“တော်ပြီ... သူ့ကို စကားအပိုတွေ ပြောမနေနဲ့တော့”
ထိုသို့ဆိုကာ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူသည် တဟားဟားရယ်မောနေရာမှ ရုတ်ချည်းပင် မျက်နှာတည်သွားပြီးနောက် ခေါင်းလောင်းသဏ္ဌာန် မှော်ရတနာတစ်ခုကို လက်ဝါးပေါ်သို့ ဆင့်ခေါ်လိုက်လေသည်။
ယင်း၏ တိုက်ခိုက်မှုမှာ အလွန်တရာ လျှင်မြန်လှသလို အဖော်ဖြစ်သူ ကျင့်ကြံသူနှစ်ဦးကလည်း လက်ဝါးချင်းရိုက်ထားသကဲ့သို့ပင် ဟန်ချက်ညီညီနှင့် ဝမ်ချန်ရှိရာသို့ မန္တန်လက်ဖွဲ့များစွာကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကြတော့သည်။
နှေးကွေးစေခြင်း၊ ချည်နှောင်ခြင်း၊ ဝေဟင်ပိတ်ဆို့ခြင်း...
၎င်းတို့ သုံးဦးစလုံးသည် ဤသို့သော လုပ်ကြံဖန်တီးမှုမျိုးကို ပြုလုပ်နေကျဖြစ်ဟန်တူပေသည်။
ဝမ်ချန်သည် တစ်ကိုယ်တည်းဖြစ်သော်လည်း လျှော့မတွက်ဘဲ မိမိတို့တွင်ရှိသမျှ အစွမ်းကုန်ထုတ်သုံးကာ တိုက်ခိုက်နေကြခြင်းဖြစ်၏။
ထိုသက်လတ်ပိုင်းကျင့်ကြံသူ ဆင့်ခေါ်လိုက်သော မှော်ရတနာမှာ လေထဲတွင် တရိပ်ရိပ်နှင့် ကြီးမားလာပြီးနောက် ကြေးညိုရောင်ခေါင်းလောင်းကြီးအသွင်ဖြင့် ဝမ်ချန်၏ဦးခေါင်းထက်မှ အုပ်မိုးကာ ဆင်းသက်လာချေပြီ။
ဝမ်ချန်၏ ပတ်ပတ်လည်တွင်လည်း ပစ်လွှတ်လိုက်သော မန္တန်လက်ဖွဲ့လေးခုမှာ ဝိညာဉ်အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားပြီး သူ့ကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်လေတော့သည်။
သို့ရာတွင် ထိုဝိညာဉ်နန်းတော်အဆင့်ကျင့်ကြံသူ သုံးဦးကို အံ့အားသင့်သွားစေသည်မှာ ဝမ်ချန်၏အနီးသို့ အလင်းတန်းများ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အစွမ်းသတ္တိ တစ်စုံတစ်ရာမပြနိုင်ဘဲ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခြင်းပင် ဖြစ်၏။
ယင်းသည် ဝမ်ချန်အတွက် မီးရှူးမီးပန်းကလေးများ ဖောက်ပြလိုက်သကဲ့သို့သာ ရှိပေတော့သည်။
ထို့ပြင် ဝမ်ချန်၏ ဦးခေါင်းထက်မှ ခေါင်းလောင်းကြီးမှာလည်း မမြင်ရသော ပိုက်ကွန်တစ်ခုအတွင်းသို့ တိုးဝင်မိသကဲ့သို့ ဖြစ်နေပြီး မည်သို့ပင် ကြိုးစားအုပ်မိုးစေကာမူ အရာမထင်ဘဲ ရှိနေလေသည်။
ခေါင်းလောင်းကြီးမှာ တစ်ဆက်ဆက်တုန်ခါနေပြီး မခံမရပ်နိုင်ဖြစ်နေသော အသံမျိုးကို မြည်ဟီးလျက်ရှိသည်။
“ဖူး...”
