အချိန်ဟူသည် မြားတစ်စင်းနှယ် ပျံဝဲ၍ လနှစ်ဟူသည် ရက်ကန်းလွန်းအိမ်ကဲ့သို့ ပြေးလွှားရာ တစ်ခဏအတွင်းမှာပင် နောက်ထပ် ဆယ်စုနှစ်တစ်ခုသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ချေပြီ။
ယခုနှစ်အတွင်း လောကတစ်ခွင်၌ အကြီးကျယ်ဆုံးသော သတင်းမှာ အခြားမဟုတ်၊ တာ့ဝေ့ပြည်ထောင်၏ ဧကရာဇ် လီကျိလီ နတ်ရွာစံခြင်းပင် ဖြစ်တော့သည်။
လီကျိလီသည် အတိတ်ကာလက ကျေးလက်တောရွာတစ်ခုမှ အာဏာစက် ထက်မြက်လာခဲ့သူဖြစ်ရာ အနိမ့်အမြင့် အတက်အကျပေါင်းများစွာကို ဖြတ်သန်းပြီးနောက် နန်လီနိုင်ငံတော်ကို ဗဟိုပြု၍ တာ့ဝေ့မင်းဆက်ကို ထူထောင်ကာ နယ်စားပယ်စားအသီးသီးကို အောင်နိုင်ခဲ့သူ ဖြစ်ပေသည်။
သူသည် မိမိခေတ်မိမိအခါတွင် ကံကြမ္မာအကျိုးပေး ထူးကဲလှသော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်မှာ အမှန်ပင်။
သူ၏ နန်းသက် အနှစ်နှစ်ဆယ်အတွင်း တာ့ဝေ့ပြည်ထောင်၏ နယ်နိမိတ်သည် တစ်နေ့တခြား ကျယ်ပြန့်လာခဲ့ပြီး နိုင်ငံတော်၏ အင်အားမှာလည်း တိုးတက်ခိုင်မာလာကာ သူ၏ ဂုဏ်သတင်းမှာလည်း အနှိုင်းမဲ့ ကျော်ကြားခဲ့လေသည်။
တာ့ဝေ့ပြည်ထောင်ကို တည်ထောင်ခဲ့သော ဤဧကရာဇ်သည် အသက်အရွယ်အားဖြင့် သိပ်မကြီးလှသေးသည့်အပြင် ကိုယ်တိုင်ကလည်း မွေးရာပါနယ်ပယ် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေရာ သူ၏ ရုတ်တရက် ကွယ်လွန်မှုသည် လူအပေါင်းကို အံ့အားသင့် တုန်လှုပ်စေခဲ့၏။
ယွမ်မုန့်စိမ့်တောအတွင်းရှိ တိမ်တိုက်မြို့တော်၌ ရှိနေသော ဝမ်ချန်သည် လီကျိလီ နတ်ရွာစံပြီး ခုနစ်ရက်မြောက်နေ့သို့ ရောက်မှသာ ဤသတင်းကို ကြားသိရလေသည်။
လောကီလူသားတို့၏ ဆက်သွယ်ရေးစနစ်မှာ များစွာ နောက်ကျနေသေးသဖြင့် သတင်းပို့ သိန်းငှက်များကို အသုံးပြုသော်လည်း တောင်နှင့် မြောက် မိုင်ပေါင်းထောင်ချီ ဝေးကွာသော ခရီးကို ရက်ပေါင်းများစွာ ဖြတ်သန်းရပေရာ ယခုလောက် မြန်ဆန်သည်ကိုပင် အလွန်အမင်း ထူးခြားသည်ဟု ဆိုရပေမည်။
ဝမ်ချန်ကိုယ်တိုင်လည်း များစွာ အံ့အားသင့်မိ၏။
ပြီးခဲ့သော အခေါက်က ချန်ယိမြို့၌ ဤတာ့ဝေ့ဧကရာဇ်နှင့် တွေ့ဆုံစဉ်က သူ၏ ကျန်းမာရေးမှာ ယိုယွင်းသည့် အရိပ်အယောင်မျှ မရှိသေးဘဲ အနည်းဆုံး အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ခန့် သက်ရှည်အံ့ဟု ဝမ်ချန် ခန့်မှန်းခဲ့ဖူးသည်။
ယခုမူ ဆယ်စုနှစ်တစ်ခုအကြာတွင်ပင် နတ်ရွာစံခဲ့ပြီဖြစ်ရာ ယင်းမှာ ပုံမှန်မဟုတ်သော အခြေအနေတစ်ရပ် ဖြစ်တန်ရာ၏။
နောက်ပိုင်းလများအတွင်း ချန်ယိစီရင်စုမှတစ်ဆင့် တိမ်တိုက်မြို့တော်သို့ သတင်းအချက်အလက်များ တသီတတန်းကြီး ရောက်ရှိလာခဲ့သည်။
