“သူကနှစ်ပေါင်းများစွာမြစ်ထဲကိုဝင်သွားတယ်ဟုတ်လား” ဟု နေလစိန့်ဘုရင်ကကြားလိုက် ရသောအခါ သူ၏မျက်နှာမှာ ချက်ချင်းပင်အေးစက်သွားပြီး။
“မြစ်တစ်ခုလုံးကိုပိတ်ဆို့လိုက်စမ်း၊ ပြီးတော့လက်မတင်လေးတောင်မကျန်အောင် ရှာကြစမ်း။ ဒီကလေးကို ငါတို့ မဖမ်းနိုင်ဘူးဆိုတာ ငါ မယုံဘူး”
“မှတ်ထားကြ၊ အဲဒီကလေးကိုဖမ်းမိရင် ချက်ချင်း မသတ်နဲ့ဦး”
“သူ့ကို ဌာနချုပ်ကို ပြန်ခေါ်သွားပြီး ဂိုဏ်းချုပ်ကိုယ်တိုင် စီရင်ဖို့ လက်အပ်လိုက်မယ်”
“ဟုတ်ကဲ့ပါ စိန့်ဘုရင်”
ထို့နောက်တွင် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင်များမှာ ရန်ရှောက်ထျန်းကို အပူတပြင်းရှာဖွေ ရန်အတွက် မြစ်ကိုစတင်ပိတ်ဆို့လိုက်ကြလေသည်။ ထို့အပြင်နေလစိန့်ဘုရင်က သူတို့အားမြစ်၏အစပိုင်း နေရာများကိုသာအဓိကထားရှာဖွေရန် ညွှန်ကြားခဲ့လေသည်။ သူ၏အမြင်တွင်ရန်ရှောက်ထျန်းက မည်မျှပင် အစွမ်းထက်ပါစေ၊ မြစ်၏နက်ရှိုင်းသောနေရာသို့ဝင်နိုင်လောက်အောင်အစွမ်းထက်လိမ့်မည် မဟုတ်ဟု ထင်မြင်နေခြင်းဖြစ်လေသည်။
ထို့ကြောင့် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှာမြစ်၏အစပိုင်းလီတစ်ရာအတွင်းကိုသာ အဓိကထား ရှာဖွေနေခဲ့ကြလေသည်။
ရန်ရှောက်ထျန်းမှာ လီတစ်ရာအကွာသို့ရောက်ပြီးနောက် သူ၏အရှိန်ကိုမလျှော့ဘဲ ရှေ့သို့ ဆက်လက်သွားနေခဲ့လေသည်။ မကြာမီမှာပင်သူသည်လီတစ်ထောင်အကွာသို့ရောက်ရှိသွားခဲ့လေသည်။ လီတစ်ထောင်အကွာသို့ရောက်သောအခါ ဤနေရာရှိအချိန်စွမ်းအားမှာ အလွန်တရာကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်လေသည်၊ ဤနေရာသို့ရောက်နိုင်သူတိုင်းမှာ နတ်ဘုရားအဆင့်ပညာရှင်များသာ ဖြစ်ကြ လေသည်။
ထို့ကြောင့် ဤနေရာတွင်လူသူအလွန်တရာရှားပါးလှပေသည်။ အတိုင်းအဆမဲ့သောပင်လယ်ပြင် ကြီးထဲတွင် မည်သူ့ကိုမျှမတွေ့ရတော့ပေ။
ရန်ရှောက်ထျန်းမှာ သူ၏ဝိညာဉ်အာရုံကိုထုတ်လွှတ်လိုက်ပြီး လူမရှိသောဘက်သို့သာ ဆက်လက် ရွေ့လျားနေခဲ့လေသည်။ သူသည်သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်၏ အချိန်စွမ်းအားကိုအသက်သွင်းလိုက် ရာ အချိန်စွမ်းအားများမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်စုစည်းလာခဲ့ပြီး အဝေးမှကြည့်လျှင် သူသည် မြစ်ပေါ်တွင် လမ်းလျှောက်နေသောအချိန်နတ်ဘုရားတစ်ပါးအလားတောက်ပနေလေသည်။
