ဝမ်ချန်သည် ရုတ်ချည်းဆိုသလို မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်မိသည်။
မှိန်ပျပျ အလင်းရောင်သာရှိသော ခဏတာမျှော်စင်အတွင်းဝယ် ဟင်းလင်းပြင်ထဲ၌ လျှပ်စီးတန်းများ တစ်ချက်မျှ လက်ခနဲ ဖြစ်သွားပြီးနောက် နက်နဲဆန်းကြယ်လှသော အရှိန်အဝါတစ်ခုသည် တိတ်တဆိတ်ပင် တိုးဝှေ့ထွက်ပေါ်လာချေသည်။
"စနစ်..."
ဝမ်ချန်သည် စိတ်အာရုံဟင်းလင်းပြင်မှ ရုန်းထွက်ပြီးသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်းဆိုင်ရာ စနစ်ကို ခေါ်ယူလိုက်မိ၏။ သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
ရင်းနှီးကျွမ်းဝင်လှသော စနစ်မျက်နှာပြင်သည် ပေါ်ပေါက်မလာဘဲ ထာဝရတိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားသကဲ့သို့ ရှိနေတော့သည်။ ဝမ်ချန်အနေဖြင့် မည်မျှပင် ခေါ်ယူစေကာမူ ထိုစနစ်မှာ တစ်ဖန်ပြန်၍ နိုးထလာခြင်း မရှိတော့ပြီ။
ထိုအခါ ဝမ်ချန်၏ စိတ်နှလုံးထဲ၌ နက်ရှိုင်းလှသော ဝမ်းနည်းမှုတို့ ကိန်းအောင်းလာရလေသည်။ မသေမျိုးနယ်မြေသို့ စတင်ရောက်ရှိကတည်းကပင် ဤကျင့်ကြံခြင်းစနစ်သည် ဝမ်ချန်၏ ဘေးနားတွင် တိတ်တဆိတ် ဖေးမကူညီပေးခဲ့ပြီး ပါရမီညံ့ဖျင်းလှသော အခြေခံအဆင့် ကျင့်ကြံသူလေးဘဝမှသည် ယခုကဲ့သို့သော ဝိညာဉ်အသွင်ကူးပြောင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာသည်အထိ လမ်းညွှန်ပေးခဲ့သည်မဟုတ်လော။
ဝမ်ချန်၏ စိတ်ထဲတွင်မူ ဤစနစ်၏ အရေးပါမှုသည် အခြားသော ရတနာအပေါင်းထက်ပင် သာလွန်နေပေတော့သည်။
ရှေးဟောင်းတာအိုကျောက်စာတိုင်၊ နတ်ဆိုးသတ်ကွန်ရက်၊ ဖန်ဆင်းခြင်းမီးဖိုသို့မဟုတ် သူ၏ နဂါးချောက်နက်ဓား... ထိုအရာအားလုံးသည် ဤစနစ်ကို အစားမထိုးနိုင်ခဲ့ကြပေ။
ယခုမူ သူသည် ဤလက်နက်ကောင်းကြီးကို ဆုံးရှုံးလိုက်ရလေပြီ။ အမှန်စင်စစ် စနစ်သည် ကျင့်ကြံခြင်းအတွက် အထောက်အပံ့တစ်ခုမျှသာ မဟုတ်ဘဲ ဝမ်ချန်အတွက် သူ၏ လွန်ခဲ့သော ဘဝဟောင်းနှင့် ဆက်နွှယ်နေသည့် တစ်ခုတည်းသော အမှတ်တရလည်း ဖြစ်ပေသည်။
သို့သော်လည်း အခြားရွေးချယ်စရာ လမ်းစမရှိခဲ့ပေ။ အကယ်၍ စနစ်၏ နောက်ဆုံးစွမ်းအားကိုသာ အသုံးမပြုခဲ့ပါက ဝမ်ချန်သည် ရတနာများစွာအရှင်သခင်၏ ဝါးမျိုခြင်းကို ခံရမည်ဖြစ်ပြီး သူ၏ စိတ်အာရုံနှင့် ဝိညာဉ်သန္ဓေသားတို့ပါ ချေမှုန်းခံရကာ ခန္ဓာကိုယ်မှာလည်း သူတစ်ပါးလက်သို့ ကျရောက်သွားပေလိမ့်မည်။
ရတနာများစွာအရှင်သခင်၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားလွန်းလှသည် ဖြစ်ရာ ဝမ်ချန်အနေဖြင့် သူ၏ ကျင့်ကြံခြင်းခရီးလမ်း၌ အရေးကြီးဆုံးသော အောင်ပွဲကို ရရှိရန်အတွက် စနစ်ကို စတေးလိုက်ရခြင်းပင် ဖြစ်ပေသည်။
အင်အားကြီးမားလှသော ရန်သူကို အောင်နိုင်ခဲ့သော်လည်း ဝမ်ချန်၏ စိတ်ထဲ၌ ဝမ်းမြောက်ခြင်း အလျင်းမရှိဘဲ ဖော်ပြမတတ်နိုင်သော ဆုံးရှုံးမှုဝေဒနာကိုသာ ပြင်းပြစွာ ခံစားနေရတော့သည်။
ဝမ်ချန်သည် မျက်လုံးများကို ပြန်လည်မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။
"အတိတ်က အကြောင်းအရာတွေကို အတိတ်မှာပဲ ထားရစ်ခဲ့တော့မယ်..."
