ရန်ရှောက်ထျန်းမှာ နှစ်ပေါင်းများစွာမြစ်ဆီသို့အရှိန်အဟုန်ဖြင့်သွားနေစဉ်မှာပင် ရန်ရှောက်ထျန်း ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏ထိပ်သို့ ရောက်ရှိသွားသော သတင်းမှာလည်း ပျံ့နှံ့သွားခဲ့လေသည်။ ချက်ချင်းဆိုသလိုပင် ကံကြမ္မာနတ်ဘုရားနန်းတော်ကြီးမှာတုန်လှုပ်သွားခဲ့လေသည်။
“ဘာ... တောင်ထိပ်ကို ရောက်သွားတယ်ဟုတ်လား။ ဘယ်သူကတောင်ထိပ်ကို ရောက်သွားတာလဲ”
“မဖြစ်နိုင်တာ၊ ဟွန်ချွမ်ဘိုးဘေးနဲ့ ဘိုးဘေးဟုန်ဖုန်းနတ်ဘုရားအရှင်သခင်တောင်မှ ငါးထောင် ကျော်အထိပဲ ရောက်ခဲ့တာလေ။ ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်က တောင်ထိပ်ကို ရောက်နိုင်မှာလဲ”
တစ်ခုပြီးတစ်ခုသော ထိပ်တန်းဂိုဏ်းများနှင့် အင်ပါယာကြီးများမှမရေမတွက်နိုင်သော ပညာရှင် များမှာအံ့အားသင့်သွားကြတော့သည်။ ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်းသို့ဝင်ရောက်နေသော ဓားနတ် ဘုရားပညာရှင်အများအပြားပင်လျှင် ထိတ်လန့်သွားပြီး မယုံကြည်နိုင်ဘဲ ရှိနေကြလေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော်၏တစ်နေရာတွင် တစ်စုံတစ်ခုကိုရှာဖွေနေသော တောင်ဘက်ကောင်း ကင် ဓားနတ်ဘုရား ကျန့်လင်းသည်လည်း ဤသတင်းကိုကြားလိုက်ရသောအခါ မှင်တက်သွားပြီး။
“ဇန့်တစ်သောင်း... ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်ရဲ့ ထိပ်ကို ရောက်သွားတယ်တဲ့လား” ဟု ထစ်ထစ်အအဖြင့် ပြောလိုက်မိသည်။
ထိုစဉ်က သူသည်သူ၏အစွမ်းကုန်ကြိုးစားခဲ့ပြီး သူ၏အသက်ကိုပင် ရင်းခဲ့သော်လည်း ငါးထောင်ဇန့်သို့ပင်မရောက်နိုင်ဘဲ လေးထောင်ကျော်တွင်သာရပ်တန့်ခဲ့ရခြင်းဖြစ်လေသည်။ ယခုမူ ဤဟွန် ချွမ်ဘိုးဘေး၏ ဆက်ခံသူမှာတောင်ထိပ်သို့ပင် ရောက်ရှိသွားခဲ့လေပြီ။
“ဒီဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူက ဘယ်လိုထူးဆန်းတဲ့ကောင်လဲ” ဟု ကျန့်လင်းမှာ သူ၏အံ့အား သင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ထိပ်သို့ ရောက်ရှိခြင်းမှာ ဘာကိုဆိုလိုသနည်း။ မည်သူမျှ သေသေချာချာမသိကြပေ။ သို့သော်ငါးထောင်ဇန့်ကို ဖြတ်ကျော်ခြင်းမှာ ဘာကိုဆိုလိုသလဲဆိုသည်ကိုမူ သူ သိလေသည်။ နှစ်ပေါင်းများစွာအတွင်း လူခုနစ်ဦးသာငါးထောင်ဇန့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဤလူခုနစ်ဦးစလုံးမှာ ဝမ်ကျန့်တိုက်ကြီးကိုတုန်လှုပ်စေခဲ့သော အမြင့်မြတ်ဆုံးတည်ရှိမှုများ ဖြစ်ကြလေ သည်။
“ဒဏ္ဍာရီတွေက အမှန်များလား” ဟု ကျန့်လင်းက တိုးတိုးလေးရေရွတ်လိုက်သည်။