သတိမထားမိဘဲနှင့် ရန်ရှောက်ထျန်းမှာ မြစ်တစ်လျှောက်လီတစ်သောင်းအထိ လမ်းလျှောက်ခဲ့လေ ပြီ။ ဤနေရာတွင်အချိန်စွမ်းအားမှာ အလွန်တရာကြမ်းတမ်းလှသဖြင့် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ် ရှိနေသော်လည်း ရန်ရှောက်ထျန်းမှာ ထိုကဲ့သို့ကြမ်းတမ်းလှသောအချိန်စွမ်းအားကြောင့် ထိတ်လန့်သွားခဲ့ ရလေသည်။ ထို့ကြောင့် ဤနေရာသို့ ရောက်သောအခါ သူသည်အရှိန်ကိုလျှော့လိုက်ပြီး သတိထားကာ ရှေ့သို့ ဆက်သွားနေခဲ့လေသည်။
သူသည် ထာဝရနတ်ဘုရားခန္ဓာကိုယ်ရှိနေသဖြင့် အချိန်စွမ်းအားကိုမကြောက်သော်လည်း မြစ်၏ နက်ရှိုင်းသောနေရာတွင် အလွန်တရာအန္တရာယ်ရှိသောတည်ရှိမှုများရှိနေသည်ဟု ကောလာဟလများ ရှိနေသောကြောင့်ဖြစ်လေသည်။ သို့သော်လည်းနတ်ဘုရားအဆင့်အထွတ်အထိပ် ပညာရှင်များပင်လျှင် ဤနေရာသို့မရောက်နိုင်သဖြင့် ရန်ရှောက်ထျန်းမှာတစ်စုံတစ်ယောက်က သူ့ကိုတွေ့သွားမည်ကို မစိုးရိမ်တော့ ပေ။
ဤနေရာသို့ ရောက်သောအခါ ရန်ရှောက်ထျန်းမှာ သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုပြီး ပတ်ဝန်းကျင်ရှိအချိန်သဲပွင့်များ၏စွမ်းအားကို ဂရုတစိုက်အာရုံခံလိုက်လေသည်။ စိတ်ပျက်စရာကောင်း သည်မှာ တစ်နာရီကြာအပူတပြင်းရှာဖွေပြီးနောက်တွင်လည်း အချိန်သဲပွင့်၏အရိပ်အယောင်ကိုမျှ မတွေ့ရ ခြင်းပင်ဖြစ်လေသည်။ ရန်ရှောက်ထျန်းမှာရှေ့သို့ ဆက်လက်သွားနေခဲ့လေသည်။
ရန်ရှောက်ထျန်းမှာ အချိန်သဲပွင့်ကိုရှာဖွေရန်ရှေ့သို့ဆက်သွားနေစဉ်မှာပင် အရပ်ရှည်ရှည်အဘိုးအို တစ်ဦးသည်လည်း ဤနေရာသို့ရောက်ရှိလာခဲ့လေသည်။ ထိုအဘိုးအို၏တစ်ကိုယ်လုံးတွင် နတ်ဘုရား အလင်းတန်းများဖုံးလွှမ်းနေပြီး ထိုအလင်းတန်းများကကြမ်းတမ်းလှသော အချိန်စွမ်းအားကိုတောင့်ခံထား ပေးခြင်းဖြစ်လေသည်။
နတ်ဘုရားအဆင့် အထွတ်အထိပ်ပညာရှင်များပင်ဤနေရာသို့ မရောက်နိုင်သော်လည်း ဤအဘိုးအို မှာမူ မည်သည့်အမူအရာမှမပြောင်းဘဲရောက်ရှိလာခြင်းဖြစ်လေသည်။ ထိုအဘိုးအိုမှာအမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှ ဘိုးဘေးကြီးဖန့်ကျင်းပင်ဖြစ်လေသည်။
အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှာဝမ်ကျန့်တိုက်ကြီးပေါ်ရှိနံပါတ်တစ်အင်ပါယာဖြစ်ပြီး ဖန့်ကျင်းမှာလည်း ဝမ်ကျန့်တိုက်ကြီးပေါ်ရှိအစွမ်းထက်ဆုံးသောပညာရှင်များထဲမှတစ်ဦးဖြစ်လေသည်။ ဖန့်ကျင်းမှာ ဤနေရာသို့ရောက်သောအခါ ရှေ့သို့ကြည့်လိုက်ပြီး ကြမ်းတမ်းလှသောအချိန်စွမ်းအားကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားကာ ခဏမျှတုံ့ဆိုင်းနေပြီးမှ ရှေ့သို့ ဆက်လက်သွားခဲ့လေသည်။
ရန်ရှောက်ထျန်းမှာ မြစ်တစ်လျှောက်လီတစ်သောင်းတစ်ထောင်အထိ ရောက်ရှိလာခဲ့လေသည်။ သူ အံ့အားသင့်သွားသည်မှာ ရှေ့ရှိမြစ်၏မျက်နှာပြင်ပေါ်တွင်မြူနှင်းများ အမှန်တကယ်ထွက်ပေါ်နေခြင်းပင် ဖြစ်လေသည်။ ရန်ရှောက်ထျန်းမှာသတိထားပြီးချဉ်းကပ်လိုက်ရာ ထိုမြူနှင်းများကသူ၏ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် ထိတွေ့မိသောနေရာများမှာသစ်ပင်ခြောက်တစ်ခုအလား လျင်မြန်စွာညှိုးနွမ်းသွား ခဲ့လေသည်။
ရန်ရှောက်ထျန်းမှာ ထိတ်လန့်သွားခဲ့လေသည်၊ သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ရှိနေသော်လည်း သူ၏ ခန္ဓာကိုယ်ပင်လျှင်ဤမြူနှင်းများကိုမတောင့်ခံနိုင်သည်တဲ့လား။ ဤမြူနှင်းများမှာ မည်မျှအထိ ကြောက် မက်ဖွယ်ကောင်းနေသနည်း။
“ဒါ အချိန်မြူနှင်းတွေပဲ” ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
“သာမန်ကောင်းကင်နတ်ဘုရားတွေတောင်မှ ဒီအချိန်မြူနှင်းတွေကိုမတောင့်ခံနိုင်ကြဘူး၊ ကောင်း ကင်နတ်ဘုရားတစ်ပါးကသာ ဒီမြူနှင်းတွေနဲ့ထိတွေ့မိရင် သူတို့ရဲ့ ချီနဲ့ သွေးတွေ ကုန်ဆုံးသွားလိမ့်မယ်”
ရန်ရှောက်ထျန်းမှာ ထိတ်လန့်သွားခဲ့လေသည်။ သာမန်ကောင်းကင်နတ်ဘုရားတွေတောင် မတောင့် ခံနိုင်ဘူးတဲ့လား။
“မင်းရဲ့ ထာဝရနတ်ဘုရားခန္ဓာကိုယ်ကအစွမ်းထက်ပေမဲ့ အောင်မြင်မှုအသေးစားအဆင့်ကို မရောက်သေးဘူး၊ ဒါကြောင့်ဒီအချိန်မြူနှင်းတွေကိုမတောင့်ခံနိုင်သေးတာ” ဟု ဆေးနံ့သာအိုးဘိုးဘေးက ပြောလိုက်ပြီး ထို့နောက်ရန်ရှောက်ထျန်းကို ရွှေရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးအုပ်ပေးလိုက်လေသည်။