သူသည် စိတ်မကောင်းဖြစ်မှု၊ ဆုံးရှုံးမှုနှင့် တွယ်တာမှု အဖြာဖြာတို့ကို မိမိ၏ ဝိညာဉ်အတွင်း၌သာ နက်ရှိုင်းစွာ မြှုပ်နှံလိုက်ပြီး သူ၏ အသိဉာဏ်ပင်လယ်ကို ပြန်လည်စစ်ဆေးကြည့်ရှုလိုက်သည်။
ဝိညာဉ်သန္ဓေသားမှ ဝိညာဉ်အသွင်ကူးပြောင်းခြင်း နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သဖြင့် ဝမ်ချန်၏ အသိဉာဏ်ပင်လယ်သည် ယခင်ကထက် အဆပေါင်းတစ်ရာမက ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးတစ်ခုပမာ ဖြစ်တည်နေချေပြီ။
မျက်စိဖြင့် တိုက်ရိုက်မြင်နိုင်သော စနစ်မျက်နှာပြင် မရှိတော့သော်လည်း သူ၏ စိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်အာရုံတို့မှာ သိသိသာသာ တိုးတက်လာသည်ကို ခံစားနေရသည်။
ထိုအသိဉာဏ်ပင်လယ်၏ ဗဟိုချက်၌မူ တောက်ပသော ကျောက်စာတိုင်ကြီးတစ်ခု မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်းမှာ ရှေးဟောင်းတာအိုကျောက်စာတိုင်ပင် ဖြစ်ပေသည်။
ဝမ်ချန်၏ စိတ်အာရုံသည် ထိုကျောက်စာတိုင်အတွင်းသို့ ဝင်ရောက်သွားသည့်ခဏ၌ပင် ကုန်ဆုံးနိုင်ဖွယ်မရှိသော သတင်းအချက်အလက်များစွာသည် သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။
အကယ်၍ ဝမ်ချန်၏ စိတ်ဝိညာဉ်သာ ယခုကဲ့သို့ အားကောင်းမနေခဲ့ပါက ထိုအချက်အလက်များ၏ ဖိအားအောက်ဝယ် ပြိုလဲသွားတန်ရာ၏။
ဤအချက်အလက်များသည် ရှေးဟောင်းတာအိုကျောက်စာတိုင်မှ လာသည်သာမက ရတနာများစွာအရှင်သခင်၏ နှစ်ပေါင်းသောင်းချီသော အမှတ်တရများလည်း ပါဝင်နေပေသည်။
ရတနာများစွာအရှင်သခင်၏ အမည်ရင်းမှာ ရွှမ်ယွမ် ဖြစ်ပြီး မူလက ရှေးဟောင်းတောရိုင်းနယ်မြေမှ မဟာယနအဆင့်သို့ ရောက်ရန် နီးစပ်နေသော အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း ထိုသူသည် လက်နက်ကိရိယာများ သွန်းလုပ်ခြင်း၌ အလွန်အမင်း စွဲလမ်းသူဖြစ်ရာ လိုအပ်သော ပစ္စည်းများ ရရှိနိုင်ရန်အတွက် အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ သိက္ခာကိုပင် ငဲ့ကွက်ခြင်းမရှိဘဲ လှည့်ဖြားခြင်းနှင့် မသမာသော နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့လေသည်။
ထို့ကြောင့်ပင် သူ၏ ဂုဏ်သတင်းမှာ ရှေးဟောင်းတောရိုင်းနယ်မြေ၌ အလွန်ပင် ဆိုးဝါးခဲ့ရသည်။
ရှေးဟောင်းတောရိုင်းနယ်မြေ သို့မဟုတ် နတ်ဘုရားတို့၏ နယ်မြေသည် အမြင့်မြတ်ဆုံးသော မသေမျိုးနယ်မြေတစ်ခု ဖြစ်သကဲ့သို့ တာအိုအရှင်သခင်များ ကိန်းအောင်းရာ အနန္တဟင်းလင်းပြင်လည်း ဖြစ်ပေသည်။