ဒဏ္ဍာရီအရဆိုလျှင် တစ်စုံတစ်ယောက်ကကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏ ထိပ်သို့ရောက် ရှိပါက ထိုသူမှာကံကြမ္မာ၏သားတော်ပင်ဖြစ်လေသည်။ ကံကြမ္မာ၏သားတော်နှင့်ပတ်သက်ပြီး ရှေးဟောင်း မှတ်တမ်းများစွာတွင် လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီများစွာရှိနေလေသည်။
“နှစ်ပေါင်း သန်းနဲ့ချီ ကြာပြီးတဲ့နောက်မှာ ကံကြမ္မာရဲ့ သားတော် နောက်ဆုံးမှာ ပေါ်လာခဲ့ပြီပေါ့” ဟု ကျန့်လင်း၏မျက်နှာတွင် ခံစားချက်များရှုပ်ထွေးနေလေသည်။ အကယ်၍အခွင့်အရေး ရခဲ့မည်ဆိုပါက ဤကံကြမ္မာ၏သားတော်မှာရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသလို အမှန်တကယ်ပဲကြောက်မက် ဖွယ်ကောင်းသလားဆိုသည်ကို သူ မြင်တွေ့လိုနေခြင်းဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် သက်တမ်းရှည်နတ်ဘုရားသစ်ပင်ကိုရှာဖွေရန် နှစ်ပေါင်းများစွာမြစ်ဆီသို့ ရောက်ရှိနေသောနေလစိန့်ဘုရင်သည်လည်း ရန်ရှောက်ထျန်းကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏ ထိပ် သို့ ရောက်ရှိသွားသောသတင်းကိုသိလိုက်ရလေသည်။ ထို့ပြင်လူငယ်ဧကရာဇ်ချန်ဖြစ်သော ချန်ယွမ်မှာ ရန်ရှောက်ထျန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သောသတင်းကိုလည်း သိလိုက်ရလေသည်။
နေလစိန့်ဘုရင်မှာ အံ့အားသင့်သလို တစ်ဖက်တွင်လည်းအကြီးအကျယ် ဒေါသထွက်သွား တော့သည်။ ဤဟွန်ချွမ်ဘိုးဘေး၏ဆက်ခံသူက သူတို့ဂိုဏ်းချုပ်၏မြေးတပည့်ကို လူပုံအလယ်တွင် သတ်ရဲ သည်တဲ့လား။ ဒါဟာ သူတို့ရဲ့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းကို လုံးဝမျက်ကွယ်ပြုလိုက်ခြင်းပင် ဖြစ်လေသည်။ ဒါဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပင်ဖြစ်လေသည်။
“အမိန့်ထုတ်လိုက်စမ်း၊ ဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူကိုတွေ့တဲ့သူမှန်သမျှ ဘယ်လိုမှ ညှာတာမနေနဲ့၊ သတ်ပစ်ကြ” ဟု နေလစိန့်ဘုရင်က သူအသုံးပြုဖူးသမျှထဲတွင် အအေးစက်ဆုံးသော လေသံဖြင့် ပြောလိုက် သည်။
“ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူနဲ့ ပတ်သက်တဲ့ သတင်းပေးနိုင်တဲ့သူကို တစ်ဘီလီယံ ဆုချမယ်”
“ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူကို ဖမ်းမိတဲ့သူကိုတော့ ဆယ်ဘီလီယံ ဆုချမယ်”
ယေဘုယျအားဖြင့် ဆုကြေးငွေများမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများကို ရည်ညွှန်းခြင်း ဖြစ်လေ သည်။
ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဘိုးဘေးတစ်ဦးက တွန့်ဆုတ်နေရင်း။
“စိန့်ဘုရင်မင်းကြီး... ဒီဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူကဒဏ္ဍာရီထဲကကံကြမ္မာရဲ့သားတော် ဖြစ်နိုင် ခြေ အများကြီး ရှိပါတယ်” ဟု ပြောလိုက်သည်။
