲ့ စားပွဲမှာ အတူထိုင်ခွင့်ပြုမလား" ဟု မေးလိုက်သည်။
သူသည် လောကဝတ်နှင့်အညီ ပြုံးပြလျက်ရှိရာ သူရဲကောင်းမျိုးရိုးမှ ဆင်းသက်လာသော သခင်လေးတစ်ဦး၏ အသွင်အပြင်မျိုးပင်။
ဝမ်ချန်အား ခွင့်တောင်းနေသော်လည်း ထိုလူငယ်၏ အကြည့်တို့က ကျန်းကျန်းထံသို့ မသိမသာ ရောက်နေချေသည်။ သို့သော် ကျန်းကျန်းမှာမူ စားကောင်းသောက်ကောင်းလျက် ရှိသဖြင့် ထိုသူ၏ လောကဝတ်ကို လုံးဝသတိမထားမိပေ။
ဝမ်ချန်က "မရဘူး" ဟု ပြတ်သားစွာပင် တုံ့ပြန်လိုက်သည်။
ထိုအခါ အဖြူရောင်ဝတ်စုံနှင့် လူငယ်မှာ ဆွံ့အသွားရ၏။
သူသည် မိမိ၏ ထင်ရှားသော နောက်ခံမျိုးရိုးကို ထုတ်ဖော်ပြောကြားခဲ့ပါလျက် ဝမ်ချန်ကမူ မကြားဖူးသကဲ့သို့ ပြုမူကာ မျက်နှာသာ လုံးဝမပေးချေ။
ကျောက်ဟိုင်မင်က အနေခက်စွာ ရယ်မောရင်း စိတ်ကိုထိန်းချုပ်ကာ "စိတ်မကောင်းပါဘူး... နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်" ဟု ဆိုလိုက်ရသည်။
သို့သော် သူ၏မျက်ဝန်းထဲ၌ ရိပ်ခနဲဖြစ်သွားသော မကျေနပ်ချက်ကိုမူ ဝမ်ချန်၏ ထိုးထွင်းသိမြင်မှုမှ လွတ်ကင်းအောင် မဖုံးကွယ်နိုင်ခဲ့ပေ။
ကျောက်ဟိုင်မင် လှည့်ထွက်သွားချိန်တွင် ဝမ်ချန်က သူ၏သမီးဖြစ်သူအား "ကျန်းအာ... အဖေ ဘာလို့ ဒီလူနဲ့ စားပွဲအတူမထိုင်ခိုင်းတာလဲ သိလား" ဟု ရုတ်တရက် မေးလိုက်လေသည်။
သူ၏အသံမှာ သိပ်မကျယ်သော်လည်း ဆိုင်အတွင်းရှိ လူတိုင်းကမူ ရှင်းလင်းစွာ ကြားလိုက်ရ၏။
ကျန်းကျန်းက ခေါင်းခါပြလျက် "မသိဘူး... ဘာလို့လဲ အဖေ" ဟု ပြန်မေးသည်။
ဝမ်ချန်က ပြုံးလိုက်ပြီး "ဘာလို့လဲဆိုတော့ ဒီလူက စိတ်ရင်းမမှန်လို့ပဲ" ဟု ပြောလိုက်ရာ ကျောက်ဟိုင်မင်မှာ ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးသော်လည်း တုန်လှုပ်သွားပြီး ချောမောသော မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။
ကျန်းကျန်းက ခေါင်းလေးစောင်းကာ "ဘယ်လိုမျိုးလဲ" ဟု စပ်စုပြန်သည်။ သူမကမူ တကယ်ပင် သတိမထားမိခဲ့ပေ။
ဝမ်ချန်က စိတ်ရှည်လက်ရှည်ပင် ရှင်းပြလေသည်။- "သူတို့ကိုကြည့်စမ်း... သူတို့က အားမာန်အပြည့်နဲ့ ရောက်လာကြပေမယ့် အားလုံးက ဒဏ်ရာတွေရပြီး ပင်ပန်းနွမ်းနယ်နေကြတယ်။ ဆယ်ပုံကိုးပုံကတော့ ရန်သူတွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံနေရလို့ ထွက်ပြေးလာကြတာပဲ ဖြစ်ရမယ်။"
"တကယ်လို့ သူတို့သာ ဖြောင့်မတ်တဲ့သူတွေဆိုရင် သူတို့ရဲ့ ရန်ငြိုးရန်စတွေကြားထဲမှာ အပြစ်မရှိတဲ့ ဘေးလူတွေကို ဘယ်တော့မှ ဆွဲမထည့်ကြဘူး။ အခု သူက ငါတို့နဲ့ အတူလာထိုင်ချင်တာဟာ တမင်သက်သက် ရည်ရွယ်ချက်ဆိုးရှိလို့ပဲ။"
ဗြုန်း...