ရွှမ်ယွမ်သည် မကောင်းမှုများစွာ ပြုခဲ့မိသောကြောင့် မဟာယနအဆင့် သူတော်စင်တစ်ဦး၏ အငြိုးထားခြင်းကို ခံခဲ့ရကာ ရန်သူပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရချေသည််။
ကမ္ဘာပျက်မတတ် ပြင်းထန်သော တိုက်ပွဲကြီးအပြီး၌ ရွှမ်ယွမ်၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားခဲ့ရပြီး ဝိညာဉ်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် သူသည် ရှေးဟောင်းတာအိုကျောက်စာတိုင်ကို အသုံးပြုကာ အောက်ဘုံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ရှေးဟောင်းတောရိုင်းနယ်မြေသို့ ပြန်လည်သွားနိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်းသုံးထောင်ပင် ရှိခဲ့လေပြီ။
ထိုနှစ်ပေါင်းသုံးထောင်အတွင်း ရွှမ်ယွမ်သည် "ရတနာများစွာအရှင်သခင်" ဟူသော အမည်ဖြင့် တစ်ခါတစ်ရံ ပေါ်လာတတ်ပြီး သူ၏ ဝိညာဉ်ခိုနားရန် ခန္ဓာကိုယ်အသစ်ကို ရှာဖွေခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။
နောက်ပိုင်းတွင် ကောင်းကင်ဘုံ၏ နိယာမများကြောင့် သူ၏ ဝိညာဉ်မှာ ဆက်လက်တည်ရှိနိုင်ရန်အတွက် ရှေးဟောင်းတာအိုကျောက်စာတိုင်အတွင်း၌သာ ခိုလှုံနေခဲ့ရတော့သည်။
ဝမ်ချန် ယခင်က ရရှိခဲ့သော နတ်ဆိုးသတ်ကွန်ရက်၊ ထောင်ပေါင်းအသွင်ပြောင်းမျက်နှာဖုံးနှင့် ရှေးဟောင်းတာအိုကျောက်စာတိုင်တို့မှာ အမှန်စင်စစ် ထိုပုဂ္ဂိုလ်ကြီး ချထားခဲ့သော အကွက်များသာ ဖြစ်ပေသည်။
နောက်ဆုံးတွင် ဝမ်ချန်သည် သူ၏ ပစ်မှတ်ဖြစ်လာခဲ့ရသည်။ ရွှမ်ယွမ်သည် ဝမ်ချန်၏ ဝိညာဉ်အသွင်ကူးပြောင်းခြင်း ပြီးမြောက်မည့်အချိန်ကို စောင့်ဆိုင်းကာ ဝိညာဉ်ကို ချုပ်ကိုင်ပြီး ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူ မည်မျှပင် တွက်ချက်ထားပါစေ ဝမ်ချန်၌ ကျင့်ကြံခြင်းစနစ်ဟူသော ထူးခြားသည့် အထောက်အပံ့ရှိနေသည်ကိုမူ လုံးဝမသိရှိခဲ့ပေ။
ရလဒ်မှာမူ နှစ်ဦးနှစ်ဖက် ပျက်စီးခြင်းသို့ ရောက်ရှိသွားကာ ရွှမ်ယွမ်၏ ဝိညာဉ်မှာ လုံးဝ ကွယ်ပျောက်သွားရလေတော့သည်။
ရွှမ်ယွမ်သည် ချေမှုန်းခံလိုက်ရသော်လည်း သူ၏ နှစ်ပေါင်းသောင်းချီသော အမှတ်တရများ ပါဝင်သည့် ဝိညာဉ်အပိုင်းအစကိုမူ ရှေးဟောင်းတာအိုကျောက်စာတိုင်က ဝါးမျိုလိုက်ရာ ယခုအခါ ထိုအရာအားလုံးမှာ ဝမ်ချန်အတွက် အကျိုးကျေးဇူးများ ဖြစ်လာခဲ့ချေပြီ။