ထိုဘိုးဘေးက ကံကြမ္မာ၏သားတော်အကြောင်းပြောလိုက်သည်ကိုကြားလိုက်ရသဖြင့် နေလစိန့် ဘုရင်မှာ ချက်ချင်းပင်ဒေါသထွက်သွားပြီး။
“ဘယ်လို ကံကြမ္မာရဲ့ သားတော်လဲ” ဟု သူက ဟိန်းဟောက်လိုက်ပြီး။
“ဆုကြေးငွေကို နှစ်ဆတိုးလိုက်စမ်း”
နှစ်ဆတိုးလိုက်ခြင်းမှာ သတင်းပေးနိုင်သူကိုနှစ်ဘီလီယံနှင့် ဖမ်းမိသူကိုဘီလီယံနှစ်ဆယ် ဆုချမည် ဟု ဆိုလိုခြင်းဖြစ်လေသည်။ နေလစိန့်ဘုရင်၏အမိန့်ထွက်လာသောအခါ ကံကြမ္မာနတ်ဘုရားနန်းတော် တစ်ခုလုံးဆူညံသွားတော့သည်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးဘီလီယံနှစ်ရာမှာ ပညာရှင်အများအပြား အတွက် ဆွဲဆောင်မှုရှိလှသဖြင့် သတင်းကြားသူတိုင်းမှာ ရန်ရှောက်ထျန်း၏တည်နေရာကို စတင်ရှာဖွေကြ တော့သည်။
ရန်ရှောက်ထျန်းသည်လည်း နေလစိန့်ဘုရင်ကသူ့ကိုဖမ်းဆီးရန် ဆုကြေးငွေထုတ်ထားသည့် သတင်း ကို သိလိုက်ရလေသည်။
“ဘီလီယံနှစ်ရာတဲ့လား” ဟု ရန်ရှောက်ထျန်းကခေါင်းခါပြရင်း ပြုံးလျက် ပြောလိုက်သည်။
ဝမ်ကျန့်တိုက်ကြီးသို့ ရောက်လာပြီးနောက် သူ၏တန်ဖိုးမှာကျသွားပုံရလေသည်။ ယခင်က ငရဲနတ် ဘုရားသားတော်ယန်ဖျင်မှာ သူ့ကိုသတ်ရန်တစ်ထရီလီယံအထိ ဆုကြေးထုတ်ခဲ့ဖူးလေသည်။ ဘီလီယံနှစ် ရာနှင့် တစ်ထရီလီယံဆိုသည်မှာ ကမ္ဘာကြီးနှစ်ခုလိုကွာခြားလှပေသည်။
ရန်ရှောက်ထျန်းမှာ နေလစိန့်ဘုရင်၏ဆုကြေးငွေကိုဂရုမစိုက်ဘဲ နှစ်ပေါင်းများစွာ မြစ်ဆီသို့ ဆက်လက်ပျံသန်းသွားခဲ့လေသည်။ ကံကြမ္မာနတ်ဘုရားနန်းတော်မှာ သုံးရက်သာပွင့်ခြင်းဖြစ်သဖြင့် သူသည် ဤသုံးရက်အတွင်း အချိန်သဲပွင့်များ၊ ကံကြမ္မာနတ်ဘုရားသစ်ပင်နှင့် ကံကြမ္မာနတ်ဘုရားသီးတို့ကို ရှာတွေ့ ရမည် ဖြစ်လေသည်။ ရရှိထားသော ကမ္ဘာဦးမူလကောင်းကင်ကံကြမ္မာကျောက်တုံး တစ်ဆယ်ကျော်ကိုမူ သူ အပြင်သို့ ရောက်မှသာ သန့်စင်ရန်အချိန်ရှိပေလိမ့်မည်။
ရန်ရှောက်ထျန်းမှာ အလွန်တရာမြန်ဆန်လှပြီး တစ်နာရီအကြာတွင်နှစ်ပေါင်းများစွာ မြစ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ သူသည်အဝေးတွင်ကြယ်များဖြာထွက်နေပြီး အိပ်မက်ဆန်သောကောင်းကင် ကြီးကို မြင်တွေ့လိုက်ရလေသည်။
ကြယ်ရောင်များအောက်တွင် မြစ်တစ်စင်းမှာစီးဆင်းနေပြီး ကြည့်ကောင်းလှပေသည်။
ရှေ့တွင်ရှိသော နှစ်ပေါင်းများစွာမြစ်မှာ ကြယ်ပင်လယ်နှင့်အနည်းငယ်တူနေလေသည်။ သို့သော် နှစ်ပေါင်းများစွာမြစ်မှာ ကြယ်ပင်လယ်ထက်ပိုမိုလှပလေသည်။ ထို့ပြင်နှစ်ပေါင်းများစွာမြစ်မှ သက်တမ်းစွမ်း အားတစ်ခုထွက်ပေါ်နေပြီး ၎င်းမှာ သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်၏အချိန်စွမ်းအားနှင့် မူလအစခြင်း တူညီလေသည်။