တစ်နည်းအားဖြင့်ဆိုပါက သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်မှာ အောင်မြင်မှုအသေးစား အဆင့်သို့ ရောက်ရှိမှသာ ဤအချိန်မြူနှင်းများကိုတောင့်ခံနိုင်မည်ပေါ့။ ဤစကားကိုကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း မှာ အချိန်သဲပွင့်များကိုရှာဖွေပြီး သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုအောင်မြင်မှုအသေးစား အဆင့်သို့ ရောက်အောင်ကျင့်ကြံရန် ပိုမိုပြတ်သားသွားခဲ့လေသည်။ ရန်ရှောက်ထျန်းမှာသတိထားပြီး ရှေ့သို့ ဆက်သွား နေခဲ့လေသည်။
သူ လီတစ်သောင်းနှစ်ထောင်အကွာသို့ ရောက်သောအခါ သူ ရုတ်တရက်ရပ်တန့်လိုက်လေသည်၊ သူ၏မျက်နှာတွင် အလွန်တရာဝမ်းသာသွားသောအမူအရာများ ပြည့်နှက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ရှေ့တွင်ရွှေရောင်သဲပွင့်လေးများစုစည်းနေသည်ကို တွေ့လိုက်ရသော ကြောင့်ဖြစ်လေသည်။ ထိုရွှေရောင်သဲပွင့်လေးများမှာမြစ်၏အထက်တွင်ပေါလောပေါ်နေပြီး စီးဆင်းနေ ကြရာ ကြည့်ကောင်းလှပေသည်၊ ၎င်းမှာ သူ အပူတပြင်းရှာဖွေနေသော အချိန်သဲပွင့်များပင်ဖြစ်လေသည်။
အချိန်သဲပွင့်များကိုမြင်လိုက်ရသဖြင့် ရန်ရှောက်ထျန်းမှာအလွန်တရာ ဝမ်းသာသွားတော့သည်။ သို့သော်လည်း သူရှေ့သို့လှမ်းလိုက်ပြီး ထိုအချိန်သဲပွင့်များကို သိမ်းဆည်းတော့မည့်ဆဲဆဲတွင် ဆေးနံ့သာအိုးက ရုတ်တရက် “သတိထား” ဟု သတိပေးလိုက်လေသည်။
ရှေ့ရှိမြစ်၏မျက်နှာပြင်ပေါ်တွင် ဝဲဂယက်တစ်ခုရုတ်တရက်ပေါ်ထွက်လာခဲ့လေပြီ။ ထို့ပြင်ထိုဝဲ ဂယက်မှာချက်ချင်းပင်ကြီးမားလာပြီး ၎င်း၏စုပ်ယူမှုစွမ်းအားမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှ ပေသည်။
ရန်ရှောက်ထျန်းမှာ အနောက်သို့ လျင်မြန်စွာဆုတ်လိုက်လေသည်၊ ထိုသို့မဟုတ်ပါက သူသည် ထိုဝဲဂယက်၏ စုပ်ယူခြင်းကို ခံလိုက်ရပေလိမ့်မည်။
“ဒါ ဟင်းလင်းပြင် ဝဲဂယက်လား” ဟု ရန်ရှောက်ထျန်းမှာ ထိတ်လန့်စွာ မေးလိုက်သည်။
ဆေးနံ့သာအိုးက ခေါင်းငြိမ့်ပြပြီး။
“ဒီနေရာက ဟင်းလင်းပြင်နယ်မြေကမတည်ငြိမ်ဘူး၊ ဒါကြောင့်ဟင်းလင်းပြင်ဝဲဂယက်တွေဖြစ်ပေါ် နေတာ” ဟု ပြောလိုက်သည်။
ရန်ရှောက်ထျန်းမှာ ချွေးစေးများထွက်လာခဲ့လေသည်၊ အကယ်၍သာဟင်းလင်းပြင်ဝဲဂယက် အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရပါက သူသည်ရှုပ်ထွေးလှသောဟင်းလင်းပြင်နယ်မြေအတွင်းသို့ ရောက်ရှိ သွားမည်ဖြစ်ပြီး ထိုအခါကောင်းကင်နတ်ဘုရားတစ်ပါးပင်လျှင် လွတ်မြောက်ရန်ခက်ခဲပေလိမ့်မည်။