ရွှမ်ယွမ်၏ အမှတ်တရများထဲ၌ ကျင့်ကြံခြင်းနှင့် တိုက်ပွဲအတွေ့အကြုံများသာမက နက်နဲလှသော တရားဓမ္မလျှို့ဝှက်ချက်များနှင့် နှိုင်းယှဉ်၍မရနိုင်သော လက်နက်သွန်းလုပ်ခြင်း ပညာရပ်များလည်း ပါဝင်နေသည်။
သွန်းလုပ်ခြင်း ပညာရပ်၌ ထိုပုဂ္ဂိုလ်ကြီး၏ စွမ်းဆောင်ရည်မှာ ရှေးဟောင်းတောရိုင်းနယ်မြေရှိ ပညာရှင်အားလုံးထက်ပင် သာလွန်သည်ဟု ဆိုနိုင်ပေရာ ယခုအခါ ထိုပညာရပ်အားလုံးကို ဝမ်ချန်က ဆက်ခံရရှိခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ရွှမ်ယွမ် ကွယ်ပျောက်သွားပြီးနောက် ဝမ်ချန်သည် ရှေးဟောင်းတာအိုကျောက်စာတိုင်၏ တစ်ဦးတည်းသော ပိုင်ရှင်အစစ်အမှန် ဖြစ်လာခဲ့လေပြီ။
သူသည် ရွှမ်ယွမ်ကဲ့သို့ အဆင့်မြင့်သော လုပ်ပိုင်ခွင့်များ မရှိသေးသော်လည်း ဤရတနာ၏ စွမ်းအား တစ်သောင်းပုံ တစ်ပုံခန့်ကိုသာ အသုံးချနိုင်ရုံနှင့်ပင် သူနှင့် အဆင့်တူ ကျင့်ကြံသူများကို အလွယ်တကူ အောင်နိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင် ဝမ်ချန်သည် ကျင့်ကြံခြင်းစနစ်ကို ဆုံးရှုံးလိုက်ရသော်လည်း အလွန်အမင်း စွမ်းအားကြီးမားသော ရတနာတစ်ခုကို ရရှိလိုက်ခြင်းပင် ဖြစ်တော့သည်။
ဝမ်ချန်သည် ရှေးဟောင်းတာအိုကျောက်စာတိုင်၏ စွမ်းအားကို အသုံးပြု၍ မန္တန်များ သို့မဟုတ် ရတနာများကို အသုံးချကြည့်ရာ ယခင်ကနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်ကို တွေ့ရှိရသည်။
သူသည် ခဏတာမျှော်စင်အတွင်း နောက်ထပ် သုံးနှစ်ခန့် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးမှသာ ပြင်ပသို့ ထွက်လာခဲ့လေသည်
ဝမ်ချန် မိမိ၏ မသေမျိုးနန်းတော်သို့ ပြန်လည်ရောက်ရှိလာသည့်ခဏ၌ ပိုင်စုစုသည် သူ၏ရှေ့မှောက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာ၏။
ဤနတ်ဘုရားသားရဲမလေးသည် ချိုသာသော အပြုံးဖြင့် "ဂုဏ်ယူပါတယ် မောင်.. ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကို ရောက်ရှိသွားပြီပေါ့" ဟု နှုတ်ဆက်လိုက်လေသည်။
ဝမ်ချန်သည် သူမအား ရင်ခွင်ထဲသို့ ထည့်ကာ ပွေ့ဖက်လိုက်ပြီး "မင်းလည်း ပင်ပန်းသွားပြီ၊ ကျေးဇူးတင်ပါတယ်" ဟု နွေးထွေးစွာ ဆိုလိုက်၏။ ဤကျင့်ကြံမှု အောင်မြင်ရန်အတွက် သူသည် စုစုပေါင်း ခုနစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။
ဝမ်ချန်သည် ခဏတာမျှော်စင်အတွင်း၌ ရှိနေခဲ့သော်လည်း ပိုင်စုစု၏ ကာကွယ်မှုမရှိပါက သူ၏ ကျင့်ကြံခြင်းမှာ ယခုကဲ့သို့ ချောမွေ့လိမ့်မည်မဟုတ်ကြောင်းကို ကောင်းစွာ သိရှိနေပေသည်။