လီကျိလီ၏ ရုတ်တရက် နတ်ရွာစံမှုသည် တည်ငြိမ်အေးချမ်းနေသော တာ့ဝေ့ပြည်ထောင်အပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် လီကျိလီသည် အိမ်ရှေ့စံကို အတည်တကျ ခန့်အပ်ထားခြင်း မရှိခဲ့သဖြင့် အင်အားချင်း တူညီသော မင်းသားများသည် နန်းလုပွဲ၌ ပြင်းထန်စွာ တိုက်ခိုက်ကြရာ ချန်ယိမြို့တော်ပင် စစ်မီးဟုန်းဟုန်းတောက်ကာ အကျအဆုံး များပြားခဲ့ရသည်။
မင်းသားများ အပြန်အလှန် သတ်ဖြတ်နေကြစဉ်မှာပင် အနောက်ဘက်ဒေသ၌ တစ်ပါးအမျိုးသားတို့ကို စစ်ချီနေသော ကိုးဦးမြောက်မင်းသား လီယွမ်ဟောင်သည် လျှို့ဝှက်စွာဖြင့် ချန်ယိသို့ ပြန်လည်ရောက်ရှိလာပြီး သံချပ်ကာမြင်းတပ် အင်အားငါးထောင်ဖြင့် ရန်သူအားလုံးကို နှိမ်နင်းခြေမှုန်းခဲ့လေသည်။
ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော ဤမင်းသားငယ်သည် နောက်ဆုံးတွင် ဝါရင့်အမတ်ကြီးများနှင့် စစ်ဗိုလ်ချုပ်များ၏ ထောက်ခံမှုဖြင့် ထီးနန်းကို ဆက်ခံနိုင်ခဲ့ပြီး 'ဟုန်းဝူ' ဟူသော နန်းစဉ်အမည်ကို ခံယူခဲ့သည်။
ဤသို့ဖြင့် တာ့ဝေ့ပြည်ထောင်၏ နိုင်ငံရေးအခြေအနေမှာ ပြန်လည် တည်ငြိမ်သွားခဲ့ရပေသည်။
ဝမ်ချန်သည် မည်သူက ဧကရာဇ်ဖြစ်သည်ကို စိတ်ဝင်စားခြင်း မရှိဘဲ လီကျိလီ ကွယ်လွန်ရခြင်း၏ အကြောင်းရင်းကိုသာ သိချင်စိတ် ပြင်းပြနေမိသည်။
ယင်းနက်နဲသော အကြောင်းရင်းကို တစ်နှစ်အကြာတွင် အတွင်းလူတစ်ဦးထံမှ သိရှိခဲ့ရလေသည်။
လီကျိလီသည် ပါရဂူသခင်နယ်ပယ် သို့ တက်လှမ်းရန် ကြိုးစားရင်း စိတ်အာရုံ ချောက်ချားကာ သွေးရူးသွေးတန်း ဖြစ်သွားခဲ့ရသည်။
ထိုသို့ ဖြစ်ရခြင်းကြောင့် သူ၏ ဝိညာဉ်စွမ်းအင်ပင်လယ်မှာ ပေါက်ကွဲသွားပြီး သွေးကြောများအားလုံး ပြတ်တောက်ကာ သုံးရက်တိုင်တိုင် ဝေဒနာပြင်းပြစွာ ခံစားရပြီးနောက် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။
ဤတာ့ဝေ့ဧကရာဇ်သည် သေခါနီးအချိန်၌ အိမ်ရှေ့စံကို ခန့်အပ်ခဲ့သော်လည်း ထိုအချိန်တွင် သူသည် အခြေအနေအားလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
အဖြေကို သိလိုက်ရသောအခါ ဝမ်ချန်သည် စကားပင် မဆိုနိုင်တော့ပေ။ လီကျိလီသည် တိုင်းပြည်၏ အရှင်သခင်ဖြစ်ရာ သူသည် တာ့ဝေ့ပြည်ထောင်၏ နဂါးအငွေ့အသက်နှင့် အမျိုးသားကံကြမ္မာပေါင်းစုံ စုစည်းရာ ဗဟိုချက်မ ဖြစ်ပေသည်။
မွေးရာပါနယ်ပယ် သို့ ရောက်ရှိခြင်းမှာပင် အဆုံးစွန်သို့ ရောက်ရှိခြင်းဖြစ်ရာ ထိုထက်ပို၍ ဖောက်ထွက်ရန် ကြိုးစားခြင်းမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
