ခြောက်ထောင်ဆိုသည်မှာပင် ထူးခြားလှပြီဖြစ်လေသည်။
ခုနစ်ထောင်အမြင့်က လူတိုင်းကို တုန်လှုပ်စေခဲ့ပြီ ဖြစ်လေသည်။
သို့ဆိုလျှင် ရှစ်ထောင်ဆိုပါက မည်သို့ရှိမည်နည်း။
လူတိုင်း၏ နှလုံးသားများ တုန်ယင်သွားကြတော့သည်။
အကယ်၍ သူသာ ရှစ်ထောင်အမြင့်သို့ ရောက်ရှိသွားပါကဘာများဖြစ်လာမည်နည်း။
“တကယ်ပဲ ရှစ်ထောင်အမြင့်ကို ရောက်သွားတာလား” ဟု ကျန့်ဟိုင်အင်ပါယာ တော်ဝင်မိသားစုမှ တပည့်တစ်ဦးက တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။
ဟွန်ချွမ်ဘိုးဘေးနှင့် ဘိုးဘေးဟုန်ဖုန်းနတ်ဘုရားအရှင်သခင်တို့ပင် ခြောက်ထောင်အမြင့်အထိသာ တက်နိုင်ခဲ့ခြင်းဖြစ်ရာ မည်သူတစ်ဦးတစ်ယောက်ကမျှရှစ်ထောင်အမြင့်သို့ ရောက်ရှိနိုင်မည်ဟု သူ မယုံကြည် နိုင်ပေ။ တစ်စုံတစ်ယောက်၏ပါရမီက ဤမျှအထိထူးချွန်ပြောင်မြောက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လူတိုင်းက အသက်ရှူမှားမတတ်စောင့်ကြည့်နေကြပြီး ကောင်းကင်ကံကြမ္မာနတ်ဘုရား တောင် တစ်ခုလုံးငြိမ်သက်နေတော့သည်။ ကောင်းကင်ပျံဖီးနစ်အမျိုးသမီးမှာ ယခင်ကစုန်းအတတ်ပညာနယ်မြေသို့ စွန့်စားသွားခဲ့စဉ်ကထက်ပင် ပို၍ စိတ်လှုပ်ရှားစွာဖြင့် လက်သီးကိုတင်းတင်းဆုပ်ထားမိလေသည်။
လူတိုင်း၏ စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးမှ ရွှေရောင်မီးတောက်များထွက်ပေါ်လာပြီး အဝေးမှကြည့်လျှင်ရွှေရောင်မီးတောက်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။ အကွာအဝေး ဝေးကွာနေသော်လည်း ရန်ရှောက်ထျန်းအထက်သို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားစဉ် ဖြစ်ပေါ်လာသောပြင်းထန်သည့်ချီလှိုင်းများ၏ပေါက်ကွဲသံကို လူတိုင်းကြားနေရဆဲ ဖြစ် လေသည်။
ဤအချိန်တွင် လုံရှန့်တုန်းသည်လည်း ရှစ်ထောင်ဇန့်အမြင့်သို့ဦးတည်သွားနေသော ရန်ရှောက် ထျန်းကိုကြောင်စီစီဖြင့်စိုက်ကြည့်နေမိတော့သည်။ ဤနေရာသို့မလာခင်က သူသည်သူ၏အစွမ်းကုန် ကြိုး စားပါကလေးထောင်အမြင့်သို့ရောက်နိုင်မည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်လေသည်။
သူတို့ နတ်ဘုရားနဂါးမျိုးနွယ်စု၏ဘိုးဘေးကြီးပင်လျှင် ထိုစဉ်ကလေးထောင်အထိသာ ရောက်ရှိ နိုင်ခဲ့ခြင်းဖြစ်လေသည်။ လေးထောင်ဆိုသည်မှာ သူကိုယ်တိုင်အတွက်အမြင့်ဆုံး ရည်မှန်းချက်ဖြစ်လေသည်။