ဤနေရာတွင် ဟင်းလင်းပြင်ဝဲဂယက်များမှာ အချိန်မရွေးပေါ်လာနိုင်ကြောင်း သိလိုက်ရသဖြင့် ရန်ရှောက်ထျန်းမှာ ပို၍ပင်သတိထားလိုက်လေသည်၊ သူသည်ထိုအချိန်သဲပွင့်များရှိရာသို့ ချဉ်းကပ်လိုက်ပြီး သူ၏ ထာဝရနတ်ဘုရားခန္ဓာကိုယ်၏အချိန်စွမ်းအားကိုအသက်သွင်းကာ ထိုအချိန်သဲပွင့်များကိုသိမ်းဆည်း လိုက်လေသည်။
အချိန်သဲပွင့်များကို အောင်မြင်စွာသိမ်းဆည်းပြီးနောက် ရန်ရှောက်ထျန်းမှာသက်ပြင်းချလိုက်မိလေ သည်။ နှစ်ပေါင်းများစွာမြစ်အတွင်းသို့ ဤခရီးစဉ်မှာအလဟသမဖြစ်တော့ပေ၊ သူသည် အချိန်သဲပွင့်တစ်အုပ် ကို ရှာတွေ့ခဲ့လေပြီ။ သို့သော်လည်းဤအချိန်သဲပွင့်အုပ်စုမှာ ဧကရာဇ်ယွန်းထျန်း၏ဘဏ္ဍာတိုက်အတွင်းရှိ အချိန်သဲပွင့်များထက်အများကြီးပိုမိုသေးငယ်လှသဖြင့် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကို အောင်မြင် မှုအသေးစားအဆင့်သို့ ရောက်အောင် ကျင့်ကြံရန် မလုံလောက်သေးပေ၊ ထို့ကြောင့် ရန်ရှောက်ထျန်းမှာ ရှေ့သို့ ဆက်လက်ရှာဖွေနေခဲ့လေသည်။
သို့သော်လည်း အချိန်သဲပွင့်မှာအလွန်တရာရှားပါးလှပြီး မြစ်မှာလည်းကျယ်ပြောလှသဖြင့် ရှာဖွေ ရန်မှာအလွန်တရာခက်ခဲလှပေသည်၊ ရန်ရှောက်ထျန်းမှာနောက်ထပ်တစ်ရက်ခွဲခန့် ရှာဖွေခဲ့သော်လည်း ဒုတိယမြောက်အချိန်သဲပွင့်အုပ်စုကို ရှာမတွေ့ခဲ့ပေ။ ထို့ပြင် သူရှေ့သို့ သွားလေလေဟင်းလင်းပြင်နယ်မြေမှာ ပိုမိုမတည်ငြိမ်လာလေလေဖြစ်ပြီး ဟင်းလင်းပြင်ဝဲဂယက်များလည်း ပိုမိုများပြားလာလေလေ ဖြစ်လေသည်၊ ထိုဝဲဂယက်များမှာ ကြိုတင်သတိပေးချက်မရှိဘဲပေါ်လာတတ်သဖြင့် ရန်ရှောက်ထျန်းမှာအကြိမ်ပေါင်းများ စွာ စုပ်ယူခံရလုနီးပါး ဖြစ်ခဲ့ရလေသည်။
တစ်ရက်နှင့် တစ်ညကြာပြီးနောက်တွင် ရန်ရှောက်ထျန်းမှာ နှစ်ပေါင်းများစွာမြစ်အတွင်းမှ ပြန်လည် ထွက်ခွာရန်ဆုံးဖြတ်လိုက်လေသည်။ ဘာပဲဖြစ်ဖြစ်သူသည်ကံကြမ္မာနတ်ဘုရားသစ်ပင်ကိုရှာဖွေရန် ကျန်ရှိ နေသေးလေသည်၊ အချိန်သဲပွင့်မှာအရေးကြီးသော်လည်း ကံကြမ္မာနတ်ဘုရားသစ်ပင်မှာ ပို၍ပင် အရေးကြီး လေသည်။