လီကျိလီအနေဖြင့် ပါရဂူသခင်နယ်ပယ်သို့ တက်လှမ်းရန် ကြိုးပမ်းခြင်းမှာ ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်ခြင်းဖြစ်ရာ ပြန်လည် တုံ့ပြန်မှု ကို ခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်ချေသည်။
ချုပ်ကိုင်ထားသော အာဏာစက်က သူ၏ စိတ်ကို ကွယ်စေခဲ့သဖြင့် မိမိကိုယ်ကိုယ် အရာရာကို တတ်စွမ်းနိုင်သည်ဟု ထင်မှတ်မှားကာ နောက်ဆုံး၌ မိမိကိုယ်မိမိ ပျက်စီးအောင် ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပေသည်။
ယင်းကို အကြောင်းနှင့် အကျိုး၊ ကံနှင့် ကံ၏အကျိုးအရ ကောင်းကင်ဘုံ၏ စီရင်ချက်ဟုသာ ဆိုရပါမည်။
ဟုန်းဝူ နန်းသက် သုံးနှစ်မြောက်တွင် ဝမ်ချန်သည် သူ၏ ပထမဦးဆုံးသော မြေးဦးရတနာကို ဆီးကြိုခွင့် ရခဲ့သည်။
ဝမ်ချန်တွင် ဇနီးတစ်ဦးနှင့် မယားငယ်နှစ်ဦးရှိရာ သားငါးဦးနှင့် သမီးလေးဦး၊ စုစုပေါင်း ရင်သွေးကိုးဦး ရရှိပြီးနောက်တွင် နောက်ထပ် သားသမီး ထပ်မံ မယူတော့ပေ။
ယင်းမှာ သူ မတတ်စွမ်းနိုင်၍ မဟုတ်ဘဲ ဤမျှဖြင့် လုံလောက်ပြီဟု ခံစားရသောကြောင့် ဖြစ်ပေသည်။
နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်း ဝမ်ချန်၏ သားသမီးများသည် ဝမ်ကျန်းကျန်းမှလွဲ၍ တစ်ဦးပြီးတစ်ဦး အိမ်ထောင်ပြုကာ မိသားစုကို တိုးချဲ့လာခဲ့ကြသည်။
သူ၏ အချစ်ဆုံး သမီးကြီး ဝမ်ကျန်းကျန်းမှာမူ ပါရဂူသခင်နယ်ပယ်သို့ ပထမအကြိမ် တက်လှမ်းရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သဖြင့် ဘယ်သောအခါမျှ အိမ်ထောင်မပြုပါဟု ကောင်းကင်ဘုံသို့ သစ္စာဆိုကာ ဖောက်ထွက်နိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေရန် တစ်ကိုယ်တည်း ခရီးထွက်သွားခဲ့လေသည်။
ဟုန်းဝူ နန်းသက် ၁၅ နှစ်တွင် ဝမ်ကျန်းကျန်းသည် တိမ်တိုက်မြို့တော်သို့ ပြန်လည်ရောက်ရှိလာသည်။ သူမသည် ယခုအခါ မဟာပါရဂူသခင် တစ်ဦး ဖြစ်နေခဲ့ချေပြီ။
ထို့နောက်တွင်မူ သူမသည် ဝမ်ချန်နှင့်အတူ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
ထိုနှစ်မှာပင် ဝမ်ချန်သည် သူ၏ ယောက္ခမကြီး ယဲ့ရှန့်မင်းကို နောက်ဆုံးခရီး လိုက်လံပို့ဆောင်ခဲ့ရသည်။
ယဲ့ရှန့်မင်း၏ ဈာပနနေ့တွင် မြို့တစ်မြို့လုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် အဝတ်အထည်များ ဆင်ယင်ခဲ့ကြပြီး ဟုန်းဝူဧကရာဇ်ကိုယ်တိုင်လည်း အထူးကိုယ်စားလှယ်တစ်ဦးကို စေလွှတ်၍ ဂါရဝပြုခဲ့လေသည်။