ဆိုင်အတွင်းရှိ ဇာတ်လိုက်ကျော်တစ်ဦးထံမှ ခစ်ခနဲ ရယ်သံထွက်ပေါ်လာသည်။ ကျောက်ဟိုင်မင်၏ မျက်နှာမှာ အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားပြီး လက်များမှာလည်း အလိုအလျောက် တုန်ယင်လာတော့၏။
သူ၏ အပေါင်းအပါများမှာလည်း ဒေါသထွက်ကုန်ကြပြီး အချို့ဆိုလျှင် လက်နက်များကိုပင် ဆွဲထုတ်လိုက်ကြသဖြင့် ဆိုင်ခန်းမအတွင်းရှိ အခြေအနေမှာ တင်းမာသွားရသည်။
သို့သော် ကျန်းကျန်းမှာမူ မည်သည့်အရာကိုမျှ သတိမပြုမိသည့် ရိုးသားသော မိန်းကလေးတစ်ဦးကဲ့သို့ မျက်လုံးလေးဝိုင်းကာ မေးပြန်သည်။ "အဖေ... ဒါဆို သူက ဘာလို့ တခြားသူတွေကို မရွေးဘဲ ငါတို့နှစ်ယောက်ကိုပဲ ရွေးရတာလဲ"
"ဘာလို့လဲဆိုတော့ တခြားသူတွေက လှည့်စားဖို့မလွယ်မှန်း သိသာနေလို့ပဲ၊ ငါတို့ကတော့ သားအဖနှစ်ယောက်တည်း ဖြစ်နေသလို သမီးကလည်း လောကအတွေ့အကြုံ မရှိသေးတဲ့သူ ဖြစ်နေလို့ပေါ့" ဟု ဝမ်ချန်က ရှင်းပြလိုက်သည်။
"ငါတို့နှစ်ယောက်လုံးကို ပတ်သက်အောင်လုပ်ဖို့ လွယ်ကူသလို သူက သမီးကိုလည်း ပစ်မှတ်ထားထားတာ အသေအချာပဲ။"
ဝမ်ချန်၏ အသံမှာ ဆိုင်ခန်းမအတွင်း ပဲ့တင်ထပ်သွားပြီး ထိုမြင်ကွင်းကို ပို၍ပင် အနေခက်စေတော့သည်။
တစ်ယောက်ထက်မကသော လူများမှာ မအောင့်နိုင်ဘဲ ရယ်မောမိကြ၏။ အမှန်စင်စစ် ကျောက်ဟိုင်မင်၏ မရိုးသားသော ရည်ရွယ်ချက်မှာ အတွေ့အကြုံရှိသူများအတွက် သိသာထင်ရှားလှပေသည်။
သို့သော် ထိုကဲ့သို့ ကိစ္စမျိုးကို ဗူးပေါ်သလိုပေါ်အောင် ဖွင့်ချလိုက်ခြင်းမှာ ဇာတ်လိုက်လောက၏ ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသဖြင့် ဝမ်ချန်က သမီးဖြစ်သူကို ဆုံးမရန်အတွက် ကျောက်ဟိုင်မင်အား လူပုံအလယ်တွင် ယခုကဲ့သို့ အရှက်ခွဲလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ယင်းက အထင်အရှားပင် အရှက်ခွဲခြင်းဖြစ်ပေရာ ကျောက်ဟိုင်မင်၏ မျက်နှာမှာ ပဲငပိရည်ကဲ့သို့ အနီ၊ အခရမ်း၊ အမည်း ရောင်စုံပြောင်းလျက် ဒေါသကြောင့် တုန်ရီနေတော့သည်။
ထိုအခါ ဆံပင်ဖြူအဖိုးအိုက စိတ်မထိန်းနိုင်တော့ဘဲ "မင်းက ဘယ်လောက်တောင် ရဲတင်းနေတာလဲ" ဟု အော်ဟစ်လိုက်လေသည်။ သူက ဝမ်ချန်အား သင်ခန်းစာပေးရန် ရှေ့သို့ တိုးလာစဉ် ကျောက်ဟိုင်မင်က တားဆီးလိုက်၏။
ဤချင်းဖုန်းတောင်မှ သူရဲကောင်းလူငယ်လေးမှာ အသက်ကို ပြင်းပြင်းရှူကာ အတင်းအကျပ် ပြုံးပြလျက် "လူကြီးမင်းက ကျွန်တော့်အပေါ် တော်တော်လေး အထင်လွဲနေတာပဲ... ကျွန်တော်က စိတ်စေတနာနဲ့ လာခဲ့တာပါ" ဟု ဆိုသည်။
သူ၏ အောင့်သက်သက် ဟန်ဆောင်မှုကို ကြည့်၍ အချို့က သနားစိတ်ပင် ဝင်မိကြသည်။ ဝမ်ချန်၏ အရှက်ခွဲမှုမှာ အနည်းငယ် လွန်ကဲသည်ဟု ထင်မှတ်ကြ၏။ သို့သော် ဝမ်ချန်ကမူ "ကျန်းအာ... တွေ့လား၊ တစ်ယောက်က လူဆိုးလုပ်ပြီး တစ်ယောက်က လူကောင်းလုပ်ပြနေတာ၊ တကယ့် ပြဇာတ်ကြီးပါပဲလား" ဟု မှတ်ချက်ပြုလိုက်ပြန်သည်။