ကြေးညိုရောင်ခေါင်းလောင်းကို ထိန်းချုပ်ထားသော သက်လတ်ပိုင်းကျင့်ကြံသူမှာ သွေးစိမ်းရှင်ရှင်များကို အန်ထုတ်လိုက်ရပြီး မျက်နှာမှာလည်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားချေသည်။
ဝမ်ချန်၏ ကိုယ်ရောင်ကိုယ်ဝါမှာ ဝိညာဉ်နန်းတော်အဆင့်မှ ရွှေဝိညာဉ်ရှင်အဆင့်သို့၊ ထိုမှတစ်ဆင့် ဝိညာဉ်သန္ဓေသားအဆင့်အထိ တရှိန်ထိုး မြင့်တက်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
ဝိညာဉ်သန္ဓေသားအဆင့် မသေမျိုးရှင်။
ထိုအခါမှသာ ဝိညာဉ်နန်းတော်အဆင့် ကျင့်ကြံသူသုံးဦးမှာ မိမိတို့ကံကောင်းထောက်မစွာ တွေ့ရှိလိုက်ရသော လူသစ်ကလေးဟု ထင်မှတ်ထားသူမှာ အမှန်တကယ်တွင်မူ နယ်ပယ်အတားအဆီးများကို ကိုယ်ပိုင်အစွမ်းဖြင့် ချိုးဖျက်ကာ တက်လှမ်းလာသည့် အစွမ်းထက်ပညာရှင်ကြီး ဖြစ်နေကြောင်း သဘောပေါက်သွားကြတော့သည်။
သို့သော်လည်း ဤသို့သော ပညာရှင်ကြီးမျိုးက ဤနေရာသို့ အဘယ်ကြောင့် ရောက်ရှိနေရသနည်း။
၎င်းတို့ သုံးဦးစလုံးမှာ ဆွံ့အသွားကြချေပြီ။
ထိုသက်လတ်ပိုင်းကျင့်ကြံသူသည် ကြေးခေါင်းလောင်းကို ထိန်းချုပ်ထားခြင်းအား ချက်ချင်းပင် လက်လွှတ်လိုက်ပြီးနောက် ဝမ်ချန်၏ရှေ့တွင် ဒူးထောက်ကာ အသည်းအသန် ဦးတိုက်တော့သည်။
“စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော့်မှာ သေထိုက်တဲ့ အပြစ်တွေ ရှိပါတယ်၊ ဒါပေမဲ့ စီနီယာအနေနဲ့...”
ဝမ်ချန်မှာမူ သူ၏ ပေါက်ကရစကားများကို နားထောင်လိုစိတ်မရှိသဖြင့် အဝေးမှပင် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုကျင့်ကြံသူမှာ အသားတစ်စစီဖြစ်ကာ သေဆုံးသွားလေတော့သည်။
ကျန်ရှိနေသော ကျင့်ကြံသူနှစ်ဦးမှာလည်း ကြောက်စိတ်ကြောင့် မြေပြင်ပေါ်တွင် ဝပ်တွင်းနားနေကြရချေပြီ။
ယင်းတို့အနက် တစ်ဦးမှာ အဖြစ်အပျက်ကို မြင်လိုက်ရသည်နှင့် အသက်လုရန်အတွက် သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးရန် ကြိုးစားလေသည်။
ဝမ်ချန်သည် ထိုသူ၏ အသက်ရှင်လိုသော ဇွဲကို ချီးကျူးသည့်အနေဖြင့် လက်ညှိုးဖြင့် ပစ်ခတ်ပေးလိုက်ရာ တစ်မိုင်ခန့်အကွာတွင်ပင် ထိုသူ၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားရလေသည်။
နောက်ဆုံးကျန်ရစ်သူမှာမူ မြေပြင်ပေါ်တွင် တုန်တုန်ရီရီဖြင့် ပြားပြားဝပ်နေရရှာသည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး ထွက်ပြေးရန် သို့မဟုတ် ပြန်လည်ခုခံရန်ပင် သတ္တိမရှိတော့ချေ။