ဟုန်းဝူ နန်းသက် ၁၅ နှစ်မှစ၍ တာ့ဝေ့ပြည်ထောင်သည် နယ်မြေချဲ့ထွင်မှုများကို ရပ်တန့်ခဲ့သည်။ နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော်၏ အင်အားမှာ အဆုံးစွန်ထိ ရောက်ရှိနေခဲ့ပြီး သိမ်းပိုက်ထားသော နယ်မြေမှာလည်း ယခင် နန်လီနိုင်ငံတော်ထက် အဆပေါင်းများစွာ ကျယ်ပြန့်နေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဟုန်းဝူဧကရာဇ်သည် အမြော်အမြင်ရှိစွာဖြင့် နယ်မြေချဲ့ထွင်မည့် အစီအစဉ်များကို ရပ်ဆိုင်းကာ နိုင်ငံတော်အင်အား ပြန်လည်တည်ဆောက်ရေးကိုသာ အာရုံစိုက်ခဲ့လေသည်။
ဟုန်းဝူ နန်းသက် အနှစ် ၂၀ သို့ ရောက်သောအခါ တာ့ဝေ့ပြည်ထောင်သည် ပြည်တွင်းရေးပြဿနာများကို အခြေခံအားဖြင့် ဖြေရှင်းနိုင်ခဲ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကာလသို့ ရောက်ရှိလာခဲ့သည်။
ဟုန်းဝူ နန်းသက် ၂၁ နှစ်တွင် ဝမ်ချန်သည် ချန်ယိမြို့မှ လျှို့ဝှက်သတင်းတစ်ခုကို ရရှိခဲ့သည်။ တာ့ဝေ့ပြည်ထောင်၌ ပါရဂူသခင်တစ်ဦး ပေါ်ထွန်းလာခဲ့ပြီဟူ၏။
သူ၏ အမည်မှာ ဟော့ဝူကျယ် ဖြစ်သည်။
ထိုအမည်ကို ကြားလိုက်ရသောအခါ ဝမ်ချန်သည် အတိတ်က သူငယ်လေးတစ်ဦးကို ကိုးယန်နတ်ဘုရားကျင့်စဥ် လက်စွဲကျမ်း ပေးခဲ့သည်ကို သတိရသွားမိသည်။
ထိုလူငယ်လေးသည် မဟာပါရဂူသခင်နယ်ပယ်သို့ ဖောက်ထွက်နိုင်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။ အနှစ်ချုပ်ထားသော ကျင့်စဉ်မျှဖြင့် ဤမျှအထိ ရောက်ရှိလာခြင်းမှာ အမှန်တကယ်ပင် ကံကြမ္မာအကျိုးပေးပါသော သူရဲကောင်းတစ်ဦး ဖြစ်ပေရာ သူနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်မှု ရှိလာဦးမည်ဟု ဝမ်ချန် ခံစားနေမိသည်။
ဝမ်ချန်၏ အကြားအာရုံမှာ မမှားခဲ့ပေ။ သုံးနှစ်အကြာ ဟုန်းဝူ နန်းသက် ၂၄ နှစ်တွင် ချန်ယိမှ လျှို့ဝှက်သတင်း ထပ်မံရောက်ရှိလာပြန်သည်။
ဟုန်းဝူဧကရာဇ်သည် ယွမ်မုန့်စိမ့်တောကို တိုက်ခိုက်ရန် အထူးလေ့ကျင့်ထားသော စစ်သည်တော် သုံးသိန်းကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဟော့ဝူကျယ်ကို စစ်သေနာပတိအဖြစ် ခန့်အပ်ခဲ့လေသည်။
ထို့အပြင် တာ့ဝေ့ပြည်ထောင်၌ ဟော့ဝူကျယ်တစ်ဦးတည်းသာ ပါရဂူသခင် မဟုတ်တော့ဘဲ နန်းတွင်းမှ နောက်ထပ် ပါရဂူသခင်တစ်ဦးလည်း ဤစစ်ပွဲတွင် ပါဝင်မည်ဟု ဆိုသည်။
ဧကရာဇ် ဟုန်းဝူ ယွမ်မုန့်စိမ့်တောကို စစ်ချီရခြင်းမှာ လီကျိလီ၏ နောက်ဆုံးဆန္ဒကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။
အခြေအနေကို သိရှိသွားပြီးနောက် ဝမ်ချန်သည် ဤသတင်းကို ဝမ်ကျန်းကျန်းထံ ကမ်းပေးလိုက်ရင်း "ကျန်းအာ... သမီး ဘယ်လိုထင်လဲ" ဟု မေးမြန်းလိုက်သည်။