ပညာရှင်အများအပြားမှာ နှစ်ပေါင်းများစွာမြစ်၏အထက်တွင် ရပ်နေကြပြီ ဖြစ်လေသည်။
ပညာရှင်အများအပြားမှာ မြစ်၏မျက်နှာပြင်ပေါ်မှတစ်ဆင့် ရှေ့သို့ဆက်တိုက်ပျံသန်းသွားနေ ကြလေ သည်။ သို့သော်လည်းနှစ်ပေါင်းများစွာမြစ်တွင် သက်တမ်းစွမ်းအားများရှိနေသဖြင့် ဧကရာဇ်အဆင့်ရှိသူများ အတွက် ဝင်ရောက်ရန်မှာအလွန်တရာခက်ခဲလှပေသည်။ ထို့ကြောင့်နှစ်ပေါင်းများစွာမြစ်အတွင်းသို့ ဝင်ရောက်နေသူအားလုံးနီးပါးမှာ စိန့်အဆင့်အထက်ရှိ ပညာရှင်များ ဖြစ်ကြလေသည်။
“သူငယ်ချင်းလေး... မင်းကဘယ်ဂိုဏ်းကလဲ။ မင်းလည်းဒီနှစ်ပေါင်းများစွာမြစ်ထဲကိုဝင်ဖို့ စဉ်းစား နေတာလား” ဟု ဤအချိန်တွင် သူ၏ဘေးမှအဘိုးအိုတစ်ဦးကပြုံးလျက်မေးလိုက်ပြီးနောက် စေတနာဖြင့် သတိပေးလိုက်သည်။
“ဒီမြစ်က မရိုးရှင်းဘူးနော်၊ မင်းဝင်နိုင်တဲ့နေရာမျိုးမဟုတ်ဘူး။ မင်း ပြန်လှည့်သွားတာ ပိုကောင်းလိမ့် မယ်”
ယခင်က ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်စဉ်အခါက လူငယ်အများအပြားမှာ မိမိကိုယ်ကိုယ်အထင် ကြီးပြီး နှစ်ပေါင်းများစွာမြစ်အတွင်းသို့စွန့်စားဝင်ရောက်ခဲ့ကြသော်လည်း သက်တမ်းစွမ်းအားကို မတောင့် ခံနိုင်ခဲ့ကြပေ။ သူတို့၏ ချီ၊ သွေးနှင့်အသက်စွမ်းအားများမှာ သက်တမ်းစွမ်းအားကြောင့် ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် မြစ်အတွင်းမှာပင် သေဆုံးသွားခဲ့ကြခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းက ထိုအဘိုးအိုကို ပြုံးပြလိုက်ပြီး။
“ကျွန်တော့်ကို သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စီနီယာ၊ ဒါပေမဲ့ ကျွန်တော်စမ်းကြည့် ချင်ပါသေးတယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ပျံတက်လိုက်ပြီး မြစ်၏မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ ရှေ့သို့ လမ်းလျှောက်သွားခဲ့လေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူသည်မီတာတစ်ရာခန့်ဝေးရာသို့ ရောက်ရှိ သွားခဲ့လေသည်။
ထိုအဘိုးအိုမှာ ဤမြင်ကွင်းကိုကြည့်ကာ အလွန်တရာ အံ့အားသင့်သွားတော့သည်။
ရန်ရှောက်ထျန်းမှာ နှစ်ပေါင်းများစွာမြစ်ပေါ်တွင် တည်ငြိမ်စွာရပ်နိုင်ရုံသာမက ရှေ့သို့မီတာတစ် ရာအထိလမ်းလျှောက်နိုင်သည်ကို သူမမျှော်လင့်ထားခဲ့ပေ။ ပို၍ဝေးဝေးသို့လျှောက်လေလေ သက်တမ်း စွမ်းအားမှာ ပိုမိုပြင်းထန်လာလေလေဖြစ်ကြောင်းသိထားရမည်ဖြစ်လေသည်။ စိန့်အဆင့်နှင့် ညီမျှသော အစွမ်းမရှိပါက မီတာတစ်ရာအထိလမ်းလျှောက်ရန်မှာမဖြစ်နိုင်ပေ။ ဤလူငယ်လေးမှာ အမှန်တကယ်ပဲ စိန့်အဆင့်နှင့် ညီမျှသော အစွမ်း ရှိနေသည်တဲ့လား။