ဝမ်ချန်သည် ထိုသူကို ချက်ချင်းမသတ်သေးဘဲ စိတ်ဝင်တစားဖြင့် မေးလိုက်၏။
“မင်းတို့ ငါ့ကို ဘယ်သူ့ဆီ ရောင်းဖို့ ကြံစည်နေတာလဲ”
ဟောက်ထျန်းနယ်မြေသည် ထောင်ပေါင်းများစွာသော နယ်မြေငယ်များနှင့် ဆက်စပ်နေသဖြင့် နေ့စဉ်နှင့်အမျှ နယ်မြေအောက်ပိုင်းမှ ကျင့်ကြံသူများ တက်လှမ်းလာလေ့ရှိကြောင်း သူ ကြားဖူးနားဝရှိသည်။
အချို့မှာ အထက်နယ်မြေတွင် အဆက်အသွယ်ရှိသဖြင့် လာရောက်ကြိုဆိုခြင်း ခံရသလို၊ အချို့မှာလည်း အလွန်အမင်း အစွမ်းထက်သဖြင့် မည်သူကမျှ မထိရဲကြပေ။
သို့ရာတွင် ကံကောင်းထောက်မစွာ တက်လှမ်းလာနိုင်သော်လည်း ကျင့်စဉ်အဆင့်နိမ့်ပါးသူများမှာမူ ဖမ်းဆီးခံရကာ အသုံးချခံဖြစ်သွားတတ်ကြသည်။
ယခုတစ်ကြိမ်တွင် ဝမ်ချန်သည် လောကီနယ်ပယ်မှ တက်လှမ်းလာခြင်းဖြစ်ရာ ထိုကျင့်ကြံသူသုံးဦးက သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်မည့် သားကောင်အဖြစ် ထင်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။
“အဲဒါ... အဲဒါက မသေမျိုးဆရာကြီး ကျိထိုက်ဖျင် ပါ”
ဝမ်ချန်၏ ဝိညာဉ်သန္ဓေသားအဆင့် ဖိအားအောက်တွင် ထိုကျင့်ကြံသူမှာ ကြောက်လန့်တကြားနှင့် သိသမျှကို အကုန်အစင် ထုတ်ပြောလေတော့သည်။
၎င်း၏ ပြောကြားချက်အရ ဤနေရာမှ မိုင် ၃၀၀ ကျော်အကွာတွင် 'ထိုက်ဖျင် မသေမျိုးမြို့တော်' ရှိပြီး ဆရာကြီး ကျိထိုက်ဖျင်က တည်ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ကျိသည် ဂိုဏ်းတစ်ခုတွင် အကြီးအကဲဘွဲ့ ခံယူထားသော်လည်း ဤမြို့တွင်သာ အခြေချနေထိုင်ပြီး တပည့်ပေါင်း သောင်းချီကာ ဩဇာအာဏာကြီးမားသူ ဖြစ်ပေသည်။
ထို့ပြင် သူသည် ပစ္စည်းကိရိယာများ သန့်စင်သည့် ပညာရှင်ဖြစ်သဖြင့် အခြားမသေမျိုးရှင်များနှင့်လည်း အဆက်အသွယ် ကျယ်ပြန့်သူတစ်ဦး ဖြစ်၏။
“မင်းတို့လို ဝိညာဉ်နန်းတော်အဆင့်တွေက မသေမျိုးရှင်တစ်ယောက်နဲ့ ဘယ်လိုလုပ် အဆက်အသွယ် ရှိနေတာလဲ” ဟု ဝမ်ချန်က မေးလိုက်သည်။
ထိုအခါမှ ကျင့်ကြံသူက အသေးစိတ် ပြန်လည်ရှင်းပြရပြန်သည်။ ဆရာကြီး ကျိတွင် ရွှေဝိညာဉ်ရှင်အဆင့် တပည့်ခုနစ်ဦးရှိရာ ၎င်းတို့သည် ထိုတပည့်တစ်ဦး၏ လက်ပါးစေများအဖြစ် ခစားနေရခြင်း ဖြစ်ကြောင်း သိရလေသည်။
ယင်းသို့သော ဆက်သွယ်မှုကြောင့်ပင် ဆရာကြီး ကျိသည် 'လောကစွမ်းအား' နှင့် ပတ်သက်သော ပစ္စည်းများကို အစဉ်အမြဲ ရှာဖွေနေကြောင်း ၎င်းတို့ သိရှိထားကြခြင်း ဖြစ်၏။
“အင်း... သိပြီ”
ဝမ်ချန်သည် ခေါင်းညိတ်လိုက်ပြီးနောက် လက်ကို မြှောက်ကာ ထိုကျင့်ကြံသူကို ရိုက်သတ်လိုက်လေတော့သည်။