ကံကောင်းထောက်မစွာဖြင့် ဤတစ်ရက်နှင့်တစ်ညအတွင်း သူအတော်လေးရရှိခဲ့လေသည်၊ သူသည် အချိန်သဲပွင့် သုံးအုပ်ကို တစ်ခုပြီးတစ်ခု ရှာတွေ့ခဲ့ခြင်း ဖြစ်လေသည်။ အချိန်သဲပွင့် သုံးအုပ်မှာများများစားစား မဟုတ်သော်လည်း သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်ကိုအတိုင်းအတာတစ်ခုအထိမြှင့်တင်ရန် လုံလောက် လေသည်။
ရန်ရှောက်ထျန်းမှာ မြစ်၏နက်ရှိုင်းသောနေရာမှ ပြန်လည်ထွက်ခွာတော့မည့်ဆဲဆဲတွင် ဟင်းလင်းပြင် ဝဲဂယက်များကို သတိထားကာရှောင်တိမ်းရင်း တစ်စုံတစ်ခုကိုရှာဖွေနေသော အဘိုးအိုတစ်ဦးကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။ ထိုအဘိုးအိုမှာအလွန်တရာအစွမ်းထက်လှပြီး နတ်ဘုရားအလင်းတန်းများစွာ ဖုံးလွှမ်းနေလေသည်၊ သူသည်အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာမှ ဖန့်ကျင်းပင်ဖြစ်လေသည်။
ဖန့်ကျင်းမှာ ဟင်းလင်းပြင် ဝဲဂယက်တစ်ခုကိုရှောင်တိမ်းလိုက်စဉ်မှာပင် မြစ်၏အနက်ရှိုင်း ဆုံးနေရာမှထွက်လာသောဝတ်စုံပြာနှင့်လူငယ်လေးတစ်ဦးကို မြင်လိုက်ရသဖြင့် အလွန်တရာအံ့အားသင့် သွားတော့သည်။ ရန်ရှောက်ထျန်းသည်လည်း ဤနေရာတွင်အဘိုးအိုတစ်ဦးကိုတွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ နတ်ဘုရားအဆင့်ပညာရှင်တစ်ဦးပင်လျှင် ဤနေရာသို့မရောက်နိုင်ကြောင်း သိထားရမည် ဖြစ်လေသည်။ သို့သော်လည်း ရန်ရှောက်ထျန်းမှာ ထိုသူကိုဂရုမစိုက်ဘဲ လေထဲမှတစ်ဆင့် ထွက်ခွာသွားရန် ပြင်ဆင်လိုက်လေသည်။
ရန်ရှောက်ထျန်း ထွက်ခွာတော့မည်ကိုမြင်သောအခါ ဖန့်ကျင်းမှာမအံ့ဩဘဲမနေနိုင်တော့ဘဲ။
“ညီလေး... မင်းရဲ့ နာမည်ကို သိခွင့်ရှိမလား” ဟု မေးလိုက်သည်။
ရန်ရှောက်ထျန်းက ခေါင်းခါပြလိုက်ပြီး။
“ဖြတ်သွားဖြတ်လာတစ်ယောက်ပါပဲ” ဟု ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် လက်ယှက်ဂါရဝပြုကာ လေထဲမှတစ်ဆင့် ထွက်ခွာသွားခဲ့လေသည်။
ဖန့်ကျင်းမှာ ထွက်ခွာသွားသော ရန်ရှောက်ထျန်း၏ကျောပြင်ကိုကြည့်ရင်း အံ့အားသင့်မှုများနှင့် သံသယများပြည့်နှက်နေလေသည်၊ ဤလျှို့ဝှက်ဆန်းကြယ်သောလူငယ်လေးကအမှန်တကယ်ပဲ ဘယ်သူ လဲ။ သူက မြစ်၏အနက်ရှိုင်းဆုံးနေရာသို့ အမှန်တကယ်ပင်ဝင်နိုင်ခဲ့သည်တဲ့လား။ သူကိုယ်တိုင်ပင်လျှင် ထိုနေရာထက် ကျော်လွန်ပြီးမဝင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
***