ရတနာများစွာအရှင်သခင်...။
ဝမ်ချန်အဖို့ ဤအမည်နာမသည် စိမ်းသက်လှသည်မဟုတ်ပေ။ ရာစုနှစ်နှင့်ချီသော သူ၏ ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက်တွင် ဤအမည်ကို အနည်းငယ်မျှသာ ကြားဖူးခဲ့သော်လည်း သူ၏ မှတ်ဉာဏ်အနက်ရှိုင်းဆုံးတွင်မူ စွဲထင်နေခဲ့လေပြီ။
ဝမ်ချန်သည် တိမ်တောက်ဂိုဏ်း၌ ကျင့်ကြံသူတစ်ဦး ဖြစ်စဉ်ကာလကပင် နတ်ဆိုးသတ်ကွန်ရက်၊ ထောင်ပေါင်းအသွင်ပြောင်းမျက်နှာဖုံးနှင့် ရှေးဟောင်းတာအိုကျောက်စာတိုင် အစရှိသော ရတနာထူးများကို ကံကောင်းထောက်မစွာ ရရှိခဲ့ခြင်းဖြင့် သူ၏ ဂန္ထဝင်ဆန်သော ဘဝခရီးကို စတင်ခဲ့ခြင်းဖြစ်၏။
ယင်းရတနာများသာ မရှိခဲ့ပါမူ ယနေ့ကဲ့သို့သော အခြေအနေသို့ သူရောက်ရှိလာနိုင်မည် မဟုတ်ပေ။ ထိုရှေးဟောင်းတာအိုကျောက်စာတိုင်နှင့် နတ်ဆိုးသတ်ကွန်ရက် အစရှိသည်တို့မှာ ရတနာများစွာအရှင်သခင်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေခဲ့ပေသည်။
ထိုစဉ်က ဝမ်ချန် သိရှိထားသည်မှာ ရတနာများစွာအရှင်သခင်သည် ဝိညာဉ်သန္ဓေသားအဆင့်ရှိသော မသေမျိုးစစ်စစ်တစ်ဦးဖြစ်ပြီး လက်နက်သွန်းလုပ်ခြင်းအတတ်၌ ဧကရာဇ်တစ်ဆူ ဖြစ်သည်ဟူ၍သာ။
ရတနာများစွာအရှင်သခင်သည် ကိုယ်တိုင်သွန်းလုပ်ရုံသာမက အခြားသော ဝိညာဉ်လက်နက်နှင့် မှော်ရတနာများကိုပါ စုဆောင်းရသည်ကို နှစ်သက်သူဖြစ်ရာ အချို့ကို နည်းလမ်းမမှန်ဘဲ လုယက်သိမ်းပိုက်ခဲ့ပြီး ကောင်းကင်လျှို့ဝှက်နယ်မြေအတွင်း၌ ဝှက်ထားခဲ့လေသည်။
နောင်တွင် ရတနာများစွာအရှင်သခင်သည် လောကအလယ်မှ ပျောက်ကွယ်သွားခဲ့ရာ သူသည် မသေမျိုးဘုံသို့ တက်လှမ်းသွားသလော သို့မဟုတ် ကွယ်လွန်လေသလော ဆိုသည်ကိုမူ မည်သူမျှ မသိရှိကြတော့ပေ။
ပိုင်ရှင်မဲ့သွားသော ကောင်းကင်လျှို့ဝှက်နယ်မြေသည်လည်း အချိန်အခါအလိုက် နေရာအမျိုးမျိုး၌ ပေါ်ထွက်လာတတ်ရာ ကျင့်ကြံသူတို့သည် ထိုနယ်မြေထဲသို့ ဝင်ရောက်ကာ ရတနာများကို ရှာဖွေခဲ့ကြခြင်း ဖြစ်ပေသည်။
နတ်ဆိုးသတ်ကွန်ရက်၊ ထောင်ပေါင်းအသွင်ပြောင်းမျက်နှာဖုံးနှင့် ရှေးဟောင်းတာအိုကျောက်စာတိုင်တို့သည်လည်း ထိုသို့ဖြင့် ပြန့်နှံ့သွားခဲ့ရာမှ ဝမ်ချန်၏ လက်ဝယ်သို့ ကံအားလျော်စွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ချေသည်။