ပိုင်စုစုသည် သူမ၏ ချစ်စဖွယ် မျက်နှာလေးကို ဝမ်ချန်၏ ရင်ခွင်၌ မှီကပ်ထားရင်း "ကျွန်မတို့က ဇနီးမောင်နှံတွေပဲလေ... ဒါက ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ" ဟု တိုးညင်းစွာ ပြန်လည်ပြောကြားလိုက်သည်။
ထိုသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မှီတွယ်ရင်း ကြည်နူးဖွယ်ကောင်းသော အေးချမ်းမှုကို ခံစားနေကြရ၏။
ထိုစဉ်မှာပင် ဆူညံသံများကြောင့် စုကျစ်လင်၊ ရှုရှင်းလန်နှင့် ယွမ်ယွမ်တို့လည်း အပြေးအလွှား ရောက်ရှိလာကြပြီး ဝမ်ချန်ကို ဝိုင်းဝန်းပွေ့ဖက်ကာ အတိုင်းထက်အလွန် ဝမ်းမြောက်နေကြတော့သည်။
ထိုသို့ ပြန်လည်ဆုံတွေ့ပြီးနောက် ပိုင်စုစုက လက်ရှိအခြေအနေများကို ဝမ်ချန်အား ရှင်းပြလေသည်။
လွန်ခဲ့သော သုံးနှစ်ခန့်က ဝမ်ချန်၏ ကျင့်ကြံခြင်းအဆင့် တက်လှမ်းမှုကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုများသည် ကိုးပြည်ထောင် မသေမျိုးမဟာမိတ်၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ထို့ကြောင့် ဝိညာဉ်အသွင်ကူးပြောင်းအဆင့်ရှိ အရှင်သခင် နှစ်ဦး လာရောက်စစ်ဆေးခဲ့သော်လည်း ပိုင်စုစုကပင် မောင်းထုတ်ပေးခဲ့ရ၏။
သို့သော်လည်း ထိုဖြစ်ရပ်ကြောင့် လျို့ဝှက်နက်နဲသော မသေမျိုးနန်းတော်၏ တည်နေရာမှာမူ အားလုံးရှေ့၌ ပေါ်ထွက်သွားခဲ့ရလေပြီ။
လွန်ခဲ့သော သုံးနှစ်အတွင်း ကိုးပြည်ထောင် မသေမျိုးမဟာမိတ်မှ အရှင်သခင်များသည် နောက်ထပ် နှစ်ကြိမ်ခန့် လာရောက်ခဲ့ကြသေးသည်။
သို့သော် ပထမအကြိမ်နှင့် မတူဘဲ ယခုတစ်ခေါက်တွင်မူ မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ချက်ဖြင့် လာကြခြင်း ဖြစ်သည်။ ထိုစဉ်က ဝမ်ချန်မှာ ကျင့်ကြံနေဆဲ ဖြစ်သဖြင့် ပိုင်စုစုက သူတို့ ချန်ထားခဲ့သော အမှတ်အသားများကိုသာ လက်ခံထားခဲ့လေသည်။
ယခုအခါ ဝမ်ချန် ပြန်လည်ထွက်လာပြီဖြစ်ရာ ဤကိစ္စကို ဖြေရှင်းရန်မှာ အရေးကြီးဆုံး ဖြစ်လာပေသည်။
အကြောင်းမှာ ဤနေရာသည် ကိုးပြည်ထောင် မသေမျိုးမဟာမိတ်၏ နယ်မြေအတွင်း၌ ရှိနေသဖြင့် မဟာမိတ်အဖွဲ့အနေဖြင့် သူတို့၏ ထိန်းချုပ်မှုပြင်ပ၌ ရှိနေသော ဝိညာဉ်အသွင်ကူးပြောင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးကို လျစ်လျူရှုထားမည်မဟုတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့်ပင် နှစ်ဦးနှစ်ဖက် သင့်တော်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် လိုအပ်နေပေတော့သည်။
***