ယခင် နန်လီနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့ဖူးသလို ယနေ့အခါတွင်မူ တာ့ဝေ့ပြည်ထောင်၏ ဧကရာဇ်မြို့တော်ဖြစ်သော ချန်ယိစီရင်စု၏ ခန့်ညားထည်ဝါမှုနှင့် စည်ကားသိုက်မြိုက်မှုတို့မှာ အထင်အရှားပင် ရှိချေသည်။
မြင့်မားလှသော မြို့ရိုးတံတိုင်းကြီးများ၊ စီရရီညီညာစွာ တည်ရှိနေသော အဆောက်အအုံများ၊ ဖြောင့်တန်းကျယ်ဝန်းလှသော လမ်းမကြီးများ၊ အရောင်အသွေးစုံလင်လှသော ဆိုင်ကနားများ၊ ရောပြွမ်းသွားလာနေကြသော လမ်းသွားလမ်းလာများနှင့် လမ်းဘေးဈေးသည်တို့၏ မပြတ်သော အော်ဟစ်ရောင်းချသံတို့မှာ ဆူညံလျက်ရှိ၏။
ဤနေရာသို့ အသစ်တဖန် ရောက်ရှိလာသူတို့အဖို့ လမ်းပျောက်သွားရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
ဝမ်ချန်၏ သမီးငယ်လေး ကျန်းကျန်း၏ မျက်လုံးအစုံတို့မှာလည်း မြင်သမျှကို ငေးမောကြည့်ရှုရင်း ပြာဝေလျက်ရှိသည်။
ချန်ယိစီရင်စုသည် ဝမ်ချန် တည်ထောင်ထားသော တိမ်တိုက်မြို့တော်ထက် များစွာပို၍ ကျယ်ဝန်းလှသလို လူဦးရေမှာလည်း နှိုင်းယှဉ်၍မရအောင်ပင် များပြားလှပေရာ၊ ထိုထက်မက အရေးကြီးသည်မှာ အသစ်တဖန် ပေါ်ထွန်းလာသော တာ့ဝေ့မင်းဆက်သည် တစ်လောကလုံးကို စိုးမိုးလိုသည့် ရည်မှန်းချက်ကို အစဉ်အမြဲ ထုတ်ဖော်ပြသနေခြင်းပင် ဖြစ်ချေသည်။
ထို့ကြောင့်လည်း ကုန်သည်များ၊ မှူးမတ်မျိုးနွယ်များ၊ သိုင်းပညာရှင်များနှင့် ရည်မှန်းချက်ကြီးမားသူတို့မှာ ချန်ယိသို့ တစ်စထက်တစ်စ ပိုမိုစုဝေးလာကြခြင်း ဖြစ်ပေမည်။
"အဖေ... ဟိုမှာကြည့်ပါဦး"
မြင်းဇက်ကြိုးကို တစ်ဖက်၊ ဆီးသီးယိုချောင်းကို တစ်ဖက်ကိုင်ထားသော ထိုမိန်းကလေးမှာ ပါးစပ်ထဲတွင် အစာများပြည့်နေလျက်ပင် မီးမှုတ်ပြနေသော လမ်းဘေးမျက်လှည့်ဆရာကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
"သိပ်ပျော်စရာကောင်းတာပဲ"
ဝမ်ချန်မှာလည်း မရယ်ဘဲ မနေနိုင်တော့ချေ။ ကျန်းကျန်းသည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သလို၊ ခရီးရှည်ကြီးကို နှင်ခဲ့ရသဖြင့် စိတ်နေစိတ်ထားမှာလည်း များစွာ ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။
သို့သော်ငြားလည်း သူမမှာ တူဆယ့်လေး၊ ဆယ့်ငါးနှစ်အရွယ် မိန်းကလေးငယ်မျှသာ ရှိသေးသည်မဟုတ်လော။
သူမ၏ ဖြူစင်မှုနှင့် ကလေးဆန်သော စိတ်ထားလေးမှာ ပျောက်ကွယ်မသွားသေးပေ။ ဝမ်ချန်အနေဖြင့်လည်း သမီးဖြစ်သူ၏ ပျော်ရွှင်မှုကို မဖျက်ဆီးလိုပါ၊ အကြောင်းမှာ ချန်ယိသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိရန် အခွင့်အရေးမှာ မသေချာလှသောကြောင့်ပင် ဖြစ်သည်။