သို့သော် ယခုမူ ဤဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူမှာ ရှစ်ထောင်သို့ ဦးတည်နေလေပြီ။ ရှစ်ထောင်ဇန့်။ ဤကိန်းဂဏန်းကို စဉ်းစားလိုက်ရုံနှင့်ပင် လုံရှန့်တုန်းမှာအသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။
“ရှစ်ထောင်ဇန့်ပါလား”
ရန်ရှောက်ထျန်းက ရှစ်ထောင်ဇန့်အမြင့်ကိုအတားအဆီးမရှိဖြတ်ကျော်သွားသောအခါ လုံရှန့်တုန်း မှာ ရုတ်တရက်မူးဝေသွားသလိုခံစားလိုက်ရလေသည်။ ရောက်ရှိနေသူအများအပြားမှာလည်း မတ်တပ်ပင် ဆက်မရပ်နိုင်ကြတော့ပေ။
ရန်ရှောက်ထျန်း ရှစ်ထောင်ဇန့်သို့ ချိုးဖောက်ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင် ကံကြမ္မာနတ်ဘုရားတောင်တစ်ခုလုံး ရုတ်တရက်တောက်ပလာခဲ့လေသည်။ တောက်ပလာသည်မှာ တားမြစ် ချက်အလင်းတန်းမဟုတ်ဘဲ ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏ ကိုယ်ထည်ကိုယ်တိုင်ကတောက်ပ လာခြင်း ဖြစ်လေသည်။
နှစ်ပေါင်း သန်းနှင့်ချီ၍ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်မှာ ငြိမ်သက်နေခဲ့ခြင်း ဖြစ်လေသည်။ ရန်ရှောက်ထျန်းရှစ်ထောင်ဇန့်အမြင့်သို့ ရောက်ရှိသွားသောအခါမှသာ ကောင်းကင်ကံကြမ္မာနတ်ဘုရား တောင်မှာ နောက်ဆုံးတွင်စတင်နိုးထလာခြင်းဖြစ်လေသည်။ ရန်ရှောက်ထျန်းနှင့်အခြားသူများလည်း ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ထူးခြားသော အလင်းတန်းကိုသတိပြုမိကြလေသည်။
သို့သော်လည်း ဤအချိန်တွင် သူသည်ထိုအလင်းတန်းများကိုအာရုံစိုက်နေရန်အချိန်မရှိဘဲ ဇန့်တစ် သောင်းအမြင့်ရှိတောင်ထိပ်သို့ အစွမ်းကုန်ဆက်လက်ပြေးတက်နေခဲ့လေသည်။ ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏တားမြစ်ချက်အလင်းတန်းများမှာ တဖြည်းဖြည်းပြန်လည်နိုးထလာနေသည်ကို သူ ခံစား လိုက်ရလေသည်။ အမြင့်သို့ရောက်လေလေတားမြစ်ချက်စွမ်းအားမှာ ပိုမိုပြင်းထန်လာလေလေဖြစ်ပြီး ဖိအားမှာလည်း ပိုမိုကြီးမားလာလေလေဖြစ်လေသည်။
ရန်ရှောက်ထျန်း ကိုးထောင်ဇန့်အမြင့်သို့ရောက်ရှိသွားသောအခါ မကြုံစဖူးသောဖိအားကြီးကို ခံစား လိုက်ရလေသည်။ ဤအချိန်တွင် သူ၏တစ်ကိုယ်လုံးမှရွှေရောင်မီးတောက်များနှင့် နတ်ဘုရားအလင်း တန်းများ အထပ်ထပ်ထွက်ပေါ်လာခဲ့လေသည်။
“ကိုးထောင်ရှစ်ရာဇန့်”
“ကိုးထောင်ကိုးရာဇန့်”
လက်တစ်ကမ်းအကွာတွင်ရှိနေသောတောင်ထိပ်ကိုကြည့်ရင်း ရန်ရှောက်ထျန်းမှာ သူ၏အစွမ်းအား လုံးကို ထုတ်သုံးကာ ရူးသွပ်စွာဖြင့်အပေါ်သို့ ပြေးတက်သွားခဲ့လေသည်။