ဝမ်ချန်သည် ယင်းရတနာများကို ရာစုနှစ်ပေါင်းများစွာ ထိန်းချုပ်အသုံးပြုလာခဲ့သော်လည်း၊ ၎င်းတို့၏ မူလပိုင်ရှင်ဖြစ်သူမှာ သူ၏ အသိဉာဏ်ပင်လယ်အတွင်း၌ ယခုတိုင် ပုန်းအောင်းနေခဲ့သည်ကိုမူ ယနေ့မှသာ သိရှိလိုက်ရတော့သည်။
တိတိကျကျ ဆိုရသော် ရှေးဟောင်းတာအိုကျောက်စာတိုင် အတွင်း၌ပင် ဖြစ်တော့၏။
ဝမ်ချန်ကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်သူပင်လျှင် ကြီးမားလှသော လှည့်ဖြားမှုကြီးတစ်ခုအတွင်း ကျရောက်နေရသကဲ့သို့ ခံစားလိုက်ရကာ တစ်ကိုယ်လုံး စိမ့်ခနဲ တုန်လှုပ်သွားရချေသည်။
ဤခံစားချက်မှာ အလွန်ပင် နှစ်မြို့ဖွယ်မကောင်းလှပေ။ မိမိကိုယ်မိမိ မကြုံစဖူးသော အောင်မြင်မှုအဖြစ် ဝိညာဉ်အသွင်ကူးပြောင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဟု မှတ်ထင်နေစဉ်ခဏ၌ပင် ချောက်ကမ်းပါးအတွင်းသို့ ရုတ်တရက် ပစ်ချခံလိုက်ရခြင်းမှာ လူတစ်ယောက်၏ စိတ်ဓာတ်ကို ဝါးမြိုပစ်နိုင်လောက်သော ကွာခြားမှုပင် ဖြစ်တော့သည်။
"မင်း အခုဆိုရင် ရိပ်မိလောက်ပြီ မဟုတ်လား"
ရတနာများစွာအရှင်သခင်၏ အပြုံးမှာ ပိုမို၍ ကြင်နာယုယဟန် ပေါ်လွင်လာသော်လည်း ဝမ်ချန်၏ အမြင်တွင်မူ အလွန်တရာ ယုတ်မာကောက်ကျစ်သော အပြုံးသာ ဖြစ်ချေသည်။
"နှစ်ပေါင်းသုံးထောင်"
သူသည် ဝမ်ချန်၏ အဖြေကိုပင် မစောင့်တော့ဘဲ ဆက်၍ မြွက်ဟပြန်သည်။ "ငါ့ကို ရှေးဟောင်းတောရိုင်းဘုံကနေ တစ်ပါးသူတွေက နှိပ်ကွပ်လိုက်ပြီး ဘေးဒုက္ခကူးတို့လှေ ပျက်စီးသွားကတည်းက၊ ရှေးဟောင်းကျိန်စာကနေ ကင်းလွတ်နိုင်တဲ့ မင်းလို ပြင်ပလူတစ်ယောက်ကို ရှာဖို့ ငါ့မှာ နှစ်ပေါင်းသုံးထောင်လုံးလုံး အချိန်ပေးခဲ့ရတာ... တကယ်ကို မလွယ်ကူခဲ့ဘူး"
ရှေးဟောင်းတောရိုင်းဘုံ။ ရှေးဟောင်းကျိန်စာ။ ပြင်ပလူ။
"ဘေးဒုက္ခကူးတို့လှေ" ဟူသည်မှာ တာအိုခန္ဓာကိုယ်ကို ဆိုလိုခြင်းဖြစ်ကြောင်း ဝမ်ချန် သိရှိနားလည်ပေသည်။
တာအိုခန္ဓာကိုယ် ပျက်စီးသွားသည်နှင့် ကျင့်ကြံခြင်းလမ်းစဉ်သည် ထာဝရပြတ်တောက်သွားမည် ဖြစ်ရာ မဟာတာအိုကို မြင်တွေ့နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော် ရှေးဟောင်းတောရိုင်းဘုံဟူသည် မည်သည့်နေရာနည်း။ ရှေးဟောင်းကျိန်စာနှင့် ပြင်ပလူဟူသည်မှာကော အဘယ်နည်း။