ရောက်ရှိလာခိုက်တွင် အဘယ်ကြောင့် အားရပါးရ မပျော်ပါးဘဲ နေပါမည်နည်း။
ထိုသို့တွေးတောမိသဖြင့် ဝမ်ချန်နှင့် ကျန်းကျန်းတို့သည် ရှေးဦးစွာ တည်းခိုခန်းကြီးတစ်ခု၌ အခြေချလိုက်ကြသည်။
နောက်ထပ် သုံးရက်တာကာလအတွင်း သူသည် သမီးဖြစ်သူကို ခေါ်ဆောင်၍ ဤမြို့ကြီး၏ ထောင့်စေ့အောင် လှည့်လည်သွားလာခဲ့ပြီး အစားအသောက်၊ အဝတ်အထည်နှင့် ကစားစရာ အသုံးအဆောင်များစွာကို ဝယ်ယူပေးခဲ့လေသည်။
ချန်ယိသို့ ရောက်ရှိပြီး ပဉ္စမမြောက်နေ့တွင်မူ ဝမ်ချန်သည် သူ၏ မိတ်ဆွေဟောင်းတစ်ဦးနှင့် တွေ့ဆုံရန် သမီးဖြစ်သူကို ခေါ်ဆောင်သွားခဲ့သည်။
သူတို့နှစ်ဦးသည် တာ့ဝေ့ဧကရာဇ် နန်းတော်ရှေ့သို့ ရောက်ရှိလာကြ၏။
တာ့ဝေ့နန်းတော်မှာ ယခင် နန်လီတော်ဝင်နန်းတော်ကို အခြေခံ၍ ပြုပြင်မွမ်းမံ တိုးချဲ့ထားခြင်းဖြစ်သဖြင့် ရှေးမူမပျက် တည်ရှိနေဆဲဖြစ်သည်။ ထိုနေရာ၏ လုံခြုံရေးမှာလည်း အလွန်ပင် တင်းကျပ်လှပေသည်။
ဝမ်ချန်သည် နန်းတော်၏ အနီရောင်တံခါးမကြီးအနီးသို့ မချဉ်းကပ်မီမှာပင် ခက်ထန်လှသော နန်းတွင်းကိုယ်ရံတော် နှစ်ဦးမှာ ရှေ့သို့ တိုးထွက်လာပြီး ၎င်းတို့အနက် တစ်ဦးက "နန်းတော်ဆိုတာက တားမြစ်နယ်မြေပဲ၊ အဓိပ္ပာယ်မရှိ လာရောက်ခြင်းကို တားမြစ်ထားတယ်၊ ချက်ချင်း ထွက်ခွာသွားကြ၊ မဟုတ်ရင် ဥပဒေအရ အညှာအတာမဲ့စွာ အရေးယူရလိမ့်မယ်" ဟု အသံဩဇာဖြင့် ဟိန်းဟောက်လိုက်လေသည်။
ဝမ်ချန်သည် အိတ်ကပ်အတွင်းမှ တံဆိပ်တုံးငယ်လေးတစ်ခုကို ထုတ်ယူ၍ ပေးအပ်လိုက်ပြီး "ဒီအမှတ်အသားကို လီကျိလီထံ ပေးအပ်လိုက်ပါ၊ မိတ်ဆွေဟောင်းတစ်ဦးက ဆွေးနွေးဖို့ ရောက်ရှိနေတယ်လို့ ပြောကြားပေး" ဟု ဆိုလိုက်၏။
ထိုကိုယ်ရံတော်မှာ ခဏမျှ မှင်တက်သွားပြီးနောက် ဝမ်ချန် ပြောဆိုလိုက်သော အမည်ကို သိရှိသွားသည့် ခဏချင်းမှာပင် အမျက်ဒေါသ ခြောင်းခြောင်းထွက်သွားကာ "ရဲတင်းလှချည်လား" ဟု အော်ဟစ်လိုက်တော့သည်။
လီကျိလီဆိုသည်မှာ တာ့ဝေ့ပြည်ထောင်၏ လက်ရှိအရှင်သခင် ဖြစ်ပေရာ၊ နန်းတော်တံခါးဝတွင် ၎င်း၏အမည်ကို တိုက်ရိုက်ခေါ်ဆိုခြင်းမှာ အလွန်ပင် ရဲတင်းလွန်းလှသည်မဟုတ်လော။
ထိုကိုယ်ရံတော်သည် ဧကရာဇ်၏ ဘုန်းအာနုဘော်ကို စော်ကားသူအဖြစ် မှတ်ယူကာ ဝမ်ချန်ကို ဖမ်းဆီးရန် ဓားကို ဆွဲထုတ်လိုက်လေသည်။
သို့သော် ဓားကို ဆွဲမထုတ်နိုင်မီမှာပင် ဝမ်ချန်၏ အကြည့်မှာ သူတို့ထံသို့ ဝေ့ဝဲကျရောက်သွားရာ ထိုသူမှာ ရေခဲလှိုဏ်ဂူအတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ပင် မရှူနိုင်တော့ဘဲ ဖော်ပြမတတ်သော ကြောက်ရွံ့မှုတို့ လွှမ်းမိုးသွားတော့သည်။