ငါ တောင်ထိပ်ကို ရောက်ပြီ။
ဇန့်တစ်သောင်း။
ရန်ရှောက်ထျန်းမှာ တောင်ထိပ်သို့ပြေးတက်သွားပြီး မြေပြင်ပေါ်သို့ပြင်းထန်စွာကျဆင်းသွားခဲ့ လေ သည်။ ဤအချိန်တွင်ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်မှ ကြောက်မက်ဖွယ်ကောင်းသောအလင်းတန်း များ အထပ်ထပ်ပေါက်ကွဲထွက်လာတော့သည်။ တောင်ပတ်ဝန်းကျင်ရှိလူတိုင်းမှာ ထိုအလင်းတန်းများ အောက်တွင် တောက်ပသွားကြလေသည်။
ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်မှ ကံကြမ္မာစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
မြေကြီးများတုန်ခါနေခဲ့လေသည်။ ကံကြမ္မာနတ်ဘုရားနန်းတော်ကြီးမှာ တုန်ခါနေခဲ့လေသည်။ ကံကြမ္မာနတ်ဘုရားနန်းတော်၏အခြားနေရာများရှိ မရေမတွက်နိုင်သောဂိုဏ်းများနှင့် မိသားစုများမှ ပညာရှင် များမှာ အံ့အားသင့်သွားကြတော့သည်။
“ဘာတွေဖြစ်နေတာလဲ” ဟု နေလစိန့်ဘုရင်ကလည်း အံ့အားသင့်စွာမေးလိုက်သည်။ ၎င်းမှာ သူ ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်းသို့ ပထမဆုံးအကြိမ်ဝင်ရောက်ဖူးခြင်းမဟုတ်သော်လည်း ဤကဲ့သို့ သောအပြောင်းအလဲမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်လေသည်။ ကြယ်တာရာဓားနတ်ဘုရားနှင့် ဟင်းလင်းပြင်ဓားနတ်ဘုရားတို့မှာလည်း အံ့အားသင့်နေကြလေသည်။
သို့သော်လည်း ဤတုန်ခါမှုမှာကြာရှည်မခံခဲ့ပေ။ မကြာမီမှာပင်ကံကြမ္မာနတ်ဘုရားနန်းတော်မှာ ပုံမှန် အတိုင်းပြန်ဖြစ်သွားခဲ့လေသည်။ နေလစိန့်ဘုရင်မှာဇဝေဇဝါဖြစ်နေသော်လည်း များများစားစားမစဉ်းစား တော့ပေ။ သူကကြယ်တာရာဓားနတ်ဘုရားနှင့် ဟင်းလင်းပြင်ဓားနတ်ဘုရားတို့ကိုပြောလိုက်သည်။
“ဂိုဏ်းချုပ်က ဒီတစ်ခါမှာကံကြမ္မာနတ်ဘုရားသစ်ပင်ကိုသေချာပေါက်ရှာဖို့ ညွှန်ကြားထားတယ်။ မင်းတို့နှစ်ယောက်က ကံကြမ္မာတောအုပ်ကို သွားရှာကြ၊ ငါကတော့ နှစ်ပေါင်းများစွာ မြစ်ဆီကို သွားရှာမယ်”
ကြယ်တာရာဓားနတ်ဘုရားနှင့် ဟင်းလင်းပြင်ဓားနတ်ဘုရားတို့က ခေါင်းငြိမ့်ပြကြပြီး ထုန်းထျန်းနတ် ဘုရားဂိုဏ်းမှပညာရှင်အုပ်စုကို ဦးဆောင်ကာ ဟင်းလင်းပြင်နယ်မြေမှတစ်ဆင့် ထွက်ခွာသွားကြလေသည်။