ထို့နောက်တွင်မူ သူသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုက်ဖျင်မြို့တော်ရှိရာသို့ ဦးတည်သွားလေတော့သည်။
မကြာမီတွင်ပင် ထိုက်ဖျင်မသေမျိုးမြို့တော်ကို လှမ်းမြင်လိုက်ရသည်။ မြို့တော်၏ တည်ဆောက်ပုံမှာ လိပ်ကြီးတစ်ကောင် ခိုအောင်းနေသကဲ့သို့ ခိုင်ခံ့လှပြီး မြို့စောင့်အစီအရင်များမှာလည်း အထူးပင် စနစ်ကျလှပေသည်။
ဝမ်ချန်သည် မြို့တော်၏ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ မြို့တော်၏ ကာကွယ်ရေးစနစ်မှာ ချက်ချင်းပင် နိုးထလာပြီး ဝိညာဉ်အလင်းတန်းများဖြင့် မြို့တော်တစ်ခုလုံးကို လွှမ်းခြုံပိတ်ဆို့လိုက်လေသည်။
“ဘယ်သူကများ လာရောက်လည်ပတ်တာပါလိမ့်... ကျိ ကို နောက်ပြောင်နေတာလား” ဟု မြို့ထဲမှ အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ဝမ်ချန်က အေးစက်စွာ ရယ်မောလိုက်ပြီးနောက် -
“ကျိထိုက်ဖျင်... မင်းမှာ အပြစ်တွေ ရှိနေပြီ။ အပြစ်မရှိတဲ့ တခြားသူတွေကို မထိခိုက်စေချင်ရင် အမြန်ထွက်လာပြီး အသေခံလှည့်တော့”
သူ၏ အသံမှာ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်လှပြီး မြို့စောင့်အစီအရင်ကို ဖြတ်ကျော်ကာ လူပေါင်း သောင်းချီ၏ နားထဲသို့ တိုးဝင်သွားလေရာ မြို့တစ်ခုလုံးမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့သည်။
မကြာမီတွင် ကျိထိုက်ဖျင်က ပြန်လည်တုံ့ပြန်လာ၏။ သူ၏ အသံမှာ ယခင်ကကဲ့သို့ တည်ငြိမ်ခြင်းမရှိတော့ဘဲ သတိကြီးစွာ ထားနေရဟန်တူသည်။
“မိတ်ဆွေ... တစ်ခုခု မှားယွင်းနေတာများလား။ ငါက ယွမ်မင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ။ ဒီနေရာမှာ အေးအေးဆေးဆေး ကျင့်ကြံနေတာ နှစ်ပေါင်း တစ်ရာရှိပြီ၊ ဘယ်သူနဲ့မှ ရန်ငြိုးမရှိခဲ့ပါဘူး”
“မင်း ထွက်လာရင် သိရမှာပါ” ဟု ဝမ်ချန်က ဆိုသည်။
သို့သော်လည်း ကျိထိုက်ဖျင်သည် သူ၏ စခန်းမှ ထွက်လာရန် သတ္တိမရှိပေ။
သူသည် သက်ပြင်းချလိုက်ပြီးနောက် -
“မိတ်ဆွေက ဒီလောက်တောင် အကျိုးအကြောင်းမရှိ ဖြစ်နေမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့”
သူသည် နှစ်ပေါင်းများစွာ ဝိညာဉ်သန္ဓေသားအဆင့်အဖြစ် နေထိုင်လာသူဖြစ်ရာ ဝမ်ချန်ကို ကြောက်လန့်နေခြင်းထက် မိမိ၏ အခြေစိုက်စခန်းတွင် အခိုင်အမာခုခံရန် ဆုံးဖြတ်လိုက်ပုံရသည်။
သူသည် မြို့စောင့်မဟာအစီအရင်ကို အစွမ်းကုန်မြှင့်တင်ကာ ဝမ်ချန်ကို ပြန်လည်တုံ့ပြန်ရန် ပြင်ဆင်လိုက်လေတော့သတည်း။
***