အခြားတစ်ဦးမှာလည်း ထို့အတူပင် ခံစားလိုက်ရ၏။ ၎င်းတို့မှာ အားနည်းသောသူများ မဟုတ်ကြပေ၊ သို့မဟုတ်ပါက ဤကဲ့သို့ အရေးပါသော ရာထူးနေရာတွင် ရှိနေကြမည်မဟုတ်ချေ။
သို့သော် ဝမ်ချန်၏ ဖိအားအောက်တွင်မူ ထိုကိုယ်ရံတော် နှစ်ဦးမှာ ကျားရှေ့ရောက်နေသော ကြက်ကလေးများနှယ် ဖြစ်နေကာ ထိုနေရာ၌ပင် ဒူးထောက်မတတ် ဖြစ်သွားကြရသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ချန်သည် ၎င်းတို့ကို တမင်တကာ ဒုက္ခမပေးလိုသဖြင့် သူ၏ အရှိန်အဝါကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
"ခဏ... ခဏ စောင့်ဆိုင်းပေးပါ" ဟု ကိုယ်ရံတော်က ဆိုလိုက်၏။ ယခုအခါတွင်မူ ထိုကိုယ်ရံတော် နှစ်ဦးသည် ဝမ်ချန်၏ သိုင်းပညာမှာ ၎င်းတို့ စိတ်ကူးကြည့်၍မရနိုင်လောက်အောင် မြင့်မားနေသည်ကို နားလည်သွားကြပြီ ဖြစ်သည်။
ထို့ပြင် ဧကရာဇ်မင်းမြတ်နှင့် တွေ့ဆုံရန် တံဆိပ်တုံးကို အသုံးပြုသည်ဆိုပါက ခိုင်လုံသော အကြောင်းပြချက် ရှိပေလိမ့်မည်။
၎င်းတို့သည် မဆင်မခြင် မပြုမူရဲတော့ဘဲ တစ်ဦးမှာ အဖော်အဖြစ် ကျန်ရစ်ခဲ့ကာ အခြားတစ်ဦးမှာမူ အလျင်အမြန် သတင်းပို့ရန် နန်းတွင်းသို့ ဝင်ရောက်သွားတော့သည်။
ထိုသို့ဖြင့် ဝမ်ချန်၏ တံဆိပ်တုံးမှာ အဆင့်ဆင့် ပါးလိုက်ရာမှ နောက်ဆုံးတွင် မိန်းမစိုးအိုကြီးတစ်ဦးက ဧကရာဇ်၏ စာကြည့်ဆောင်သို့ ယူဆောင်လာခဲ့လေသည်။
"အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
မိန်းမစိုးအိုသည် ဒူးထောက်ဂါရဝပြုရင်း "အခုလေးတင် နန်းတွင်းကိုယ်ရံတော်များ သတင်းပို့ချက်အရ နန်းတော်တံခါးဝမှာ လူတစ်ဦးက တံဆိပ်တုံးကို ကိုင်ဆောင်ပြီ အရှင်မင်းကြီးအား တွေ့ဆုံလိုကြောင်း လျှောက်ထားလာပါတယ်" ဟု ဆိုကာ တံဆိပ်တုံးကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။
တာ့ဝေ့ဧကရာဇ် လီကျိလီသည် ထိုအချိန်တွင် အစီရင်ခံစာများကို ဖတ်ရှုနေခြင်းဖြစ်ပြီး မိန်းမစိုး၏ စကားကို ကြားသောအခါ အကြည့်ကို အနည်းငယ် မြှင့်လိုက်လေသည်။ သူ၏ အကြည့်တို့မှာ ချက်ချင်းပင် စူးရှသွားတော့၏။
လီကျိလီက "လာရောက်သူက နာမည်ပြောခဲ့လား" ဟု လေးနက်စွာ မေးမြန်းလိုက်သည်။
မိန်းမစိုးအိုက တုန်တုန်ယင်ယင်ဖြင့် "မပြောခဲ့ပါဘူး၊ သူနှင့်အတူ သားဖလို့ ထင်ရတဲ့ မိန်းကလေးငယ်တစ်ဦး ပါလာပါတယ်" ဟု လျှောက်တင်လေသည်။