တစ်ချိန်တည်းမှာပင် တောင်ထိပ်ပေါ်သို့ပြုတ်ကျသွားခဲ့သော ရန်ရှောက်ထျန်းမှာလည်း တဖြည်း ဖြည်း ပြန်လည်သက်သာလာပြီးမတ်တပ်ရပ်လိုက်လေသည်။ သူသည်ကမ္ဘာကြီး၏ အမြင့်ဆုံးနေရာတွင် ရပ်နေသလိုမျိုးခံစားချက်ကိုရလိုက်လေသည်။ သူရှေ့သို့လှမ်းကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ကျဲကျဲပါးပါးပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးဒါဇင်ပေါင်းများစွာကို မြင်တွေ့ လိုက်ရလေသည်။ ထို့ပြင် ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးများမှာ ကမ္ဘာဦးမူလချီစွမ်းအင် များကို ထုတ်လွှတ်နေကြလေသည်။
ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးများပါလား။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ထိပ်တွင် ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ နတ်ဘုရား ကျောက်တုံးများ အမှန်တကယ်ပင်ရှိနေပြီး ၎င်းမှာလည်းဒါဇင်ပေါင်းများစွာရှိနေသည်ကို မြင်လိုက်ရသဖြင့် ရန်ရှောက်ထျန်းမှာ အလွန်တရာဝမ်းသာသွားတော့သည်။ မူလက သူသည်တောင်ထိပ်ပေါ်တွင် ကမ္ဘာဦးမူလ ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးဆယ်တုံး သို့မဟုတ်နှစ်ဆယ်ခန့်ရှိလျှင်ပင် အဆင်ပြေပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။ ယခုမူ လေးဆယ် သို့မဟုတ် ငါးဆယ်ခန့်ပင် ရှိနေလေပြီ။
ရန်ရှောက်ထျန်းမှာ မတွန့်ဆုတ်တော့ဘဲ ရှေ့သို့လှမ်းလိုက်ကာ ပထမဆုံးသောကမ္ဘာဦးမူလ ကောင်း ကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးကို သိမ်းဆည်းလိုက်လေသည်။ သို့သော်လည်း သူ ပထမဆုံးတစ်တုံးကို သိမ်းဆည်းပြီးသည်နှင့် ဟင်းလင်းပြင်နယ်မြေမှ ကံကြမ္မာစွမ်းအားတစ်ခုက ရုတ်တရက်အပေါ်မှ ပြင်းထန်စွာ ဖိချလိုက်သဖြင့် ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးမှာ နိမ့်ဆင်းသွားခဲ့လေသည်။
သူ၏ ကိုယ်ပေါ်ရှိကံကြမ္မာစွမ်းအားကိုခံစားရင်း ရန်ရှောက်ထျန်းမှာဒုတိယတစ်တုံးကို အမြန်သိမ်း ဆည်းရန် ရှေ့သို့လှမ်းလိုက်ပြန်လေသည်။ ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ပေါ်တွင် ကျောက်တုံး များကိုသိမ်းဆည်းရာတွင် တစ်တုံးသိမ်းဆည်းပြီးတိုင်း ခန္ဓာကိုယ်ပေါ်သို့ ဖိချလာသော ကံကြမ္မာစွမ်းအားမှာ ပိုမိုလေးလံလာမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုစွမ်းအားမှာပိုမိုပြင်းထန်လာမည် ဖြစ်လေသည်။ ထို့ကြောင့် သူသည်ကြီးမားသောဖိအားကိုမတောင့်ခံနိုင်တော့မီအချိန်အတွင်း ကမ္ဘာဦးမူလကောင်းကင် ကံကြမ္မာ နတ်ဘုရားကျောက်တုံးများကို များနိုင်သမျှများများ သိမ်းဆည်းရမည်ဖြစ်လေသည်။
တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်။
ရန်ရှောက်ထျန်းမှာ လျင်မြန်စွာလှုပ်ရှားနေလေသည်။ ဤအချိန်တွင် သူ၏ ကိုယ်ပေါ်ရှိ ကံကြမ္မာစွမ်း အားမှာအံ့ဩဖွယ်ကောင်းသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင် တစ်ခုလုံးက သူ့အပေါ်သို့တိုက်ရိုက်ဖိချထားသလိုမျိုးဖြစ်နေလေသည်။ ဤနေရာတွင်သူသည် သူ၏ စစ်မှန်သောစွမ်းအားများကို မည်သို့မျှလည်ပတ်၍မရဘဲ၊ မည်သည့်နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြု နိုင်သလို၊ သူ၏ကောင်းကင်ကံကြမ္မာကိုပင်ခေါ်ယူ၍မရကြောင်း သူတွေ့ရှိလိုက်ရလေသည်။ သူသည် ဤကြီးမားသော ဖိအားကို သူ၏ ခန္ဓာကိုယ်အစွမ်းဖြင့်သာ တောင့်ခံနိုင်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ အလွန်တရာကြံ့ခိုင်လွန်း သဖြင့်သာ တောင့်ခံနိုင်ခြင်းဖြစ်ပြီး အခြားသောနတ်ဘုရားခန္ဓာကိုယ်သာဆိုပါက ကွဲကြေသွားသည်မှာကြာလှပေပြီ။ ရန်ရှောက်ထျန်းမှာ အမြန်ဆုံးအရှိန်ဖြင့်ဆက်လက်သိမ်းဆည်းခဲ့လေသည်၊ ဆဋ္ဌမမြောက်၊ သတ္တမမြောက်၊ အဋ္ဌမမြောက်။
ဤအချိန်တွင် ဆောင့်တက်လာသောကံကြမ္မာစွမ်းအားမှာ သူ၏ကျောရိုးကိုပင် ကွေးသွားအောင် ဖိချထားခဲ့လေပြီ။ ရန်ရှောက်ထျန်းမှာ အစွမ်းကုန်ရုန်းကန်နေသော်လည်း သူ၏ခန္ဓာကိုယ်ကို မတ်မတ်မရပ်နိုင် တော့ပေ။
ကိုးတုံးမြောက်။
ဆယ်တုံးမြောက်။
ရန်ရှောက်ထျန်းမှာ အသက်ရှူရန်ပင်ခက်ခဲလာခဲ့လေပြီ။ ဤခံစားချက်မှာသာမန်လူတစ်ယောက် ပင်လယ်ရေအောက် မီတာတစ်ထောင်အနက်တွင် ရှိနေသလိုမျိုး ခံစားချက်ပင်ဖြစ်လေသည်။
တစ်ဆယ့်တစ်တုံးမြောက်။
ရန်ရှောက်ထျန်း တစ်ဆယ့်တစ်တုံးမြောက်ကိုသိမ်းဆည်းလိုက်သောအခါ သူ၏တစ်ကိုယ်လုံးမှာ တုန်ယင်နေခဲ့လေပြီ။
တစ်ဆယ့်နှစ်တုံးမြောက်။
သူ တစ်ဆယ့်နှစ်တုံးမြောက်ကို သိမ်းဆည်းလိုက်သည်နှင့် သူ၏တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ ဖိချခံလိုက်ရသဖြင့် သူသည်ထိုနေရာတွင် မှောက်လျက်လဲကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
ဒါဟာ သူ၏အကန့်အသတ်ဖြစ်ကြောင်း ရန်ရှောက်ထျန်းသိလိုက်လေသည်။ အကယ်၍ သူသာ ဆက် လက်သိမ်းဆည်းနေပါက သူသည်မြေပြင်ပေါ်သို့တိုက်ရိုက်ဖိချခံလိုက်ရမည်ဖြစ်ပြီး ပြန်လည်ထွက်ခွာနိုင် တော့မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပါကသူသည်ဤနေရာတွင် ထာဝရနှိမ်နင်းခံထားရမည်ဖြစ်ပြီး မည်သည့် အခါမျှလွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