ဝမ်ချန်မှာ ဝေခွဲမရ ဖြစ်နေသော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိဘဲ ဤဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းကိုသာ အသည်းအသန် ကြံဆနေမိတော့သည်။
သို့သော်လည်း ဤစိတ်အာရုံနယ်မြေအတွင်း၌ ဝမ်ချန် မည်မျှပင် ကြိုးစားစေကာမူ သူ၏ နည်းလမ်းအားလုံးမှာ သမုဒ္ဒရာအတွင်း သဲတစ်ပွင့် ပစ်ချလိုက်သကဲ့သို့ မည်သည့်ဂယက်မျှ မထစေဘဲ အချည်းနှီးသာ ဖြစ်နေခဲ့ရချေသည်။
"အပိုတွေပဲ"
ရတနာများစွာအရှင်သခင်သည် ရှေးဟောင်းတာအိုကျောက်စာတိုင်ကို ပုတ်လိုက်ရင်း ပြောလာ၏။ "ဒီကျောက်စာတိုင်က ငါ့ရဲ့ ကိုယ်ပိုင်ရတနာပဲ။ ငါကိုယ်တိုင်တောင် နှစ်ပေါင်းတစ်သောင်းလောက် အချိန်ယူပြီးမှ သူ့ရဲ့ စွမ်းအားအနည်းငယ်ကိုပဲ ထိန်းချုပ်နိုင်သေးတာ။ မင်းထက်တော့ အများကြီး သာပါသေးတယ်"
သူသည် ဝမ်ချန်အား လက်ဖဝါးပေါ်ရှိ ပိုးမွှားလေးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေရင်း "စိတ်အေးအေးထားပါ။ ငါက မင်းရဲ့ ဝိညာဉ်စစ်စစ်ကို ဖယ်ရှားပြီး မင်းရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်တော့မှာ ဆိုပေမဲ့၊ မင်းရဲ့ ဇနီးမယားတွေနဲ့ တာအိုမိတ်ဆွေတွေကိုတော့ ငါ ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ" ဟု ကဲ့ရဲ့လှောင်ပြောင်ကာ ရယ်မောလေတော့သည်။
"ဟားဟားဟား"
ရတနာများစွာအရှင်သခင်၏ ရယ်သံမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေ၏။ ယင်းမှာ နှစ်ပေါင်းသုံးထောင်လုံးလုံး ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသော ဒေါသနှင့် နာကျည်းမှုများ ပေါက်ကွဲထွက်လာခြင်းပင် ဖြစ်တော့သည်။
"တော်ပြီ"
သူ၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာမှာလည်း တည်တင်းသွားသည်။ "ဒီမှာတင် အဆုံးသတ်ကြစို့။ မင်းရဲ့ နောက်ဆုံးစကားတွေကို နားထောင်ဖို့ ငါ စိတ်မဝင်စားဘူး"
သူသည် လက်ျာလက်ကို မြှောက်ကာ ဝမ်ချန်ထံသို့ ဦးတည်လျက် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ "ကံကြမ္မာ လျို့ဝှက်ပြောင်းလဲခြင်း၊ မြေကမ္ဘာ ကောင်းကင်ဘုံ အထောက်အပံ့ယူခြင်း"
ထိုစကားအဆုံး၌ ရှေးဟောင်းတာအိုကျောက်စာတိုင်မှ အလင်းတန်းပေါင်း သောင်းချီ၍ ထွက်ပေါ်လာကာ ဝမ်ချန်အား ကျောက်စာတိုင်ဆီသို့ အရှိန်အဟုန်ဖြင့် ဆွဲယူသွားလေတော့သည်။ ဘေးအန္တရာယ် အငွေ့အသက်မှာ သူ၏ နှလုံးသားထဲတွင် ပြင်းထန်စွာ ခံစားလိုက်ရ၏။