လီကျိလီ၏ အကြည့်တို့သည် တံဆိပ်တုံးထံသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် ၎င်းကို လက်ထဲသို့ ယူလိုက်သည်။
သာမန်ပစ္စည်းဖြင့် ကြမ်းတမ်းစွာ ထုလုပ်ထားသော ထိုတံဆိပ်တုံးကို သူ၏ လက်မဖြင့် အသာအယာ ပွတ်သပ်နေရင်း အတိတ်မှ မရေမတွက်နိုင်သော မှတ်ဉာဏ်တို့မှာ ဦးနှောက်အတွင်း၌ ပြန်လည်စိမ့်ဝင်လာချေပြီ။
ဝမ်ချန်။
လီကျိလီ၏ မှတ်ဉာဏ်အောက်ခြေတွင် မြှုပ်နှံထားသော ဤအမည်နာမသည် သူ မေ့လျော့နေခဲ့သော ကြောက်ရွံ့မှုနှင့် ရိုသေခန့်ညားမှုတို့ကို ပြန်လည်နိုးထစေခဲ့သည်။
နန်းတက်ပြီးချိန်မှစ၍ လီကျိလီသည် မည်သူ့ကိုမျှ မကြောက်ရွံ့ခဲ့ပေ၊ သူသည် အင်အားတောင့်တင်းလှသော စစ်သည်တော် သန်းပေါင်းများစွာနှင့် ပြည်သူပြည်သားတို့၏ အသက်ကို လက်ဝယ်ပိုင်စိုးထားကာ အနှိုင်းမဲ့အာဏာကို ကျင့်သုံးနေသူ ဖြစ်သည်မဟုတ်လော။
သို့သော်ငြားလည်း သူကိုယ်တိုင်မှာမူ မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ အနိုင်မခံနိုင်သူ မဟုတ်သည်ကို ဤတာ့ဝေ့ဧကရာဇ်က စိတ်ထဲမှ ကောင်းစွာသိရှိနေပါသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် တံဆိပ်တုံးကို လက်ဖဝါးအတွင်း ဆုပ်ကိုင်ထားရင်း "သူ့ကို ဖိတ်ခေါ်လိုက်ပါ" ဟု အမိန့်ပေးလိုက်လေသည်။
မိန်းမစိုးအိုက "အမိန့်တော်အတိုင်းပါ" ဟု ဂါရဝပြု၍ ထွက်ခွာသွားတော့သည်။
မိန်းမစိုးအို ထွက်သွားသည်နှင့် လီကျိလီ၏ အကြည့်တို့မှာ လွန်စွာစူးရှသွား၏။
သူသည် လှုပ်ရှားမှုမရှိဘဲ ထိုင်နေလျက်ပင် လက်ကိုမြှောက်၍ အချက်ပြလိုက်ရာ မကြာမီမှာပင် တာ့ဝေ့ဧကရာဇ်၏ ဘေးပတ်လည်၌ အင်အားကြီးမားသော လျှို့ဝှက်အစောင့်အရှောက်များ တသုတ်ပြီးတသုတ် ပေါ်ထွက်လာကြသည်။
နန်းတော်အတွင်းရှိ အစောင့်တပ်ဖွဲ့များအားလုံးကိုလည်း အသင့်အနေအထား ပြင်ဆင်ထားလိုက်ပြီ ဖြစ်ချေသည်။
တစ်ချိန်တည်းမှာပင် လေးလံလှသော နန်းတော်တံခါးမကြီးများမှာ ဖြည်းညှင်းစွာ ပွင့်ဟလာပြီး မိန်းမစိုးအိုသည် လက်နက်အပြည့်အစုံဖြင့် တော်ဝင်သစ်တောတပ်ဖွဲ့၏ ခြံရံမှုဖြင့် ဝမ်ချန်၏အနီးသို့ ရောက်ရှိလာကာ "အရှင်မင်းကြီးက အတွေ့ခံပါမယ်၊ ကျွန်ုပ်နောက်သို့ လိုက်ခဲ့ပါ" ဟု ဆိုလေသည်။
ဝမ်ချန်က ခေါင်းညိတ်ပြလိုက်၏။ သူသည် ကျန်းကျန်း၏လက်ကို ဆွဲ၍ ၎င်းတို့နောက်သို့ လိုက်ပါဝင်ရောက်သွားတော့သည်။ ကျန်းကျန်းမှာမူ နန်းတော်ကြီးကို စိတ်ဝင်တစားဖြင့် ဟိုကြည့်သည်ကြည့် ကြည့်ရှုနေကာ ကြောက်ရွံ့သည့်လက္ခဏာ အလျင်းမရှိချေ။