တစ်ခါက အစွမ်းထက်သောပညာရှင်အချို့မှာလောဘကြီးမှုကြောင့် ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ကံကြမ္မာစွမ်းအားဖြင့် နှိမ်နင်းခြင်းကိုခံလိုက်ရပြီး နောက်ဆုံးတွင်အိုမင်းရင့်ရော်ကာ သေဆုံးသွားခဲ့ဖူးလေသည်။
ရန်ရှောက်ထျန်းမှာ သူ၏အစွမ်းအားလုံးကိုထုတ်သုံးကာ အပေါ်မှဖိချနေသော ကံကြမ္မာစွမ်းအားကို တောင့်ခံပြီး ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်မှပြန်လည်ထွက်ခွာလာခဲ့လေသည်။ သူကောင်းကင် ကံကြမ္မာနတ်ဘုရားတောင်မှထွက်ခွာလိုက်သည်နှင့် ရန်ရှောက်ထျန်းမှာ ငရဲမှကောင်းကင်ဘုံသို့ ရောက်သွား သလိုမျိုး ချက်ချင်းပင်သက်သာရာရသွားခဲ့လေသည်။
ထိုပေါ့ပါးသော ခံစားချက်မှာ အလွန်တရာထူးခြားလှပေသည်။
နောက်ဆုံးတော့ ငါ အပြင်ကိုရောက်ပြီ။
ရန်ရှောက်ထျန်းမှာ ကံကောင်းသည်ဟုခံစားရသလိုတစ်ဖက်တွင်လည်း အလွန်တရာ နောင်တရ နေခဲ့လေသည်။ သူအစွမ်းကုန်ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးတစ်ဆယ့်နှစ်တုံးသာရရှိခဲ့ခြင်းဖြစ်လေသည်။
ကျန်ရှိနေသော ကျောက်တုံးသုံးဆယ်ကျော်ကိုမူကံကြမ္မာနတ်ဘုရားနန်းတော် နောက်တစ်ကြိမ် ထပ်မံပွင့်သည့်အချိန်အထိသာစောင့်ရတော့မည်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နန်းတော်ပွင့်သည့် တစ်ကြိမ်တွင် လူတစ်ဦးမှာကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ပေါ်သို့ တစ်ကြိမ်သာတက်ခွင့်ရှိသော ကြောင့် ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ ယခင်ကကောင်းကင်ကံကြမ္မာ နတ်ဘုရား တောင်အတွင်းသို့ ဝင်ရောက်ခဲ့သောတပည့်များမှာထွက်ခွာသွားကြပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ လုံရှန့်တုန်းနှင့် ကောင်းကင်ပျံဖီးနစ်အမျိုးသမီးတို့ကိုလည်းမတွေ့ရတော့ပေ။ ချန်ယွမ်၏အလောင်းကိုမူ လုံရှန့်တုန်းက ယူဆောင်သွားပုံရလေသည်။ ရန်ရှောက်ထျန်းခဏမျှ စဉ်းစားလိုက်ပြီးနောက် နှစ်ပေါင်းများစွာ မြစ်ဆီသို့ ပျံသန်းသွားခဲ့လေသည်။
ဒဏ္ဍာရီများအရ နှစ်ပေါင်းများစွာမြစ်၏နက်ရှိုင်းသောနေရာတွင်အချိန်သဲပွင့်များ ရှိနေသည်ဟု ဆိုလေသည်။ ရှာဖွေရန်ခက်ခဲသော်လည်း သူဘာပဲဖြစ်ဖြစ်ကံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။
***