မိမိ၏ စိတ်အာရုံမှာ ရှေးဟောင်းတာအိုကျောက်စာတိုင်အတွင်းသို့ ဆွဲသွင်းခြင်းခံရပါက မည်သည့်အခါမျှ ပြန်လည်ရုန်းထွက်နိုင်တော့မည် မဟုတ်ကြောင်း ဝမ်ချန်၏ ဗီဇက သတိပေးနေသည်။
သို့သော် ပြဿနာမှာ ဤနေရာ၌ ဝမ်ချန်သည် မည်သည့်မှော်ရတနာကိုမျှ ဆင့်ခေါ်နိုင်ခြင်း မရှိသကဲ့သို့ မန္တန်များကိုလည်း အသုံးမပြုနိုင်တော့ဘဲ သူ၏ ကျင့်ကြံစွမ်းအားများမှာလည်း လုံးဝ ကွယ်ပျောက်နေခဲ့ခြင်း ဖြစ်ချေသည်။
ယင်းမှာ ဝမ်ချန် ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချခဲ့သည့် အချိန်မှစ၍ အကြီးမားဆုံးသော ဘေးဒုက္ခပင် ဖြစ်တော့သည်။ မည်သည့်နည်းဖြင့်မျှ တုံ့ပြန်ခုခံနိုင်ခြင်း မရှိသည့် အားကိုးရာမဲ့သော အခြေအနေသို့ သူ ဆိုက်ရောက်နေရပြီ။
ရှေးဟောင်းတာအိုကျောက်စာတိုင်မှ ဆွဲငင်အားမှာလည်း ပိုမိုပြင်းထန်လာရာ ဝမ်ချန်အား မျှော်လင့်ချက် ကင်းမဲ့ခြင်းသို့ တွန်းပို့နေတော့သည်
တကယ်ပဲ ဤမျှဖြင့် အဆုံးသတ်သွားရတော့မည်လော။
ရတနာများစွာအရှင်သခင်၏ အောင်ပွဲခံရယ်သံကို ဝမ်ချန် ထပ်မံ၍ ကြားလိုက်ရပြန်သည်။
"မဖြစ်နိုင်ဘူး"
ဝမ်ချန်သည် သူ၏ နှလုံးသားအနက်ရှိုင်းဆုံးမှ အသည်းအသန် ဟစ်အော်လိုက်သည်။ အတိတ်နှင့် ပစ္စုပ္ပန် ဘဝပေါင်းများစွာမှ မှတ်ဉာဏ်များမှာ သူ၏ ဦးနှောက်ထဲတွင် လျှပ်ခနဲ ပေါ်လာပြီးမှ ပျောက်ကွယ်သွားကြသည်။
ဤမျှ ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်ကျော်လာခဲ့ရသည်မှာ ယခုကဲ့သို့ ယုတ်မာလှသော သူတစ်ဦးအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးရန်အတွက်သာ ဖြစ်ရမည်လော။
ဝမ်ချန်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်ကာ တစ်သက်တာတွင် အကျယ်လောင်ဆုံးသော ဟိန်းဟောက်သံဖြင့် အော်ဟစ်လိုက်တော့သည်။
"စနစ်"
ချက်ချင်းပင် သူ၏ မြင်ကွင်းရှေ့၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားကာ အမှောင်ထုကို ခွဲထွက်လိုက်၏။
အန္တရာယ်အကြီးမားဆုံးသော အချိန်၌ ဝမ်ချန်သည် ကျင့်ကြံခြင်းစနစ်ကို ဆင့်ခေါ်နိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအချိန်၌ ထိုဘောင်ပေါ်ရှိ စာသားနှင့် ကိန်းဂဏန်းများကို မမြင်နိုင်တော့သော်လည်း၊ သူ၏ စိတ်ဝိညာဉ်အနက်ရှိုင်းဆုံးမှ လမ်းညွှန်မှုဖြင့် အမိန့်တစ်ခုကို ပေးလိုက်ချေသည်။