ထိုအဖွဲ့သည် နန်းဆောင်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ဧကရာဇ်၏ စာကြည့်ဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။
"အရှင်မင်းကြီး၊ လာရောက်သူတို့ကို ခေါ်ဆောင်လာခဲ့ပါပြီ"
ဝမ်ချန်သည် သမီးဖြစ်သူ၏လက်ကို ကိုင်ထားရင်း အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် စားပွဲနောက်ကွယ်တွင် ထိုင်နေသော လီကျိလီကို တွေ့လိုက်ရသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်နှင့် နှိုင်းယှဉ်လျှင် လီကျိလီမှာ သိသိသာသာ အိုမင်းသွားပြီး နားထင်၌ ဆံပင်ဖြူအချို့ပင် ပေါက်နေချေပြီ။
သို့သော် သူ၏ အမူအရာမှာမူ ယခင်ကထက် များစွာပို၍ တည်ကြည်နက်ရှိုင်းနေသလို တစ်ချက်ကြည့်ရုံဖြင့် ခန့်ညားမှုကို ခံစားရစေသော သူ၏ အကြည့်တို့မှာလည်း နားလည်ရခက်လှပေသည်။
သို့သော်လည်း လီကျိလီ၏ အရှိန်အဝါမှာ မည်မျှပင် ကြီးမားနေပါစေ ဝမ်ချန်အပေါ်တွင်မူ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။
သူက ပြုံးလျက် "လီမင်းသား မတွေ့ရတာ ကြာပြီနော်" ဟု နှုတ်ဆက်လိုက်သည်။
"လီမင်းသား" ဟူသော ခေါ်ဆိုမှုကို ကြားလိုက်ရသည့်အခါ လီကျိလီမှာ ခဏမျှ ဝေဝါးသွားရ၏။
၎င်းမှာ သူ၏ ယခင်က ဘွဲ့အမည်ဖြစ်သည်မဟုတ်လော။ ထိုစဉ်က မင်းသားဟု ကိုယ့်ကိုယ်ကိုယ် ဘွဲ့နှင်းထားသော ပုန်ကန်သူခေါင်းဆောင် ဆယ်ဂဏန်းခန့်မှာ အာဏာလုရန် အားပြိုင်နေခဲ့ကြသော်လည်း သူ၏ ယခင်ပြိုင်ဘက်များမှာမူ ပျောက်ကွယ်သွားကြပြီဖြစ်ကာ လီကျိလီကသာ အောင်နိုင်သူအဖြစ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မင်းသားဘဝမှ ဧကရာဇ် ဖြစ်လာခဲ့ချေပြီ။
တာ့ဝေ့ဧကရာဇ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ရပ်ကာ "မဟာပါရဂူသခင်... နောက်ဆုံးတွေ့ခဲ့ပြီးကတည်းက အားလုံး အဆင်ပြေရဲ့လား" ဟု ဆိုလိုက်လေသည်။
သူ စကားပြောလိုက်သည်နှင့် သူ၏ဘေးပတ်လည်၌ ပုန်းကွယ်နေသော အင်အားကြီး ပုဂ္ဂိုလ်များမှာပင် အနည်းငယ် တုန်လှုပ်သွားကြရ၏။
ဝမ်ချန်တို့သားအဖကို ခေါ်ဆောင်လာသော မိန်းမစိုးအိုကြီးမှာမူ ပို၍ပင် မှင်တက်သွားတော့သည်။
မဟာပါရဂူသခင် ဆိုသည်မှာ တစ်လောကလုံးတွင် အင်အားအကြီးဆုံးဖြစ်ပြီး တာ့ဝေ့ပြည်ထောင်တစ်ခုလုံး၌ပင် ယှဉ်ပြိုင်နိုင်သူမရှိသော အနှိုင်းမဲ့ ပညာရှင်ကြီး ဖြစ်သည်မဟုတ်လော။
အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်က အရှင်မင်းကြီးကို ရန်ပြုလိုပါက...။
မိန်းမစိုးအိုကြီးမှာ ထိုအတွေးဖြင့်ပင် ချွေးစေးများ ထွက်လာတော့သည်။
***