အနှစ်သုံးဆယ် ကုန်ဆုံးသွားခဲ့သော်လည်း အသက်လေးဆယ်ကျော်ရှိပြီဖြစ်သော ဝမ်ကျန်းကျန်းမှာ ငယ်ရွယ်သော မိန်းကလေးတစ်ဦးနှယ် ရုပ်ရည်ရှိနေဆဲပင်။
သို့သော် သူမ၏ စိတ်နေစိတ်ထားမှာမူ ယခင်ကကဲ့သို့ ကလေးဆန်ခြင်း မရှိတော့ဘဲ တည်ငြိမ်အေးစက်နေခဲ့ပြီ ဖြစ်သည်။
တာ့ဝေ့ပြည်ထောင်၏ စစ်သည်တော် သုံးသိန်းနှင့် ပါရဂူသခင် နှစ်ဦး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း ဝမ်ကျန်းကျန်းသည် တည်ငြိမ်စွာဖြင့်ပင် "အဖေ... သမီး ထင်တာကတော့ လီမိသားစုကို သင်ခန်းစာတစ်ခု ပေးသင့်တယ်၊ ဒါမှ သူတို့ နောက်နောင်မှာ မကောင်းတဲ့ အကြံအစည်တွေ မကြံစည်ရဲတော့မှာ" ဟု ဆိုလေသည်။
ဝမ်ချန်က ပြုံးလျက် "ဒီကိစ္စကို သမီးလက်ထဲ အပ်လိုက်ရင် ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ" ဟု မေးလိုက်သည်။
ဝမ်ကျန်းကျန်းက ခဏမျှ စဉ်းစားပြီးမှ "သမီး ချန်ယိမြို့ကို တစ်ခေါက်သွားပြီး ဒီကိစ္စကို ကြိုးကိုင်သူတွေကို ရှင်းပစ်လိုက်မယ်၊ ဒါဆိုရင် ပြဿနာက အလိုလို ပြေလည်သွားမှာပဲ" ဟု ဖြေလေသည်။
"ဒါက ပညာရှိတဲ့ လုပ်ရပ် မဟုတ်ဘူး။"
ဝမ်ချန်က ခေါင်းယမ်းလျက် "သမီးက ကိုယ်ခံပညာရဲ့ နောက်ဆုံးနယ်ပယ်ကို ဖောက်ထွက်ဖို့ လိုနေသေးတာ၊ အကယ်၍ သမီးသာ လီယွမ်ဟောင်ကို သတ်လိုက်ရင် တာ့ဝေ့ပြည်ထောင်ရဲ့ အမျိုးသားကံကြမ္မာရဲ့ တုံ့ပြန်မှုကို ခံရလိမ့်မယ်၊ ဒါက သမီးအတွက် မထိုက်တန်ဘူး" ဟု ဆို၏။
"ဒါဆိုရင် သမီး ဟော့ဝူကျယ်နဲ့ တခြား ပါရဂူသခင်ကိုပဲ သတ်ပစ်မယ်။"
ဝမ်ကျန်းကျန်းက ပြတ်သားစွာပင် "တိုက်ရိုက် သတ်လို့မရရင်တောင် သူတို့ရဲ့ ခြေလက်တွေကို ဖြတ်ပစ်မယ်" ဟု ဆိုသည်။
သူမသည် ဟော့ဝူကျယ်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ အတိတ်က ဤလူငယ်သည် သူမ၏ နှလုံးသားတွင် အရိပ်တစ်ခု ချန်ထားခဲ့ဖူးသည် မဟုတ်လော။
သို့သော် ထိုအရိပ်မှာ ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ အမည်တစ်ခုမျှသာ ကျန်ရှိတော့သည်။
"ကောင်းပြီလေ။" ဝမ်ချန်က "သမီးနဲ့အတူ လိုက်ခဲ့ပေးရမလား" ဟု မေးလိုက်သည်။
"မလိုပါဘူး။"
ဝမ်ကျန်းကျန်းသည် ခေါင်းမော့လိုက်ရာ သူမ၏ မျက်ဝန်းများသည် ကြယ်တာရာများကဲ့သို့ တည်ငြိမ်အေးချမ်းနေသည်။
"သမီး တစ်ယောက်တည်းလည်း တတ်နိုင်ပါတယ်"
ထိုအခိုက်အတန့်တွင် ဝမ်ကျန်းကျန်းသည် နှစ်ပေါင်းများစွာ အိမ်တွင်း၌ အောင်းနေခဲ့သော ရတနာဓားတစ်စင်းနှယ် အနှိုင်းမဲ့ ထက်မြက်လှသော အရှိန်အဝါများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေတော့သတည်း။
***