အဘိုးအိုမှာ အံ့အားသင့်စွာကြည့်နေစဉ်မှာပင် ရန်ရှောက်ထျန်းမှာနောက်ထပ်ခြေတစ်လှမ်း ထပ်မံ လှမ်းလိုက်ပြန်ရာ မီတာတစ်ရာသို့ရောက်ရှိသွားပြန်လေသည်။ ရန်ရှောက်ထျန်းမှာမြန်မြန်လမ်းမလျှောက် သော်လည်း သူ၏ခြေလှမ်းတိုင်းမှာ မီတာတစ်ရာတိတိ ဖြစ်နေလေသည်။ မကြာမီမှာပင် ရန်ရှောက်ထျန်းမှာ မီတာတစ်ထောင်အကွာသို့ ရောက်ရှိသွားခဲ့လေပြီ။ အဘိုးအိုမှာ မှင်တက်ကျန်ရစ်ခဲ့လေတော့သည်။
အခြားသူများ၏ အာရုံစိုက်မှုကိုမခံရစေရန် ရန်ရှောက်ထျန်းမှာလူမရှိသောနေရာသို့ ဦးတည် လမ်းလျှောက်သွားခဲ့လေသည်။ နှစ်ပေါင်းများစွာမြစ်မှာ အလွန်တရာကျယ်ပြောလှပြီး ၎င်း၏အကျယ်နှင့် အနက်ကိုမည်သူမျှမသိကြပေ။
ရန်ရှောက်ထျန်းမှာ အတိုင်းအဆမဲ့သော မြစ်အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။ စိန့်အဆင့်ရှိ ပညာရှင်များပင်လျှင် မြစ်အတွင်းသို့လီတစ်ရာအကွာအဝေး ရောက်ပြီးနောက် သတိထားပြီး သွားကြရသော်လည်း ရန်ရှောက်ထျန်းမှာမူ အေးအေးဆေးဆေးပင် ဆက်လက်လမ်းလျှောက်နေခဲ့လေသည်။
လီတစ်ရာအကွာသို့ ရောက်ပြီးနောက် သက်တမ်းစွမ်းအားမှာအလွန်တရာ ပြင်းထန်နေပြီဖြစ်လေ သည်။ ဤနေရာသို့ ရောက်လျှင် စိန့်အဆင့်ကျင့်ကြံသူ အများအပြားမှာ သတိမထားပါက သူတို့၏ ချီ၊ သွေးနှင့် အသက်စွမ်းအားများမှာ သက်တမ်းစွမ်းအားကြောင့် ကုန်ဆုံးသွားနိုင်လေသည်။
သို့သော် ရန်ရှောက်ထျန်းမှာမူ လုံးဝထိခိုက်ခြင်းမရှိပေ။ သူ၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်တွင် အချိန်စွမ်းအားများရှိနေပြီး ၎င်းမှာ သက်တမ်းစွမ်းအားနှင့် မူလအစခြင်းတူညီလေသည်။ ထို့ကြောင့် သူသည် သက်တမ်းစွမ်းအား၏ထိခိုက်မှုကိုမခံရရုံသာမက ဤနေရာရှိသက်တမ်းစွမ်းအားများကိုပင် စုပ်ယူနေခဲ့ လေသည်။
အခြားသူများမှာ သက်တမ်းစွမ်းအားကိုမစုပ်ယူနိုင်ကြသော်လည်း သူ၏ထာဝရနတ်ဘုရားခန္ဓာ ကိုယ်ကမူ စုပ်ယူနိုင်လေသည်။ သက်တမ်းစွမ်းအားများကိုစုပ်ယူခြင်းက သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ် ကို ပိုမိုကြံ့ခိုင်စေနိုင်လေသည်။
ရန်ရှောက်ထျန်းမှာ မြစ်၏နက်ရှိုင်းသောနေရာသို့ ဆက်တိုက်ပျံသန်းသွားနေစဉ်မှာပင် နေလစိန့်ဘုရင် နှင့် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင်အုပ်စုမှာလည်း မြစ်၏နက်ရှိုင်းသောနေရာသို့ ပျံသန်းနေကြ လေသည်။
“စိန့်ဘုရင်မင်းကြီး... ဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူနဲ့ပတ်သက်ပြီး သတင်းရထားပါတယ်။
တစ်စုံတစ်ယောက်က သူ နှစ်ပေါင်းများစွာ မြစ်ထဲကို ဝင်သွားတာကို မြင်လိုက်တယ်လို့ ပြောပါတယ်” ဟု ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ဘိုးဘေးတစ်ဦးက နေလစိန့်ဘုရင်အား ရိုသေစွာ ပြောလိုက်လေသည်။
***