"ဟားဟားဟား... "
ထိုအခါ လူအများအပြားမှာ မအောင့်နိုင်တော့ဘဲ ဝုန်းဒိုင်းကြဲကာ ရယ်မောကုန်ကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ဆံပင်ဖြူအဖိုးအိုနှင့် ကျောက်ဟိုင်မင်တို့၏ မျက်နှာပေးမှာ ဝမ်ချန်ပြောသကဲ့သို့ တကယ်ပင် ရယ်စရာကောင်းနေသောကြောင့်ပင်။
"လူကြီးမင်းရဲ့ အမည်ကို သိပါရစေ"
ထိုအချိန်တွင် လူလတ်ပိုင်းက ဝမ်ချန်၏ ရှေ့သို့ လှမ်းလာပြီး ကျောက်ဟိုင်မင်၏ အမြင်ကို ပိတ်ဆို့ထားကာ "ဒါမှမဟုတ် လူကြီးမင်းနဲ့ ကျွန်တော်တို့ ချင်းဖုန်းတောင်နဲ့ ရန်ငြိုးများ ရှိနေလို့လား" ဟု မေးမြန်းလိုက်သည်။
"ချင်းဖုန်းတောင်ဆိုတာ ဘာလဲ ငါမကြားဖူးဘူး" ဟု ဝမ်ချန်က အရက်ပန်းကန်ကို မြှောက်ကာ အေးဆေးစွာပင် ပြန်ဖြေလိုက်၏။
"ငါက ငါ့ကို မနှောင့်ယှက်ရင် ဘယ်သူ့ကိုမှ မနှောင့်ယှက်ဘူး၊ မင်းတို့ဘာသာမင်းတို့ ပြဿနာရှာပြီး အရှက်ကွဲရတာကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့။"
လူလတ်ပိုင်း၏ မျက်လုံးများမှာ ခက်ထန်သွားပြီး သူ၏ လက်ချောင်းများကို လက်သည်းခွံသဏ္ဌာန် ပြုလုပ်ကာ ဝမ်ချန်ထံသို့ လျင်မြန်စွာ လှမ်းထိုးလိုက်လေသည်။
သို့သော် သူ၏ လင်းယုန်လက်သည်းမှာ ဝမ်ချန်အား မထိတွေ့မီမှာပင် သူ၏ ကိုယ်ခန္ဓာမှာ လျှပ်စီးအပစ်ခံရသကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့၏။
သူသည် အငိုက်မိနေသော ကျောက်ဟိုင်မင်နှင့် အရင်တိုက်မိပြီးနောက် နောက်လိုက်အုပ်စုနှင့်အတူ တစ်လိပ်ကြီး လိမ့်ကျသွားလေတော့သည်။
၎င်းတို့မှာ အထိနာသွားကြချေပြီ။
ကျန်းကျန်းမှလွဲ၍ ထိုနေရာရှိ လူအားလုံးမှာ ဝမ်ချန် မည်သို့ လှုပ်ရှားလိုက်သည်ကို မမြင်လိုက်ကြရပေ။ သို့သော် ဝမ်ချန်သည် ၎င်းတို့ မယှဉ်နိုင်သော ထူးချွန်ထက်မြက်သည့် ပညာရှင် တစ်ဦးဖြစ်ကြောင်းကိုမူ အားလုံးက အသေအချာ သိလိုက်ကြရ၏။
ဘေးလွတ်နေသော ဆံပင်ဖြူအဖိုးအိုမှာ အံ့အားသင့်ကာ တုန်တုန်ယင်ယင်နှင့် "မဟာ... မဟာပါရဂူသခင် လား" ဟု မေးလိုက်သည်။ မွေးရာပါနယ်ပယ် ကို ရောက်ရှိနေသော မဟာပါရဂူသခင်မှလွဲ၍ မည်သူက ဤမျှ အံ့ဩဖွယ်ကောင်းသော စွမ်းရည်မျိုး ရှိနိုင်ပါအံ့နည်း။
ဝမ်ချန်သည် အရက်ကို တစ်ငုံတည်း မော့လိုက်ပြီးနောက် "ထွက်သွားကြတော့" ဟု မြွက်ဟလိုက်သည်။ ထိုအခါ ဆံပင်ဖြူအဖိုးအိုမှာ တုန်လှုပ်သွားပြီး ခြေလှမ်းနှစ်လှမ်း နောက်သို့ ဆုတ်လိုက်ရကာ သူ၏ နှာခေါင်း၊ မျက်လုံး၊ နားနှင့် ပါးစပ်တို့မှ သွေးများ ယိုစီးလာတော့၏။
သူသည် မြေပြင်ပေါ်မှ ကျောက်ဟိုင်မင်ကို ဆွဲထူကာ "သွားကြစို့" ဟု တိုးတိုးလေး ဆိုလိုက်ရလေသည်။
အရှိန်အဝါ အားကောင်းမောင်းသန်နှင့် ရောက်လာသော အုပ်စုမှာ ယခုမူ အရှက်တကွဲနှင့် ပြန်လည် ထွက်ခွာသွားကြရချေပြီ။
***