"ဖျက်ဆီးပစ်စမ်း"
အတူတကွ ပျက်စီးသွားရပါစေဦးတော့၊ သူ၏ နယ်မြေကို ရန်သူက အလွယ်တကူ သိမ်းပိုက်သွားခြင်းကိုမူ သူ ဘယ်သောအခါမျှ အခွင့်ပေးမည် မဟုတ်ပေ။
အမှန်စင်စစ် ဝမ်ချန်သည် ထိုအမိန့်မှာ အကျိုးသက်ရောက်မှု ရှိ၊ မရှိ မသိသော်လည်း မျှော်လင့်ချက်မဲ့နေသော လောင်းကစားသမားတစ်ဦးကဲ့သို့ နောက်ဆုံးအကြိမ် လောင်းကြေးထပ်လိုက်ခြင်းသာ ဖြစ်ချေသည်။
သို့သော်လည်း နောက်တစ်ခဏ၌ပင် သူ၏ မြင်ကွင်းရှိ စနစ်မှာ ရုတ်ခြည်းတုန်ခါသွားပြီး ကိန်းဂဏန်းများမှာ ရေတံခွန်ကဲ့သို့ စီးဆင်းလာကာ ကျယ်ပြောလှသော သမုဒ္ဒရာကြီးအလား ပြောင်းလဲသွားလေတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ဝမ်ချန်၏ ခန္ဓာကိုယ်ထက်၌ ရွှေရောင်မီးလျှံများ တောက်လောင်လာကာ တောက်ပလှသော အလင်းတန်းများ ပေါ်ထွက်လာ၏။
"မြင့်မြတ်မီးလျှံ"
အောင်နိုင်သူအဖြစ် မိမိကိုယ်မိမိ ယုံကြည်နေသော ရတနာများစွာအရှင်သခင်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အသည်းခိုက်မတတ် အော်ဟစ်လိုက်မိသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဝိညာဉ်အသွင်ကူးပြောင်းအဆင့်လေးက ဘယ်လိုလုပ် မြင့်မြတ်မီးလျှံကို ပိုင်ဆိုင်ထားနိုင်ရတာလဲ... အား"
သူ၏ အော်ဟစ်သံများနှင့်အတူ ရွှေရောင်မီးလျှံများသည် ဝမ်ချန်၏ အသိဉာဏ်ပင်လယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ရှေးဟောင်းတာအိုကျောက်စာတိုင်နှင့် ရတနာများစွာအရှင်သခင်တို့ကိုပါ ဝါးမြိုပစ်လိုက်လေတော့သည်။
ရတနာများစွာအရှင်သခင်သည် ထိုမီးလျှံများအောက်၌ အသားကုန် အော်ဟစ်နေရပြီး သူ၏ ခန္ဓာကိုယ်မှ မည်းနက်သော မီးခိုးများ ထွက်ပေါ်လာ၏။
သူသည် ရှေးဟောင်းတာအိုကျောက်စာတိုင်အတွင်းသို့ ထွက်ပြေးရန် ကြိုးစားသော်လည်း လက်မတစ်ဆတ်မျှ မရွေ့နိုင်တော့ဘဲ သူ၏ ဝိညာဉ်စစ်စစ်မှာ မီးလျှံ၏ လောင်မြိုက်ဖျက်ဆီးခြင်းကို တဖြည်းဖြည်း ခံနေရတော့သည်။
ရှေးဟောင်းတောရိုင်းဘုံမှ ထိုတန်ခိုးရှင်ကြီးမှာ အသက်ဘေးမှ ကယ်တင်ရန် အသည်းအသန် အသနားခံရင်း ငိုကြွေးနေရရှာ၏။
သို့သော်လည်း ရှေးဟောင်းတာအိုကျောက်စာတိုင်မှာမူ ထိုမီးလျှံများအောက်၌ ပိုမို၍ တောက်ပဝင်းလက်လာကာ ခိုင်ခံ့စွာ ရပ်တည်နေခဲ့ပေတော့သတည်း။
***